ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၉/၁၅ စာ. ၂၄-၂၇
  • ကွမ်းဖိုး—သင့်တင့်သောညှိနှိုင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကွမ်းဖိုး—သင့်တင့်သောညှိနှိုင်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးသင့်အကြောင်းသင့်ရှိသော သမ္မာကျမ်းစာမူများ
  • ညှိနှိုင်းမှုများကို တာဝန်ခံသူကားမည်သူနည်း
  • ခရစ်ယာန်မဆန်သောစရိုက်များကိုရှောင်ပါ
  • အကျိုးသင့်အကြောင်းသင့်ရှိသော ပုံသက်သေများ
  • အကျိုးသင့်အကြောင်းသင့်ရှိမှု၏အကျိုးကျေးဇူးများ
  • သူတို့သည် ကွမ်းဖိုးကို ပြန်ပေးခဲ့ကြ
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ကွမ်းဖိုး—ခရစ်ယာန်များ မည်သို့သဘောထားသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဂါနာတွင် “ထုံးတမ်းစဉ်လာ ထိမ်းမြားမင်္ဂလာ”
    နိုးလော့!—၁၉၉၇
  • အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၉/၁၅ စာ. ၂၄-၂၇

ကွမ်းဖိုး—သင့်တင့်သောညှိနှိုင်းခြင်း

သမ္မာကျမ်းစာခေတ်ကကဲ့သို့ ယနေ့လည်း အချို့ယဉ်ကျေးမှုများတွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို လက်မထပ်ခင် ကွမ်းဖိုးပေးဖို့လိုသည်။ “ဦးမင်းသမီးအငယ် ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်” ဟုယာကုပ်သည် ယောက္ခထီးလောင်းလာဗန်အား ပြောခဲ့သည်။ (ကမ္ဘာဦး ၂၉:၁၈) ယာကုပ်သည် ရာခေလကို ချစ်သောကြောင့် ခုနစ်နှစ်လုပ်အားခနှင့်ညီမျှသည့် ကြီးမားလှသောတန်ဖိုးကိုပေးမည်ဟု စကားကမ်းလှမ်းခဲ့၏! ထိုကမ်းလှမ်းမှုကို လာဗန်လက်ခံခဲ့သော်လည်း ယာကုပ်သည် သမီးကြီးလေအာနှင့် ဦးစွာလက်ထပ်ပေးဖို့ ပရိယာယ်ဆင်ခဲ့သည်။ ယာကုပ်အပေါ် လာဗန်၏နောက်ပိုင်းဆက်ဆံရေးများသည် ဆက်ပြီးမရိုးသားခဲ့ချေ။ (ကမ္ဘာဦး ၃၁:၄၁) စည်းစိမ်ဥစ္စာကို လာဗန်အဓိကထားသောကြောင့် သူ၏သမီးများက သူ့အပေါ်လေးစားမှုလျော့နည်းခဲ့သည်။ “သူသည် ကျွန်ုပ်တို့ကို တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့ သတ်မှတ်သည်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီတကား!” ဟူ၍သူတို့ပြောခဲ့ကြသည်။—ကမ္ဘာဦး ၃၁:၁၅။

ဝမ်းနည်းစရာမှာ ပစ္စည်းဥစ္စာကိုဦးစားထားသော မျက်မှောက်လောကတွင် မိဘအများသည် လာဗန်ကဲ့သို့ဖြစ်နေကြခြင်းဖြစ်သည်။ အချို့မှာ သာ၍ပင်ဆိုးရွားကြ၏။ အာဖရိကသတင်းစာတစ်စောင်အရ မင်္ဂလာပွဲအချို့ကို “လောဘကြီးသောဖခင်များက အမြတ်ကြီးစားဖို့အတွက်သာ” ညှိနှိုင်းကြသည်။ အခြားအကြောင်းတစ်ချက်မှာ မိဘအချို့သည် စီးပွားရေးပြဿနာကြောင့် မိမိတို့၏သမီးများကို ငွေကြေးပြဿနာပြေလည်စေသည့်နည်းလမ်းအဖြစ် ယူမှတ်ရန် သွေးဆောင်ခံရခြင်းဖြစ်သည်။a

