သင်ခန်းစာ ၄၇
ရုပ်မြင်သင်ထောက်ကူ ပစ္စည်းများကို ထိရောက်စွာ အသုံးပြုခြင်း
သင့်သွန်သင်ခြင်းတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အဘယ်ကြောင့်အသုံးပြုရသနည်း။ ထိုသို့အသုံးပြုခြင်းသည် သင့်သွန်သင်ခြင်းကို ပို၍ထိရောက်စေနိုင်သောကြောင့်ဖြစ်၏။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့သည် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုတော်မူခဲ့သည်၊ သူတို့ထံမှ ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။ ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ပြောဆိုသောစကားလုံးနှင့် ပေါင်းစပ်လိုက်သည့်အခါ သတင်းအချက်အလက်ကို အာရုံနှစ်မျိုးဖြင့်ခံယူရရှိသည်။ ယင်းက သင့်ပရိသတ်၏အာရုံကိုဆွဲယူထားနိုင်ပြီး သာ၍စိတ်တွင်စွဲမှတ်စေသည်။ သတင်းကောင်းတင်ဆက်မှုများတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို သင်မည်သို့ပေါင်းစပ်ထည့်သွင်းနိုင်မည်နည်း။ ယင်းတို့ကို ထိရောက်စွာအသုံးပြုနေကြောင်း သင်မည်သို့သေချာစေနိုင်မည်နည်း။
အကြီးမြတ်ဆုံးသွန်သင်သူများ ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုပုံ။ ယေဟောဝါသည် အရေးကြီးသောသင်ခန်းစာများကို သွန်သင်ပေးရန် အလွယ်တကူမှတ်မိနိုင်သော ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုတော်မူခဲ့သည်။ တစ်ညတွင် အာဗြဟံကိုအပြင်သို့ထုတ်ဆောင်တော်မူပြီး ဤသို့မိန့်ဆိုတော်မူသည်– “မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်။” (က. ၁၅:၅) ကတိထားတော်မူရာကို လူ့ရှုထောင့်မှကြည့်လျှင် မဖြစ်နိုင်ပုံပေါက်သော်လည်း အာဗြဟံ၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲမှတ်သွားပြီး ယေဟောဝါကိုယုံကြည်ခဲ့၏။ အခြားဖြစ်ရပ်တစ်ခုတွင် ယေဟောဝါသည် ယေရမိကို အိုးထိန်းသမား၏အိမ်သို့စေလွှတ်ကာ ထိုသူရွှံ့စေးပုံဖော်သည်ကို ကြည့်ရန် ၎င်း၏အလုပ်ရုံထဲသို့ ဝင်သွားခိုင်းသည်။ လူသားတို့အပေါ်ဖန်ဆင်းရှင်၏ အုပ်စိုးမှုအာဏာနှင့်ပတ်သက်၍ မမေ့နိုင်သောသင်ခန်းစာပင်! (ယေ. ၁၈:၁-၆) ယေဟောဝါသည် ဘူးပင်ဖြင့် မိမိအားသွန်သင်တော်မူခဲ့သည့် ကရုဏာသင်ခန်းစာကို ယောနမည်သို့မေ့နိုင်မည်နည်း။ (ယောန ၄:၆-၁၁) သို့တိုင် ယေဟောဝါသည် သင့်လျော်သောအရာဝတ္ထုအချို့ကို အသုံးပြုစဉ် မိမိ၏ပရောဖက်များအား