ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁ စာ. ၁၀-၁၆
  • ‘ယေဟောဝါ၏ လက်တော်သည် ထိုသူတို့နှင့်အတူ ရှိတော်မူ၏’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါ၏ လက်တော်သည် ထိုသူတို့နှင့်အတူ ရှိတော်မူ၏’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူမျိုးအပေါင်းတို့အား
  • လူမျိုးခြားတို့ထံသွားသော သာသနာပြုများ
  • ထိရောက်သော သွန်သင်မှု
  • ရှေ့ဆောင်စိတ်ဓာတ် ကြံ့ခိုင်လာ
  • အချိန်ပြည့်ဓမ္မအမှုဆောင်များ ဟောပြောခြင်းလုပ်ငန်းကိုရှေ့ဆောင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • ခရစ်ယာန်စစ်များအားလုံးဧဝံဂေလိဟောပြောသူများဖြစ်ရမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း
    နိုးလော့!—၁၉၉၆
  • သာသနာပြု–လုပ်ငန်း
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁ စာ. ၁၀-၁၆

‘ယေဟောဝါ၏ လက်တော်သည် ထိုသူတို့နှင့်အတူ ရှိတော်မူ၏’

“ယေဟောဝါ၏ နှုတ်ကပတ်တော်သည် တန်ခိုးနှင့် တိုးပွား၍ အောင်မြင်လေ၏။”—တမန်တော် ၁၉:၂၀။

၁။ (က) စီအီး ပထမရာစုတွင် ခရစ်ယာန်ဘာသာ၏ရန်သူများ အဘယ်သို့ညည်းညူခဲ့ကြသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သာသနာပြုပေါလု ဟောပြောသည့်နေရာတိုင်း၌ အဘယ်အမှုများ ဆက်တိုက်လိုက်ပါခဲ့သနည်း။ ကနဦးခရစ်ယာန်များနှင့်အတူ အဘယ်အရာ အစဉ်ရှိခဲ့သနည်း။

လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ကျော်က ခရစ်ယာန်သတင်းတရားကို ဆန့်ကျင်သော ရန်သူများနှင့် သာသနာပြုတမန်တော်ပေါလုကို အတိုက်အခံပြုသူများ ဤသို့ညည်းညူခဲ့ကြသည်။ “လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။ . . . ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍ ယေရှုအမည်ရှိသော ရှင်ဘုရင်တစ်ပါးရှိသည် ဆိုတတ်ပါ၏။” (တမန်တော် ၁၇:၆၊ ၇) ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ခရစ်ယာန်သာသနာပြု ပေါလုဟောပြောသည့်နေရာတိုင်း၌ အရေးယူမှုနှင့် တန်ပြန်လှုပ်ရှားမှုများသာမကနှိပ်စက်ညှဉ်းပန်းမှုပင် တွေ့ကြုံရလေ့ရှိသည်။ အခြားကနဦးခရစ်ယာန်များလည်း နှိပ်စက်ညှဉ်းပန်းခြင်းခံရကြသည်။ သို့တစေ အစဉ်သဖြင့် ‘ယေဟောဝါ၏လက်တော်သည် သူတို့နှင့်အတူ ရှိတော်မူ၏။’—တမန်တော် ၁၁:၂၁။

၂။ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို မည်သူလက်မွန်မဆွ အစပြုခဲ့သနည်း။ မည်သို့အားဖြင့်နည်း။

၂ အရေးပါသော ဤခရစ်ယာန်သာသနာပြုလုပ်ငန်းကို မည်သူစတင်ခဲ့သနည်း။ ယေရှု ဖြစ်သည်။ ကိုယ်တော်သည် တက်ကြွဖွယ် သတင်းတရားနှင့် ယင်းကိုဖြန့်ဖြူးရန် ထူးခြားသော နည်းစနစ်ပိုင်ရှင်၊ ပြိုင်ဘက်ကင်းသောသူဖြစ်တော်မူသည်။ သားတော်ယေရှုသည် ဘုရားသခင့်နိုင်ငံတော်နှင့်စပ်လျဉ်းသော အံ့အားသင့်ဖွယ် ကြေညာချက်နှင့်အတူ ဂျူးလူမျိုးထံသို့ရောက်လာခဲ့ကြောင်း သတိရပါ။ သို့သော် သူတို့သည် ပညတ်တရား၏အကျင့်အားဖြင့်ရရှိမည့် ကယ်တင်ခြင်းကိုသာ စိတ်ဝင်စားခဲ့ကြသည်။—မဿဲ ၄:၁၇။ လုကာ ၈:၁; ၁၁:၄၅၊ ၄၆။

လူမျိုးအပေါင်းတို့အား

၃။ ယေရှုဟောပြောသည့် အဘယ်ပရောဖက်ပြုချက်က ကိုယ်တော်၏ဂျူးတပည့်တော်များအား အံ့အားသင့်စေခဲ့မည်နည်း။ အဘယ်ကြောင့်နည်း။

၃ သို့နှင့် အသေခံတော်မမူမီ သုံးရက်တွင် ယေရှုက ဂျူးတပည့်တော်များအား “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့” ဟု မိန့်တော်မူခဲ့စဉ်က သူတို့မည်မျှ အံ့အားသင့်ကြမည်ကို ကျွန်ုပ်တို့တွေးကြည့်ရန်မခက်ပါ။ “လူမျိုးအပေါင်းတို့အား” သတင်းကောင်း အဘယ်သို့ဟောပြောနိုင်မည်ကို သူတို့အံ့သြခဲ့ကြပေမည်။ ကြီးမားကျယ်ပြန့်လှသော ဤတာဝန်ကို ဤယုံကြည်သူလူနည်းစု အဘယ်သို့ပြီးမြောက်အောင် ထမ်းဆောင်နိုင်အံ့နည်း။—မဿဲ ၂၄:၁၄။ မာကု ၁၃:၁၀။

