အကြံသစ်ဉာဏ်သစ်ကို လက်ခံရန် အဘယ်ကြောင့် အသင့်ရှိအပ်သနည်း
မှိုင်းဝေနေသော နှင်းမှုံများတစ်စတစ်စနှင့် ကင်းစင်ပျောက်လွင့်သွားသည်နှင့် အမေရိကန်ရေတပ်ဗိုလ်မှူးချုပ် မက်သယူး၊ စီ၊ ပဲရီသည် မိမိ၏အလံဆောင်သင်္ဘော ဆပ်စ်ဂယူဟန္နာ၏ ကုန်းပတ်မှနေ၍ ဖူဂျီတောင်ကိုလှမ်း၍ ကြည့်ခဲ့သည်။ သူသည် ဂျပန်ပြည်ကို တွေ့မြင်လိုသောဆန္ဒ အလွန်ပြင်းပြခဲ့သည်။ နောက်ဆုံး၌ ခုနစ်လကျော်ကြာ ရေကြောင်းခရီးနှင်ပြီးနောက် ၁၈၅၃ ခုနှစ်ဇူလိုင်လ ၈ ရက်တွင် ဂျပန်နိုင်ငံသို့ဆိုက်ရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်သည် ဂျပန်နိုင်ငံအကြောင်း လက်လှမ်းမှီသလောက် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆည်းဖူးထားသည်။ အဘယ်ကြောင့်နည်း။ “မိမိဘာသာ ထီးထီးကြီးနေသော ဤနိုင်ငံ” ကိုကမ္ဘာနှင့် ပြန်လည်ဆက်သွယ်လာအောင် တံခါးဖွင့်ပေးရန် ရည်ရွယ်ထားသောကြောင့်တည်း။
ဂျပန်နိုင်ငံသည် တကယ်ပင် မိမိဘာသာထီးထီးကြီး နေခဲ့ပေသည်။ တရုတ်၊ ကိုရီးယားနှင့် ဟော်လန်နိုင်ငံတို့မှအပ ကျန်နိုင်ငံအားလုံးနှင့် ကုန်သွယ်ရေး၊ ယဉ်ကျေးမှုအဆက်အသွယ် ဖြတ်တောက်နေခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ကျော် ကြာခဲ့သည်။ ထိုနှစ်များအတောအတွင်း ဂျပန်နိုင်ငံသည်အနှောင့်အယှက်ကင်းကင်းနှင့် ကျေနပ်အားရနှစ်သိမ့်စွာနေခဲ့သည်။ ထိုအခြေအနေမျိုးတွင် ဂျပန်နိုင်ငံသည် အကြံသစ်ဉာဏ်သစ်ကို လက်မခံဘဲ မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်နှင့် ကွဲပြားသမျှတို့ကို နားမထောင်ဘဲ ငြင်းပယ်သည့်ပုဂ္ဂိုလ်အမြောက်အများနှင့် တူပေသည်။ တစ်နည်းတစ်ဖုံအားဖြင့် ဤသို့နေထိုင်ခြင်းသည် အတော်လေး သက်တောင့်သက်သာ ရှိလှသည်။ အဘယ်ကြောင့်ဆိုသော် အကြံသစ်ဉာဏ်သစ်တို့သည် အခြေပျက်စေနိုင်သည့်အပြင် အထိတ်တလန့်ပင်ဖြစ်စေနိုင်၍တည်း။ သို့တစေ ထိုသို့သောအနေအထားမျိုးသည် အမြော်အမြင်ရှိသလော။ ဂျပန်နိုင်ငံ၏ တံခါးပိတ်ဝါဒကြောင့် ဖြစ်ပေါ်သော အကျိုးဆက်တို့ကို သုံးသပ်ကြည့်ပါ။
ဂျပန်နိုင်ငံ ထီးထီးကြီးနေရန် ဘာကဖန်တီးခဲ့သနည်း