ပရောဖက်ပြုချက်ဆိုင်ရာသတင်းစကားများကို သရုပ်ဆောင်ပြကြရန်ပင် မိန့်မှာတော်မူခဲ့သည်။ (၃ ရာ. ၁၁:၂၉-၃၂; ယေ. ၂၇:၁-၈; ယေဇ. ၄:၁-၁၇) ဝတ်ပြုရာတဲတော်နှင့် ဗိမာန်တော်အသွင်အပြင်များကိုယ်နှိုက်သည် ကောင်းကင်ဆိုင်ရာအမှန်တည်ရှိရာများကို ကျွန်ုပ်တို့အားနားလည်စေရန် အကူအညီပေးသည့် ကိုယ်စားပြုအရာများဖြစ်သည်။ (ဟေဗြဲ ၉:၉၊ ၂၃၊ ၂၄) ထို့အပြင် ဘုရားသခင်သည် အရေးကြီးသည့်သတင်းအချက်အလက်ကို ကြားသိစေရန် ရူပါရုံမြောက်မြားစွာကို အသုံးပြုတော်မူခဲ့သည်။—ယေဇ. ၁:၄-၂၈; ၈:၂-၁၈; တ. ၁၀:၉-၁၆; ၁၆:၉၊ ၁၀; ဗျာ. ၁:၁။
ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ယေရှုမည်သို့အသုံးပြုတော်မူခဲ့သနည်း။ ဖာရိရှဲများနှင့် ဟေရုဒ်၏တပည့်များသည် ကိုယ်တော့်ပြောဆိုမှုမှ အမှားဖမ်းရန် ကြိုးစားကြသောအခါ ယေရှုသည် ဒေနာရိတစ်ပြားတောင်းယူလိုက်ပြီး ဒ င်္ဂါးပေါ်ရှိ ကဲသာ၏ရုပ်ပုံကို အာရုံစိုက်စေတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က ကဲသာ၏ဥစ္စာများကို ကဲသာအားပေးသင့်ပြီး ဘုရားသခင်၏ဥစ္စာများကိုကား ဘုရားသခင်ထံပေးသင့်ကြောင်း ရှင်းပြခဲ့သည်။ (မ. ၂၂:၁၉-၂၁) ဘုရားသခင်အား ကျွန်ုပ်တို့၌ရှိရှိသမျှဖြင့် ဂုဏ်တင်ရေးသင်ခန်းစာကို သွန်သင်ရန် ဗိမာန်တော်၌ မိမိ၏အသက်မွေးစရာဥစ္စာရှိသမျှ—ဒ င်္ဂါးပြားနှစ်ပြား—ကို လှူဒါန်းသည့် ဆင်းရဲသောမုဆိုးမတစ်ဦးအား ယေရှုထောက်ပြတော်မူခဲ့သည်။ (လု. ၂၁:၁-၄) အခြားဖြစ်ရပ်တစ်ခုတွင် ကြီးမြင့်လိုစိတ်ကင်းပြီး၊ နှိမ့်ချခြင်းပုံနမူနာအဖြစ် ကလေးငယ်တစ်ဦးကို ကိုယ်တော်အသုံးပြုတော်မူခဲ့သည်။ (မ. ၁၈:၂-၆) ထို့အပြင် ကိုယ်တော်တိုင်လည်း နှိမ့်ချခြင်း၏ဆိုလိုရင်းကို မိမိတပည့်တော်များ၏ခြေကို ဆေးပေးခြင်းဖြင့် ပြသတော်မူခဲ့သည်။—ယော. ၁၃:၁၄။
ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုရန်နည်းလမ်းများ။ ယေဟောဝါနှင့်မတူဘဲ ကျွန်ုပ်တို့သည် ရူပါရုံများအားဖြင့် မဆက်သွယ်နိုင်ပါ။ သို့တိုင်၊ စဉ်းစားမှုကိုလှုံ့ဆော်ပေးသော ရုပ်ပုံများကို ယေဟောဝါသက်သေများ၏စာပေများတွင် တွေ့ရသည်။ စိတ်ဝင်စားသူများကို ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကတိပြုထားသည့် မြေကြီးဆိုင်ရာပရဒိသုကို စိတ်တွင်မြင်ယောင်စေရန် ၎င်းတို့ကိုအသုံးပြုပါ။ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုတွင် မိမိတို့လေ့လာနေသည့်အရာနှင့် ဆက်စပ်နေသည့် ရုပ်ပုံတစ်ပုံကို