သင်ခန်းစာ ၄၆
အကျွမ်းတဝင်ရှိသော အခြေအနေများမှ ပုံဥပမာများ
မည်သည့်ပုံဥပမာများကို သင်အသုံးပြုနေစေကာမူ ဆွေးနွေးနေသည့် အကြောင်းအရာနှင့်ကိုက်ညီဖို့ အရေးကြီးသည်မှာ မှန်ပါသည်။ သို့ရာတွင် သူတို့အတွက် အထိရောက်ဆုံးဖြစ်ရန် သင့်ပရိသတ်နှင့် ကိုက်ညီခြင်းသည်လည်း ထပ်တူထပ်မျှအရေးကြီးသည်။
ပရိသတ်အမျိုးအစားက အုပ်စုအား ဟောပြောရန်အတွက် သင်၏ပုံဥပမာများရွေးချယ်မှုအပေါ် မည်သို့သြဇာသက်ရောက်စေနိုင်မည်နည်း။ ယေရှုခရစ် အဘယ်အရာပြုလုပ်တော်မူခဲ့သနည်း။ အုပ်စုကိုဟောပြောနေသည်ဖြစ်စေ၊ မိမိ၏တပည့်တော်များကို ဟောပြောနေသည်ဖြစ်စေ ယေရှုသည် မိမိ၏ပုံနမူနာများကို ဣသရေလနိုင်ငံပြင်ပရှိနိုင်ငံများ၏ တစ်မူကွဲသော ဘဝပုံစံများမှ ယူတော်မမူခဲ့ချေ။ ထိုသို့သောပုံနမူနာများသည် မိမိ၏ပရိသတ်နှင့် အကျွမ်းတဝင်ရှိမည်မဟုတ်ချေ။ ဥပမာအနေနှင့် ယေရှုသည် အီဂျစ်ပြည်၏နန်းတွင်းဘဝပုံစံ သို့မဟုတ် အိန္ဒိယနိုင်ငံ၏ ဘာသာရေးဓလေ့ထုံးစံများအကြောင်းကို ဖော်ပြတော်မမူခဲ့ချေ။ သို့သော်ငြားလည်း ကိုယ်တော်၏ပုံဥပမာများသည် နိုင်ငံတိုင်းရှိ လူတို့ပြုလေ့ရှိသည့် လှုပ်ရှားဆောင်ရွက်မှုများကို အာရုံစိုက်စေတော်မူခဲ့သည်။ အဝတ်များကိုဖာထေးခြင်း၊ အရောင်းအဝယ်လုပ်ခြင်း၊ အဖိုးထိုက်သောအရာပျောက်ဆုံးခြင်းနှင့် မင်္ဂလာဧည့်ခံပွဲတက်ရောက်ခြင်းတို့အကြောင်း ကိုယ်တော်ဟောပြောတော်မူခဲ့သည်။ လူတို့သည် အခြေအနေအမျိုးမျိုးအောက်တွင် မည်သို့တုံ့ပြန်ကြပုံကို ကိုယ်တော်နားလည်ခဲ့ပြီး ယင်းနားလည်ထားမှုကို အသုံးပြုတော်မူခဲ့သည်။ (မာ. ၂:၂၁; လု. ၁၄:၇-၁၁; ၁၅:၈၊ ၉; ၁၉:၁၅-၂၃) ကိုယ်တော်၏ လူအများရှေ့ဟောပြောခြင်းသည် ဣသရေလလူတို့ကို အထူးသဖြင့်ဦးတည်နေခြင်းကြောင့် ယေရှု၏ပုံဥပမာများသည် သူတို့၏ နေ့စဉ်ဘဝအသက်တာကဏ္ဍဖြစ်သည့် ရည်မှန်းချက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို အများဆုံးရည်စောင်လေ့ရှိသည်။ သို့ဖြစ်၍ လယ်ယာစိုက်ပျိုးခြင်း၊ ၎င်းတို့၏သိုးထိန်းကို သိုးတို့တုံ့ပြန်ပုံနှင့် ဝိုင်ထည့်ရန် တိရစ္ဆာန်သားရေကိုအသုံးပြုပုံ အစရှိသည်တို့ကို အကြောင်းပြုကာ ကိုယ်တော်မိန့်တော်မူခဲ့သည်။ (မာ. ၂:၂၂; ၄:၂-၉; ယော. ၁၀:၁-၅) ထို့အပြင် နမူနာအနည်းငယ်ဖော်ပြရန် အကျွမ်းတဝင်ရှိသော သမိုင်းဝင်နမူနာများ—ပထမလူသားမောင်နှံကိုဖန်ဆင်းခြင်း၊ နောဧလက်ထက်ရေလွှမ်းမိုးခြင်း၊ သောဒုံနှင့်ဂေါမောရ၏ပျက်စီးခြင်း၊ လောတ၏မယားသေဆုံးခြင်း—ကို ထောက်ပြတော်မူခဲ့သည်။ (မ. ၁၀:၁၅; ၁၉:၄-၆; ၂၄:၃၇-၃၉; လု. ၁၇:၃၂) အလားတူပင် ပုံဥပမာများကိုရွေးချယ်သောအခါ သင့်ပရိသတ်ပြုလေ့ရှိသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ၎င်းတို့၏နောက်ခံဓလေ့တို့ကို အသေအချာ ဆင်ခြင်သုံးသပ်ပါသလော။
သင်ဟောပြောသည့်အခါ ကြီးမားသော အုပ်စုတစ်စုကိုမဟုတ်ဘဲ လူတစ်ဦး သို့မဟုတ် အနည်းငယ်ကိုသာ ဟောပြောမည်ဆိုပါက အသို့နည်း။ ထိုပရိသတ်နည်းနည်းအတွက် အထူးသင့်လျော်သည့် ပုံဥပမာတစ်ခုကို ရွေးချယ်ရန်ကြိုးစားပါ။ ရှုခါမြို့အနီး ရေတွင်းတစ်တွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးကို ယေရှုသက်သေခံတော်မူသည့်အခါ ကိုယ်တော်မိန့်ဆိုသည့် “အသက်ရေ၊” ‘နောက်ဘယ်တော့မျှရေငတ်မည်မဟုတ်၊’ နှင့် “ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ”—အားလုံးတို့သည် ထိုအမျိုးသမီး၏အလုပ်နှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် တင်စားချက်များဖြစ်ကြသည်။ (ယော. ၄:၇-၁၅) ထို့အပြင် ငါးဖမ်းပိုက်များကို ဆေးကြောနေကြသူတို့အား ဟောပြောတော်မူသည့်အခါ၌ ကိုယ်တော်ရွေးချယ်ခဲ့သည့် တင်စားချက်သည် ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်ခဲ့သည်။ (လု. ၅:၂-၁၁) သူတို့သည် စိုက်ပျိုးရေးဖြစ်ထွန်းသောဒေသတွင် နေထိုင်ကြသောကြောင့် ကိုယ်တော်သည် လယ်ယာစိုက်ပျိုးခြင်းကို ကိုးကားပြောဆိုခဲ့ချိန်လည်းရှိပေမည်၊ ထို့အပြင် စိတ်ပုံရိပ်တစ်ခုကို ခြယ်မှုန်းပေးခဲ့သည့်အတိုင်း သူတို့၏ကိုယ်ပိုင်လှုပ်ရှားမှုကို ကိုယ်တော်ရည်ညွှန်းလိုက်ခြင်းသည် မည်မျှပို၍ထိရောက်သည်တကား! ယင်းသို့ပြုရန် အသင်ကောကြိုးပမ်းပါသလော။
“ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများ” ကို ယေရှု တိုက်ရိုက်အာရုံစိုက်ခဲ့သော်လည်း တမန်တော်ပေါလုမူ ဣသရေလလူမျိုးကိုသာမက တစ်ပါးအမျိုးသားများထံသို့လည်း စေလွှတ်ခြင်းခံခဲ့ရသည်။ (မ. ၁၅:၂၄; တ. ၉:၁၅) ယင်းက ပေါလု၏ဟောပြောပုံဟောပြောနည်းကို ကွဲပြားခြားနားစေခဲ့သလော။ ခြားနားစေခဲ့ပါသည်။ ကောရိန္သုမြို့ရှိခရစ်ယာန်များထံ စာရေးသားရာတွင် ခြေလျင်အပြေးပြိုင်ပွဲများကို သူရည်ညွှန်းခဲ့သည်၊ ရုပ်တုဘုရားကျောင်းများတွင် အစာစားခြင်းအလေ့အထကို ဖော်ပြခဲ့သည်၊ အောင်ပွဲခံ စီတန်းလှည့်လည်မှုအခမ်းအနားများကို ရည်ညွှန်းခဲ့သည်၊ တစ်ပါးအမျိုးသားများ အကျွမ်းတဝင်ရှိမည့် အရာများကို သူရည်ညွှန်းခဲ့သည်။—၁ ကော. ၈:၁-၁၀; ၉:၂၄၊ ၂၅; ၂ ကော. ၂:၁၄-၁၆။
