ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁၅ စာ. ၂၃-၂၆
  • ကွမ်းဖိုး—ခရစ်ယာန်များ မည်သို့သဘောထားသင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကွမ်းဖိုး—ခရစ်ယာန်များ မည်သို့သဘောထားသင့်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖခင်အား မည်သို့ထိခိုက်နိုင်ပုံ
  • သတို့သမီးနှင့်သတို့သားတို့ကို မည်သို့ထိခိုက်နိုင်ပုံ
  • မျှတသော အမြင်ကိုထိန်းသိမ်းပါ
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ကွမ်းဖိုး—သင့်တင့်သောညှိနှိုင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဂါနာတွင် “ထုံးတမ်းစဉ်လာ ထိမ်းမြားမင်္ဂလာ”
    နိုးလော့!—၁၉၉၇
  • အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁၅ စာ. ၂၃-၂၆

ကွမ်းဖိုး—ခရစ်ယာန်များ မည်သို့သဘောထားသင့်သနည်း

သတို့သမီးတောင်းရမ်းခြင်းအတွက် ကွမ်းဖိုးပေးခြင်း ရှေးထုံးဓလေ့ကို ဒေသများစွာ၌ ယနေ့ထက်တိုင် ကျင့်သုံးနေကြသည်။ အများအားဖြင့် ငွေကြေးနှင့် အဖိုးတန်လက်ဆောင်ပစ္စည်းများ ပေးကြသည်။ လူမှုရေးဂုဏ်ဒြပ်၊ ပညာရေးနှင့် အခြားသောအချက်အလက်များပေါ်မူတည်ပြီး တစ်နေရာနှင့်တစ်နေရာ တစ်အိမ်ထောင်နှင့်တစ်အိမ်ထောင် ပေးရသောတန်ဖိုးမတူကြပေ။ အချို့တိုင်းပြည်များတွင် ပေးရသည့်တန်ဖိုး အတိအကျကို ဥပဒေနှင့်ပြဌာန်းထားသော်လည်း လိုက်နာသူနည်းပါးလှသည်။

အသေအချာ ဆန်းစစ်သုံးသပ်ကြည့်လိုက်သောအခါ ယခုခေတ်ထုံးစံတွင် ကွမ်းဖိုးပေးခြင်းထက်မက ပါဝင်နေကြောင်းတွေ့ရသည်။ ထို့ကြောင့်ဤအကြောင်းက ခရစ်ယာန်ဖြစ်သော အသင့်ကိုမည်သို့ထိခိုက်နိုင်ကြောင်း စဉ်းစားကြည့်လျှင်အမြော်အမြင်ရှိရာရောက်မည်။

ပါပူဝါနယူးဂီနီနိုင်ငံတွင် ကွမ်းဖိုးပေးခြင်းသည် အဖိုးတန်ပစ္စည်းတို့ကို သတို့သားဘက်ကမိသားစုမှ သတို့သမီးမိသားစုဘက်သို့ လွှဲပြောင်းပေးခြင်းနှင့်တူသည်။ ပေးရသည့်ငွေမှာ သတို့သားဘက်မှမိသားစု ကြွယ်ဝခြင်းပေါ်မူတည်၍ဒေါ်လာ ၁၀၀ မှ ၄၆၀၀၀ အထိ အမျိုးမျိုးရှိသည်။ သီရိလင်္ကာနိုင်ငံတွင်မူ အခြေအနေမှာပြောင်းပြန်ဖြစ်ပြန်သည်။ သတို့သမီးဘက်မှမိသားစုက သတို့သားဘက်ကိုခန်းဝင်ပစ္စည်း ပေးရသည်။ ၄င်းပစ္စည်းတို့တွင် အဖိုးတန်ရတနာပစ္စည်း၊ ဓနဥစ္စာ၊ အိမ်ရာနှင့်ငွေကြေးတို့ပါဝင်သည်။ ထို့ကြောင့် ၄င်းပစ္စည်းဥစ္စာများ မိသားစုဆွေမျိုးမဟုတ်သူထံ မရောက်ရှိစေရန် ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲသာ ဖိတ်စေရန် တစ်ဝမ်းကွဲအချင်းချင်း လက်ထပ်သည့်ထုံးစံရှိကြသည်။

