သင်ခန်းစာ ၃၁
ပရိသတ်ကို ယုံကြည်လက်ခံစေပြီး သူတို့နှင့် ဆင်ခြင်
၁၊ ၂။ ယုံကြည်လက်ခံလွယ်သော အချေအတင်ပြောဆိုချက်ကား အဘယ်နည်း။
၁ သင်ဟောပြောသည့်အခါ ပရိသတ်ကို နားထောင်စေချင်သည်။ သို့သော် ထိုထက်မက ဖြစ်စေချင်ပါသည်။ သင်တင်ပြသော အချေအတင်ပြောဆိုချက်များကို သူတို့လက်ခံကာ ထိုအတိုင်းကျင့်သုံးစေလိုသည်။ သင်ပြောဆိုသောစကားကို သူတို့ ယုံကြည်လက်ခံနိုင်ပြီး သူတို့၏စိတ်ထား မှန်ကန်မည်ဆိုလျှင် ထိုသို့ပြုကြလိမ့်မည်။ ယုံကြည်လက်ခံစေခြင်းဟူသည် သက်သေသာဓကများဖြင့် စိတ်ချအောင်လုပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သို့သော် သက်သေသာဓကဖြင့်သာ အမြဲမလုံလောက်ပါ။ ယင်းတို့ကိုထောက်ခံမည့် အချေအတင်ပြောဆိုချက်များ လိုအပ်လေ့ရှိသည်။ ထို့ကြောင့် အချေအတင်ပြောဆိုချက်ဖြင့် ယုံကြည်လက်ခံစေခြင်းတွင် အခြေခံအချက် သုံးချက်ပါဝင်သည်– ပထမ၊ သက်သေသာဓကများကိုယ်နှိုက်; ဒုတိယ၊ သက်သေသာဓကများကို တင်ပြသည့် အစီအစဉ်; တတိယ၊ ယင်းတို့ကိုတင်ပြသည့်နည်းနိဿယတို့ဖြစ်သည်။ စကားပြောသွန်သင်ချက်စာရွက်ပေါ်တွင် “ယုံကြည်လက်ခံလွယ်သော အချေအတင်ပြောဆိုခြင်း” ဟုဖော်ပြထားသည့်အပိုင်းနှင့်ညီညွတ်သော ဤဆွေးနွေးခန်းတွင် ယင်းကို သင့်တင်ပြပုံမဟုတ်ဘဲ အဘယ်အကြောင်းပြောဆိုသည်၊ အဘယ်သက်သေများပေးသည်ကို ဆွေးနွေးကြမည်။
၂ ယုံကြည်လက်ခံလွယ်သော အချေအတင်ပြောဆိုခြင်းသည် ခိုင်လုံသော အခြေခံအကြောင်းရင်းများအပေါ် မူတည်သည်။ သင့်အား သွန်သင်ပေးသူသည် ထိုသို့ပင် ရှုမြင်လိမ့်မည်။ သင်၏သက်သေသာဓကများကို စာအုပ်ထဲမှ ဖတ်ပြရဦးတော့ ယင်းတို့သည် ယုံကြည်လက်ခံဖွယ်ဖြစ်ရမည်။ သင့်ဟောပြောချက်၏ ယုံကြည်လက်ခံနိုင်ဖွယ်အရည်အချင်းသည် အသုံးပြုထားသော ဖြစ်ရပ်မှန်များအပေါ်မမူတည်ဘဲ ဟောပြောချက်ပေးနည်းအပေါ်မူတည်သည်ဆိုလျှင် သင့်အချေအတင်ပြောဆိုချက်ကို တကယ်ခိုင်လုံပြီး မှန်ကန်စေရန် ဤအရည်အချင်းကို ပိုမိုတင်ပြရန်လိုလိမ့်မည်။
၃–၆။ အုတ်မြစ်ကို အဘယ်ကြောင့်ချဖို့လိုကြောင်း တင်ပြပါ။