အချို့မိဘများသည် အများဆုံးပေးနိုင်မည့်သူကို စောင့်နေရာ မိမိတို့၏သမီးများကို မင်္ဂလာမဆောင်ပေးချင်ကြသေးချေ။ ယင်းသည် ကြီးမားသောပြဿနာများကို ဖြစ်ပေါ်စေနိုင်၏။ အရှေ့ဘက်အာဖရိကရှိ သတင်းထောက်တစ်ဦးက ဤသို့ရေးသားခဲ့၏– “လက်လွတ်မခံသော အိမ်ထောင်ဖက်၏ဆွေမျိုးများက ကွမ်းဖိုးအဆမတန် တောင်းဆိုကြသောကြောင့် လူငယ်များသည် ခိုးရာလိုက်ပြေးဖို့ ရွေးချယ်ကြသည်။” အဆမတန်ကွမ်းဖိုးတောင်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြဿနာများအနက်တစ်ခုကား အကျင့်ယိုယွင်းခြင်းပင်ဖြစ်သည်။ ထို့အပြင် လူငယ်အချို့သည် ဇနီးတစ်ဦးကိုဝယ်ဖြစ်သော်လည်း အကြီးအကျယ်အကြွေးတင်ခဲ့သည်။ တောင်အာဖရိက လူမှုရေးအလုပ်သမားတစ်ဦးက ဤသို့တိုက်တွန်းခဲ့သည်– “မိဘများသည် အကျိုးသင့်အကြောင်းသင့်သဘောရှိသင့်သည်။ သူတို့သည် အဆမတန်မတောင်းသင့်ချေ။ လက်ထပ်ခါစဇနီးမောင်နှံသည် အသက်မွေးဝမ်းကျောင်းပြုဖို့လိုသည်။ . . . သို့ဖြစ်၍ လူငယ်အား အဘယ်ကြောင့်မွဲပြာကျသွားစေမည်နည်း။”

ခရစ်ယာန်မိဘများသည် ကွမ်းဖိုးပေးရန် သို့မဟုတ် ရရှိရန်ညှိနှိုင်းကြသောအခါ သင့်တင့်စွာပြုတတ်သည့်သဘောရှိသောပုံသက်သေကို မည်သို့တင်ပြနိုင်မည်နည်း။ သမ္မာကျမ်းစာက ဤသို့မိန့်မှာထားသောကြောင့် ယင်းသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်– “သင်တို့၏တော်လျော်မှုကို လူအပေါင်းတို့ရှေ့ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅၊ ကဘ။

အကျိုးသင့်အကြောင်းသင့်ရှိသော သမ္မာကျမ်းစာမူများ

ကွမ်းဖိုးအတွက် ညှိနှိုင်းမည်၊ မညှိနှိုင်းမည်မှာ ခရစ်ယာန်မိဘများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ ထိုသို့ပြုလုပ်ဖို့ သူတို့ရွေးချယ်ကြမည်ဆိုလျှင် ဤညှိနှိုင်းမှုသည် သမ္မာကျမ်းစာမူများနှင့်ကိုက်ညီစေသင့်သည်။ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်” စေရမည်ဟူ၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဆိုသည်။ (ဟေဗြဲ ၁၃:၅) မင်္ဂလာကိစ္စများညှိနှိုင်းရာတွင် ၎င်းမူမပါလျှင် ခရစ်ယာန်မိဘတစ်ဦးသည် ပုံသက်သေကောင်းသူမဟုတ်ကြောင်း ဖော်ပြရာရောက်မည်။ ခရစ်ယာန်အသင်းတော်တွင် တာဝန်ရရှိထားသူတို့သည် ‘ငွေကိုတပ်မက်သောသူ’ သို့မဟုတ် “မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ” မဖြစ်ရဘဲ ‘တော်လျော်သောသူ’ ဖြစ်ကြရမည်။ (၁ တိမောသေ ၃:၃၊ ၈) လောဘကြီးစွာဖြင့် နောင်တမရဘဲ ကွမ်းဖိုးအဆမတန်တောင်းသော ခရစ်ယာန်တစ်ဦးကို အသင်းတော်မှပင် နှင်ထုတ်ပေမည်။—၁ ကောရိန္သု ၅:၁၁၊ ၁၃; ၆:၉၊ ၁၀။