ဂျပန်နိုင်ငံသည် ပြင်ပအဆက်အသွယ်ဖြတ်၍ ထီးထီးနေခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ပေ။ ၁၅၄၉ ခုနှစ်တွင် ဂျက်စွတ်သာသနာပြုဖရန်စစ္စဇေးဗီးယား ဂျပန်သို့ရောက်လာကာ သူ၏သာသနာကိုဖြန့်ခဲ့သည်။ တိုတောင်းသောကာလအတွင်း ဗရင်ဂျီသာသနာသည် ဂျပန်ပြည်တွင် ထင်းရှားကျော်ကြားလာခဲ့သည်။ ထိုခေတ်က အုပ်ချုပ်သူတို့သည် ဗုဒ္ဓဘာသာဂိုဏ်းတစ်ခု၏ ဘာသာရေးပုန်ကန်ထကြွမှု ကြုံတွေ့ခဲ့ဖူးသည်ဖြစ်၍ ဗရင်ဂျီဘာသာဝင်တို့၌လည်း ထိုသို့သောအလားအလာကို မြင်တွေ့နေရသည်။ သို့နှင့်ဗရင်ဂျီဘာသာကို ပိတ်ပင်လိုက်သည်။ သို့သော် တင်းတင်းကြပ်ကြပ်မရှိလှပေ။
ဂျပန်သည်“မြင့်မြတ်သောအမျိုး” ဖြစ်သည်ဟူသော ခံယူချက်ကြောင့် အုပ်ချုပ်သူတို့အနေနှင့် မိမိတို့၏စနစ်ကိုအန္တရာယ်ပြုခြိမ်းခြောက်မည့်“ခရစ်ယာန်” ဘာသာကိုခွင့်ပြုလိုသောဆန္ဒမရှိချေ။ သို့ဖြစ်လျှင် ဗရင်ဂျီသာသနာကို တင်းတင်းကြပ်ကြပ်အဘယ်ကြောင့်မကိုင်တွယ်သနည်း။ အကြောင်းမှာ ဗရင်ဂျီသာသနာပြုများသည် ပေါ်တူဂီကုန်သွယ်သင်္ဘောများနှင့် အတူလိုက်ပါလာကြသည်။ ဂျပန်အစိုးရသည် ထိုသင်္ဘောများမှရရှိသော အမြတ်အစွန်းများကို မက်မောကြ၍ဖြစ်သည်။ သို့ပါသော်လည်း ဂျပန်လူမျိုးကို ဗရင်ဂျီဘာသာဝင်များ ဩဇာလွှမ်းမိုးလာမှာကို စိုးရိမ်ခြင်းက အုပ်ချုပ်သူတို့၏ ကုန်သွယ်လိုသောဆန္ဒကို တစ်ဖြည်းဖြည်းနှင့် အသာစီးရသွားလေသည်။ သို့နှင့် နိုင်ငံခြားကုန်သွယ်ရေး၊ လူဝင်မှုနှင့် “ခရစ်ယာန်” တို့ကို တင်းတင်းကြပ်ကြပ်ချုပ်ကိုင်သည့် အမိန့်ထုတ်ပြန်လိုက်သည်။
နှိပ်စက်ညှဉ်းပန်း ဖိနှိပ်ချုပ်ချယ်ခံရသော “ခရစ်ယာန်” များ ဒေသန္တရကံကျွေးချမြေရှင်ကို တော်လှန်ပုန်ကန်ကြသောအခါ အစိုးရ၏နောက်ဆုံးသည်းခံမှုအဆင့်ကို ကျော်လွန်၍ပြုမူလိုက်ခြင်းဖြစ်သည်။ ယင်းအုံကြွမှုကြီးမှာ ဗရင်ဂျီတို့၏ဝါဒဖြန့်မှုမှ တိုက်ရိုက်သက်ရောက်သောအကျိုးဆက်အဖြစ်ယူမှတ်ကာ ရှိုးဂန်းနိတ်ခေါ် စစ်ဦးစီးချုပ်ဦးစီးသည့် ဗဟိုအစိုးရက ပေါ်တူဂီများကိုနှင်ထုတ်၍ ဂျပန်များကိုလည်း ပြည်ပသို့ ထွက်ခွင့်မပြုတော့ချေ။ ၁၆၃၉ ခုနှစ်တွင် ဤအမိန့်ထုတ်ပြန်ခြင်းနှင့်အတူ ဂျပန်နိုင်ငံထီးထီးကြီးနေခြင်း စတင်ရုပ်လုံးပေါ်လာတော့သည်။