အာဖရိကတိုက်ဒေသများစွာတွင် ကွမ်းဖိုးပေးခြင်းသည် ထိမ်းမြားလက်ထပ်ခြင်းကိုပြီးပြည့်စုံသော၊ တရားဝင်စေသော ရိုးရာဓလေ့စည်းကမ်းချက်တစ်မျိုးဖြစ်သည်။ သမီးဖြစ်သူ မင်္ဂလာဆောင်ရန် အသင့်ပြင်ဆင်ထားသော နိုင်ဂျီးရီးယားလူမျိုးဖခင်တစ်ဦးက အောက်ပါအတိုင်းပြောခဲ့သည်။ “အစ်ဘိုစ်လူမျိုးနွယ်တွင် မင်္ဂလာဆောင်ခြင်းကို ယဉ်ကျေးမှုထုံးစံအရ အသိအမှတ်ပြုနိုင်ရန် ကွမ်းဖိုးပေးဖို့လိုအပ်သည်။ ယင်းကိုလက်ခံခြင်းသည် မိန်းကလေးရှင်ဘက်မှ သဘောတူသည်ဟူသော သဘောပင်ဖြစ်သည်။ ယင်းသည် လက်ထပ်ခြင်းနှင့်ပတ်သက်သော လူထု၏ခံယူချက်နှင့် ညီညွတ်သည်။ ယင်းအကြောင်းကြောင့် ဘုရားရှိခိုးကျောင်းတွင်ဖြစ်စေ၊ အစိုးရတရားရုံးတွင်ဖြစ်စေ စာချုပ်ချုပ်သည့်တိုင်အောင် ကွမ်းဖိုးမပေးလျှင် ရပ်ကွက်အသိုင်းအဝိုင်း၌ အသိအမှတ်မပြုပေ။”

ဖခင်အား မည်သို့ထိခိုက်နိုင်ပုံ

အဆိုပါ အာဖရိကလူမျိုးတို့တွင် ဤသို့ပေးခြင်းကို ယောက်ျားတစ်ယောက်က အိမ်ထောင်ကိုတာဝန်ယူနိုင်သော အစွမ်းရှိကြောင်းပြသသည့် အထိမ်းအမှတ်အဖြစ်ယူမှတ်ကြသည်။ ယောက်ျားရှင်ဘက်မှဆွေမျိုးတို့က မိန်းကလေးရှင်မိဘများထံသွား၍ ကွမ်းဖိုးအတွက်တီးခေါက်ညှိနိုင်းပေးသည်။ ဒေသများစွာ၌ ဤသို့မလုပ်ကြတော့ပေ။ ယခုအခါ ဖခင်ဖြစ်သူတို့ကိုယ်တိုင်က ရနိုင်သောအမြင့်ဆုံး အဖိုးအခကိုညှိနိုင်းကြသည်။ နိုင်ဂျီးရီးယားနိုင်ငံ အချို့ဒေသများအတွက်ဥပဒေပြဌာန်းသည့် ၁၂ ဒေါ်လာမှ ၁၄၀၀ ဒေါ်လာ သို့မဟုတ် ထိုထက်မကပေးရသည်များရှိသည်။ ပိုးပန်းသူ ယောက်ျားလေးမိဘတို့ဘက်မှ စတင်ကြောင်းလမ်းခြင်း မတိုင်မီကတည်းကပင် ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများရရန် မျှော်လင့်နိုင်သည်။ ထိုနောက် ဇိုင်ရဲနိုင်ငံ၌ကဲ့သို့ “ဖခင်၏နှုတ်ကိုဖွင့်ရန်” ပိုပေးရသည်လည်းရှိသည်။ သဘောမှာသူ့သမီးအတွက် တန်ဖိုးညှိနှိုင်းစေ့စပ်ရန် ဆွယ်ယူခြင်းဖြစ်သည်။ ငွေကြေးအချို့ပေးပြီးနောက်ပင် အခြားပေးစရာငွေနှင့် လက်ဆောင်ပစ္စည်းများကိုတောင်းနိုင်သည်။