လောဘကြီးခြင်းဖြင့် ဖြစ်ပေါ်လာသောပြဿနာများကြောင့် အစိုးရအချို့သည် ကွမ်းဖိုးကိုသတ်မှတ်ပြဋ္ဌာန်းထားသည်။ ဥပမာ၊ အနောက်အာဖရိကရှိ တိုဂိုနိုင်ငံတွင် ကွမ်းဖိုးကို “ပစ္စည်း သို့မဟုတ် ငွေသား သို့မဟုတ် ထိုနှစ်မျိုးစလုံးဖြင့် ပေးနိုင်သည်” ဟူသောဥပဒေတစ်ရပ် ထုတ်ပြန်ထားသည်။ ထိုဥပဒေတွင် ဤသို့ထပ်ဖြည့်စွက်ထား၏– “စုစုပေါင်း ၁၀,၀၀၀ ဖရန့် စီအက်ဖ်အေ (ယူအက်စ်ဒေါ်လာ ၂၀.၀၀) ထက်မပိုစေရ။” ခရစ်ယာန်များသည် ဥပဒေလိုက်နာသော နိုင်ငံသားများဖြစ်ကြရန် သမ္မာကျမ်းစာက ကြိမ်ဖန်များစွာမိန့်မှာ၏။ (တိတု ၃:၁) ဤဥပဒေကိုလိုက်နာဖို့ အစိုးရက အတင်းအကျပ်မတောင်းဆိုသည့်တိုင် ခရစ်ယာန်စစ်တစ်ဦးအနေနှင့် နာခံဖို့လိုလိမ့်မည်။ ထိုသို့ဖြင့် သူသည် ဘုရားသခင်ရှေ့တွင် ကိုယ်ကိုကိုယ်သိသောစိတ်ကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်သူဖြစ်သည့်အပြင် အခြားသူများကိုလည်း ထိမိ၍လဲစေမည်မဟုတ်ပေ။—ရောမ ၁၃:၁၊ ၅; ၁ ကောရိန္သု ၁၀:၃၂၊ ၃၃။

ညှိနှိုင်းမှုများကို တာဝန်ခံသူကားမည်သူနည်း

အချို့ယဉ်ကျေးမှုတွင် ကွမ်းဖိုးအတွက် ညှိနှိုင်းခြင်းသည် တခြားအရေးကြီးသောမူနှင့် ငြိစွန်းနိုင်ပေသည်။ သမ္မာကျမ်းစာအရ ဖခင်သည် မိမိ၏အိမ်ထောင်ရေးရာကို တာဝန်ယူရ၏။ (၁ ကောရိန္သု ၁၁:၃; ကောလောသဲ ၃:၁၈၊ ၂၀) ထို့ကြောင့် အသင်းတော်တွင် တာဝန်ရှိသူများသည် “မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာအုပ်ချုပ်သောသူဖြစ်ရမည်။”—၁ တိမောသေ ၃:၁၂။

သို့သော် အရေးပါသောမင်္ဂလာကိစ္စ ညှိနှိုင်းမှုများကို အိမ်ထောင်ဦးစီး၏ဆွေမျိုးများအား တာဝန်ပေးခြင်းသည် အသိုင်းအဝိုင်းတစ်ခုတွင် သမားရိုးကျဖြစ်ပေမည်။ ထိုဆွေမျိုးများက ကွမ်းဖိုးမှဝေစုရရှိဖို့ တောင်းဆိုကြပေမည်။ ယင်းသည် ခရစ်ယာန်မိသားစုများအတွက် စမ်းသပ်မှုတစ်ခုဖြစ်၏။ ဓလေ့ထုံးစံအမည်ဖြင့် အိမ်ထောင်ဦးစီးအချို့သည် များလှသောကွမ်းဖိုးကို မယုံကြည်သောဆွေမျိုးများက ငွေညှစ်ယူရန်ခွင့်ပြုကြသည်။ ယင်းကြောင့် တစ်ခါတစ်ရံ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် လက်ထပ်ဖို့ဖြစ်စေခဲ့သည်။ ၎င်းသည် “သခင်ဘုရား၌သာ” ခရစ်ယာန်များ လက်ထပ်သင့်သည်ဟူသော သတိပေးချက်နှင့် ဆန့်ကျင်နေသည်။ (၁ ကောရိန္သု ၇:၃၉) သားသမီးများ၏ဝိညာဉ်ရေးအကျိုးကို ထိခိုက်စေမည့် ဆုံးဖြတ်ချက်များချဖို့ မယုံကြည်သောဆွေမျိုးများကို ခွင့်ပြုသောအိမ်ထောင်ဦးစီးတစ်ဦးအား “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” သူအဖြစ် မရှုမြင်နိုင်ချေ။—၁ တိမောသေ ၃:၄။

ဘုရားသခင်ရေးရာကြောက်ရွံ့သူ ဘိုးဘေးအာဗြဟံ၏ ဖြစ်ရပ်၌ကဲ့သို့ ခရစ်ယာန်ဖခင်တစ်ဦးသည် သားသမီးတစ်ဦး၏မင်္ဂလာကိစ္စညှိနှိုင်းမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိလျှင်ကော အသို့နည်း။ (ကမ္ဘာဦး ၂၄:၂-၄) ၎င်းကိုပြုလုပ်ဖို့ အခြားသူတစ်ဦးဦးအား တာဝန်ပေးအပ်လျှင် ညှိနှိုင်းပေးမည့်သူသည် အကျိုးသင့်အကြောင်းသင့်ဖြစ်သော သမ္မာကျမ်းစာမူများနှင့်ကိုက်ညီသည့် ညွှန်ကြားချက်များကို အသေအချာလိုက်လျှောက်ရန် ခရစ်ယာန်ဖခင်က သတိပြုသင့်သည်။ ထို့အပြင် ကွမ်းဖိုးအတွက် ညှိနှိုင်းမှုများမပြုလုပ်မီ ခရစ်ယာန်မိဘများသည် အကြောင်းစုံကို ဂရုတစိုက်စဉ်းစားပြီး အကျိုးသင့်အကြောင်းသင့်မရှိသော ထုံးစံများ သို့မဟုတ် တောင်းဆိုချက်များကြောင့် အလောတကြီးမပြုလုပ်မိစေသင့်ပါ။—သု. ၂၂:၃။

ခရစ်ယာန်မဆန်သောစရိုက်များကိုရှောင်ပါ

မာနကြီးခြင်းနှင့် “လောကီစည်းစိမ်၌ဝါကြွားခြင်း” တို့ကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ (၁ ယောဟန် ၂:၁၆; သု. ၂၁:၄) သို့သော် ခရစ်ယာန်အသင်းတော်နှင့် ပူးပေါင်းသူအချို့သည် မင်္ဂလာကိစ္စညှိနှိုင်းမှုများတွင် အဆိုပါစရိုက်များကို တင်ပြခဲ့ကြပြီ။ အချို့သည် ကွမ်းဖိုးများများရခဲ့ခြင်းကို ကြွားလုံးထုတ်ခြင်းအားဖြင့် ဤလောကကို အတုခိုးတတ်ကြသည်။ အခြားတစ်ဖက်တွင်မူ၊ အာဖရိကရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးတစ်ရုံးက ဤသို့အစီရင်ခံသည်– “အချို့ခင်ပွန်းများသည် ယောက္ခမတို့ဘက်မှ အသင့်အတင့်သာတောင်းဆိုခဲ့ခြင်းကို တန်ဖိုးထားလေးစားမှုမတင်ပြဘဲ မိမိတို့ဇနီးများကို ‘ဆိတ်’ တစ်ကောင်တန်ဖိုးဖြင့် ဝယ်ယူခဲ့သည်ဟု ရှုမြင်ကြသည်။”