၄။ ရှင်ပြန်ထမြောက်လာသောယေရှုက တပည့်တော်များအား အဘယ်အမိန့်ပေးတော်မူသနည်း။

၄ ထိုနောက် ရှင်ပြန်ထမြောက်လာသောယေရှု ဤသို့ထပ်၍မိန့်တော်မူ၏။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည်သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” သို့ဖြင့် မိမိတို့အရှင်သခင်၏ သတင်းတရားတော်ကို “လူမျိုးတကာတို့” ထံပို့ဆောင်ရန် တာဝန်ပေးခံရကြသည်။—မဿဲ ၂၈:၁၈-၂၀။

၅၊ ၆။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်း လူမျိုးခြားထံ အဘယ်သို့ရောက်ရှိခဲ့သနည်း။ အဘယ်ရလဒ်ပေါ်ထွက်သနည်း။ (ခ) လူမျိုးခြားကော်နေလိအိမ်၌ တွေ့ကြုံဖြစ်ပျက်မှုများကို ပေတရုပြန်၍ ပြောပြသောအခါ ယေရုရှလင်မြို့ရှိ အကြီးအကဲများ အဘယ်သို့တုံ့ပြန်ခဲ့သနည်း။

၅ တစ်ပါးအမျိုးသားတို့အား ဟောပြောရန်လည်း ပါဝင်လာသည်။ ယင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ သုံးနှစ်ကျော်အလွန်တွင် ပေတရု၌ရှိသောစိတ်ထားက ဤအချက်ကိုသက်သေထူပြသည်။ ရူပါရုံတစ်ခုအားဖြင့် ညစ်ညူးသောတိရစ္ဆာန်တို့ကို အစာအဖြစ်စားရန် ပေတရုမိန့်မှာခံရသည်။ ယခင်က ညစ်ညူးသည်ဟု သဘောထားသောအရာများသည် ယခုအခါ စင်ကြယ်သောအရာအဖြစ် ယူဆပြီဖြစ်ကြောင်း သူ့အား ဘုရားသခင်ပြသသောအခါ ပေတရုနားလည်ရ ခက်သွားသည်။ ထိုနောက် ဘုရားသခင့်ဝိညာဉ်တော်က ပေတရုအား ရောမတပ်မှူး လူမျိုးခြား ကော်နေလိအိမ်သို့သွားရန် ညွှန်ကြား၏။ လူမျိုးခြားနှင့်ဆက်သွယ်မှုပြုခြင်းကို မပြုသင့်သောအမှုအဖြစ် တစ်ချိန်က ယူဆခဲ့သော်လည်း ထိုတွင် ကော်နေလိအား ဟောပြောရန် ဘုရားသခင်အလိုတော်ရှိကြောင်း သိမြင်ခဲ့သည်။ ပေတရုဟောပြောနေစဉ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုလူမျိုးခြား မိသားစုအပေါ် သက်ရောက်ခဲ့ရာ ယင်းဖြစ်ရပ်က ခရစ်ယာန်သာသနာပြုလုပ်ငန်းနယ်ပယ်ကို ဂျူးမဟုတ်သောလောကကိုပါ သိမ်းကြုံးပါဝင်စေရန် ယခုတိုးချဲ့ရတော့မည်ဖြစ်ကြောင်း ပြညွှန်ခဲ့သည်။—တမန်တော် ၁၀:၉-၁၆၊ ၂၈၊ ၃၄၊ ၃၅၊ ၄၄။

၆ ဤအဖြစ်အပျက်ကို ယေရုရှလင်မြို့ရှိ အကြီးအကဲတို့အား ပေတရုရှင်းပြသောအခါ သူတို့သည် “မငြင်းဘဲနေ၍ ‘အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှာ နောင်တတရားကို တစ်ပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီ’ ဟု ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။” (တမန်တော် ၁၁:၁၈) ယခု လူမျိုးခြားတို့သည် ခရစ်တော်နှင့် ကိုယ်တော်.နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကို လွတ်လပ်စွာ လက်ခံနိုင်ကြလေပြီ။

လူမျိုးခြားတို့ထံသွားသော သာသနာပြုများ

၇။ မြေထဲပင်လယ်တစ်ဝိုက်ဒေသများ၌ ခရစ်ယာန်သာသနာပြုလုပ်ငန်း မည်သို့စတင်ပြန့်နှံ့သွားသနည်း။ ယင်းကို ယေဟောဝါ အဘယ်သို့ သဘောထားတော်မူသနည်း။

၇ အာဇာနည်အဖြစ်သတေဖန်အသတ်ခံရပြီးနောက် အရှိန်အဟုန်ရလာသော ဟောပြောခြင်းလုပ်ငန်းမှာ ယခုအခါ အတိုင်းအတာ အရွယ်ပမာဏ တစ်မျိုးတစ်ဖုံဖြစ်လာသည်။ တမန်တော်များမှတစ်ပါး ယေရုရှလင်မြို့ရှိ အသင်းတော်သည် ကွဲလွင့်ခဲ့ကြသည်။ အစ၌ နှိပ်စက်ညှဉ်းပန်းခံရသော ယုံကြည်သူဂျူးများသည် ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့များရှိ ဂျူးများအားသာ ဟောပြောကြ၏။ သို့သော်လည်း ‘ကုပရုကျွန်းသားနှင့် ကုရေနေမြို့သားအချို့သည် . . . သခင်ယေရှု၏ သတင်းကောင်းကို ဂရိလူမျိုးအားလည်း ဟောပြောကြ၏။’ လူမျိုးခြားတို့ထံ ဤသို့သာသနာပြုခြင်းလုပ်ငန်းကို ယေဟောဝါမည်သို့ သဘောထားတော်မူသနည်း။ ‘ယေဟောဝါ၏လက်တော်သည် ထိုသူတို့နှင့်အတူရှိတော်မူသဖြင့် လူအများတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။’ ထိရောက်သောသာသနာပြုလုပ်ငန်း မြေထဲပင်လယ်တစ်ဝိုက်ရှိ တိုင်းပြည်များ၌ စတင်ပြန့်နှံ့ခဲ့ခြင်းအတွက် ကနဦးခရစ်ယာန်တို့၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုအပ်သည်။ သို့သော် ထိုထက်မက ပြန့်နှံ့ဖို့ရှိသေးသည်။—တမန်တော် ၄:၃၁။ ၈:၁။ ၁၁:၁၉-၂၁။