၃ အုတ်မြစ်ချခြင်း။ အချေအတင်ပြောဆိုချက်များကို မတင်ပြမီ နည်းမှန်လမ်းကျအုတ်မြစ်ချရန် လိုအပ်သည်။ ဆွေးနွေးနေသည့်အချက်ကို ရှင်းလင်းစွာ တင်ပြရန်လိုသည်။ နှစ်ဦးနှစ်ဖက်စလုံး သဘောတူလက်ခံနိုင်သည့် ဆီလျော်သောအကြောင်းအရာများကို အလေးအနက်ဖော်ပြခြင်းသည်လည်း အကျိုးရှိသည်။
၄ အချို့သောအချိန်အခါမျိုးတွင် ဝေါဟာရများကို ရှင်းလင်းပြတ်သားစွာ ဖော်ပြရမည်။ မဆီလျော်သောအရာအားလုံးကို ဖယ်ထုတ်ပစ်ရမည်။ အဆောတလျင်အုတ်မြစ်မချပါနှင့်။ အုတ်မြစ်ခိုင်ပါစေ။ သို့သော် သင့်အုတ်မြစ်ကို အဆောက်အအုံကြီးတစ်ခုလုံး မဖြစ်စေပါနှင့်။ အချေအတင်ပြောဆိုချက်တစ်ခုကို ခုခံချေပရလျှင် ယင်း၏ပျော့ကွက်များကို တွေ့ မြင်ရန်၊ သင်ချေပပြောဆိုနိုင်သည့်နည်းလမ်းကို ဆုံးဖြတ်ရန်နှင့် အကြောင်း၏အရင်းအမြစ်ကိုသိရှိနိုင်ရန် ယင်းအတွက်အထောက်အထားများအဖြစ် အသုံးပြုသော အချက်အလက်များကို စစ်ဆေးကြည့်ပါ။
၅ သင့်ဟောပြောချက်ကို ပြင်ဆင်ရာတွင် ပရိသတ်သည် ပြောမည့်အကြောင်းကို မည်မျှသိထားနှင့်ပြီဖြစ်ကြောင်း ကြိုးစား၍ကြိုတွက်ထားသင့်သည်။ ယင်းသို့ပြုခြင်းအားဖြင့် အချေအတင်ပြောဆိုချက်များကို မတင်ဆက်မီ သင်ချဖို့လိုမည့်အုတ်မြစ်၏အတိုင်းအတာကို များစွာသိနိုင်ပေမည်။
၆ ပါးနပ်လိမ္မာမှုနှင့် ခရစ်ယာန်အမူအကျင့်က ကြင်နာမှုနှင့် ထောက်ထားစာနာမှုရှိရှိ ချဉ်းကပ်ရန် တိုက်တွန်းသည်။ သို့သော် ဤအချိန်တွင် ယင်းအရည်အချင်းရှိရန် ကျွန်ုပ်တို့ကြိုးစားနေခြင်းမဟုတ်ပါ။ သင်သိရှိထားသော ခရစ်ယာန်မူများကို အပြည့်အဝအသုံးပြုပြီး သင့်ပရိသတ်၏စိတ်နှလုံးကို ဖွင့်ပေးပါ။
၇–၁၃။ “တိကျခိုင်လုံသောသာဓက ပေးခြင်း” အဓိပ္ပာယ်ကို ရှင်းပြပါ။
၇ တိကျခိုင်လုံသောသာဓက ပေးခြင်း။ ဟောပြောသူအနေနှင့် သင်သည် ယင်းကိုယုံကြည် သို့မဟုတ် ယင်းအကြောင်းပြောဆိုသည့်အတွက် အကြောင်းအရာတစ်ခုသည် “အထောက်အထားခိုင်လုံ” ပြီဟုမဆိုနိုင်ပါ။ သင့်ပရိသတ်က “အဘယ်ကြောင့်မှန်ရသနည်း” သို့မဟုတ် “အဘယ်ကြောင့် ထိုသို့ပြောဆိုရသနည်း” ဟုမေးခွင့်ရှိကြောင်း အမြဲသတိရပါ။ ဟောပြောသူအနေနှင့် သင်သည် “အဘယ်ကြောင့်နည်း” ဟူသောမေးခွန်း၏အဖြေကို အမြဲဖြေဆိုပေးရန်တာဝန်ရှိသည်။