အချို့ခရစ်ယာန်များသည် ကွမ်းဖိုးများများရလိုသည့် လောဘစိတ်ဝင်ကာ ဝမ်းနည်းကြေကွဲဖွယ် အကျိုးဆက်များကိုခံခဲ့ရသည်။ ဥပမာ၊ ကင်းမျှော်စင်အသင်း၏ အခြားဌာနခွဲရုံးတစ်ခုမှ ဤအစီရင်ခံစာကို သုံးသပ်ကြည့်ပါ– “တစ်ကိုယ်ရေညီအစ်ကိုများသည် အိမ်ထောင်ပြုရန် သို့မဟုတ် ညီအစ်မများသည် အိမ်ထောင်ဖက်များရရှိရန် များသောအားဖြင့် ခဲယဉ်းသည်။ သို့ဖြစ်၍ လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုကြောင့် နှင်ထုတ်ခံရသူအရေအတွက် များပြားလာခြင်းဖြစ်သည်။ အချို့ညီအစ်ကိုများသည် လက်ထပ်ရန် ငွေအလုံအလောက်ရရှိဖို့အတွက် ရောင်းချနိုင်သည့်စိန်ရွှေများကို သတ္တုတွင်းများတွင် သွားရှာကြသည်။ ယင်းသည် တစ်နှစ် သို့မဟုတ် နှစ်နှစ် သို့မဟုတ် ထိုထက်မကကြာမည်ဖြစ်ရာ ညီအစ်ကိုများနှင့်သော်လည်းကောင်း၊ အသင်းတော်နှင့်သော်လည်းကောင်း ဆက်သွယ်မှုပြတ်တောက်ခဲ့သောကြောင့် သူတို့သည် အများအားဖြင့် ဝိညာဉ်ရေးအားနည်းသွားလေ့ရှိသည်။”

ခရစ်ယာန်မိဘများသည် ဤကဲ့သို့ ဝမ်းနည်းဖွယ်အကျိုးဆက်များကို ရှောင်ရှားရန် အသင်းတော်ရှိ ရင့်ကျက်သူများ၏ပုံသက်သေကို လိုက်လျှောက်သင့်သည်။ တမန်တော်ပေါလုသည် မိဘတစ်ဦးမဟုတ်သော်လည်း သူသည် ယုံကြည်သူချင်းတို့နှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်ရှိခဲ့သည်။ သူသည် မည်သူ့အပေါ်မျှ အကုန်အကျများသောဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဂရုစိုက်ခဲ့သည်။ (တမန်တော် ၂၀:၃၃) ခရစ်ယာန်မိဘများသည် ကွမ်းဖိုးညှိနှိုင်းသောအခါ သူ၏ကိုယ်ကျိုးစွန့်ပုံသက်သေကို အမှန်တကယ်ထည့်စဉ်းစားသင့်သည်။ အမှန်စင်စစ်အားဖြင့် ပေါလုသည် ဤသို့ရေးရန် ဘုရားသခင့်မှုတ်သွင်းခြင်းကိုခံခဲ့ရသည်– “ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်းကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။”—ဖိလိပ္ပိ ၃:၁၇။

