ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၇/၈ စာ. ၁၈-၂၁
  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်မူထူးခြားသော သင်တန်းကျောင်း
  • အမျိုးအစားမတူသည့် သာသနာပြုများ
  • အဘယ်အကျိုးရလဒ် ရရှိသနည်း
  • “ကမ္ဘာမြေအစွန်အဖျားအထိ” သွားတဲ့ သာသနာပြုများ
    အလှူငွေတွေကို အသုံးပြုပုံ
  • အချိန်ပြည့်ဓမ္မအမှုဆောင်များ ဟောပြောခြင်းလုပ်ငန်းကိုရှေ့ဆောင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းဆင်း ကျောင်းသားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဂိလဒ်ကျောင်းဆင်းများ—“သာသနာပြုအစစ်များ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၇/၈ စာ. ၁၈-၂၁

သာသနာပြုများ—အလင်း သို့မဟုတ် အမှောင်၏ကိုယ်စားလှယ်များလော အပိုင်း ၆

ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံ [နှစ်ခြင်းမင်္ဂလာ] ကိုပေးကြလော့” ဟူ၍ယေရှုခရစ်က မိန့်တော်မူခဲ့၏။ (မဿဲ ၂၈:၁၉) ဤတာဝန်ကို “ခေတ်အဆက်ဆက်မှခရစ်ယာန်များက ပြီးမြောက်အောင်ဆောင်ရွက်ခဲ့ကြသည်” ဟူ၍ Everyman’s Encyclopedia စွယ်စုံကျမ်းကဆိုပြီးနောက် “တစ်ခါတစ်ရံတွင် အားတက်သရောထမ်းဆောင်ခြင်း မရှိခဲ့ကြောင်း” ထပ်မံ၍ဆိုထားသည်။ “သာသနာပြုခေတ်ကုန်ဆုံးပြီလော” ဟူ၍ The Missionary Myth စာအုပ်ကမေးခွန်းထုတ်ထားသည်။

“ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်သည် ရိုမန်ကက်သလစ်သာသနာကို လမ်းမကြီးများပေါ်သို့ ဆောင်ယူသွားသည်” ဟူ၍ Newsweek မဂ္ဂဇင်းက ၁၉၉၄ ဇန်နဝါရီလအတွင်း ရေးသားဖော်ပြသည်။ ၎င်းမဂ္ဂဇင်းက ဤသို့ရှင်းပြသည်– “ရောမမြို့ရှိ ဒစ္စကိုကပွဲရုံများ၊ ကုန်ပဒေသာတိုက်များနှင့် မြေအောက်ဘူတာရုံများတွင် ဘာသာကူးပြောင်းသူများကိုရှာဖွေရန် လူဝတ်ကြောင်ဧဝံဂေလိဆရာ ၃၅၀ ကိုစေလွှတ်လိုက်သည်။ ဤရှေ့ပြေးအစီအစဉ်ကို ခရစ်ယာန်ဝါဝင်သည့်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင်စတင်သည်။ ဤအစီအစဉ်အောင်မြင်ခဲ့သော် ပုပ်ရဟန်းမင်းသည် ကမ္ဘာ့အနှံ့ခရီးဆန့်လိမ့်မည်—ဘွေနိုအေးရီးစ်မြို့မှသည် တိုကျိုမြို့အထိ တစ်အိမ်မှတစ်အိမ်သွားရန် ကက်သလစ်သာသနာပြုများ စတင်လှုပ်ရှားလိမ့်မည်။”

အခြားတစ်ဖက်တွင် ယေဟောဝါသက်သေများသည် ဧဝံဂေလိလုပ်ငန်းကိုထမ်းဆောင်ရမည်ဟူသော ၎င်းတို့၏တာဝန်ကိုသိထားကြသည်။ (၂ တိမောသေ ၄:၅) သက်သေခံအားလုံးသည် တိုင်းတစ်ပါးတွင်သာသနာပြုများအဖြစ် ဟောပြောကြခြင်းမရှိသည်မှာ ဆိုဖွယ်မရှိပါ။ သို့သော်လည်း သူတို့သည်မည်သည့်နေရာအရပ်တွင်မဆို ဟောပြောနိုင်ကြသည်။ ဟောလည်းဟောပြောနေကြသည်။ ဤသဘောမျိုးဖြင့် သူတို့အားလုံးသည် သာသနာပြုများဖြစ်ကြသည်။