၈ “အဘယ်သို့၊” “အဘယ်သူ၊” “အဘယ်နေရာ၊” “အဘယ်အခါ၊” “အဘယ်အရာ” အစရှိသောမေးခွန်းများသည် ပြန်ဖြေရာတွင် ဖြစ်ရပ်မှန်များနှင့် သိသင့်သိအပ်သောအကြောင်းများကိုသာ ထွက်ပေါ်လာစေသော်လည်း “အဘယ်ကြောင့်” ဟူသောမေးခွန်းက အကြောင်းပြချက်များကို ထွက်ပေါ်စေသည်။ ဤတွင် ယင်းသည် သီးသန့်ဖြစ်နေရာ ဖြစ်ရပ်မှန်များထက်မက သင်တင်ပြဖို့တောင်းဆိုသည်။ သင့်စဉ်းစားဉာဏ်စွမ်းကို အသုံးပြုရန်လိုသည်။ ယင်းကြောင့် ဟောပြောချက်ပြင်ဆင်ရာတွင် “အဘယ်ကြောင့်နည်း” ဟူသောမေးခွန်းကို မိမိကိုယ်ကို ထပ်ခါတလဲလဲ မေးမြန်းပြီး အဖြေကိုလည်း ပေးနိုင်ကြောင်း သေချာစေပါ။
၉ ထွက်ဆိုချက်များ ပြုရသည့် အကြောင်းပြချက်အနေနှင့် အခွင့်အာဏာရှိသူတစ်ဦး၏စကားကို မကြာခဏ သင်ကိုးကားနိုင်သည်။ ဆိုလိုသည်ကား ထိုသူပြောသောစကားဖြစ်လျှင် မှန်ရလိမ့်မည်ဖြစ်သည်။ အကြောင်းမှာ သူသည် ပြောရေးဆိုခွင့်ရှိသူဖြစ်ကြောင်း အသိအမှတ်ပြုခံရ၏။ ယင်းကြောင့် ယုံကြည်ဖို့အကြောင်းခိုင်လုံစေသည်။ ဤတွင် အထွတ်အထိပ်အခွင့်အာဏာရှိပုဂ္ဂိုလ်မှာ ယေဟောဝါဘုရားသခင်ပင်အမှန်ဖြစ်သည်။ ထို့ကြောင့် သက်သေသာဓကအဖြစ် ကျမ်းချက်တစ်ချက်ကို ကိုးကားရုံဖြင့် အကြောင်းတစ်ခုသည် ဟုတ်မှန်ကြောင်း ခိုင်လုံပေပြီ။ ယင်းကို လက်ခံနိုင်ဖွယ် သက်သေတစ်ဦးထံမှရသော “သက်သေခံချက်” ဖြစ်သောကြောင့် “ထောက်ခံချက်” ဟူ၍ခေါ်သည်။
၁၀ ထောက်ခံချက်အထောက်အထားတင်ပြရာတွင် သင့်သက်သေသည် သင့်ပရိသတ်လက်ခံထားသူဖြစ်ဖို့ သေချာစေရမည်။ လူ့အာဏာပိုင်များကိုသုံးမည်ဆိုလျှင် သူတို့၏နောက်ခံ၊ သူတို့အား မည်သို့ရှုမြင်ထားကြသည်ကို အသေအချာသိရမည်။ လူအများက ကျမ်းစာကိုမြင့်မြတ်သောအာဏာပိုင်အဖြစ် လက်ခံကြသော်လည်း အချို့ကမူ လူ့ရေးသားချက်များအဖြစ် သဘောထားကြရာ အခွင့်အာဏာမပြည့်မဝဖြစ်သွားလေသည်။ ထိုအခါမျိုးတွင် အခြားအထောက်အထားများကို အားကိုးရတော့မည် သို့မဟုတ် ကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ဦးစွာသက်သေထူရဖွယ်ရှိသည်။
၁၁ သတိချပ်ရန်။ သက်သေသာဓကအားလုံးကို ရိုးသားမှန်ကန်စွာ အသုံးပြုရမည်။ ကိုးကားချက်တစ်ခုကို စကားစပ်အတိုင်း အသုံးပြုပါ။ သင်ကိုးကားသည့် အခွင့်အာဏာရှိသူ၏စကားအတိုင်းဖြစ်စေပါ။ သင့်ကိုးကားချက်များသည် တိကျပါလေစေ။ ကိန်းဂဏန်းများနှင့်ပတ်သက်လျှင်လည်း သတိပြုပါ။ မတိကျလျှင် ဝမ်းနည်းဖွယ်ထိခိုက်နစ်နာစေသောအကျိုးဆက်များ ဖြစ်ပွားတတ်သည်။ ပျမ်းမျှအားဖြင့် သုံးပေသာနက်သောချောင်းတစ်ခုတွင် ရေမကူးတတ်၍ ရေနစ်သေခဲ့သောသူကို သတိရပါ။ သူသည် ချောင်းအလယ်တွင်ရှိ ဆယ်ပေနက်သောတွင်းရှိကြောင်း မေ့နေသည်။