သင့်သွန်သင်မှု၌ အသုံးပြုရန် ပုံဥပမာများနှင့်နမူနာများကို ရွေးချယ်ရာတွင် ယေရှုနှင့်ပေါလုကဲ့သို့ သင်လည်းဂရုစိုက်ပါသလော။ သင့်ပရိသတ်၏နောက်ခံနှင့် နေ့စဉ်ဆောင်ရွက်မှုတို့ကို သင်ဆင်ခြင်သုံးသပ်ပါသလော။ ပထမရာစုကတည်းက ကမ္ဘာပေါ်တွင် ပြောင်းလဲမှုများရှိနေခဲ့သည်မှာ မှန်ပါသည်။ လူများစွာတို့သည် ရုပ်မြင်သံကြားဖြင့် ကမ္ဘာ့သတင်းများကို ရရှိနိုင်ကြသည်။ နိုင်ငံရပ်ခြားဒေသများ၏ အခြေအနေများသည် သူတို့နှင့်အကျွမ်းဝင်လေ့ရှိသည်။ ၎င်းသည် သင့်ဒေသ၌လည်းဖြစ်ပါက ပုံဥပမာများအတွက် ထိုသို့သောသတင်းအချက်အလက်များကို အာရုံစိုက်ခြင်းသည် လုံးဝမှားမည်မဟုတ်ချေ။ သို့ဖြစ်စေကာမူ အများအားဖြင့် လူတို့ကို အထိမိဆုံးအရာများတွင် သူတို့၏ကိုယ်ပိုင်အသက်တာ—သူတို့အိမ်၊ သူတို့မိသားစု၊ သူတို့အလုပ်၊ သူတို့စားသည့်အစားအစာ၊ သူတို့ဒေသရှိရာသီဥတု—နှင့်ပတ်သက်လေ့ရှိသည်။
သင့်ပုံဥပမာသည် များစွာရှင်းပြဖို့လိုသည့်အရာဖြစ်နေလျှင် သင်သည် သင့်ပရိသတ်နှင့်အကျွမ်းမဝင်သည့် အရာတစ်ခုခုကို ပြောပြနေ၍သာဖြစ်မည်။ ထိုကဲ့သို့သော ပုံဥပမာတစ်ခုသည် သွန်သင်ချက်၏ဆိုလိုရင်းကို အလွယ်တကူ ဖုံးအုပ်သွားနိုင်သည်။ ရလဒ်အနေဖြင့် ပရိသတ်သည် သင့်ပုံဥပမာကို သတိရကြမည်ဖြစ်သော်လည်း သိရှိစေရန် သင်အားထုတ်နေသည့် ကျမ်းစာဆိုင်ရာအမှန်တရားကိုကား သတိမရတော့ချေ။
ရှုပ်ထွေးသော နှိုင်းယှဉ်ချက်များပြုမည့်အစား ရိုးရှင်းသော နေ့စဉ်အကြောင်းအရာများကို ယေရှုအသုံးပြုတော်မူခဲ့သည်။ ကိုယ်တော်သည် သေးငယ်သောအရာများကိုအသုံးပြု၍ ကြီးမားသောအရာများကို ရှင်းပြပေးခဲ့ပြီး လွယ်ကူသောအရာများကိုအသုံးပြု၍ ခက်ခဲသောအရာများကို ရှင်းလင်းစေတော်မူခဲ့သည်။ နေ့စဉ်အဖြစ်အပျက်များနှင့် ဝိညာဉ်ရေးအမှန်တရားတို့ကို ဆက်စပ်ပေးခြင်းအားဖြင့် ကိုယ်တော်သွန်သင်သည့် ထိုဝိညာဉ်ရေးအမှန်တရားများကို လူတို့အလွယ်တကူ ပို၍သဘောပေါက်ရန်နှင့် ယင်းတို့ကို သတိရရန် ယေရှုကူညီပေးတော်မူခဲ့သည်။ လိုက်လျှောက်ရန် မည်မျှကောင်းသည့် ပုံသက်သေပါတကား!