၈။ သာသနာပြုလုပ်ငန်း တိုးချဲ့ခြင်းအတွက် ပြတ်သားသောခြေလှမ်းတစ်လှမ်း ဘုရားသခင်အဘယ်သို့ ပြညွှန်တော်မူသနည်း။

၈ စီအီး ၄၇-၄၈ ခုနှစ်လောက်တွင် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သာသနာပြုလုပ်ငန်းတိုးချဲ့ခြင်းအတွက် ပြတ်သားသော ခြေလှမ်းတစ်လှမ်း ပြညွှန်တော်မူသည်။ တမန်တော် ၁၃:၂-၄ ပါမှတ်တမ်းက ဤသို့ဆို၏။ “သန့်ရှင်းသော ဝိညာဉ်တော်က ‘ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှာ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့’ ဟုမိန့်တော်မူသည်။ . . . ထိုသို့သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့် ထိုသူတို့သည် သေလုကိမြို့ [ရှုရိအန္တိအုတ်မြို့၏ ပင်လယ်ဆိပ်ကမ်းမြို့] သို့သွား၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့် ကုပရုကျွန်းသို့ရောက်ကြ၏။” ပေါလုနှင့် ဗာနဗတို့အနေဖြင့် တာဝန်ထမ်းဆောင်ရန် ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားသို့ ပင်လယ်ခရီးဖြင့် ထွက်ခွာသွားရာတွင် မည်မျှဝမ်းသာပီတိဖြာခဲ့ကြမည်တကား။ တမန်တော်ပေါလုသည် ခရစ်ယာန်သာသနာပြုလုပ်ငန်းကိုတပ်ဦးမှ ပါဝင်ထမ်းဆောင်ခဲ့သည်။ ဤနှစ်ဆယ်ရာစုနှစ်တွင် အပြီးသတ်မည့် လုပ်ငန်းအတွက် အုတ်မြစ်ကိုလည်း ချခဲ့လေသည်။

၉။ သာသနာပြုခရီးစဉ်များအားဖြင့် တမန်တော်ပေါလု အဘယ်အရာများ စွမ်းဆောင်ခဲ့သနည်း။

၉ ပေါလုသည် မှတ်တမ်းတင် သာသနာပြုခရီးသုံးကြိမ်နှင့်တကွ အကျဉ်းသားဘဝဖြင့် ရောမသို့ ခရီးသွားခဲ့သည်။ အဆိုပါ ခရီးစဉ်များတစ်လျှောက် ဥရောပတိုက်ရှိမြို့ အတော်များများ၌ လုပ်ငန်းစတင်ဖွင့်လှစ်ခဲ့ပြီး ယခုခေတ်တွင် ဆီးရီးယား၊ ဆိုက်ပရပ်စ်၊ ကရေတေ၊ တူရကီ၊ ဂရိ၊ မော်လတာနှင့် စီစီလီ စသည်ဖြင့် ထင်ရှားတည်ရှိနေသော တိုင်းပြည်များနှင့် ကျွန်းများ၌လည်း နိုင်ငံတော်သတင်းဟောပြောခဲ့သည်။ စပိန်ပြည်သို့ပင် ရောက်ခဲ့ကောင်းရောက်ခဲ့မည်။ မြို့များစွာ၌ အသင်းတော်တည်ထောင်ရာတွင် တစ်တပ်တစ်အား ပံ့ပိုးကူညီပေးခဲ့သည်။ သူ၏ထိရောက်မှုရှိသော သာသနာပြုလုပ်ငန်း၏ လျှို့ဝှက်ချက်ကားအဘယ်နည်း။

ထိရောက်သော သွန်သင်မှု

၁၀။ သာသနာပြုလုပ်ငန်း၌ ပေါလုအဘယ်ကြောင့် ဤမျှထိရောက်အောင်မြင်ခဲ့ရသနည်း။

၁၀ ပေါလုသည် ခရစ်တော်၏သွန်သင်ပို့ချပုံကို အတုယူသည်။ ယင်းကြောင့်လည်း လူထုအား အဘယ်သို့ဟောပြောရမည်ကို သိ၏။ အခြားသူများကို ဆရာသမားဖြစ်အောင် အဘယ်သို့သွန်သင်လေ့ကျင့်ပေးရသည်ကို သိ၏။ ကျမ်းစာကိုအခြေခံ၍ သူသွန်သင်ပေးခဲ့သည်။ တစ်ဘက်သားအား ကိုယ်ပိုင်ဉာဏ်ပညာဖြင့် မိမိအားအထင်ကြီးအောင်မပြုဘဲ ကျမ်းစာနှင့်ဆင်ခြင်ဆွေးနွေး၏။ (တမန်တော် ၁၇:၂၊ ၃) မိမိပရိသတ်နှင့် လိုက်ဖက်အောင် အဘယ်သို့ပြုရမည်၊ မိမိဟောပြောသောသတင်းစကားအတွက် ဒေသအခြေအနေကို ခုတုံးအဖြစ် အဘယ်သို့အသုံးချရမည်ကိုလည်း သူသိ၏။ ထိုကြောင့် “သာ၍များသောသူတို့ကို ရခြင်းအလိုငှာ လူတကာတို့၏ကျွန်ခံရ၏။ . . . ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ . . . ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏။ . . . အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏’ ဟု သူဆိုသည်။—၁ ကောရိန္သု ၉:၁၉-၂၃။ တမန်တော် ၁၇:၂၂၊ ၂၃။

၁၁။ ပေါလုနှင့်အပေါင်းအပါတို့သည် ထိရောက်စွမ်းဆောင်သော သာသနာပြုများဖြစ်ကြောင်း ဘာကဖေါ်ညွှန်းသနည်း။ ခရစ်ယာန်ဓမ္မအမှု မည်မျှနှံ့ပြားခဲ့သနည်း။