၁၂ သွယ်ဝိုက်ဆက်စပ်သည့် သက်သေသာဓကမှာ လူ့ထွက်ဆိုချက် သို့မဟုတ် ဘုရားသခင်၏အခွင့်အာဏာအရမဟုတ်သော သက်သေဖြစ်သည်။ ယင်းသည် သက်သေများ၏ စကားကို အခြေမခံဘဲ ဖြစ်ရပ်မှန်များမှကောက်ချက်ကို အခြေခံသည့် သက်သေသာဓကဖြစ်သည်။ သင့်နိဂုံးချုပ်များကို အတည်ပြုပြီး သွယ်ဝိုက်ဆက်စပ်သည့် သက်သေသာဓကကို ယုံကြည်လက်ခံစေရန် သင့်နိဂုံးချုပ်ကို ထောက်ခံမည့် ဖြစ်ရပ်မှန်များနှင့် အချေအတင်ပြောဆိုချက်များ အလုံအလောက်စီစဉ်ရမည်။
၁၃ သင်တင်ပြသည့် သက်သေသာဓကအားလုံးသည် (အစဉ်လိုက်ဖြစ်စရာမလို) သင့်ပရိသတ် ကျေနပ်ဖွယ်ရာဖြစ်လျှင် သင့်အားသွန်သင်ချက်ပေးသူသည် ကျေနပ်စရာဖြစ်သည်ဟု မှတ်ချက်ချမည်။ သွန်သင်ချက်ပေးသူက ပရိသတ်ဘက်မှနေပြီး “ငါယုံကြည်လက်ခံနိုင်သလား” ဟူ၍ မိမိကိုယ်ကို မေးမြန်းပါမည်။ သူ ယုံကြည်လက်ခံနိုင်သည်ဆိုလျှင် သင့်တင်ဆက်ပုံကို သူချီးမွမ်းပြောဆိုပါလိမ့်မည်။
၁၄။ ထိရောက်သော အကျဉ်းချုပ်ကား အဘယ်နည်း။
၁၄ ထိရောက်သော အကျဉ်းချုပ်။ ယုံကြည်လက်ခံဖွယ်သော အချေအတင်ပြောဆိုခြင်းအတွက် များသောအားဖြင့် အကျဉ်းချုပ်တစ်မျိုးတစ်မည်လိုအပ်သည်။ ၎င်းသည် အချေအတင် တင်ပြချက်များကို ပို၍သဘောပေါက်စေသည့် စဉ်းစားဆင်ခြင်မှုကို နောက်ဆုံးအနေနှင့် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ အကျဉ်းချုပ်မည်သည် အခြေခံအားဖြင့် “ဤသို့၊ ထိုသို့ဖြစ်သဖြင့် ကျွန်ုပ်တို့ခံယူရမည်ကား . . . ” ဟူ၍ ဖြစ်သော်လည်း ယင်းသည် ဖြစ်ရပ်မှန်များကို ပြန်လည်တင်ပြခြင်းမျှမဖြစ်သင့်ပါ။ အချက်အလက်အားလုံးကို တပေါင်းတစည်းတည်းစုစည်းကာ နိဂုံးချုပ်နိုင်ရန်အတွက် ဤကဏ္ဍကို စီစဉ်ထားခြင်းဖြစ်သည်။ များသောအားဖြင့်ဆိုလျှင် ထိရောက်သောအကျဉ်းချုပ်က အချေအတင်ပြောဆိုချက်များကို ထိထိမိမိရှိစေသောကြောင့် တကယ်ယုံကြည်လက်ခံစေသည်။
**********
၁၅၊ ၁၆။ ပရိသတ်ကို စဉ်းစားဆင်ခြင်ရန် အဘယ်ကြောင့်ကူညီပေးသင့်သနည်း။