တစ်မူထူးခြားသော သင်တန်းကျောင်း

၁၉၄၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ကင်းမျှော်စင်အသင်းက အကူအညီအပူတပြင်းလိုအပ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် သာသနာပြုများအဖြစ် အမှုတော်ထမ်းဆောင်ရန် အတွေ့အကြုံရင့်ကျက်သော ဓမ္မအမှုတော်ဆောင်များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းကျောင်းတစ်ခုကို တည်ထောင်ဖွင့်လှစ်လိုက်သည်။ နှစ်များတစ်လျှောက်အတွင်း သင်ရိုးညွှန်းတမ်းကို ပြင်ဆင်မွမ်းမံခဲ့ရသော်လည်း အခြေခံရည်မှန်းချက်ပန်းတိုင်ကိုမူ မျက်ခြည်မပြတ်ခဲ့ပေ။ ယင်းပန်းတိုင်မှာ သမ္မာကျမ်းစာလေ့လာမှုကို အလေးထားခြင်းနှင့် ဧဝံဂေလိလုပ်ငန်းကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

ဤသင်တန်းကျောင်းအသစ်အတွက် ရွေးချယ်လိုက်သည့်အမည်မှာ ဂိလဒ်ဟူ၍ဖြစ်ပြီး ဟေဗြဲဘာသာဖြင့် “သက်သေအစုအပုံ” ဟူ၍အဓိပ္ပာယ်ရှိသည်။ ယေဟောဝါ၏ဂုဏ်တော်အတွက် သက်သေအစုအပုံကိုစုပုံရာ၌ အထောက်အကူပြုခြင်းအားဖြင့် ဂိလဒ်သင်တန်းကျောင်းသည် ကျွန်ုပ်တို့ခေတ်တွင်လုပ်ဆောင်ရမည်ဟု ယေရှုကြိုတင်ဟောတော်မူခဲ့သည့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ရာ၌ အဓိကအရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။—မဿဲ ၂၄:၁၄။

၁၉၄၃ ခုနှစ်တွင် ဂိလဒ်သင်တန်းကျောင်း၏ အမှတ်စဉ်တစ်သင်တန်းသားများအား ထိုစဉ်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သူ နေသန် အိပ်ချ်၊ နောက မိန့်ခွန်းပြောကြားခဲ့ရာ၌ “သင်တို့သည် ရောမအင်ပါယာတစ်ခွင်အနှံ့သွား၍ နိုင်ငံတော်သတင်းကိုကြေညာခဲ့ကြသော တမန်တော်ပေါလု၊ မာကု၊ တိမောသေနှင့်အခြားသူများ လုပ်ဆောင်ခဲ့ကြသည့်လုပ်ငန်းနှင့် ဆင်တူသည့်လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် ထပ်ဆင့်လေ့ကျင့်သင်ကြားခံနေရကြသည်။ . . . သင်တို့၏အဓိကလုပ်ငန်းမှာ ယေရှုနှင့်တမန်တော်များနည်းတူ ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဝမ်းမြောက်ဖွယ်သတင်းကို တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းပင်ဖြစ်သည်။”

အမှတ်စဉ်တစ်သင်တန်းပြီးဆုံးသည့်အခါ သင်တန်းဆင်းများအား လက်တင်အမေရိကကိုးနိုင်ငံသို့ စေလွှတ်လိုက်သည်။ ယနေ့အထိနိုင်ငံပေါင်း ၁၁၀ ကျော်မှသင်တန်းသား ၆,၅၀၀ ကျော်ကို ဂိလဒ်သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြား၍ နိုင်ငံနှင့်ကျွန်းစုပေါင်း ၂၀၀ ကျော်သို့ သာသနာပြုများအဖြစ် စေလွှတ်ခဲ့ပြီးဖြစ်သည်။