၁၁ ပေါလုနှင့်အပေါင်းအပါများသည် ထိရောက်စွမ်းဆောင်မှုရှိသော သာသနာပြုများဖြစ်ကြသည်။ မလျှော့သော ဇွဲလုံ့လနှင့် ခံနိုင်ရည်စွမ်းတို့ဖြင့် ရောက်ရာအရပ်ဒေသ၌ ခရစ်ယာန်အသင်းတော်ကို တည်ထောင်၍ ခိုင်ခံ့မြဲမြံအောင်ပြုကြ၏။ (တမန်တော် ၁၃:၁၄၊ ၄၃၊ ၄၈၊ ၄၉၊ ၁၄:၁၉-၂၈) ကနဦးခရစ်ယာန်ဓမ္မအမှုတော်သည် အလွန်ကျယ်ပြန့်ခဲ့သဖြင့် ယင်းအကြောင်းကို ပေါလုဤနှယ်ရေးသားခဲ့၏။ “သမ္မာတရားတည်းဟူသော ဧဝံဂေလိတရား . . . သည် လောကီနိုင်ငံတစ်ရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ သင်တို့ရှိရာသို့ရောက်ခဲ့ပြီး သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ ပင်ပြုတတ်၏။ . . . ကောင်းကင်အောက်၌ ရှိသမျှသောဝေနေယျသတ္တဝါတို့အား ဟောပြော” ပြီးဖြစ်သည်။ ကနဦးခရစ်ယာန်သာသနာပြုလုပ်ငန်းသည် လူထုအတွက် အမှန်ပင် အကျိုးဖြစ်ထွန်းခဲ့ပေသည်။—ကောလောသဲ ၁:၅၊ ၆၊ ၂၃။

၁၂။ အဘယ်အရာက စစ်မှန်သော ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ကာလအတန်ကြာ ရပ်စဲသွားစေခဲ့သနည်း။

၁၂ သို့တစေ စီအီး ဒုတိယရာစုနှစ်ဆန်းပိုင်းလောက်တွင် ယေရှုနှင့် တမန်တော်များ သတိပေးခဲ့သည်အတိုင်း အယူဖောက်ပြန်မှုများ ခရစ်ယာန်အသင်းတော်အတွင်း စိမ့်ဝင်လာခဲ့သည်။ (မဿဲ ၇:၁၅၊ ၂၁-၂၃။ တမန်တော် ၂၀:၂၉၊ ၃၀။ ၁ ယောဟန် ၂:၁၈၊ ၁၉) ထိုနောက်ပိုင်းရာစုနှစ်များအတွင်း သီအောလိုဂျီခေါ် ဘာသာရေးပညာနှင့် ဒိဌိအယူဝါဒများက နိုင်ငံတော်သတင်းတရားကို ဖုံးလွှမ်းသွားခဲ့သည်။ ခရစ်ယာန်ဘောင်သည် ဘုရားသခင့်နိုင်ငံတော်အစစ်အကြောင်း ဟောပြောရန်မဟုတ်ဘဲ မိမိတို့၏ နိုင်ငံရေးအရှင်သခင်များနှင့် ကမကထပြုသူတို့၏နိုင်ငံကို သစ္စာစောင့်ရန် ခုခံကာကွယ်မှုအင်အားမဲ့သော ဒေသခံတိုင်းရင်းသားများအပေါ် အဓမ္မတင်စီးကြသည်။ များသောအားဖြင့် လက်နက်အင်အားဖြင့် ထိုသို့ပြုကြသည်။ သို့ဖြင့် စစ်မှန်သော ခရစ်ယာန်သာသနာပြုလုပ်ငန်း ရပ်စဲသွားသော်လည်း အစဉ်ထာဝရရပ်စဲသွားသည်မဟုတ်။

၁၃။ မျက်မှောက်ခေတ်တွင် သာသနာပြုစီမံချက်တစ်ရပ် အဘယ်သို့အစပြုခဲ့သနည်း။ ၁၉၁၆ ခုနှစ်အကုန်တွင် အဘယ်အရာများ အောင်မြင်ပြီးမြောက်ခဲ့သနည်း။

၁၃ ၁၉ ရာစုနှစ်အကုန်လောက်တွင် ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဌဖြစ်သူ ချားလ်စ်တီ၊ ရပ်စဲလ်က သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပြုမိသည်။ သို့နှင့် ကျယ်ကျယ်ပြန့်ပြန့်သက်သေခံမည့် စီမံချက်ကို စီစဉ်ရေးဆွဲခဲ့ပြီး အမေရိကန်ပြည်ထောင်စု မြို့ကြီးများစွာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့်ပြင် သင်္ဘောဖြင့်ကမ္ဘာပတ်ကာ တိုင်းပြည်များစွာသို့လည်း အတတ်နိုင်ဆုံးသွားရောက်လည်ပတ်ခဲ့သည်။ ကျမ်းစာအခြေပြုရေးသားသော သူ၏စာပေများစွာကိုလည်း ၃၅ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၁၆ ခုနှစ်၌ မကွယ်လွန်မီကာလအထိ လူထုတရားဟောပြောသူအနေနှင့် ခရီးမိုင်ပေါင်း တသန်းကျော်သွားခဲ့ပြီး တရားဒေသနာပေါင်း ၃၀၀၀၀ ကျော် ဟောပြောခဲ့သည်ဟုဆိုသည်။

၁၄။ သာသနာပြုလုပ်ငန်းတိုးချဲ့ရေးအတွက် ဂျိုးဇက်ဖ် အက်ဖ်၊ ရပ်သဖော့ဒ် ဘာလုပ်ခဲ့သနည်း။