ဆက်လက်ကုန်သွယ်ခွင့်ပြုသည့် တစ်ခုတည်းသော အနောက်နိုင်ငံသားများမှာ ဒတ်ချ်လူမျိုးဖြစ်၍ ထိုစဉ်က နာဂါဆာကီဆိပ်ကမ်းရှိ ကျွန်းလေးတစ်ကျွန်းဖြစ်သော ဒက်ဂျီမာကျွန်းပေါ်၌ ပြွတ်ကြပ်စွာနေထိုင်ရသည်။ အနှစ် ၂၀၀ ကျော် အနောက်တိုင်းယဉ်ကျေးမှုသည် ယခုအစိုးရလက်အောက် ပြန်လည်ရောက်ရှိလာသော အဆိုပါ ဒက်ဂျီမာကျွန်းမှတဆင့်သာ ဂျပန်ပြည်တွင်းသို့ စိမ့်ဝင်သည်။ ၄င်းကျွန်းပေါ်ရှိ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူက “ဒတ်ချ်အစီရင်ခံစာ” ကို နှစ်စဉ်နှစ်တိုင်း တင်သွင်းသည်။ ယင်းအစီရင်ခံစာအားဖြင့် ပြင်ပကမ္ဘာအဖြစ်အပျက်များကို အစိုးရကသိရှိသည်။ သို့သော် ရှိုင်းဂန်းနိတ် အုပ်ချုပ်ရေးက အဆိုပါအစီရင်ခံစာများကို တစ်စုံတစ်ယောက်မျှမတွေ့အောင် အသေအချာ သိမ်းဆည်းထားကြသည်။ သို့ဖြင့် ဂျပန်လူမျိုးသည် ၁၈၅၃ ခုနှစ်တွင် ရေတပ်ဗိုလ်မှူးချုပ် ပဲရီ မိမိတို့တံခါးကို ဒိုင်းကနဲထုရိုက်လိုက်သည့်အချိန်တိုင်အောင် ပြင်ပနှင့်အဆက်ဖြတ်ကာ ထီးထီးကြီးနေလာခဲ့သည်။
ထီးထီးကြီး နေခြင်း၏အဆုံး
ပဲရီ၏အနက်ရောင်စစ်သင်္ဘောကြီးများ အီဒိုပင်လယ်အော်အတွင်းသို့ဝင်ရောက်စဉ်တွင် မီးခိုးလုံးကြီးများ မှုတ်ထုတ်ကြရာ ၄င်းကိုရွေ့ရှားနေသော မီးတောင်များဟုထင်ကြသော ဒေသခံတံငါသည်များ အံ့အားသင့်၍ မင်သက်ခဲ့ကြသည်။ အီဒို(ယခုတိုကျို) မြို့သူမြို့သားများ အထိတ်တလန့်ဖြစ်ကာ အိမ်ထောင်ပရိဘောဂများကိုသယ်ဆောင်၍ မြို့မှထွက်ခွာသွားကြသူမနည်းလှပေ။ ထွက်ခွာသွားသူ အလွန်များပြားလှသဖြင့် အစိုးရသည်ပြည်သူလူထု ငြိမ်သက်သွားရေးအတွက် တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရသည်။
