သမ္မာကျမ်းစာ အကြောင်း သင်ပိုမို သိလိုပါသလော
သမ္မာကျမ်းစာကို အဘယ်ကြောင့် ဖတ်ရမည်နည်း
သမ္မာကျမ်းစာသည် အခြားမည်သည့်စာအုပ်နှင့်မျှမတူပေ—၎င်းတွင် ဘုရားသခင်ထံမှ မေတ္တာပါသောညွှန်ကြားချက်ပါရှိသည်။ (၁ သက်သာလောနိတ် ၂:၁၃) သင်သည် သမ္မာကျမ်းစာ၏သွန်သင်ချက်ကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် အကျိုးကျေးဇူးများစွာခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပို၍ချစ်မြတ်နိုးလာကာ “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးတော်မူသောအရှင်နှင့် ပိုမိုရင်းနှီးလာလိမ့်မည်။ (ယာကုပ် ၁:၁၇) သင်သည် ကိုယ်တော့်ထံ ဆုတောင်းချဉ်းကပ်နည်းကို သိရှိလာလိမ့်မည်။ အကျပ်အတည်းကာလများအတွင်း ဘုရားသခင့်အကူအညီကို သင်ရရှိနိုင်မည်။ သင့်အသက်တာကို ကျမ်းစာတွင်ဖော်ပြထားသည့် စံနှုန်းများနှင့် ကိုက်ညီစေမည်ဆိုလျှင်
ဘုရားသခင်သည် သင့်အား ထာဝရအသက်ပေးလိမ့်မည်။—ရောမ ၆:၂၃။
ကျမ်းစာ၌ ဉာဏ်အလင်းပေးသည့် အမှန်တရားများပါရှိ၏။ ကျမ်းစာအသိပညာရရှိသူများသည် သန်းနှင့်ချီသောသူတို့၏အသက်တာကိုစိုးမိုးသည့် အယူအဆမှားများမှ လွတ်မြောက်ကြသည်။ ဥပမာ၊ ကျွန်ုပ်တို့သေဆုံးပြီးနောက် အဘယ်အရာဖြစ်သွားသည်နှင့်ပတ်သက်၍ အမှန်တရားကိုသိထားခြင်းက သေလွန်သူသည် ကျွန်ုပ်တို့အား အန္တရာယ်ပြုနိုင်သည်၊ ကျွန်ုပ်တို့၏သေဆုံးသွားသောဆွေမျိုးများနှင့် မိတ်ဆွေများ ဝေဒနာခံစားနေရသည်ဟူသော စိုးရိမ်မှုမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေသည်။ (ယေဇကျေလ ၁၈:၄) ကျမ်းစာသွန်သင်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် သေခြင်း၌ ချစ်မြတ်နိုးသူများကိုဆုံးရှုံးခဲ့ရသူများအား နှစ်သိမ့်မှုပေးသည်။ (ယောဟန် ၁၁:၂၅) နတ်ဆိုးများအကြောင်း အမှန်တရားကိုသိထားခြင်းက နတ်ဆိုးပညာ၏အန္တရာယ်ကို သတိပြုစေကာ ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ဤမျှအကျပ်အတည်းများနေရကြောင်း သိနားလည်စေသည်။
သမ္မာကျမ်းစာရှိ ဘုရားသခင့်ရေးရာမူများက ကာယရေးဘက်အကျိုးရှိစွာ အသက်ရှင်နေထိုင်စေသည်။ ဥပမာ၊ “လျောက်ပတ်စွာကျင့်” ခြင်းက ကျန်းမာရေးကောင်းစေသည်။ (၁ တိမောသေ ၃:၂) “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှနှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ခြင်းအားဖြင့် ကျန်းမာရေးမထိခိုက်စေပါ။ (၂ ကောရိန္သု ၇:၁) ကျမ်းစာတွင်ပါရှိသည့် ဘုရားသခင့်သွန်သင်ချက်ကို လက်တွေ့ကျင့်သုံးခြင်းကလည်း အိမ်ထောင်ရေးတွင် ပျော်ရွှင်မှုတိုးပွားစေပြီး မိမိကိုယ်ကိုလေးစားမှုရှိစေသည်။—၁ ကောရိန္သု ၆:၁၈။