အမျိုးအစားမတူသည့် သာသနာပြုများ

အတိတ်ကာလကခရစ်ယာန်ဘောင်မှ သာသနာပြုအများသည် ဂရင်းလန်ကျွန်းသို့ စေလွှတ်ခံရသူများနည်းတူ သမ္မာကျမ်းစာတစ်အုပ်လုံးကိုဖြစ်စေ၊ တစ်ပိုင်းတစ်စကိုဖြစ်စေ တိုင်းရင်းဘာသာစကားသို့ ဘာသာပြန်ကြသည်။ သို့သော်လည်း ထိုကနဦးသာသနာပြုများသည် များသောအားဖြင့် လူတို့အားသမ္မာကျမ်းစာအကြောင်း သင်ကြားပေးခြင်းအလုပ်ကို ဇောက်ချလုပ်ကိုင်ခြင်းမရှိကြချေ။

သာဓကအနေဖြင့် ဂျပန်နိုင်ငံရောက် ခရစ်ယာန်ဘောင်၏သာသနာပြုများသည် “ပညာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများ” ကိစ္စနှင့်လုံးပန်းခဲ့ကြကြောင်း Kodansha Encyclopedia of Japan စွယ်စုံကျမ်းကထောက်ပြသည်။ ၎င်းက “သာသနာပြုအများသည် ၎င်းတို့၏ပညာဗဟုသုတအားဖြင့် အခြားသူများနှင့်မတူဘဲ ကွဲပြားခြားနားကြောင်းပြသခဲ့ကြသည်” ဟူ၍ဆိုထားသည်။ ၎င်းတို့သည် စာပေ၊ ဘာသာစကား၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့အာရှဘာသာတရားများနှင့် ဂျပန်ရိုးရာပုံပြင်အစရှိသော ဘာသာရပ်များကိုသင်ကြားသည့် ဘာသာဗေဒပညာရှင်များ၊ သို့မဟုတ် ပါမောက္ခများဖြစ်လာကြသည်။ ကုသိုလ်ဖြစ်လုပ်ငန်းနှင့် လူမှုရေးအကျိုးဆောင်လုပ်ငန်း လုပ်ဆောင်သောအဖွဲ့အစည်းများသည်လည်း သာသနာပြုလုပ်ငန်း၏ အရေးကြီးသောအပိုင်းတစ်ပိုင်းဖြစ်သည်” ဟူ၍ထိုစွယ်စုံကျမ်းက ထပ်လောင်းဖော်ပြသည်။

ယေဘုယျအားဖြင့် သာသနာပြုများသည် ဝမ်းမြောက်ဖွယ်သတင်းဟောပြောခြင်းကို ဦးစားပေးခြင်းမရှိကြချေ။ သူတို့သည် အများအားဖြင့် ဝိညာဏလိုအပ်ရာများပြည့်ဝရေးထက် ကာယရေးလိုအပ်ရာများပြည့်ဝရေးကို အလေးပေးကြသည်။ ကိုယ်ရေးကိုယ်တာအကျိုးစီးပွား လိုက်စားခြင်းကိုသာ အာရုံစိုက်သူများဖြစ်ခဲ့ကြသည်။ သို့နှင့် ၁၈၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့စေလွှတ်ခြင်းခံရသည့် အင်္ဂလန်အသင်းမှ သာသနာပြုတစ်ဦးသည် “ဂျပန်တောင်တက်ဖခင်” အဖြစ်ယခုခေတ်တွင် နာမည်ကျော်ကြားလူသိများလျက်ရှိသည်။