၁၅ ဟောပြောချက်တွင် သင်အသုံးပြုသော အချေအတင်စကားများသည် ခိုင်လုံဦးတော့ ဖြစ်ရပ်မှန်များကို တင်ပြရုံဖြင့် မလုံလောက်သေးချေ။ ပရိသတ်ကို စဉ်းစားဆင်ခြင်ရန်၊ သင့်အချေအတင်စကားများကို သူတို့သဘောပေါက်နိုင်ရန်နှင့် သင့်ကဲ့သို့ ထပ်တူခံယူလိုက်ရန် ယင်းတို့ကို တင်ဆက်ပေးရမည်။ ၎င်းကို စကားပြောသွန်သင်ချက်စာရွက်တွင် “ပရိသတ်ဆင်ခြင်ရန် ကူညီခြင်း” ဟူ၍ ဖော်ပြထားသည်။
၁၆ ဤအရည်အချင်းကို သင်ရလိုစိတ်ရှိသင့်သည်။ အကြောင်းမူကား ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ဆင်ခြင်တော်မူသည်။ ထို့ပြင် ယေရှုသည် တပည့်တော်များအား မိမိ၏ပုံဥပမာများကို ရှင်းပြပြီး ထပ်တူသမ္မာတရားတို့ကို အခြားသူတို့အား သွန်သင်ပေးရန် အရည်အချင်းရှိစေသည်။ ထို့ကြောင့် သင့်ပရိသတ်ကို စဉ်းစားဆင်ခြင်ရန် ကူညီပေးခြင်းသည် သင်၏အချေအတင်ပြောဆိုချက်ကို ပရိသတ်နားလည်ရန်၊ သင့်ကဲ့သို့ သဘောပေါက်ရန်၊ အခြားသူတစ်ဦးကို သွန်သင်ပေးရာတွင် သင်တင်ပြသော အချေအတင်ပြောဆိုချက်များကို အသုံးပြုရန် လိုအပ်သောနည်းများကို အသုံးပြုခြင်းအားဖြင့် အရည်အချင်းရှိစေခြင်းဖြစ်သည်။
၁၇၊ ၁၈။ အများလက်ခံသည့် အခြေခံကို မည်သို့ဆက်ထိန်းထားနိုင်မည်နည်း။
၁၇ အများလက်ခံသည့် အခြေခံအပေါ် မူတည်ခြင်း။ ဟောပြောချက်၏အစကနဦး၌ သင်ပြောဆိုသည့်အရာနှင့် ပြောဆိုပုံသည် အများလက်ခံနိုင်သည့် အခြေခံတည်ဆောက်ပေးရန် အလွန်အရေးကြီးသည်။ သို့သော် ဆက်ဟောပြောရာတွင် ဤအများလက်ခံသည့်အခြေခံကို မပျောက်စေဘဲ ဆက်ထိန်းသိမ်းထားရမည်။ သို့မဟုတ်လျှင် သင့်ပရိသတ်ကိုပါ ဆုံးရှုံးနိုင်သည်။ သင့်ပရိသတ်စိတ်ထဲတွင် နှစ်သက်ဖွယ်ဖြစ်စေသည့်နည်းဖြင့် အချက်အလက်များကို ဆက်လက်တင်ပြသွားရမည်။ ယင်းသို့ပြုရန် ဆွေးနွေးနေသည့်အကြောင်းအပေါ် သူတို့၏ရှုမြင်ချက်ကို စိတ်စွဲလမ်းထားပြီး သင့်အချေအတင်ပြောဆိုချက်များ၏ အကျိုးသင့်အကြောင်းသင့်ဖြစ်မှုကို သူတို့ နားလည်စေဖို့ အကူအညီပေးရန် ဤအသိပညာကို အသုံးပြုပါ။