သင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လက်တွေ့ကျင့်သုံးလျှင် ပို၍ပျော်ရွှင်သူတစ်ဦးဖြစ်ပါလိမ့်မည်။ သမ္မာကျမ်းစာအသိပညာက ကျွန်ုပ်တို့အား အတွင်းငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှုနှင့် မျှော်လင့်ချက်ရှိစေသည်။ ယင်းက ထောက်ထားစာနာခြင်း၊ ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကဲ့သို့သော နှစ်လိုဖွယ်အရည်အသွေးများကိုမွေးမြူစေသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ဧဖက် ၄:၂၄၊ ၃၂) အဆိုပါအရည်အသွေးများက သာ၍ကောင်းသောလင်သား၊ ဇနီးသည်၊ ဖခင်၊ မိခင်၊ သား သို့မဟုတ် သမီးတစ်ဦးဖြစ်လာစေသည်။
အနာဂတ်အကြောင်း သင်တွေးတောဖူးသလော။ ကျမ်းစာပရောဖက်ပြုချက်များက ခေတ်ရေစီးကြောင်းတွင် ကျွန်ုပ်တို့အဘယ်နေရာ၌ရောက်နေကြောင်း ဖော်ပြသည်။ ၎င်းပရောဖက်ပြုချက်များက မျက်မှောက်ခေတ်ကမ္ဘာ့အခြေအနေကို ဖော်ပြရုံသာမက ဘုရားသခင်သည် မကြာမီ ကမ္ဘာမြေကြီးကို ပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲပေးတော့မည်ဟု ဖော်ပြသည်။—ဗျာ. ၂၁:၃၊ ၄။
သမ္မာကျမ်းစာနားလည်ရန်အကူအညီ
သင်သည် ကျမ်းစာဖတ်ဖို့ ကြိုးစားခဲ့သော်လည်း နားလည်ရခက်နေပေမည်။ သင့်မေးခွန်းများ၏အဖြေကို ကျမ်းစာအဘယ်နေရာတွင် ရှာရမည်ကို သင်မသိဘဲဖြစ်ကောင်းဖြစ်နေမည်။ ထိုသို့ဖြစ်လျှင် သင်တစ်ဦးတည်းသာမဟုတ်ချေ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားလည်ရန် ကျွန်ုပ်တို့အားလုံး အကူအညီလိုကြသည်။ ၂၃၅ နိုင်ငံခန့်တွင်ရှိသည့် ယေဟောဝါသက်သေတို့သည် သန်းပေါင်းများစွာသောသူတို့အား ကျမ်းစာကိုအခမဲ့သင်ပေးနေကြသည်။ သူတို့သည် သင့်ကိုလည်း ဝမ်းမြောက်စွာ ကူညီပေးလိုကြသည်။
များသောအားဖြင့် အခြေခံသွန်သင်ချက်များနှင့်အစပြုကာ ကျမ်းစာကို အဆင့်ဆင့်တိုး၍တိုး၍လေ့လာခြင်းသည် အကောင်းဆုံးဖြစ်၏။ (ဟေဗြဲ ၆:၁) ဆက်၍လေ့လာသည်နှင့်အမျှ သင်သည် လေးနက်သောအမှန်တရားများဖြစ်သည့် “ကြေခဲသောအစာ” ကိုပို၍သုံးဆောင်နိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ကျမ်းစာသည် လက်ခံလိုက်နာအပ်သောစာအုပ်ဖြစ်၏။ ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း ကဲ့သို့သော ကျမ်းစာအခြေပြုစာအုပ်စာပေများသည် အကြောင်းအရာအမျိုးမျိုးနှင့်ပတ်သက်၍ ကျမ်းစာပါအညွှန်းများကို နားလည်သဘောပေါက်စေပါလိမ့်မည်။