ဗိုလ်မှူးချုပ် ပဲရီ ဦးစီးသည့် မီးသင်္ဘောများကသာမဟုတ်၊ သူတစ်ပါတည်းယူဆောင်လာခဲ့သော ပစ္စည်းများကပါ ဤထီးထီးကြီးနေသော ပြည်သူများကို အံ့အားသင့်စေခဲ့သည်။ အဆောက်အဦးတစ်ခုမှ အခြားတစ်ခုသို့ ကြေးနန်းဖြင့် သတင်းပို့ခြင်းကို လက်တွေ့ပြသောအခါ အလွန့်အလွန် အံ့အားသင့်ခဲ့ကြသည်။ ပဲရီကြီးမှူး၍ စုဆောင်းပြုစုသော အမေရိကန်တပ်စုကြီးတစ်စု တရုတ်ပင်လယ်နှင့် ဂျပန်ပြည်သို့ ခရီးတစ်ခေါက်စာအုပ်တွင် “ခြောက်နှစ်သားကလေးကိုပင် အနိုင်နိုင်သယ်ဆောင်ရသော” အလွန်သေးငယ်သည့်မီးရထားစက်ခေါင်းပေါ်သို့ ဣန္ဒြေမဆောင်နိုင်ဘဲ ခုန်တက်ခဲ့ကြသော ဂျပန်အရာရှိများအကြောင်း၊ “ဂုဏ်သိက္ခာရှိ မှူးကြီးမတ်ကြီးတစ်ဦး” ကလည်း၊ “ဝတ်လုံဖားယား လေထဲဝဲလျက်” စက်ခေါင်း၏အမိုးကိုကိုင်လျက် လိုက်ပါခဲ့ကြောင်းဆိုထားသည်။
နောက်တစ်နှစ် ပဲရီ ဒုတိယအကြိမ် ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံ၏တံခါး လုံးလုံးဖွင့်ပြီးသားဖြစ်နေပြီ။ ဖိအားပေးမှုကို လိုက်လျောသောအားဖြင့် အစိုးရသည် တစ်နိုင်ငံလုံးကို ဖွင့်ပေးလိုက်သည်။ ဂျပန်၏ ထီးထီးကြီးနေခြင်းကို ထိန်းထားလိုသည့် အစွန်းရောက်သူတို့က အကြမ်းဖက်လာကြပြီး အစိုးရဝန်ကြီးချုပ်ကို လုပ်ကြံသည်သာမက နိုင်ငံခြားသားများကိုလည်း တိုက်ခိုက်လာသည်။ ထီးထီးနေလိုသော မြေရှင်ပဒေသရာဇ်တို့က နိုင်ငံခြားသင်္ဘောများကို ပစ်ခတ်လာကြသည်။ သို့သော် နောက်ဆုံး၌ ယင်းတို့၏တိုက်ခိုက်မှုများ အရှိန်ကျဆင်းလာခဲ့ပြီး တိုကူဂါဝါရှိုးဂန်းနိတ်ထံမှ အစိုးရအာဏာကို ဧကရာဇ်မင်း သိမ်းပိုက်လိုက်သည်။
ဂျပန်နိုင်ငံ၏တံခါးကို ပဲရီ ဖွင့်လိုက်သောအချိန်လောက်တွင် အနောက်နိုင်ငံများသည် စက်မှုတော်လှန်ရေး၌ အတော်ခရီးပေါက်နေပြီဖြစ်သည်။ ဂျပန်နိုင်ငံသည် ထီးထီးကြီးနေခြင်းကြောင့် များစွာနောက်ကျ ကျန်ရစ်ခဲ့သည်။ စက်မှုနိုင်ငံများသည် ရေနွေးငွေ့စွမ်းအားကို ကောင်းစွာခိုင်းစားနေကြပြီ။ ၁၈၃၀ ပြည့်နှစ်များ၌ ရေနွေးငွေ့အင်ဂျင်များနှင့် ရေနွေးငွေ့စွမ်းအားသုံး စက်ကရိယာများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ။ ဂျပန်သည် ထီးထီးကြီးနေခြင်း မူဝါဒကြောင့် စက်မှုဖွံ့ဖြိုးရေး၌ များစွာနှေးကွေး နောက်ကျကျန်ခဲ့သည်။ ဥရောပတိုက်သို့ ပထမဆုံးသွားရောက်ခဲ့သော ဂျပန်ကိုယ်စားလှယ်အဖွဲ့က