၁၈ အများလက်ခံနိုင်သည့်အခြေခံကို တည်ဆောက်ပြီး ပရိသတ်ကို စဉ်းစားဆင်ခြင်စေရန် ထောက်ကူပေးသည့် နိဂုံးအထိဆက်၍ ထိန်းထားနိုင်သော ဂန္တဝင်မြောက်ဥပမာတစ်ခုမှာ တမန်တော် ၁၇:၂၂-၃၁ တွင်မှတ်တမ်းတင်ထားသည့် တမန်တော်ပေါလု၏ အချေအတင်ပြောဆိုချက်ဖြစ်သည်။ အစကနဦးတွင်ပင် အများလက်ခံနိုင်သည့်အခြေခံကို သူမည်သို့တည်ဆောက်ပြီး ဟောပြောချက်တစ်လျှောက်လုံးတွင် လိမ္မာပါးနပ်စွာ မည်သို့ဆက်ထိန်းထားသည်ကို သတိပြုပါ။ နိဂုံးချုပ်ရာတွင် သူ၏ပရိသတ်တွင်ရှိ တရားသူကြီးတစ်ဦးအပါအဝင် လူအချို့အား သမ္မာတရားကို ယုံကြည်လက်ခံစေနိုင်ခဲ့သည်။—တမန်တော် ၁၇:၃၃၊ ၃၄။
၁၉–၂၃။ အချက်များ လုံလောက်စွာ အသေးစိတ်ရှင်းပြနည်းများကို အကြံပြုပါ။
၁၉ အချက်များ လုံလောက်စွာ တင်ပြခြင်း။ အကြောင်းအရာတစ်ခုကို ပရိသတ် စဉ်းစားဆင်ခြင်ဖို့ရန် သိသင့်သိအပ်သောအကြောင်း အလုံအလောက် သူတို့ရရှိထားဖို့လိုသည်။ အချေအတင်ပြောဆိုချက်များကို သူတို့အပြည့်အဝနားမလည်နိုင်ရုံဖြင့် ယင်းတို့ကို ငြင်းပယ်လိုက်သည့်ကိန်းမဆိုက်စေရန် ယင်းတို့ကို တင်ဆက်ပြောဆိုရမည်။ သူတို့ကို သင် ကူညီပေးရမည်။
၂၀ ယင်းကို ထိရောက်စွာ တင်ပြဖို့ရန် မခြုံငုံမိနိုင်သည်အထိ အချက်မများလွန်းဖို့ သတိပြုပါ။ ယင်းတို့ကို အလျင်စလိုတင်ပြသွားမည်ဆိုလျှင် သင့်ဟောပြောချက်သည် အကျိုးဖြစ်ထွန်းမည်မဟုတ်ပါ။ အချက်အလက်များကို အချိန်ယူရှင်းပြပါ။ သို့မှသာ သင့်ပရိသတ်သည် ကြားနာရရုံမက သဘောပေါက်လိမ့်မည်။ အရေးကြီးသောအချက်တစ်ခုကို တင်ပြသည့်အခါ ယင်းကိုအသေးစိတ်ရှင်းပြရန် အချိန်ယူပါ။ အဘယ်ကြောင့်နည်း၊ အဘယ်သူနည်း၊ အဘယ်သို့နည်း၊ အဘယ်အရာနည်း၊ အဘယ်အချိန်နည်း၊ အဘယ်မှာနည်း အစရှိသည့်မေးခွန်းများကို ဖြေဆိုပါ။ ဤနည်းအားဖြင့် အကြောင်းအရာကို သင့်ပရိသတ် ပိုမိုသဘောပေါက်ဖို့ အကူအညီပေးပါ။ တစ်ခါတစ်ရံ သင့်ခံယူချက်သည် အကျိုးသင့်အကြောင်းသင့်ဖြစ်ကြောင်းကို အလေးအနက်ဖော်ပြရန် အချက်တစ်ချက်ကို ထောက်ခံသော၊ သို့မဟုတ် ဆန့်ကျင်သော အချေအတင်ပြောဆိုချက်များကို တင်ပြနိုင်သည်။ ထိုနည်းတူ မူတစ်ခုကိုဖော်ပြပြီးနောက် ယင်း၏လက်တွေ့ကျမှုကို ပရိသတ်နားလည်စေရန် ပုံဥပမာဖြင့်ရှင်းပြခြင်းသည် အကျိုးရှိပေမည်။ ဤတွင် ချင့်ချိန်တိုင်းထွာပြီးပြုလုပ်ရန် လိုသည်။ အချက်တစ်ခုကို အဘယ်အထိအသေးစိတ်ရှင်းရမည်မှာ ရရှိသောအချိန်အပြင် ဆွေးနွေးနေသည့်အကြောင်းနှင့် ယင်း၏အရေးကြီးစွာဆက်စပ်မှုအပေါ် မူတည်သည်။