ထိုဓလေ့များသည် ငွေကိုတပ်မက်ရန် အားပေးရာရောက်နိုင်သည်။ သို့သော်ကျမ်းစာက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” ဟုဆို၏။ (၁ တိမောသေ ၆:၁၀) လောဘကြောင့်လူသည် အဓမ္မအနိုင်အထက်ပြုသူ ဖြစ်လာနိုင်ပြီး ဘုရားသခင်မျက်နှာသာတော်မရဘဲ ဖြစ်သွားနိုင်သည်။ ကျမ်းစာက “ လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်၌ အမွေမခံရ” ဟုဆိုထားသည်။—ဧဖက် ၅:၅။ သု. ၂၀:၂၁။ ၁ ကောရိန္သု ၅:၁၁; ၆:၁၀ နှင့်နှိုင်းယှဉ်ကြည့်ပါ။

သို့သော် ကျွေးမွေးပြုစု ပညာသင်ကြားပေးခဲ့သော သမီးတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခြင်းအတွက် ဖခင်ဖြစ်သူအား စတိသဘောလျော်ကြေးပေးသည့်အနေနှင့် ပေးခြင်းသည်လုံးဝမမှားချေ။ သမက်လောင်းကလည်း မိမိစေ့စပ်ထားသော မိန်းမကိုပညာသင်ကြားပေးခြင်းအတွက် တန်ဖိုးထားလေးစားသည့် အထိမ်းအမှတ်အဖြစ် ဤသို့ပေးရခြင်းဖြစ်ကြောင်း မှန်ကန်စွာမြင်သင့်သည်။ သို့သော် အချို့မိဘတို့သည် ကလေးအငယ်တွေကို ပညာဆက်သင်ပေးရန် အိမ်ထောင်ကျသွားသောသမီးတို့က ထောက်ပံ့တော့မည်မဟုတ်ဟူသောစိတ်နှင့် ကုန်ကျသမျှပြန်ရအောင် ကြိုးစားကြသည်။ ထိုသို့သောမိဘတို့သည် မိမိတို့၏သားသမီးများကို ရောင်းကုန်ပမာ သဘောထားကာကွမ်းဖိုးအများဆုံးရအောင်တောင်းကြသည်။ သို့သော်သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်ခြင်းသည် သူတို့၏တာဝန်ဖြစ်သည်။ဤတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းအတွက် သူတို့ဂုဏ်ယူသင့်သည်။ ကွမ်းဖိုးအဆမတန်တောင်းခြင်းဖြင့် ငွေကြေးမည်မျှရသည်၊ ဂုဏ်ဒြပ်မည်မျှရသည်ကိုကြည့်၍ ဂုဏ်မယူသင့်ပေ။ သားသမီးများအားဖြင့်ရရှိမည့် ပစ္စည်းဥစ္စာအကျိုးအမြတ်ကို ကြည့်ရန်မိဘတို့အားကျမ်းစာက အားမပေးဘဲ “သားသမီးတို့သည် မိဘအတွက်ဥစ္စာကို ဆည်းဖူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းဖူးရ၏” ဟုဆို၏။—၂ ကောရိန္သု ၁၂:၁၄။