ဤသို့ပင် အလေးအနက်ခံစားမိကြသည်။ ၁၈၆၂ ခုနှစ်လန်ဒန်၌ ခင်းကျင်းသောပြပွဲတစ်ခု၌ ပြသထားသောဂျပန်ပစ္စည်းများမှာ စက္ကူနှင့်သစ်သားဖြင့်ပြုလုပ်ထားသော ပစ္စည်းများသာဖြစ်သည်။ စိတ်အနှောင့်အယှက်ဖြစ်သော ကိုယ်စားလှယ်တစ်ဦး၏အဆိုအရ ထိုပစ္စည်းများသည် “ရှေးဟောင်းပစ္စည်း အရောင်းဆိုင်၌ ပြသထားသောပစ္စည်း” များပမာဖြစ်သည်။
ဥရောပတိုက်နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံတို့တွင် ရောက်ရှိသော ဂျပန်ကိုယ်စားလှယ်များက သူတို့တိုင်းပြည်ကို စက်မှုဖွံ့ဖြိုးလာအောင် အပူတပြင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း သိမြင်ကြသဖြင့် ခေတ်မီတီထွင်မှုများနှင့် အကြံဉာဏ်များကို အားတက်သရော တင်သွင်းခဲ့ကြသည်။ ဂျပန်ပြည်သို့ ပဲရီ ပထမအကြိမ်ရောက်ပြီးနောက် ခြောက်ဆယ်လေးနှစ်အကြာတွင် ပဲရီ၏သင်္ဘောသားအုပ်စုမှ နောက်ဆုံးအသက်ရှင်ကျန်ရှိသူတစ်ဦး ဂျပန်ပြည်သို့သွားရောက်ပြီးနောက် ဤသို့ဆိုခဲ့၏။ “အနှစ်ခြောက်ဆယ်ကျော်ကျော်အတွင်း ဂျပန်နိုင်ငံ၏ တိုးတက်မှုသည် ကျွန်ုပ်အားအကြီးအကျယ် အံ့အားသင့်စေပါသည်။”
သို့ဖြစ်၍ ဂျပန်၏ထီးထီးကြီးနေခြင်းမူဝါဒသည် တိုးတက်မှုအလားအလာကို အကြီးအကျယ် ဟန့်တားကန့်သတ်ခဲ့သည်။ အကြံသစ်ဉာဏ်သစ်ကိုလက်ခံရန် တံခါးဖွင့်လိုက်ခြင်းအားဖြင့် ဘက်ပေါင်းစုံမှနိုင်ငံကိုအကျိုးပြုခဲ့သည်။ သို့သော်လည်း ယနေ့ဂျပန်ပြည်ရှိ အချို့ပုဂ္ဂိုလ်က တစ်ဦးတစ်ယောက်စီ၌ ကိန်းအောင်းတည်ရှိနေသော “စိတ်ကိုသီးသန့်ချုပ်ထားခြင်း” အား ထောက်ပြ၍ ဖြေရှင်းစရာပြဿနာအဖြစ် တင်ပြကြသည်။ အကြံသစ်ဉာဏ်သစ်ကို လက်မခံလိုသည့်သဘောကို အောင်နိုင်ကျော်လွှားခြင်းသည် ခေတ်သစ်ဂျပန်လူမျိုးတို့အဖို့သာမကဘဲ လူသားအပေါင်းတို့အဖို့ပါ စိန်ခေါ်ချက်တစ်ရပ်ဖြစ်ချေသည်။သင့်အနေနှင့် “စိတ်ကိုသီးသန့်ချုပ်ထားခြင်း” ကိစ္စကို မည်သို့ဆိုမည်နည်း။ ၁၈၅၀ ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံပြုခဲ့သကဲ့သို့ အသင်လည်းအကြံသစ်ဉာဏ်သစ်တို့ကို လက်ခံခြင်းအားဖြင့် အကျိုးအမြတ်ထုတ်ယူမည်လော။