သင်ခန်းစာ ၁၉
ကျမ်းစာအသုံးပြုရန် အားပေးခြင်း
ကျွန်ုပ်တို့၏ဆန္ဒမှာ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို လူတိုင်းအာရုံစူးစိုက်ဖို့ လမ်းညွှန်ပေးရန်ဖြစ်သည်။ ထိုမြင့်မြတ်သောစာအုပ်သည် ကျွန်ုပ်တို့ဟောပြောသည့် သတင်းတရားအတွက် အခြေခံဖြစ်ပြီး ကျွန်ုပ်တို့ပြောဆိုသည့်အကြောင်းသည် ကျွန်ုပ်တို့အလိုအလျောက်မဟုတ်ဘဲ ဘုရားသခင်ထံတော်မှဖြစ်ကြောင်း လူတို့အား သိမြင်နားလည်စေလိုကြသည်။ လူတို့သည် ကျမ်းစာ၌ ယုံကြည်မှု တိုးပွားရန်လိုသည်။
လယ်ကွင်းဓမ္မအမှုတွင်။ လယ်ကွင်းဓမ္မအမှုအတွက် ပြင်ဆင်သည့်အခါ တလိုတလားနားထောင်သူများကို ဝေမျှဖို့ ကျမ်းချက်တစ်ချက်၊ တစ်ချက်ထက်မက အမြဲရွေးချယ်ပါ။ ကျမ်းစာစာပေ တင်ဆက်ပုံအတိုလေးတစ်ခုကို ပြုလုပ်ရန် သင်စီစဉ်နေသည့်တိုင် သင့်လျော်သောကျမ်းချက်တစ်ချက်ကို ဖတ်ပြခြင်းသည် အကျိုးဖြစ်ထွန်းလေ့ရှိသည်။ သိုးကဲ့သို့သောလူတို့ကို လမ်းညွှန်ရန် ကျွန်ုပ်တို့ ကိုယ်အလိုအလျောက် ပြောကောင်းပြောနိုင်သည့် မည်သည့်အရာထက်မဆို သမ္မာကျမ်းစာက ပို၍အစွမ်းတန်ခိုးထက်သည်။ ကျမ်းစာမှဖတ်ပြရန် အမှန်တကယ် မဖြစ်လာနိုင်သည့်နေရာမျိုးတွင် ယင်းမှကိုးကားရန် သင်ရွေးချယ်နိုင်ပေမည်။ ပထမရာစုတွင် ကျမ်းလိပ် မိတ္တူများကို ကျယ်ကျယ်ပြန့်ပြန့် မရနိုင်ခဲ့ချေ။ သို့တိုင်၊ ယေရှုနှင့်ကိုယ်တော့်တမန်တော်များသည် ကျမ်းစာမှနေ၍ တွင်ကျယ်စွာ ကိုးကားခဲ့ကြသည်။ ကျွန်ုပ်တို့လည်း ကျမ်းချက်များကို မှတ်မိရန် ကြိုးစားအားထုတ်သင့်ပြီး ယင်းတို့ကို ကျွန်ုပ်တို့၏ဓမ္မအမှု၌ သင့်လျော်သလိုအသုံးပြုကာ တစ်ခါတစ်ရံ ကိုးကားရုံကိုးကားခြင်းဖြစ်သည်။
ကျမ်းစာမှ သင်ဖတ်ပြနိုင်သည့်အခါ သင်ဖတ်ရှုသည်ကို အိမ်ရှင်ပါလိုက်ကြည့်နိုင်ရန် မြင်သာအောင်ကိုင်ထားပါ။ အိမ်ရှင်သည် မိမိကျမ်းစာမှ လိုက်ကြည့်မည်ဆိုလျှင် သူလိုက်ဖတ်သည့်အရာအပေါ် သူ၏တုံ့ပြန်မှုသည် ပို၍ပင်ကောင်းပေမည်။
သို့ရာတွင် ကျမ်းစာဘာသာပြန်သူအချို့တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ့်အကြိုက်လိုက်၍ပြန်ဆိုလာခဲ့ကြောင်း သင်သဘောပေါက်ထားရမည်။ သူတို့၏ဘာသာပြန်ဆိုချက်များသည် မူရင်းကျမ်းစာသုံးဘာသာစကားများတွင် ရှိခဲ့သည့်အချက်အလက်အားလုံးနှင့် ကိုက်ညီချင်မှကိုက်ညီမည်။ ခေတ်သစ်ဘာသာပြန်ဆိုမှုများစွာတို့သည် ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို ဖယ်ထုတ်ပစ်ခဲ့ကြ၊ သေသူ၏အခြေအနေနှင့်စပ်လျဉ်း၍ မူရင်းဘာသာစကားပါ စာသားဆိုသည့်အရာကို မသဲမကွဲဖြစ်စေခဲ့ကြပြီး ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ ကျမ်းစာပြောဆိုရာကို ထိမ်ဝှက်ထားခဲ့ကြသည်။ ပြုလုပ်ထားရာကို လူတစ်ယောက်အား ပြသရန်အတွက် ကျမ်းစာအမျိုးမျိုးမှ သို့မဟုတ် ဘာသာစကားတစ်မျိုးတည်းထုတ် အစောပိုင်းဘာသာပြန်ကျမ်းများမှ အဓိကကျမ်းချက်များကို နှိုင်းယှဉ်ပြပေးဖို့လိုပေမည်။ အကြောင်းအရာများစွာတို့အပေါ် အမျိုးမျိုးသောဘာသာပြန်ဆိုမှုများက မကြာခဏ အသုံးပြုတတ်သည့် အခန်းငယ်များပါ အဓိကအသုံးအနှုန်းများအား ပြန်ဆိုကြပုံများကို ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်က နှိုင်းယှဉ်ပြပေးထားသည်။ အမှန်တရားကို ချစ်မြတ်နိုးသူမည်သူမဆိုသည် ဤအချက်အလက်များကို သိရှိရသည့်အတွက် ကျေးဇူးတင်ကြပါလိမ့်မည်။
အသင်းတော်အစည်းအဝေးများ၌။ အသင်းတော်အစည်းအဝေးများ၌ အားလုံး မိမိတို့၏ကျမ်းစာအုပ်များကို အသုံးပြုရန် အားပေးခံရသင့်သည်။ ယင်းက နည်းလမ်းပေါင်းများစွာဖြင့် ကောင်းကျိုးပြုသည်။ ယင်းက ဆွေးနွေးနေသည့်အရာအပေါ် ပရိသတ်အား အာရုံစိုက်နေစေသည်။ ဟောပြောသူပေးသည့် နှုတ်ဖြင့်သွန်သင်ချက်ကို မျက်မြင်ကိုယ်တွေ့စွဲမှတ်စေသည်။ ထို့နောက် ကျမ်းစာသည် ကျွန်ုပ်တို့ယုံကြည်ချက်များ၏ ရင်းမြစ်ဖြစ်ကြောင်း စိတ်ဝင်စားသူ လူသစ်များ၏စိတ်တွင် စွဲမှတ်စေသည်။
ပရိသတ်သည် သင်ဖတ်ရှုသည့်ကျမ်းချက်များကို မိမိတို့၏ကျမ်းစာအုပ်တွင် အမှန်တကယ်လိုက်ကြည့်မကြည့်ဟူသည် သင်ပေးသည့် အားပေးမှုအပေါ် များစွာမူတည်ပေမည်။ တိုက်ရိုက်ဖိတ်ခေါ်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။
မည်သည့်ကျမ်းချက်များကို ပရိသတ်အား ဖွင့်ကြည့်စေခြင်းဖြင့် အလေးအနက်ပြုလိုသည်ကို ဆုံးဖြတ်ရန်မှာ အသင် ဟောပြောသူ၏တာဝန်သာဖြစ်သည်။ သင်၏အဓိကအချက်များကို အဆင့်ဆင့်တင်ဆက်ရာ၌ထောက်ကူမည့် ကျမ်းချက်များကိုဖတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့နောက်၊ အချိန်ရသေးလျှင် သင့်အချေအတင်ဆွေးနွေးချက်ကို ထောက်ပံ့ပေးသည့် အခြားကျမ်းချက်အနည်းငယ် ဖြည့်စွက်ပေးပါ။
များသောအားဖြင့် ကျမ်းချက်ကို ပြောရုံမျှနှင့် သို့မဟုတ် ကျမ်းချက်ကို ဖွင့်ကြည့်ရန် ပရိသတ်ကိုဖိတ်ခေါ်ရုံမျှနှင့် မလုံလောက်သည်မှာ မှန်ပါသည်။ ကျမ်းချက်တစ်ချက်ကို သင်ဖတ်လိုက်ပြီး ပရိသတ်က ဦးဆုံးကျမ်းချက်ကိုရှာတွေ့ရန် အချိန်ပင်မရမီ နောက်ကျမ်းချက်သို့ဆက်ဖတ်သွားပါက မကြာမီ သူတို့စိတ်ပျက်လာကြကာ ကျမ်းစာကိုလိုက်ဖွင့်ဖတ်ကြည့်ရန် ကြိုးစားခြင်းကို ရပ်လိုက်ကြပေမည်။ မျက်စိရှင်ရှင်ထားပါ။ ကျမ်းချက်ကို လူအများစုတွေ့ရှိပြီးမှ ဖတ်ပါ။
ကြိုတင်၍စဉ်းစားပါ။ မဖတ်မီ အချိန်လုံလုံလောက်လောက် ကြိုတင်၍ ကျမ်းချက်ကို ဖော်ပြပါ။ ယင်းက ပရိသတ် ကျမ်းချက်ကိုရှာတွေ့စေရန် စောင့်ပေးရခြင်းကြောင့် အချိန်ကုန်ခန်းရမှုကို သက်သာစေမည်။ ပရိသတ်အား ကျမ်းချက်များကို ဖွင့်ရှာချိန်ပေးပါက အကြောင်းအရာအနည်းငယ်ကိုသာ ခြုံငုံမိမည်ဖြစ်သော်လည်း ယင်းသည် စောင့်ရကျိုးနပ်စေပါလိမ့်မည်။