အချို့ခရစ်ယာန်အမည်ခံ ဖခင်တို့သည်ငယ်ရွယ်သော ခရစ်ယာန်ပိုးပန်းသူယောက်ျားလေးဘက်မှ ငွေရေးကြေးရေးအခြေအနေကို မထောက်ဘဲတောင်းကြသည်။ ထိုဖခင်တို့သည် လောကသားတို့က ပိုပေးသောကြောင့် ခရစ်ယာန်ညီအစ်ကိုများ သင့်တင့်လျှော်ကန်စွာကမ်းလှမ်းသည်ကိုပင် ပယ်ချခဲ့သည်များရှိခဲ့သည်။ အချို့ဆိုလျှင် လောကသားဆွေမျိုးများကိုပင် စေ့စပ်ညှိနှိုင်းစေသည်။ ထိုသူတို့ကမတန်တဆတောင်းဆိုပြန်သည်။ ဤသို့ဈေးဆစ်နေစဉ် အခြေအနေက ထိုလူငယ်တို့အား မတရားမေထုန်ပြုရန် တွန်းပို့လိုက်နိုင်သည်။ လောကီသားတို့တွင် ဤသို့ပင်ဖြစ်လေ့ဖြစ်ထရှိသည်။ ကြံရာမရ စိတ်ပျက်လက်ပျက်ဖြစ်နေသော ငယ်ရွယ်သည့်စုံတွဲအနေဖြင့် ယောက်ျားလေးဘက်မှပေးနိုင်သမျှကို မိန်းကလေးရှင်ဘက်မှလက်ခံရန် ကိုယ်ဝန်ကိုအလွယ်ကူဆုံးနည်းဖြင့် အသုံးချသွားသည်ကို မကြာခဏတွေ့ရသည်။

ခရစ်ယာန်များအနေဖြင့် ဤသို့မပြုသင့်။ မတရားမေထုန်ကို ဘုရားသခင့်နှုတ်ကပတ်တော် တားမြစ်ထားသည်။ ထိုသို့ပြုသော သူတို့ကိုအသင်းတော်မှနှင်ထုတ်ပြစ်နိုင်သည်။ (၁ ကောရိန္သု ၆:၉။ ဟေဗြဲ ၁၃:၄) ဖခင်တစ်ဦးအဖြင့် မတန်တဆတောင်းဆိုခြင်းကြောင့် သမီးဖြစ်သူ သီလယိုယွင်းသွားခဲ့သည်ရှိသော် အပြစ်တင်ခွင့်နှင့် လွတ်မည်မဟုတ်။ ထိုသို့သောအပြစ်သည် အသင်းတော်အတွင်း သူ၏အနေအထားကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ အလားတူစွာပင် ခရစ်ယာန်သမီးဖြစ်သူအား လောကီသားတစ်ဦးနှင့် ပေးစားရန် ကမ်းလှမ်းလာသမျှ ကွမ်းဖိုးကိုလက်ခံခြင်းသည်လည်း သီသြခရက်တစ်နည်းလမ်းမကျပေ။ သို့ပြုခြင်းဖြင့် ညီအစ်ကိုတစ်ဦးသည်အနည်းဆုံး အသင်းတော်တွင် အထူးအခွင့်အရေးအချို့အတွက် အရည်အချင်းမပြည့်သူဖြစ်သွားသည်။ ခရစ်ယာန်မိဘတို့သည် မိမိတို့၏ သားငယ်သမီးငယ်တို့ကို ခရစ်ယာန်အသင်းတော်တွင် သန်မာသူများအဖြစ် တည်ရှိနေသည့်ဆန္ဒရှိသင့်သည်။ စင်ကြယ်သောအကျင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ သူတို့ကိုကူညီပေးသင့်သည်။ မိမိတို့၏သားသမီးတို့ကိုလည်း “သခင်ဘုရား၌သာ” အိမ်ထောင်ချပေးလိုသောဆန္ဒ၊ ယေဟောဝါကိုချစ်ပြီး ကိုယ်တော်.ပညတ်တရားများနှင့် ကျင့်စဉ်မူများကို အထူးလေးစားသည့်ယောက်ျားတို့နှင့်သာ ပျော်ရွှင်စွာထိမ်းမြားကြစေလိုသည့် ဆန္ဒရှိသင့်ပေသည်။ —၁ ကောရိန္သု ၇:၃၉။

ကွမ်းဖိုးကို သင့်တော်သည်ထက် အဆမတန်ပိုတောင်းခြင်းဖြင့် မိမိကလေးကို ငွေရှာနည်းအဖြစ် သဘောထားခြင်းသည် ခရစ်ယာန်မပီသချေ။ ခရစ်ယာန်ဖခင်တစ်ဦးအနေဖြင့် လောဘနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းမှ ကာကွယ်စောင့်ထိန်းရမည်။ အကြောင်းမှာ သူ၏ဝိညာဉ်ရေးနှင့် အသင်းတော်တွင်သူခံစားရသော အခွင့်အရေးတို့ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်သောကြောင့်တည်း။—၁ ကောရိန္သု ၆:၉၊ ၁၀။