ဂိလဒ်သင်တန်းကျောင်းဆင်း သာသနာပြုများမူကား ခရစ်ယာန်ဘောင်၏သာသနာပြုများနှင့် လုံးဝကွာခြားသည်။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ [လိပ်] စာအုပ်၊ အခန်း ၂၃ တွင်ဤသို့ဆိုထားသည်– “ဂိလဒ်ကျောင်းဆင်းသာသနာပြုများသည် လူတို့အား သမ္မာကျမ်းစာကိုသင်ကြားပေး၏။ ဘုရားရှိခိုးကျောင်းများတည်ဆောက်ပြီး သူတို့ထံသို့လူများလာကြရန် မျှော်လင့်မည့်အစား တစ်အိမ်မှတစ်အိမ်သွားကြသည်။ . . . အလုပ်အကျွေးပြုခံရန်မဟုတ်၊ အလုပ်အကျွေးပြုကြ၏။”

အဘယ်အကျိုးရလဒ် ရရှိသနည်း

ဥရောပတိုက်တွင် ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်တပည့်တော်များဖြစ်အောင် ပြုလုပ်ပြီးနောက် ခရစ်ယာန်ဘောင်၏သာသနာပြုများသည် မည်မျှအောင်မြင်မှု ရရှိခဲ့ကြပြီနည်း။ A Global View of Christian Missions စာအုပ်ကဤသို့အဖြေပေးထား၏– “ဥရောပတိုက်မှပြည်သူသန်းပေါင်း ၁၆၀ မျှသည် မည်သည့်ဘာသာဝင်မျှမဟုတ်ကြချေ။ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်ဟု ဆိုကြသူတို့အနက် ၎င်းတို့၏ဘာသာတရားကို အလေးအနက်ထားသူနည်းပါးလှသည်။ . . . ဥရောပတိုက်ကို ခရစ်ယာန်တိုက်ဟုခေါ်လျှင် မည်သို့မျှမှန်ကန်ခြင်းရှိမည်မဟုတ်။”

အာရှတိုက်တွင်ကော အခြေအနေမည်သို့ရှိသနည်း။ Kodansha Encyclopedia of Japan စွယ်စုံကျမ်းကဤသို့အဖြေပေးထားသည်– “အများပြည်သူတို့က ခရစ်ယာန်ဘာသာကို . . . သာမန်ဂျပန်ပြည်သူများနှင့် အပ်စပ်ခြင်းမရှိသော ‘နိုင်ငံခြား’ ဘာသာအယူဝါဒအဖြစ် ယူမှတ်ထားဆဲရှိသည် . . . ခရစ်ယာန်လှုပ်ရှားမှုသည် ဂျပန်လူ့အဖွဲ့အစည်း၏အစွန်အဖျား၌ပင် ရှိနေပါသည်။” အမှန်အားဖြင့် ဂျပန်ပြည်တွင် မိမိကိုယ်ကိုခရစ်ယာန်အဖြစ်ခံယူသူ ၄ ရာခိုင်နှုန်းပင် မရှိပေ။ အိန္ဒိယပြည်တွင် ၃ ရာခိုင်နှုန်းအောက်၊ ပါကစ္စတန်ပြည်တွင် ၂ ရာခိုင်နှုန်းအောက်နှင့် တရုတ်ပြည်တွင် ၀.၅ ရာခိုင်နှုန်းအောက် အသီးသီးသာရှိကြသည်။