သင်သားအား အာရုံစိုက်စေပြီး သူတွေ့မြင်သည့်အရာကိုပြောပြစေပါ။ ပရောဖက်အာမုတ်အား ရူပါရုံများပေးသောအခါ ယေဟောဝါက “အာမုတ်၊ သင်သည် ဘယ်အရာကိုမြင်သနည်း” ဟုမေးတော်မူခြင်းကို မှတ်သားထိုက်ပေသည်။ (အာ. ၇:၇၊ ၈; ၈:၁၊ ၂) သင်သည် လူတို့၏အာရုံကို ရုပ်မြင်သင်ထောက်ကူပစ္စည်းများအဖြစ် ပုံစံရေးဆွဲထားသည့် ရုပ်ပုံများကို အာရုံစိုက်ရန် သင်ညွှန်ပြစဉ် အလားတူမေးခွန်းမျိုးမေးနိုင်ပေသည်။
သင်သည် သင်္ချာဆိုင်ရာတွက်ချက်ပုံများကို ရေးပြထားမည် သို့မဟုတ် ထူးခြားသည့်ဖြစ်ရပ်များအစီအစဉ်ကို ဖော်ပြသည့် သက္ကရာဇ်စဉ်ဇယားကို သုံးမည်ဆိုပါက ဒံယေလ ၄:၁၆ ၏ “ခုနစ်ကာလ” နှင့် ဒံယေလ ၉:၂၄ ၏ “သီတင်းခုနစ်ဆယ်” ကဲ့သို့သောပရောဖက်ပြုချက်များကို အလွယ်တကူ ပို၍နားလည်စေရန် လူတို့ကိုကူညီပေးနိုင်ပါသည်။ ထိုသို့သောရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ကျွန်ုပ်တို့၏ သင်အံမှုဆိုင်ရာစာပေအများတွင် တွေ့ရှိရသည်။
မိသားစုကျမ်းစာသင်အံမှုတွင် ရုပ်ပုံတစ်ပုံ သို့မဟုတ် ပုံကားချပ်တစ်ခုကို သင်အသုံးပြုမည်ဆိုလျှင် ဝတ်ပြုရာတဲတော်၊ ယေရုရှလင်ဗိမာန်တော်နှင့် ယေဇကျေလ၏ရူပါရုံလာဗိမာန်တော် ကဲ့သို့သောဆွေးနွေးခန်းကို ပို၍နားလည်လွယ်စေမည်။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ—အညွှန်းများဖြင့်၊ နှင့် ကင်းမျှော်စင်လထုတ်အများတွင် ယင်းတို့ကို တွေ့ရှိနိုင်ပါသည်။
သင့်မိသားစုနှင့်အတူကျမ်းစာဖတ်ရှုနေသည့်အခါ မြေပုံများကို ကောင်းစွာအသုံးပြုပါ။ ဥရမြို့မှ ဟာရန်၊ ထိုမှ ဗေသလမြို့အထိ အာဗြဟံ၏ခရီးစဉ်ကို ကောက်ကြောင်းလိုက်ဆွဲပါ။ ဣသရေလလူမျိုးသည် လူမျိုးလိုက် အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး ကတိထားရာပြည်တော်သို့ခရီးနှင်ခဲ့ကြသည့် လမ်းကြောင်းကို စူးစမ်းပါ။ အမွေခံရာမြေအဖြစ် ဣသရေလအနွယ်တစ်နွယ်စီအား ပေးခဲ့သည့်နယ်မြေဒေသကို ရှာပါ။ ရှောလမုန်၏ပိုင်နက်အကျယ်အဝန်းကို ကြည့်ရှုစစ်ဆေးပါ။ ယေဇဗေလ၏ခြိမ်းခြောက်မှုကိုခံရပြီးနောက် ယေဇရေလမြို့မှထွက်ပြေးပြီး ဗေရရှေဘမြို့အလွန် တောကန္တာရအထိ လမ်းတစ်လျှောက် ဧလိယ၏ခရီးလမ်းကြောင်းကို ခြေရာကောက်ပါ။ (၃ ရာ. ၁၈:၄၆–၁၉:၄) ယေရှုဟောပြောခဲ့သည့် မြို့ရွာများကို ရှာပါ။ တမန်တော်ဝတ္ထုတွင် ဖော်ပြထားသည့်အတိုင်း ပေါလု၏ခရီးစဉ်များကို ခြေရာကောက်ပါ။