၁၄ သူ၏နေရာကို ဆက်ခံသော ဂျိုးဇက်ဖ် အက်ဖ်၊ ရပ်သဖော့ဒ်သည်လည်း သာသနာပြုလုပ်ငန်း အရေးတကြီးလိုအပ်မှုကို သိမှတ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် စောစောပိုင်းတွင် ဟောပြောခြင်းလုပ်ငန်းအခြေတကျ ခိုင်ခိုင်မြဲမြဲတည်ရှိရန် ပံ့ပိုးသည့်အနေဖြင့် သီးခြားတိုင်းပြည်များစွာသို့ လုပ်ရည်ကိုင်ရည်ရှိသူများကို စေလွှတ်ခဲ့သည်။ သာသနာပြုများသည် စပိန်ပြည်၊ တောင်အမေရိကတိုက်နှင့် အနောက်အာဖရိကတိုက်တစ်ခွင်တွင် ဤနိုင်ငံတော်လုပ်ငန်းကို အစထွင်ခဲ့ကြသည်။ ၁၉၃၁ ခုနှစ်၌ စပိန်ပြည်တွင် ယင်းလုပ်ငန်းကို အားဖြည့်ရန် စေတနာ့ဝန်ထမ်းများကိုခေါ်ဖိတ်ခဲ့ရာ အင်္ဂလန်ပြည်မှ လူရွယ်သုံးဦးလက်ခံ၍ စပိန်ပြည်တွင်းစစ်ဖြစ်ပွားသည့် ၁၉၃၆ ခုနှစ်အထိ အလွန့်အလွန်ခက်ခဲပင်ပန်းလှသည့် အခြေအနေမျိုးတွင် လေးနှစ်တိုင်တိုင် အမှုထမ်းဆောင်ခဲ့ကြသည်။ ထိုနောက် အသက်ဘေးအတွက်ကြောင့် ထွက်ပြေးခဲ့ရကြသည်။

၁၅။ သာသနာပြုလုပ်ငန်းကို ထူးထူးခြားခြားတိုးချဲ့ရန် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ဘာဖြစ်ပျက်ခဲ့သနည်း။

၁၅ ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း သာသနာပြုလုပ်ငန်း၌ သာ၍ကောင်းမွန်သောအရာများ ဖြစ်ထွန်းခဲ့သည်။ ကင်းမျှော်စင်အသင်း၏ တတိယဥက္ကဌ နေသန် အိပ်ချ်၊ နောနှင့်အတူ စိတ်အားထက်သန်သူများ လက်တွဲလုပ်ဆောင်ခဲ့ရာ ၁၉၄၂ ခုနှစ်၌ ဒုတိယကမ္ဘာစစ်အပြီးအတွက် ပြင်ဆင်သည့်အနေနှင့် စိန်ခေါ်မှုဖြစ်သော သာသနာပြုကျောင်းတစ်ကျောင်း ဖွင့်ရန်လိုအပ်ကြောင်း သတိပြုမိသည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် ညွှန်ကြားမှုဖြစ်သည်မှာ ထင်ရှားသည်။ ထိုကမ္ဘာစစ်ကြီးအတွင်း သူ၏လက်မွန်မဆွအစပြုမှုကြောင့် ၁၉၄၃ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် နယူးယောက်ပြည်နယ် မြောက်ပိုင်း၌ ဂိလဒ်ကင်းမျှော်စင်ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းနည်းပြလေးဦးက ခြောက်လတိုင်းခြောက်လတိုင်း စိတ်အားထက်သန်သော ရှေ့ဆောင်ဓမ္မအမှုဆောင် အမျိုးသား၊ အမျိုးသမီးတစ်ရာကျော်အား သာသနာပြုလုပ်ငန်းအတွက် ကျမ်းစာကို အခြေပြု၍ လေ့ကျင့်သင်တန်းပေးခဲ့သည်။ ဤသူတို့၏ အားထုတ်ကြိုးပမ်းလုပ်ဆောင်မှုသည် အကျိုးသက်ရောက်မှုရှိသလော။

၁၆။ (က) ၁၉၄၃ ခုနှစ်တွင် ဟောပြောသောသက်သေခံဦးရေ မည်မျှရှိခဲ့သနည်း။ ယနေ့နှင့်နှိုင်းယှဉ်ကြည့်က မည်သို့တွေ့ရသနည်း။ (ခ) ဤတိုးတက်မှု၌ သာသနာပြုများ အဘယ်အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သနည်း။ ရှင်းပြပါ။

၁၆ ၁၉၄၃ ခုနှစ်တွင် တိုင်းပြည် ၅၄ ပြည်၌ ဟောပြောနေသော သက်သေခံဦးရေမှာ ၁၂၆၃၂၉ ယောက်သာရှိခဲ့သည်။ ယနေ့ အခြေအနေမည်သို့ရှိသနည်း။ ၄၆ နှစ်အကြာ ယခုအခါတွင် တိုင်းပြည်နှင့် ကျွန်းကြီးကျွန်းငယ် ၂၁၂ နေရာ၌ တက်တက်ကြွကြွအမှုဆောင်နေသော ဓမ္မအမှုဆောင် သုံးသန်းခွဲကျော်ရှိရာ ၂၈ဆ မကတိုးများလာသည်။ ဤတိုးတက်မှု၏ ထူးခြားသည့်ကဏ္ဍတစ်ရပ်ကား ဂိလဒ်ကျောင်းဆင်း သာသနာပြု ၆၀၀၀ ကျော်တို့ချခဲ့သောအခြေခံ အုတ်မြစ်ကောင်းကြောင့်ဖြစ်သည်။ ဤသူတို့သည် တိုင်းပြည် ၅၉ ပြည်မှလာရောက်ကြသူများဖြစ်ပြီး လွန်ခဲ့သောအနှစ် ၅၀ ကျော်အတွင်း ၁၄၈ နိုင်ငံသို့စေလွှတ်ခံရကြသည်။ သူတို့၏ ကူညီပံ့ပိုးမှုကြောင့် လွန်ခဲ့သော ၄၆ နှစ်အချိန်ကကဲ့သို့ တစ်ကမ္ဘာလုံး၌ သက်သေခံတစ်သိန်းကျော်မျှသာမဟုတ်တော့ဘဲ ယခုအခါ၌ သတင်းကောင်းဟောပြောသွန်သင်ပေးနေသူ၊ ဓမ္မအမှုဆောင် တစ်သိန်းကျော်စီရှိသော တိုင်းပြည်ဆယ်ပြည်ရှိနေပြီ။ ဤနိုင်ငံအများ၌ ဂိလဒ်သာသနာပြုများသည် ဧဝံဂေလိလုပ်ငန်း၏ တပ်ဦးမှာ အစဉ်ပါဝင်လှုပ်ရှားခဲ့ကြသည်။