ခရစ်ယာန်ဘောင်၏သာသနာပြုများ အာဖရိကတိုက်တွင် ရာစုနှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်ပြီးနောက် အခြေအနေမည်သို့ရှိပါသနည်း။ နွေဦးရာသီ၌ ရောမမြို့တွင်ကျင်းပခဲ့သည့် အာဖရိကန်ဘုန်းကြီးများဆိုင်ရာ အစည်းအဝေးသတင်းနှင့်ပတ်သက်၍ ဂျာမန်မဂ္ဂဇင်း Focus ကဤသို့ရေးသားဖော်ပြသည်– “အာဖရိကန်ဘာသာတရားများကို သာသနာပရုပ်တုကိုးကွယ်မှုအဖြစ် ပြစ်တင်ရှုတ်ချခြင်းမပြုကြတော့ချေ။ ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း တရားဝင်စာရွက်စာတမ်းများက ‘အာဖရိကန်ရိုးရာဘာသာတရားများ’ ကိုအရေးပါအရာရောက်သည့် မဟာမိတ်များအဆင့်တွင်ထားရှိသည်။ ၎င်းတို့၏အသင်းသားများသည် လေးစားမှုခံထိုက်ပေသည်။ ယခင်က သဘောသဘာဝအားဖြင့် နတ်ကိုးကွယ်မှုဟုပြစ်တင်ရှုတ်ချခဲ့သည့် ဘာသာတရားများသည် ‘ယုံကြည်သက်ဝင်မှုအထူးခိုင်မာသည့် ကက်သလစ်ဘာသာဝင်တို့၏ ဘဝဟန်ကိုပင် စိုးမိုးခြယ်လှယ်လေ့ရှိကြောင်း’ အမှုဆောင်အစည်းအဝေးက အသိအမှတ်ပြုသည်။”

အမေရိကတိုက်တွင် ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်တပည့်တော်များဖြစ်အောင် လုပ်ဆောင်ခဲ့ပြီးနောက် ခရစ်ယာန်ဘောင်၏သာသနာပြုများ မည်မျှအောင်မြင်မှုရရှိခဲ့ပြီနည်း။ Mission to The World စာအုပ်ကဤသို့အဖြေပေးထားသည်– “‘လက်တင်အမေရိက’ ဒေသတွင် မကြာသေးသောဆယ်စုနှစ်များအတွင်း သာသနာပြုလုပ်ငန်း အကြီးအကျယ်တိုးတက်ခဲ့သော်ငြားလည်း ၎င်းဒေသသည် ‘စွန့်ပစ်ထားခြင်းခံရသောတိုက်’ ဟူသောဘွဲ့အမည်နှင့်ပင် ထိုက်တန်နေဆဲဖြစ်သည်။” အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်၍ မကြာမီကစစ်တမ်းအရ “အမေရိကန်နိုင်ငံတစ်ဝန်းလုံးတွင် ဘာသာတရားရှင်သန်ပြန့်ပွားနေသော်လည်း ဘာသာတရားကို အလေးအနက်သဘောထားသူ အနည်းငယ်မျှသာရှိသည်။ . . . တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းတက်ပါသည်ဟု ဆန္ဒမဲကောက်ယူသူအား ပြောကြားသူများအနက် ထက်ဝက်မှာအမှန်အတိုင်းပြောခြင်းမဟုတ်ပေ။ . . . အသက် ၁၈ နှစ်နှင့်အထက်ရှိ အမေရိကန်သုံးပုံတစ်ပုံနီးပါးသည် ဘာသာရေးအမြင်သဘောထား လုံးလုံးမရှိကြချေ။ . . . ၁၉ ရာခိုင်နှုန်းမျှသာ . . . ၎င်းတို့၏ဘာသာတရားအတိုင်း ပုံမှန်ကျင့်ကြံအားထုတ်ကြသည်။”

အချုပ်အားဖြင့် ခရစ်ယာန်ဘောင်၏သာသနာပြုများသည် ဆင်းရဲမွဲတေမှု၊ ကျန်းမာမှုနှင့် ပညာခေါင်းပါးမှုပြဿနာများကို လျော့ပါးသွားအောင်ကြိုးပမ်းခြင်းအားဖြင့် အုပ်စုတစ်စုအနေနှင့် အလွန်ဆုံးယာယီနှင့်တစ်စိတ်တစ်ပိုင်းသာ သက်သာမှုပေးနိုင်သည့် လူ့စီမံကိန်းများကို ထောက်ခံခဲ့ကြသည်။ အခြားတစ်ဖက်တွင် ခရစ်ယာန်သာသနာပြုအစစ်များမူကား လုံးဝဥဿုံနှင့် ထာဝရသက်သာမှုပေးစွမ်းနိုင်သည့် တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်သို့ လူတို့အား ညွှန်ပြကြသည်။ ၎င်းနိုင်ငံတော်သည် ပြဿနာများကို လျော့ပါး အောင်သာပြုပေးမည်မဟုတ်။ ယင်းတို့ကို ဖြေရှင်း ပေးမည်။ မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့အား စုံလင်ပြည့်ဝသောကျန်းမာမှု၊ လုံခြုံမှုရှိစစ်မှန်သောစီးပွားရေး လူအပေါင်းအတွက် အကျိုးဖြစ်ထွန်းသည့်လုပ်ငန်း လုပ်ကိုင်နိုင်သော အဆုံးမရှိသည့်အခွင့်အရေးများနှင့် အဆုံးမရှိသည့်လူ့ဘဝတို့ကို ဆောင်ကြဉ်းပေးလိမ့်မည်။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆; ၆၅:၂၁-၂၃; ဗျာဒိတ် ၂၁:၃၊ ၄။