ကျမ်းစာကိုနားလည်ရန် သင်ပတ်စဉ်အချိန်ပေးလိုသလော
များသောအားဖြင့် သင့်အတွက် အဆင်ပြေသည့်အချိန်နှင့် နေရာတွင် ကျမ်းစာသင်အံမှုတစ်ခုကို စီစဉ်ပေးနိုင်သည်။ လူအများသည် မိမိတို့၏အိမ်တွင်ပင် လေ့လာကြသည်။ အချို့ဆိုလျှင် တယ်လီဖုန်းဖြင့်ပင် လေ့လာကြသည်။ သင်အံမှုအစီအစဉ်မှာ လူများစွာပါရှိသည့် သင်တန်းတစ်ခုမဟုတ်ဘဲ သင်၏အသိပညာနှင့် ပညာရေးအဆင့်အပါအဝင် သင့်ကိုယ်ပိုင်အခြေအနေများနှင့်လိုက်လျောညီထွေသော သီးသန့်အစီအစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲစစ်ခြင်းမရှိ၊ သင့်အား အကျပ်ရိုက်စေမည်လည်းမဟုတ်ပါ။ သင်၏ကျမ်းစာမေးခွန်းများကို ဖြေကြားပေးကာ ဘုရားသခင်ထံ မည်သို့ချဉ်းကပ်ရမည်ကို သင်သိရှိလာပါလိမ့်မည်။
ထိုကဲ့သို့သောကျမ်းစာသင်အံမှုမျိုးအတွက် အဖိုးအခပေးစရာမလိုပါ။ (မဿဲ ၁၀:၈) ဘာသာတရားအားလုံးမှလူများ၊ မည်သည့်ဘာသာတရားကိုမျှ မလိုက်စားသော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ပိုမိုသိကျွမ်းလိုသော စိတ်ရင်းမှန်သူများအား အခမဲ့ကမ်းလှမ်းပေးသည်။
ဤဆွေးနွေးခန်းတွင် မည်သူတို့ပါဝင်နိုင်ကြသနည်း။ သင့်မိသားစု တစ်ခုလုံး ပါဝင်နိုင်သည်။ သင်ဖိတ်ခေါ်လိုသောမိတ်ဆွေ မည်သူမဆို ပါဝင်နိုင်သည်။ သို့မဟုတ် သင်နှစ်သက်မည်ဆိုလျှင် သင်တစ်ဦးတည်းနှင့်သာ ဆွေးနွေးခန်းကို ကျင်းပနိုင်သည်။
ကျမ်းစာလေ့လာဖို့တစ်ပတ်လျှင် တစ်နာရီ သီးသန့်ဖယ်ထားသူ များစွာရှိသည်။ သင်အချိန်ပိုပေးနိုင်မည်၊ သို့မဟုတ် တစ်ပတ်လျှင် အချိန်အနည်းငယ်သာရှိမည်ဆိုလျှင်လည်း သက်သေခံများသည် သင့်ကိုကူညီဖို့အသင့်ရှိ ကြလိမ့်မည်။
သင်ယူလေ့လာရန် ဖိတ်ခေါ်ချက်တစ်ရပ်
ယေဟောဝါသက်သေများနှင့်ဆက်သွယ်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ယင်းကိုသင်လုပ်ဆောင်နိုင်သည့်နည်းတစ်နည်းမှာ အောက်တွင်ဖော်ပြထားသည့်လိပ်စာသို့ စာရေးခြင်းအားဖြင့်ဖြစ်သည်။ သို့ပြုလျှင် သင်နှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပဖို့ တစ်စုံတစ်ဦးကို လွှတ်ပေးပါမည်။
□ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း ဘရိုရှာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။
ဘာသာစကားကိုဖော်ပြပါ
□ကျေးဇူးပြု၍ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကိစ္စအတွက် အကျွန်ုပ်ကိုဆက်သွယ်ပါ။