၁၇။ ကနဦးအချိန်နှင့် မျက်မှောက်ခေတ်အချိန် နှစ်ချိန်စလုံး၌ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို အောင်မြင်ထိရောက်မှုရှိစေသော အခြေခံအကြာင်းရင်းသုံးရပ်ကားအဘယ်နည်း။

၁၇ ကနဦးခရစ်ယာန်သာသနာပြုလုပ်ငန်းကိုကြည့်ကြည့်၊ မျက်မှောက်ခေတ် သာသနာပြုလုပ်ငန်းကိုဘဲကြည့်ကြည့် ထိရောက်အောင်မြင်ရခြင်း အခြေခံအကြောင်းရင်းများရှိသည်။ တစ်ချက်အနေနှင့် တစ်အိမ်တက်ဆင်းအမှုဆောင်ခြင်းနှင့် အလွတ်သဘောသက်သေခံခြင်းမှအစ အိမ်တွင်းကျမ်းစာသင်အံမှု အစီအစဉ်တို့ဖြင့် လူတို့နှင့် တိုက်ရိုက်ဆက်သွယ်ထိတွေ့ခြင်းဖြစ်သည်။ (ယောဟန် ၄:၇-၂၆။ တမန်တော် ၂၀:၂၀) နောက်တစ်ချက်မှာ လူသားတို့၏ ပြဿနာအရပ်ရပ်ကို ထာဝစဉ်ဖြေရှင်းပေးမည့် တစ်ခုတည်းဖြေရှင်းချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်ကို အလေးပေးထားသည့် တိုက်ရိုက်ကျ၍ လွယ်ကူရှင်းလင်းသော ကျမ်းစာအခြေပြု သတင်းတရားဖြစ်သည်။ (တမန်တော် ၁၉:၈; ၂၈:၁၆၊ ၂၃၊ ၃၀၊ ၃၁) ထို့ပြင် ကျွန်ုပ်တို့၏သာသနာပြုများစွာတို့သည် ဘုရားသခင့်ဖြောင့်မတ်သောအုပ်ချုပ်ရေးကို သိသိသာသာလိုအပ်နေသော ဖွံ့ဖြိုးမှုနိမ့်ကျသည့် တိုင်းပြည်များတွင် အမှုထမ်းဆောင်နေကြသည်။ တတိယအကြောင်းရင်းမှာ ခရစ်တော်ဟောကြားခဲ့သည့် ချစ်ခြင်းမေတ္တာဖြစ်သည်။ လူအမျိုးမျိုးအနွယ်နွယ်နှင့် နေ့စဉ်ဆက်ဆံရာတွင် ကျွန်ုပ်တို့၏ မျက်မှောက်ခေတ် သာသနာပြုများ ယင်းချစ်ခြင်းမေတ္တာကို သိသိသာသာဖေါ်ပြနေကြသည်။ အနှစ် ၄၆ နှစ်ကျော်ကာလအတွင်း ကင်းမျှော်စင်သာသနာပြုများသည် ယေဟောဝါ၏အဖွဲ့အစည်းတော် ကမ္ဘာချီတိုးချဲ့ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပံ့ပိုးကူညီခဲ့သည်မှာ စောဒကတက်စရာအကြောင်းမရှိပေ။—ရောမ ၁:၁၄-၁၇။ ၁ ကောရိန္သု ၃:၅၊ ၆။

ရှေ့ဆောင်စိတ်ဓာတ် ကြံ့ခိုင်လာ

၁၈။ ဂိလဒ်ကျောင်းဆင်းများကဲ့သို့ သာသနာပြုစိတ်ဓာတ်မျိုး မည်သူတို့လည်း ပြည့်ဝကြသနည်း။

၁၈ ဤဂိလဒ်ကျောင်းဆင်းတို့၏ စိတ်အားထက်သန်သော ပုံသက်သေကြောင့် အခြားသူများ၌ အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်လိုသော ဆန္ဒပြင်းပြလာစေသည်မှာ ယုံမှားဖွယ်မရှိပေ။ ယနေ့ သာသနာပြုဇွဲမာန်ပြည့်ဝသော အခြားယေဟောဝါသက်သေများ အထောင်အသောင်းရှိနေသည်။ ဤသူတို့လည်း “မိမိတို့ကယ်တင်ခြင်း၏ရှေ့ဆောင်” ဖြစ်သော ယေရှု၏ခြေတော်ရာကို လိုက်လျက် ရှေ့ဆောင်များစင်စစ်ဖြစ်ကြပေသည်။—ဟေဗြဲ ၂:၁၀; ၁၂:၂၊ Moffatt.

၁၉။ ရှေ့ဆောင်စိတ်ဓာတ်ပြည့်ဝသော သက်သေခံအမြောက်အမြား စေတနာအလျောက် ဘာလုပ်ကြသနည်း။ ရရှိသော အကျိုးနှင့်ပတ်သက်၍ သူတို့အဘယ်သို့ယူဆကြသနည်း။

