အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊
‘အမှန်တရားကို သိပြီး အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်’ လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၈:၃၂) အလွန်အားရှိစရာ စကားတွေပါပဲ။ မှန်ပါတယ်။ မုသာဝါဒ ပျံ့နှံ့နေတဲ့ ဒီ “နောက်ဆုံးကာလ” မှာတောင် အမှန်တရားကို သိရှိနိုင်တယ်။ (၂ တိမောသေ ၃:၁) ကျမ်းစာမှာပါတဲ့ အမှန်တရားအကြောင်း ဦးဆုံးသိရှိခဲ့ချိန်ကို သင်မှတ်မိသလား။ အဲဒီတုန်းက သင် အလွန်စိတ်လှုပ်ရှားခဲ့မှာ သေချာတယ်။
အမှန်တရားကို တိကျမှန်ကန်စွာ သိထားပြီး သူတစ်ပါးကို အမြဲဝေမျှဖို့ အရေးကြီးသလို ကိုယ်တိုင်လည်း အမှန်တရားနဲ့အညီ ပြုမူနေထိုင်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျွန်တော်တို့ဟာ ဘုရားသခင့်မေတ္တာ အမြဲခံစားရဖို့ လိုတယ်။ ဘုရားရဲ့မေတ္တာ ခံစားရဖို့ ဘာလုပ်ဆောင်ရမလဲ။ ယေရှု မသေဆုံးခင်ညက ပြောခဲ့တဲ့စကားမှာ အဖြေကို တွေ့ရတယ်။ မိမိရဲ့ သစ္စာရှိတမန်တော်တွေကို “ကျွန်တော်က အဖဘုရားရဲ့ ပညတ်တွေကို လိုက်နာတဲ့အတွက် အဖဘုရားရဲ့ မေတ္တာကို အမြဲခံစားရတယ်။ ခင်ဗျားတို့လည်း ကျွန်တော့်ပညတ်တွေကို လိုက်နာမယ်ဆိုရင် ကျွန်တော့်မေတ္တာကို အမြဲခံစားရလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၅:၁၀။
ယေရှုဟာ အဖဘုရားရဲ့ ပညတ်တွေကို လိုက်နာတဲ့အတွက် ဘုရားသခင့်မေတ္တာ အမြဲခံစားခဲ့ရတယ်ဆိုတာ သတိပြုပါ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြစ်ရမယ်။ ဘုရားရဲ့မေတ္တာ အမြဲခံစားနိုင်ဖို့ အမှန်တရားကို နေ့စဉ်အသက်တာမှာ ကျင့်သုံးရမယ်။ အဲဒီညနေပိုင်းမှာပဲ ယေရှုက “ဒါတွေကို ခင်ဗျားတို့ သိထားပြီဆိုတော့ သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၃:၁၇။
ဘဝမှာ အမှန်တရားကို ဆက်ကျင့်သုံးနိုင်ဖို့၊ အဲဒီနည်းနဲ့ ‘ထာဝရအသက်ကို စောင့်မျှော်ရင်း ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်’ ဖို့ ဒီစာအုပ်က သင့်ကို ကူညီပေးမယ်လို့ ကျွန်တော်တို့ တကယ် မျှော်လင့်ပါတယ်။—ယုဒ ၂၁။
ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့