ခရစ်ယာန်ဘောင်၏သာသနာပြုများအနေဖြင့် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးခဲ့’ သည့်သက်သေအထောက်အထားအဖြစ် ဘာသာရေးဝတ်ပြုစည်းဝေးများ ရံဖန်ရံခါတက်ရောက်ကြသည့် အမည်ခံခရစ်ယာန်များကို ထောက်ပြကြပေမည်။ သို့သော် ယင်းသာသနာပြုများသည် နှစ်ခြင်းခံသူများအား ‘ယေရှုပေးတော်မူခဲ့သမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ’ သင်ကြားပေးခြင်းမရှိကြောင်း ဖြစ်ရပ်မှန်များက ပြဆိုလျက်ရှိသည်။—မဿဲ ၂၈:၁၉၊ ၂၀။

သို့ရာတွင် ခရစ်ယာန်စစ်များ၏ သင်ကြားခြင်းလှုပ်ရှားမှုမူကား ​ဘုရား​သခင်၏ကမ္ဘာသစ်ထဲသို့တိုင်အောင် ဆက်သွားမည်ဖြစ်သည်။ ​ဘုရား​သခင်၏နည်းလမ်းတော်များနှင့်အညီ သွန်သင်ခြင်းခံရန်လိုအပ်ကြသော ရှင်ပြန်ထမြောက်လာမည့် လူသန်းပေါင်းများစွာကိုပင် အကျိုးပြုပေမည်။ ထိုအချိန်တွင် စာတန်၏နှောင့်ယှက်မှုမရှိတော့သဖြင့် ခရစ်ယာန်များသည် ဆယ်စုနှစ်များစွာကြာအောင် လုပ်ဆောင်ခဲ့သည့်နည်းတူ တပည့်ဖြစ်စေခြင်းကို ဆက်လက်လုပ်ဆောင်သည့် ကြည်နူးဖွယ်အခွင့်အရေး ရရှိကြလတ္တံ့။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

လူတို့ကို သူတို့အကူအညီပေးပုံ

အောက်ပါတို့မှာ ဂိလဒ်သင်တန်းကျောင်းဆင်း သာသနာပြုများ၏အကူအညီမှ အကျိုးကျေးဇူးခံစားခဲ့ရသူတို့၏ မှတ်ချက်များဖြစ်ပါသည်။

“သူတို့၏ဇွဲနပဲကြီးမားမှု၊ သူတို့၏မွေးရပ်မြေနှင့် များစွာကွာခြားသည့်ရာသီဥတု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ အစားအစာနှင့် ဘာသာတရားတို့အပေါ် ကြံ့ကြံ့ခံနိုင်မှုတို့ကို ကျွန်တော်လက်ဖျားခါမိသည်။ သို့နှင့်ပင် သူတို့သည်တာဝန်ခန့်အပ်သည့်နေရာတွင် စွဲစွဲမြဲမြဲနေထိုင်ကြသည်။ အချို့ဆိုလျှင် သေသည်အထိနေထိုင်ကြသည်။ သူတို့၏လေ့လာမှုအကျင့်ကောင်းနှင့် ဓမ္မအမှုတော်တွင်ထားရှိသော စိတ်အားထက်သန်မှုက ကျွန်တော်၌ထပ်တူသဘောမျိုး ဖြစ်ထွန်းစေဖို့ထောက်ကူခဲ့သည်။”—ဂျေ. အေ.၊ အိန္ဒိယ။