ကျမ်းစာသင်သားများကို အသင်းတော်၏လုပ်ဆောင်မှုများဖြင့် အကျွမ်းတဝင်ရှိစေရန်ပြုရာတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းများသည် အသုံးဝင်၏။ သင်သည် ပုံနှိပ်ထားသော အစီအစဉ်စာရွက်တစ်ရွက်ကို သင်သားအားပြကာ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ၌ မည်သို့သောအချက်အလက်များကို ကျွန်ုပ်တို့ဆွေးနွေးကြကြောင်း ရှင်းပြပေးနိုင်မည်။ နိုင်ငံတော်ခန်းမကို ကိုယ်တိုင်လည်ပတ်ကြည့်ရှုခြင်း သို့မဟုတ် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ လည်ပတ်ကြည့်ရှုခြင်းမှ လူများစွာတို့စိတ်စွဲမှတ်ခဲ့ကြပြီ။ ယင်းက ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ယင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အမြင်မှားများကို ဖယ်ရှားပစ်သည့် ထိရောက်သောနည်းတစ်နည်းဖြစ်နိုင်၏။ နိုင်ငံတော်ခန်းမအား လှည့်လည်ကြည့်ရှုသောအခါ အခြားဝတ်ပြုရာနေရာများနှင့် မည်သို့ခြားနားကြောင်း ဖော်ပြပါ။ အဆောင်အယောင် ပကာသနကင်းပြီး သင်ယူရန်ကောင်းသော ဝန်းကျင်အခြေအနေကို ပေါ်လွင်ထင်ရှားစေပါ။ အထူးသဖြင့် ကျွန်ုပ်တို့၏လူထုရှေ့ဓမ္မအမှုဆောင်ခြင်းအတွက် စီမံထားသည့် ကဏ္ဍများ—စာပေထုတ်ဝေသည့်နေရာများ၊ ရပ်ကွက်မြေပုံများနှင့် (အလှူခံခွက်များနှင့် ခြားနားသည့်) အလှူငွေပုံးများ—ကို ညွှန်ပြပါ။
အုပ်ချုပ်ရေးအဖွဲ့၏ညွှန်ကြားမှုအောက်တွင် ပြင်ဆင်ထားသည့် ဗီဒီယိုခွေများရနိုင်ပါက သမ္မာကျမ်းစာ၌ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးရန်၊ ယေဟောဝါသက်သေများ၏ လှုပ်ရှားဆောင်ရွက်မှုနှင့် သင်သားများအကျွမ်းတဝင်ရှိရန်နှင့် ကျမ်းစာမူများနှင့်အညီနေထိုင်ဖို့ ကြည့်ရှုသူတို့ကို အားပေးရန် ယင်းတို့ကိုအသုံးပြုပါ။
ပို၍ကြီးမားသောလူစုအတွက် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုခြင်း။ ကောင်းစွာပြင်ဆင်ထားပြီး ကျွမ်းကျင်လိမ္မာစွာတင်ဆက်သောအခါ ရုပ်မြင်သင်ထောက်ကူပစ္စည်းများသည် ပို၍ကြီးမားသောလူစုအတွက် ထိရောက်သော သွန်သင်ခြင်းအထောက်အကူများ ဖြစ်နိုင်သည်။ ထိုသို့သော ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားမှ ပုံစံအမျိုးမျိုးဖြင့် စီမံပေးထားပါသည်။