၁၉ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ တိုင်းပြည်အတော်များများသို့ သာသနာပြုများကို စေလွှတ်ရန် အလွန်ခက်ခဲလာခဲ့သည်။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းသည် နိုင်ငံခြားတိုင်းပြည်များ၌ လိုအပ်ချက်နှင့်အညီ သာသနာပြုများကို ဆက်လက်၍ အတတ်နိုင်ဆုံးစေလွှတ်သည်။ သို့သော် ရှေ့ဆောင်စိတ်ဓာတ် အစစ်အမှန်ရှိသော သက်သေခံများအဖို့ ကမ္ဘာတစ်ဝှန်းတွင် အလွန်ကြီးမားသောလယ်ကွင်းရှိနေသည်။ များစွာသောသူတို့သည် လိုအပ်မှုပို၍ကြီးမားသော တိုင်းပြည်များသို့ သွားရောက်အမှုဆောင်ရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်းကြသည်။ အသင်သည် ဤသူတို့နှင့် လက်တွဲပါဝင်နိုင်သူဖြစ်သလော။ ထိုသို့ပါဝင်ကြသူတို့က ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သိုးကဲ့သို့သောသူများအား နိုင်ငံတော်သမ္မာတရားကျွေးမွေးခြင်းမှ ခံစားရသော ကြီးမားလှသည့် ဝမ်းမြောက်မှုကြောင့် ကြုံတွေ့သောအခက်အခဲများနှင့် စွန့်လွှတ်အနစ်နာခံမှုများကို အဆများစွာကာမိသည်။ အကျိုးနပ်သည်ဟု ပြောလေ့ရှိသည်။ သူတို့သည် “ညီအစ်ကို၊ မောင်နှမ၊ မိဘနှင့် သားသမီး” အသစ်များ တွေ့ရှိရာတွင်လည်းကောင်း၊ ဤသူတို့အား ‘လာလတံ့သောအစီအစဉ်စနစ်’ တွင် အံ့ချီးဖွယ်ထာဝရအသက်မျှော်လင့်ချက် ဝေမျှပေးရာတွင်လည်းကောင်း အဆတစ်ရာသောအကျိုးကို ရရှိကြသည်။—မာကု ၁၀:၂၈-၃၀။

၂၀။ (က) နိုင်ငံအများ၌ ဟောပြောခြင်းလုပ်ငန်း၏ သာ၍ ကြီးမားကျယ်ပြန့်သောအပိုင်းမှ မည်သူတို့ပါဝင်လုပ်ဆောင်ကြသနည်း။ (ခ) ဂျပန်နိုင်ငံသည် အခြားနိုင်ငံအားလုံးနီးပါးဆိုရမလောက်ထက် လယ်ကွင်းအမှုဆောင်နာရီ စုစုပေါင်း အဘယ်သို့ပို၍ တင်သွင်းနိုင်ခြင်းဖြစ်သနည်း။ (ဂ) အဘယ်မေးခွန်းကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်လျှင် ကောင်းမည်နည်း။

၂၀ ထိုမျှမက ယနေ့မှန်မှန်ရှေ့ဆောင်အဖြစ်သော်လည်းကောင်း၊ အရံရှေ့ဆောင်အဖြစ်သော်လည်းကောင်း လစဉ်အမှုတော်ဆောင် မှတ်တမ်းပေးပို့သော ယေဟောဝါကျေးကျွန် အထောင်အသောင်းရှိသေးသည်။ ဤသူတို့အနက် အများစုမှာ မိမိတို့နေရပ်ဒေသရှိ ရပ်ကွက်များ၌ အားကြိုးမာန်တက် လုပ်ဆောင်ကြသည်။ တိုင်းပြည်အများ၌ ဤသူတို့သည် ဟောပြောခြင်းလုပ်ငန်း၏ ကြီးမားကျယ်ပြန့်သောအပိုင်းမှ ပါဝင်လုပ်ဆောင်ကြပြီး တစ်ပတ်ပြီးတစ်ပတ်သွားပြီးသား အိမ်များသို့ပင် ထပ်ခါထပ်ခါ ပြန်သွားလေ့ရှိသည်။ သူတို့၏ ရပ်ကွက်အတွင်း မိတ်ဆွေသစ်ဖွဲ့၍ စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရာတွင် သန့်ပြန့်သောအသွင်အပြင်နှင့် ဝမ်းမြောက်မှုစိတ်သဘော၌ သူတို့၏နိုင်ငံတော်မျှော်လင့်ခြင်း ထင်ဟပ်ပေါ်လွင်လျက်ရှိသည်။ ရှေ့ဆောင်များလေလေ ဘုရားသခင်ကို ချီးမွမ်းခြင်းတွင် အသုံးပြုသောအချိန်နာရီ များလေလေဖြစ်သည်။ တစ်ချိန်က ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့သော ယေဟောဝါသက်သေအများစုရှိရာ ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု ပြင်ပရှိနိုင်ငံအားလုံးထက် နှစ်စဉ်လယ်ကွင်းအမှုဆောင်နာရီစုစုပေါင်း ပို၍ တင်သွင်းလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီ။ ဤသို့ဖြစ်ရခြင်းမှာ ယင်းနိုင်ငံရှိနိုင်ငံတော်ကြေညာသူ တစ်ဝက်နီးပါးသည် ရှေ့ဆောင်ကြသောကြောင့်ဖြစ်သည်။ ဤထူးမြတ်လှသည့် အခွင့်အရေးကြီးဖြစ်သည့် ရှေ့ဆောင်လုပ်ငန်း၌ပါဝင်နိုင်ရန် သင့်ကိုယ်ရေးကိုယ်တာကိစ္စများကို အသင်လည်းစီစဉ်နိုင်ပါသလော။

၂၁။ (က) မှန်မှန်ရှေ့ဆောင်အဖြစ်ပါဝင်ရန် အခြေအနေခွင့်မပြုသော အခြားသက်သေခံများအနေဖြင့်လည်း အဘယ်သို့ရှေ့ဆောင်စိတ်ဓာတ် တင်ပြနိုင်သေးသနည်း။ (ခ) လူငယ်လူရွယ်များ ရှေ့ဆောင်စိတ်ဓာတ်အဘယ်သို့တင်ပြနိုင်သနည်း။