ဝမ်းသာစရာကား ခရစ်ယာန်ဖခင်အများသည် ကွမ်းဖိုးတောင်းရာတွင် စာနာထောက်ထားမှု ပြသခဲ့ကြ၍ဖြစ်သည်။ ဤသို့ဖြင့် ကောင်းမြတ်သော စိတ်သဘောထားကို ဖေါ်ပြကြသည်။ အချို့ဆိုလျှင် ထုံးစံဓလေ့ကို အလွဲသုံးစားမပြုလိုခြင်း၊ ဝိညာဉ်ရေးဒုက္ခ မဖြစ်စေလိုခြင်းတို့ကြောင့် ကွမ်းဖိုးအလျင်းမတောင်းဘဲနေကြသည်။

သတို့သမီးနှင့်သတို့သားတို့ကို မည်သို့ထိခိုက်နိုင်ပုံ

အများအားဖြင့် ကွမ်းဖိုးမည်ရွေ့မည်မျှ ပေးရမည်ဟု မိဘတို့သတ်မှတ်ရာတွင် မိန်းကလေး၏လောကသည် အတော်သြဇာညောင်းသည်။ အလွန်အကုန်အကျများသော ပကာသနဖက်သော မင်္ဂလာဆောင်ပွဲတောင်းဆိုသူများရှိပြီး ဤအတွက်ဖခင်ကို တကျည်ကျည်နားပူနားဆာ လုပ်သူများလည်းရှိကြသည်။ အချို့ကြပြန်လျှင် အိုးသစ်အိမ်သစ်ထူထောင်ရာတွင် အဖိုးတန်ပစ္စည်းများဝယ်ပေးရန် ဖခင်အားတောင်းဆိုကြသည်။ ဤတောင်းဆိုချက်များကို လိုက်လျောဖြည့်ပေးနိုင်ရန် ဖခင်ဖြစ်သူက ကွမ်းဖိုးကို ပိုတောင်းဖို့လိုသည်ဟုယူဆလာလိမ့်မည်။

ဤသို့ဖြင့် တစ်ခမ်းတစ်နားငွေကုန်ကြေးကျများသော မင်္ဂလာဆောင်ပွဲနှင့် အဖိုးတန်အိမ်ထောင်ပရိဘောဂများကြောင့် သတို့သားသည်အကြွေးဝန်ထုတ် တစ်နင့်တစ်ပိုးဖြစ်အိမ်ထောင်သည်ဘဝကို မလွဲမရှောင်သာဘဲ စရပြန်သည်။ ဘုရားနှုတ်ကပတ်တော်က “အထက်မှသက်ရောက်သောပညာမူကားဆင်ခြင်တတ်သည်” ဟုဆို၏။ ငယ်ရွယ်သောဇနီးမောင်နှံ့တို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ပေါ်၌မျှ လေးလံသည့်ငွေရေးကြေးရေး ဝန်ထုတ်မပိစေသည့် မင်္ဂလာအခမ်းအနားကို စီစဉ်ခြင်းအားဖြင့် မိမိတို့၏ “ဆင်ခြင်တတ်ခြင်းကိုလူခပ်သိမ်းတို့အားသိ” မြင်စေသင့်သည်။—ယာကုပ် ၃:၁၇။ ဖိလိပ္ပိ ၄:၅။