ကင်းမျှော်စင်ပါ လေ့လာရန်အကြောင်းအရာတွင် ပန်းချီရုပ်ပုံများအသွင်ဖြင့် ရုပ်မြင်သင်ထောက်ကူပစ္စည်းများ ပါဝင်လေ့ရှိရာ သင်တန်းမှူးသည် အရေးကြီးသောအချက်များကို အလေးအနက်ပြုရန် ယင်းတို့ကိုအသုံးပြုနိုင်သည်။ အသင်းတော်စာအုပ်ကြီးသင်တန်း၌ အသုံးပြုသည့်စာပေများအတွက်လည်း ယင်းကမှန်ကန်ပါသည်။
လူထုဟောပြောချက်များအတွက် အောက်လိုင်းအချို့သည် အချက်အလက်များကိုဖော်ပြရန် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုနိုင်ပုံရသည်။ သို့ရာတွင် ပရိသတ်လက်ထဲ၌အများဆုံးရှိမည့် သမ္မာကျမ်းစာပါအကြောင်းအရာကို အဓိကအာရုံစိုက်စေခြင်းသည် သာ၍ကောင်းကျိုးဖြစ်ထွန်းလေ့ရှိသည်။ ဟောပြောချက်တစ်ခု၏ အဓိကအချက်တစ်ချက် သို့မဟုတ် တော်တော်များများကို ရှင်းပြရန် ရုပ်ပုံတစ်ပုံ သို့မဟုတ် အဓိကအချက်များ၏ အောက်လိုင်းတိုတစ်ခု လိုအပ်သည့်အခါမျိုးတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းကို အစည်းအဝေး၏ နောက်ဆုံးတန်းများမှ ရှင်းရှင်းလင်းလင်း မြင်နိုင် (သို့မဟုတ် ဖတ်နိုင်) ကြောင်းသေချာစေရန် ကြိုတင်စစ်ဆေးထားပါ။ ထိုသို့သောအထောက်အကူများကို နည်းနည်းပါးပါးသာ အသုံးပြုသင့်ပေသည်။
ဟောပြောသွန်သင်သည့်အခါ ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုရသည့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အပျော်မဟုတ်ပါ။ အသရေရှိသော ရုပ်မြင်သင်ထောက်ကူပစ္စည်းကို အသုံးပြုသည့်အခါ ယင်းတို့သည် အထူးအလေးအနက်ပြုထိုက်သည့် ယူဆချက်များကို မြင်သာအောင် စွမ်းဆောင်ပေးသင့်သည်။ ထိုသို့သောအထောက်အကူများသည် ပြောဆိုသည့်စကားကို ရှင်းလင်းစေကာ ပို၍နားလည်လွယ်စေသည့်အခါ သို့မဟုတ် ပြောဆိုသည့်အရာ၏ခြေမြစ်မှုကို အထောက်အထားအခိုင်အမာပြသည့်အခါ အသုံးဝင်သောရည်ရွယ်ချက်ကိုဖြစ်မြောက်စေသည်။ သင့်တော်သော ရုပ်မြင်သင်ထောက်ကူပစ္စည်းတစ်ခုကို လျောက်ပတ်စွာအသုံးပြုသောအခါ ရုပ်မြင်သင်ထောက်ကူပစ္စည်းကိုသာမက သွန်သင်ချက်ကိုပါ နှစ်ပေါင်းများစွာမှတ်မိစေသည့် နက်ရှိုင်းသောစိတ်စွဲမှတ်မှုကို ဖြစ်စေမည်။
ကြားနိုင်စွမ်းနှင့် အမြင်အာရုံတို့သည် သင်ယူရာတွင် အရေးကြီးသောကဏ္ဍများဖြစ်ကြသည်။ ယင်းအာရုံတို့ကို အကြီးမြတ်ဆုံးသွန်သင်ရှင်များ မည်သို့အသုံးပြုခဲ့ကြောင်း သတိရပြီး အခြားသူများထံသို့ရောက်ရန်ကြိုးပမ်းရာတွင် သူတို့ကိုတုပဖို့ ကြိုးစားပါလေ။