၂၁ ‘ကောင်းသောအလုပ်များဘက်၌ စိတ်အားကြီး’ သော အခြားသက်သေခံများလည်းရှိသည်။ (တိတု ၂:၁၄) သူတို့တွင် အသက်ကြီးသူများ၊ ကျန်းမာရေးမကောင်းသူများ၊အိမ်ထောင်တာဝန်ရှိသူများနှင့် မှန်မှန်ရှေ့ဆောင်အဖြစ်ပါဝင်ရန် အခြေအနေမပေးသေးသည့် ကျောင်းနေလူငယ်လူရွယ်များပါဝင်သည်။ သူတို့အနေဖြင့် ရှေ့ဆောင်များကို ထောက်ခံအားပေးခြင်းဖြင့်လည်းကောင်း၊ အမှုဆောင်ခြင်း၌ သူတို့နှင့်အတူ အတတ်နိုင်ဆုံး လက်တွဲပါဝင်ခြင်းဖြင့်လည်းကောင်း၊ မိမိတို့၏သက်သေခံနိုင်သော ကိုယ်ပိုင်အခွင့်အရေးများနှင့်ပတ်သက်၍ အပြုသဘောဆောင်သော စိတ်ထားအစဉ်ထားရှိခြင်းဖြင့်လည်းကောင်း ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်သည်။ ငယ်ရွယ်သူများအနေဖြင့် အချိန်ပြည့် နိုင်ငံတော်လုပ်ငန်းကို ပန်းတိုင်အဖြစ်ထားကာ နှစ်ခြင်းခံပြီးသည်နှင့် တစ်ပြိုင်နက် ရံဖန်ရံခါ အရံရှေ့ဆောင်ခြင်းတွင် ပါဝင်နိုင်ပေသည်။ လူငယ်တိမောသေနည်းတူ ဘုရားသခင့်လူမျိုးတော်အားလုံးတို့နှင့် ရင်ပေါင်တန်း၍ ဝိညာဏတိုးတက်ရေးအတွက် ဤအရာများကို အလေးအနက်တွေးတောနိုင်ပေသည်။—၁ တိမောသေ ၄:၁၅၊ ၁၆။

၂၂။ ဘဝအခြေအနေ မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့အဘယ်စိတ်ဆုံးဖြတ်ချက် ချသင့်သနည်း။ အဘယ်ကောင်းမြတ်သောရလဒ်ရရှိသနည်း။

၂၂ ဘဝအခြေအနေမည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏အမှုတော်မြတ်တွင် ပြည့်ပြည့်ဝဝပါဝင်နိုင်ရန် ကိုယ်တော်.ဝိညာဉ်တော် လှုံ့ဆော်ခြင်းခံရပါစေ။ ‘ယေဟောဝါ၏ နှုတ်ကပတ်တော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏’ ဟု ကျွန်ုပ်တို့တစ်ဦးစီနှင့်အတူ ‘ယေဟောဝါ၏လက်တော်’ အစဉ်မပြတ်ရှိတော်မူပါစေ။—တမန်တော် ၁၁:၂၁; ၁၉:၂၀။

ပြန်လည်စစ်ဆေးရန် မေးခွန်းများ

▫ ခရစ်ယာန်သာသနာပြုလုပ်ငန်း အဘယ်သို့အစပြုခဲ့သနည်း။ မည်သည့်အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမည်နည်း။

▫ သာသနာပြုလုပ်ငန်း တိုးချဲ့ရာတွင် တမန်တော်ပေါလု အဘယ်အခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်ခဲ့သနည်း။

▫ ခေတ်သစ်ကာလ၌ သာသနာပြုလုပ်ငန်း အဘယ်သို့ပြန်၍ သက်ဝင်လှုပ်ရှားလာသနည်း။

▫ အဘယ်အကြောင်းရင်းများက သာသနာပြုနှင့် ရှေ့ဆောင်လုပ်ငန်းကို ထိရောက်အောင်မြင်စေသနည်း။

▫ ယနေ့ ကျွန်ုပ်တို့ ရှေ့ဆောင်စိတ်ဓာတ် အဘယ်သို့သက်ဝင်နိုင်သနည်း။

[စာမျက်နှာ ၁၀ ပါ ဇယား]

ဆယ်နိုင်ငံတွင်နိုင်ငံတော်လုပ်ငန်း—၁၉၈၈

(ဤနိုင်ငံများအားလုံးသည်ကြေညာသူ ၁၀၀၀၀၀ ကျော်မှတ်တမ်းသွင်းသည်)

ကြေညာသူ ပျမ်းမျှ ဟောပြောသော အောက်မေ့ရာပွဲ

နိုင်ငံ နှုန်းသစ် ရှေ့ဆောင် နာရီပေါင်း တက်ရောက်သူ

အမေရိကန် ၇၉၇၁၀၄ ၉၆၉၄၇ ၁၆၁၄၇၈၇၃၂ ၁၈၂၂၆၀၇

မက္ကဆီကို ၂၄၈၈၂၂ ၃၂၁၁၇ ၅၈၀၆၁၄၅၇ ၁၀၀၄၀၆၂

ဘရာဇီး ၂၄၅၆၁၀ ၂၂၇၂၅ ၄၄၂၁၈၀၂၂ ၇၁၈၄၁၄

အီတလီ ၁၆၀၅၈၄ ၂၅၄၇၇ ၄၃၃၅၄၆၈၇ ၃၃၀၄၆၁

နှိက်ဂျီးရီးယား ၁၃၄၅၄၃ ၁၄၀၂၂ ၂၇၈၀၀၆၂၃ ၃၉၈၅၅၅

ဂျပန် ၁၂၈၈၁၇ ၅၂၁၈၃ ၆၀၆၂၆၈၄၀ ၂၉၇၁၇၁

ဂျာမနီ ၁၂၅၀၆၈ ၈၄၁၆ ၂၂၀၂၉၉၄၂ ၂၁၅၃၈၅

ဗြိတိန် ၁၁၃၄၁၂ ၁၁၉၂၇ ၂၂၁၀၃၇၁၃ ၂၁၁၀၆၀

ဖိလိပိုင် ၁၀၇၆၇၉ ၂၁၃၂၀ ၂၆၃၃၇၆၂၁ ၃၀၅၀၈၇

ပြင်သစ် ၁၀၃၇၃၄ ၉၁၈၉ ၂၁၅၉၈၃၀၈ ၂၀၅၂၅၆

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပေါလုနှင့်ဗာနဗ ရှေ့ဆောင်သာသနာပြုရန် ခရီးစထွက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