“ကျွန်တော်နှင့်ကျမ်းစာလေ့လာသည့် သာသနာပြု၏အချိန်တိကျမှုကြောင့် ကျွန်တော်သူတို့ကိုအထင်ကြီးလေးစားမိသည်။ ကျွန်တော်၏ငဲ့ကွက်မှုအစွဲများနှင့် အသိဉာဏ်ခေါင်းပါးမှုတို့ကို သည်းခံရာ၌ သူသည်ထူးခြားသည့်စိတ်ချုပ်တည်းမှု တင်ပြခဲ့သည်။”—ပီ. တီ.၊ ထိုင်း။

“ကျွန်တော်နှင့်ကျွန်တော့်ဇနီးတို့သည် သက်သေခံသာသနာပြုများပြသသည့် ကိုယ်ကျင့်တရားစင်ကြယ်မှုကို နှစ်ခြိုက်သဘောကျမိသည်။ သူတို့၏လှုပ်ရှားဆောင်ရွက်မှုက ကျွန်တော်တို့အား အချိန်ပြည့်လုပ်ငန်းကိုပန်းတိုင်ထားရန် ဩဇာလွှမ်းမိုးခဲ့သည်။ ယနေ့ ကျွန်တော်တို့ကိုယ်တိုင် သာသနာပြုများဖြစ်ရခြင်း၏ဝမ်းမြောက်မှုကို ခံစားနေရပါသည်။”—အေ. စီ.၊ မိုဇမ်ဘစ်။

“ယခင်ကကျွန်တော့်ဘဝသည် အတ္တဆန်လွန်းသည်။ သာသနာပြုများနှင့်တွေ့ဆုံလိုက်ခြင်းဖြင့် ယင်းသဘောထားပြောင်းလဲရန်လိုအပ်သည့် တွန်းအားရရှိခဲ့သည်။ သူတို့သည် အပေါ်ယံသာပျော်ရွှင်ကြသည်မဟုတ်ဘဲ တကယ့်ကိုပျော်ရွှင်ကြသူများဖြစ်ကြသည်။”—ဂျေ. ကေ.၊ ဂျပန်။

“ခရစ်ယာန်ဘောင်၏သာသနာပြုများသည် ဇိမ်ကျကျနေထိုင်ကြသည်။ အစေခံများကအိမ်သန့်ရှင်း၊ ချက်ပြုတ်၊ လျှော်ဖွပ်၊ ပန်းခြံပြုစု၍ ကားမောင်းပေးသည်။ ဂိလဒ်သာသနာပြုများမူကား တစ်ဖက်က အိမ်မှုကိစ္စများကို ကျွမ်းကျင်စွာလုပ်ကိုင်ဆောင်ရွက်ကြပြီး တစ်ဖက်တွင် ဒေသခံပြည်သူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်းသင်ကြားရန် အကူအညီပေးကြသည်။”—အက်စ်. ဒီ. ထိုင်း။

“သာသနာပြုညီအစ်မများသည် အပူချိန်ဖာရင်ဟိုက် ၁၁၅ ဒီဂရီကျော်ပူပြင်းနေချိန်မှာပင် စက်ဘီးစီး၍ လူတို့ထံသွားရောက်လည်ပတ်ကြသည်။ သူတို့၏ဧည့်ဝတ်ကျေပွန်မှု၊ ဘက်မလိုက်မှုနှင့်တကွ သူတို့၏ခံနိုင်ရည်တို့က ကျွန်တော့်ကို အမှန်တရားသိမြင်အောင် ပံ့ပိုးကူညီပေးခဲ့သည်။”—ဗွီ. အိတ်ချ်.၊ အိန္ဒိယ။