၂၁ ပရိသတ်ကို စဉ်းစားဆင်ခြင်စေရန် မေးခွန်းမေးခြင်းသည် အမြဲကောင်း၏။ အဖြေမလိုသော နှိုးဆွမေးခွန်းများကို ပရိသတ်အားမေးပြီး အလျဉ်းသင့်သလို ရပ်တန့်ပေးခြင်းဖြင့် စဉ်းစားဖို့လှုံ့ဆော်ပေးမည်။ လယ်ကွင်းဓမ္မအမှုတွင်ကဲ့သို့ တစ်ဦးနှစ်ဦးကိုသာ သင်စကားပြောဆိုနေသည်ဆိုလျှင် ပြောဆိုနေစဉ် မေးခွန်းများမေးပြီး သူတို့ကို ဘွင်းဘွင်းပြောဆိုစေနိုင်သည်။ ဤနည်းအားဖြင့် သင်ပြောပြနေသောအကြောင်းများကို သူတို့သဘောပေါက်ပြီး ယုံကြည်လက်ခံနေမနေ သေချာသိနိုင်သည်။
၂၂ ပရိသတ်ရှိသူများ၏စိတ်ကို သင်လမ်းကြောင်းပေးလိုသဖြင့် သူတို့၏ ကိုယ်ပိုင်တွေ့ ကြုံမှုမှဖြစ်စေ၊ အစောပိုင်းက သင်တင်ပြထားသည့်အချက်များမှဖြစ်စေ သူတို့သိထားသည့်အကြောင်းကိုအခြေပြု တည်ဆောက်ရမည်။ ထို့ကြောင့် အချက်အလက်အချို့ကို သင်လုံလောက်စွာ အသေးစိတ်ရှင်းပြပြီးမပြီး ဝေခွဲနိုင်ရန် သင့်ပရိသတ် သိထားနှင့်သောအကြောင်းကို ထည့်စဉ်းစားပေးရမည်။
၂၃ ပရိသတ်သည် သင့်ဟောပြောချက်ကို သဘောပေါက်မပေါက် သေချာနိုင်ရန် ယင်း၏ တုံ့ပြန်မှုကို အမြဲဂရုစိုက်ကြည့်ခြင်းသည် အမြဲပင်အရေးကြီးသည်။ လိုအပ်မည်ဆိုလျှင် နောက်ထပ်အချေအတင်ပြောဆိုချက်သို့ ဆက်မသွားမီ အချက်အလက်များကို ပြန်၍ရှင်းပြပါ။ သူတို့ကို စဉ်းစားဆင်ခြင်ရန် သတိပြုအကူအညီမပေးလျှင် သင့်အတွေးကွင်းဆက်ကို အလွယ်တကူအဆက်ပြတ်သွားမည်။
၂၄။ အချေအတင်ပြောဆိုချက်များသည် ပရိသတ်နှင့်သက်ဆိုင်ကြောင်း တင်ပြခြင်းက အဘယ်ရည်ရွယ်ချက်ကောင်းကို ဖြစ်မြောက်စေသနည်း။
၂၄ ပရိသတ်နှင့်သက်ဆိုင်ပုံကို တင်ပြခြင်း။ မည်သည့်အချေအတင်ပြောဆိုချက်ကိုမဆို တင်ပြသည့်အခါ ယင်းသည် စဉ်းစားသုံးသပ်မှုတွင်ပါသည့်အကြောင်းနှင့် မည်သို့သက်ဆိုင်ကြောင်းကို ရှင်းလင်းပြတ်သားစွာ ဖော်ပြပါ။ ထို့ပြင် တင်ပြခဲ့သော ဖြစ်ရပ်မှန်များနှင့်အညီ ကြားနာသူများ ပြုမူကျင့်ကြံကြရန် လှုံ့ဆော်တိုက်တွန်းမှုလည်း ပါဝင်ပါစေ။ သင့်စကားကို သူတို့အမှန်တကယ် ယုံကြည်လက်ခံကြလျှင် လက်တွေ့ကျင့်သုံးဖို့ အသင့်ရှိကြပါလိမ့်မည်။