မင်္ဂလာဆောင်ပြီးနောက် ဇနီးသည်တစ်ဦးအနေနှင့် ကွမ်းဖိုးအဖြစ်ခင်ပွန်းသည်ပေးခဲ့သည့် ပမာဏအားဖြင့် မိမိကိုချစ်သောမေတ္တာကို စတင်တိုင်းတာပေလိမ့်မည်။ ငွေကြေးအနည်းငယ်သာပေးခဲ့လျှင် သူမစိတ်ထဲတွင် မလုံမခြုံဖြစ်နေပေလိမ့်မည်။ အကယ်၍ မိမိအားစိတ်ကုန်၍ အိမ်မှဆင်းသွားစေလိုလျှင် ပေးရသောငွေပမာဏအနည်းငယ်ကို အဆုံးခံ၍ဆင်းသွားစေရန် ဝန်လေးမည်မဟုတ်ဟူ၍ သူမဆင်ခြင်တွေးတောပေမည်။ သားသမီးမထွန်းကားခြင်း၊ အာခံသည့်သဘောပြသခြင်းစသော အကြောင်းအမျိုးမျိုးကြောင့် ဇနီးဖြစ်သူကို မိဘထံပြန်ပို့သော ယောက်ျားအချို့ရှိသည်မှာမှန်ပါသည်။ ကွမ်းဖိုးပေးပြီးခါစလူရွယ်တစ်ယောက်အား “မင်းမိန်းမတစ်ယောက်ဝယ်ပြီးပြီ” ဟူ၍ပြောသော သူတို့ကြောင့် ထိုသဘောကိုမသိမသာ အားပေးရာရောက်၏။ အဖိုးကြီးကြီးပေးခဲ့ရလျှင်လည်း အရင်းနှီးဆုံး အဆွေခင်ပွန်းအဖြစ်သဘောထားမည့်အစား ဝယ်ထားသောအိမ်စေအဖြစ် သဘောထားချင်စိတ်များလာနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဖခင်ဖြစ်သူက ကွမ်းဖိုးကိုပြန်လျှော်ပြီး သမီးဖြစ်သူအား လင်ဖြစ်သူနှင့် အတင်းကွာစေသည်များလည်းရှိပေသည်။

ကွမ်းဖိုးများများပေးခြင်းက ဤသို့မဖြစ်အောင်တားဆီးနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် များပြားလှသော ငွေကြေးပမာဏကို ပြန်အမ်းရန် မလွယ်သောကြောင့်ဟု ငြင်းချက်ထုတ်သူများလည်းရှိသည်။ ဤသို့တန်ဖိုးကြီးကြီးတင်ထားခြင်းက ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခြင်းကို လျော့နည်းစေသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ပြုနိုင်ရေးအတွက် ချွေတာစုဆောင်းရန် အချိန်များစွာ လိုအပ်သောကြောင့်ဖြစ်သည်ဟုယူဆကြသည်။ ဤထောက်ထားစရာ အချက်များက ရင့်ကျက်၍တာဝန်ကျေသောလင်ယောက်ျားနှင့် ပို၍ခိုင်မြဲသည့် အိမ်ထောင်ဖြစ်ပေါ်စေနိုင်သည်ဟု သူတို့ယူဆကြသည်။

ဤယူဆချက်သည် အချို့သောကိစ္စများ၌ မှန်ကန်ကောင်းမှန်ကန်မည်ဖြစ်သော်လည်း ခရစ်ယာန်အိမ်ထောင် ခိုင်ခံ့မြဲမြံရေးသည် ထိုသို့သော ရုပ်ပစ္စည်းများထောက်ထားခြင်းအပေါ် အခြေမပြုသင့်ပေ။ ခရစ်ယာန်ခင်ပွန်းသည်တစ်ဦး၏ သစ္စာရှိခြင်းသည် အိမ်ထောင်ပြိုကွဲလျှင် ရုပ်ပစ္စည်းဘက်ဆုံးရှုံးမည်ဟူသော အချက်ပေါ်မတည်နေသင့်ဘဲ “ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်သောအရာကို လူမခွဲမခွာစေနှင့်” ဟူသောကျမ်းစာမူ၏ထိန်းကွပ်မှုခံသင့်သည်။ (မဿဲ ၁၉:၆) ဇနီးသည်တို့ကို ငွေဝယ်ပစ္စည်းဥစ္စာဟူ၍ သဘောထားမည့်အစား “သူတို့ကိုထောက်ထား၍ လေးမြတ်ကြလော့” ဟုလင်ယောက်ျားတို့ကို မိန့်မှာထားသည်။ (၁ ပေတရု ၃:၇) ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့သည် လက်ထပ်သောအခါ “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာသည်။ (မဿဲ ၁၉:၅။ ကမ္ဘာဦး ၂:၂၄) လင်ယောက်ျားတို့အနေဖြင့် မိမိတို့ကိုယ်ကိုပြုစုသည့်နည်းတူ ဇနီးတို့အားမေတ္တာထားရန်၊ မြတ်နိုးရန်၊ ပြုစုယုယရန် ကျမ်းစာကသြဝါဒပေးထားသည်။(ဧဖက် ၅:၂၈၊ ၂၉) ထိုမျှမက ယောက်ျားတစ်ဦး၏မေတ္တာကို တကယ်တမ်း တိုင်းတာပေးသောအရာမှာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း နှစ်များအတွင်း ဇနီးသည်ကို ဆက်ဆံပုံဆက်ဆံနည်းသာဖြစ်သင့်သည်။ ယောက်ျားတစ်ဦး ကွမ်းဖိုး ပေးခဲ့သည်ဖြစ်စေ မပေးခဲ့သည်ဖြစ်စေ မယားကိုကောင်းစွာ ပြုစုယုယ၍ မေတ္တာထားသည့်အတိုင်း သစ္စာရှိမည်ဆိုပါက မယားဖြစ်သူအား သူချစ်သည်ကို မည်သူသံသယဖြစ်နိုင်အံ့နည်း။