“သာသနာပြုများ၌ ထောင်လွှားသည့်သဘောမရှိကြ။ ဒေသခံပြည်သူများနှင့် ဆင်းရဲသည့်လူနေမှုအခြေအနေများနှင့်အညီ အလိုက်အထိုက်နေထိုင်တတ်ကြသည်။ သူတို့သည် အလုပ်အကျွေးပြုရန် ရောက်လာကြခြင်းဖြစ်သဖြင့် မည်သည့်အခါမှ ညည်းညူခြင်းမရှိဘဲ အမြဲတမ်းဝမ်းမြောက်၍ ကျေနပ်တင်းတိမ်ကြပုံရသည်။”—စီ. ပီ.၊ ထိုင်း။

“သူတို့သည် သမ္မာကျမ်းစာအမှန်တရားကို ပေါ့ပျက်အောင်မလုပ်ကြချေ။ သို့သော် ဒေသခံပြည်သူများအား ၎င်းတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်အားလုံးသည် မှားယွင်းသည်ဟူ၍လည်းကောင်း၊ အနောက်တိုင်းပုံစံလိုက်ရမည်ဟူ၍လည်းကောင်း ထင်မှတ်အောင်မပြုလုပ်ကြချေ။ အခြားသူများအား နိမ့်ကျသည်၊ ချို့တဲ့သည်ဟုအထင်ရှိအောင်လည်း မလုပ်ကြချေ။”—အေ. ဒီ.၊ ပါပူဝါနယူးဂီနီ။

“ခရစ်ယာန်ဘောင်သာသနာပြုများနှင့်မတူဘဲ သူမသည် ကျွန်မနှင့်ကျမ်းစာလေ့လာသည့်အချိန်၌ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍သင်ကြားရန် အသင့်ရှိ၏။ ကျွန်မတို့၏ကိုရီးယားအစာကိုလည်း မြည်းစမ်းကြည့်ရန်အသင့်ရှိသည်။ သူမအပေါ်ထားရှိသောကျွန်မ၏ ချစ်ခင်စုံမက်စိတ်က ကျွန်မကိုတိုးတက်အောင် အထောက်အကူပြုခဲ့သည်။”—အက်စ်. ကေ.၊ ကိုရီးယား။

“ကျွန်တော်ဆယ်နှစ်သားအရွယ်တွင် နေ့လယ်ပိုင်း၌ကျောင်းဆင်းသည်။ သာသနာပြုတစ်ဦးက သူနှင့်အတူလယ်ကွင်းဓမ္မအမှုတွင် လိုက်ပါရန်ခေါ်ဖိတ်သည်။ သူကကျွန်တော့်ကို သမ္မာကျမ်းစာအခြေခံမူအများအပြား သင်ကြားပေးပြီး ယေဟောဝါ၏အဖွဲ့အစည်းတော်အပေါ် စစ်မှန်သောလေးမြတ်တန်ဖိုးထားစိတ်ကို သွတ်သွင်းပေးခဲ့သည်။”—အာရ်. ဂျီ.၊ ကိုလံဘီယာ။

“ပေးအပ်သည့်တာဝန်များကို စွဲစွဲမြဲမြဲထမ်းဆောင်ရန်၊ လုပ်ရမည့်အလုပ်ကို မညည်းမညူးလုပ်ဆောင်တတ်ရန် ကျွန်တော့်ကိုသူတို့သင်ပေးခဲ့သည်။ ကျွန်တော်တို့ထံ သာသနာပြုများပို့ပေးသည့်အတွက် ယေဟောဝါနှင့်ယေရှုခရစ်တို့အား ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။”—ကေ. အက်စ်.၊ ဂျပန်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

တိုင်းပြည် ၁၆ ခုမှ ဂိလဒ်သင်တန်းကျောင်းဆင်း သာသနာပြုများ မကြာမီက စည်းဝေးကြီးတစ်ခု၌ တွေ့ ကြုံမှုများဖလှယ်ကြစဉ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