ကွမ်းဖိုးသည် ဇနီးဖြစ်သူ၏မိဘတို့အပေါ် လင်သားဖြစ်သူထားရှိသော အမြင်သဘောကိုပါ ထိခိုက်စေနိုင်သည်။ ကွမ်းဖိုး တစ်နင့်တစ်ပိုးပေးထားပြီဖြစ်ရာ သူတို့ဒုက္ခရောက်လျှင်လည်း သူတို့ကို ဘာမျှပေးစရာမလိုတော့ဟု သူဆုံးဖြတ်ထားကောင်းထားပေမည်။ သို့သော်ကျမ်းစာကဤသို့ဆို၏။ “သားမြေးရှိသော မုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသော အမှုဖြစ်၏။”(၁ တိမောသေ ၅:၄) ခရစ်ယာန်များသည် ဤသြဝါဒအတိုင်း လိုက်လျှောက်ကြသော်လည်း လင်ယောက်ျားတစ်ဦးအနေဖြင့် ကွမ်းဖိုးပေးပြီးပြီဟူသော အချက်ကြောင့်တာဝန်သိစိတ်ကို ပျက်ပြားစေလျှင် ပြဿနာတက်လာနိုင်ပေသည်။

မျှတသော အမြင်ကိုထိန်းသိမ်းပါ

ကွမ်းဖိုးနှင့်ဆက်နွယ်သည့် အချို့ဓလေ့များသည် ခရစ်ယာန်မဟုတ်သော မိဘရှိသူ ဝိညာဏညီအစ်မတစ်ယောက်နှင့် လက်ထပ်မည့်လူရွယ်တစ်ဦးအဖို့ အထူးပြဿနာဖြစ်ပေါ်နိုင်သည်။ သူတို့သည် ဘိုးဘေးကိုးကွယ်ခြင်းနှင့် ဝိညာဉ်မသေဟူသော ယုံကြည်ခြင်းတို့ကို အခြေခံထားသည့် အခမ်းအနားများ၌ ပါဝင်ရန် သူ့အားတောင်းဆိုလာနိုင်သည်။(ဒေသနာ ၉:၅၊ ၁၀။ ယေဇကျေလ ၁၈:၄) သို့သော် သမ္မာတရားကိုနားထောင်၍ ဝိညာဉ်စိုးလ်ကိုစင်ကြယ်စေပြီးသူတို့အဖို့ ယေဟောဝါသိုထားသော ကောင်းချီးမင်္ဂလာနှင့် ဘုရားသခင့်မျက်နှာသာတော် အဆုံးရှုံးမခံဘဲ သူထိုသို့ပြုလုပ်နိုင်ပါမည်လော။(၁ ပေတရု ၁:၂၂။ ဗျာဒိတ် ၁၈:၄) ထိုသို့သော တောင်းဆိုမှုမျိုး ရင်ဆိုင်ရသောအခါ သစ္စာနှံ့ခရစ်ယာန်တစ်ဦးအနေဖြင့် “လူထက်ဘုရားသခင်အားအုပ်စိုးရှင်အဖြစ်နာခံ” ရန်အစဉ်သဖြင့် စိတ်ပိုင်းဖြတ်ထားရမည်။—တမန်တော် ၅:၂၉။

အနိုင်အထက်ပြုခြင်း၊ မတရားမေထုန်ကိုရှောင်ခြင်း ယုံကြည်သူချင်းနှင့်သာ အိမ်ထောင်ပြုခြင်းတို့နှင့် ပတ်သက်သောအထက်ပါ ရှင်းလင်းဖေါ်ပြချက်တို့သည် သတို့သမီးတို့ဘက်မှ ခန်းဝင်ပစ္စည်းပေးရသည့် အခြေအနေမျိုး၌လည်း ထပ်တူထပ်မျှပင် အကြုံးဝင်သက်ဆိုင်သည်။ ခရစ်ယာန်မိန်းကလေးတစ်ဦးနှင့် မိဘဖြစ်သူတို့အနေဖြင့် လင်ယောက်ျားရွေးချယ်ရာတွင် လောကီစံချိန်အတိုင်း မလိုက်သင့်ပေ။ ခရစ်ယာန်မဟုတ်သူတစ်ဦးနှင့် လက်ထပ်ခြင်းသည် ဘုရားသခင်အားနာမခံသည့် အပြုအမူဖြစ်သည်။ မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအား ကိုယ်တော်ဤသို့မိန့်မှာတော်မူ၏။ “သူတို့နှင့်စုံဘက်ခြင်းကိုမပြုရ။သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းမပြုရ။” (တရားဟောရာ ၇:၃၊ ၄။ ၁ ကောရိန္သု ၇:၃၉) ငယ်ရွယ်သောခရစ်ယာန်ယောက်ျား သို့မဟုတ် မိန်းမတို့အနေဖြင့် လိုချင်သည့်အိမ်ထောင်ဘက်ကို ရှာသည့်အနေနှင့် သတင်းစာတွင် မိမိအကြောင်းထည့်သွင်းကြော်ညာခြင်းသည် မသင့်တော်သည်မှာ ရှင်းနေပါသည်။ ခရစ်ယာန်ညီအစ်ကိုများအထဲ၌သာ သင့်တော်သောအိမ်ထောင်ဖက်ကို ရှာယူသင့်သည်။

အိမ်ထောင်ပြုခြင်းသည် ယေဟောဝါ၏မြင့်မြတ်သော အစီစဉ်ဖြစ်၍ နှုတ်ကပတ်တော်တွင် ဤအကြောင်းနှင့်ပတ်သက်ပြီး မိန့်တော်မူသမျှအတိုင်း ကျွန်ုပ်တို့အားလုံးလိုက်နာသင့်သည်။ ယေဟောဝါနှင့်တကွ ကျွန်ုပ်တို့၏သားသမီးများနှင့် ယုံကြည်သူချင်းရောင်းရင်းတို့အပေါ် ထားရှိသည့်အားကြီးသောမေတ္တာက မှန်ရာကောင်းရာတို့နှင့် ဖီလာဆန့်ကျင်သော အကျင့်ဓလေ့အားလုံးတို့ကို ရှောင်ကြဉ်နိုင်အောင် ဦးဆောင်ပေးသင့်သည်။ (ဆာလံ ၁၁၉:၁၀၅။ ဟေဗြဲ ၄:၁၂) ကွမ်းဖိုးနှင့် ခန်းဝင်ပစ္စည်းကိစ္စ၌သာမက အသက်တာမှ အခြားအရေးကိစ္စများ၌ ဆုံးဖြတ်ချက်ချရာတွင် နှုတ်ကပတ်တရားတော်၏ လမ်းပြခြင်းကို ခံယူသူတို့နှင့်အတူ ယေဟောဝါ၏ ကောင်းချီးမင်္ဂလာသည် မုချအစဉ်တည်ရှိနေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