အကျိုးသင့်အကြောင်းသင့်ရှိသော ပုံသက်သေများ

မင်္ဂလာကိစ္စညှိနှိုင်းမှုများပြုလုပ်သောအခါ ခရစ်ယာန်မိဘအများသည် အကျိုးသင့်အကြောင်းသင့်ရှိသော ပုံသက်သေကောင်းတင်ပြခဲ့ကြသည်။ အချိန်ပြည့်ဧဝံဂေလိဟောပြောသူများဖြစ်ကြသော ဂျိုးဇက်နှင့်ဇနီးမေတို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။b သူတို့သည် တစ်ခါတစ်ရံ ကွမ်းဖိုးညှိနှိုင်းမှုများတွင် ပြဿနာဖြစ်တတ်လေ့ရှိသော စော်လမွန်ကျွန်းစုရှိ ကျွန်းတစ်ကျွန်းပေါ်၌ နေထိုင်ကြ၏။ ဤကဲ့သို့သော ပြဿနာများကို ရှောင်ရှားရန် ဂျိုးဇက်နှင့်မေသည် မိမိတို့သမီးဟက်လင်ကို အနီးအနားရှိကျွန်းတစ်ကျွန်းပေါ်တွင် လက်ထပ်ပေးရန်စီစဉ်ခဲ့သည်။ နောက်ထပ်သမီးတစ်ဦးဖြစ်သူ အက်စ်တာအတွက်လည်း အလားတူပြုလုပ်ပေးခဲ့သည်။ ထို့ပြင် သမက်ဖြစ်သူပီတာသည် သင့်တင့်သောလက်ခံနိုင်လောက်သည့် နှုန်းထက်ပင်နည်းသောကွမ်းဖိုးကိုပေးရန်လည်း ဂျိုးဇက်ကသဘောတူခဲ့သည်။ အဘယ်ကြောင့် ယင်းသို့လုပ်ခဲ့ရသနည်းဟု ဂျိုးဇက်ကို မေးသောအခါ သူက ဤသို့ရှင်းပြခဲ့သည်– “ရှေ့ဆောင်ဖြစ်တဲ့သမက်အတွက် ဝန်ထုပ်မဖြစ်စေချင်ဘူး။”

အာဖရိကရှိ ယေဟောဝါသက်သေများစွာတို့သည်လည်း အကျိုးသင့်အကြောင်းသင့်ရှိ ပုံသက်သေကောင်းတစ်ခုကို ပြသခဲ့ကြသည်။ ဒေသအချို့တွင် မိသားစုဆွေမျိုးများသည် ကွမ်းဖိုးညှိနှိုင်းမှုမပြုခင် ငွေအမြောက်အမြားကြိုတင်ရရန် များသောအားဖြင့်မျှော်လင့်ကြသည်။ သတို့သမီးတစ်ဦးကိုရရန် သေချာစေဖို့ သတို့သားက သတို့သမီး၏မောင်တစ်ဦးအတွက် ကွမ်းဖိုးကို ပေးပါမည်ဟုကတိပြုရန် မျှော်လင့်ခံရပေမည်။

ကောစီနှင့်သူ၏ဇနီးမားရတို့၏ ဥပမာကို နှိုင်းယှဉ်သုံးသပ်ကြည့်ပါ။ သူတို့၏သမီး ဘီဘိုကိုသည် ယေဟောဝါသက်သေတို့၏ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးနှင့် မကြာမီကလက်ထပ်ခဲ့သည်။ လက်မထပ်ခင် ဆွေမျိုးများက များစွာသောကွမ်းဖိုးထဲမှ သူတို့၏ဝေစုကိုပေးရန် မိဘများအား အတင်းအကျပ်ဖိအားပေးခဲ့ကြသည်။ သို့သော် ထိုဇနီးမောင်နှံသည် ခိုင်ခိုင်မြဲမြဲရပ်တည်ခဲ့ကြပြီး ယင်းတောင်းဆိုချက်များကို မလိုက်လျောခဲ့ကြချေ။ ယင်းအစား၊ သူတို့သည် သမက်လောင်းနှင့် တိုက်ရိုက်ညှိနှိုင်းခဲ့ကြသည်။ သမီးအတွက် အနည်းဆုံးကွမ်းဖိုးကိုသာ တောင်းဆိုပြီးနောက် ၎င်းမှတစ်ဝက်ကို မင်္ဂလာနေ့ရက်အပြင်အဆင်များအတွက်အသုံးပြုရန် မောင်နှံအား ပြန်ပေးခဲ့သည်။

ထိုနိုင်ငံ၌ပင် နောက်ဥပမာတစ်ခုမှာ လူငယ်သက်သေခံအီတိုဂိုဖြစ်သည်။ ပထမတွင် သူမ၏မိသားစုက သင့်တင့်သောကွမ်းဖိုးကို တောင်းခဲ့သည်။ သို့ရာတွင် ဆွေမျိုးများက ပို၍တောင်းရန်ဆိုခဲ့သည်။ အခြေအနေမှာ တင်းမာခဲ့ကာ ဤဆွေမျိုးများက သူတို့တောင်းသည့်အတိုင်း ရရှိမည်ဟုထင်ခဲ့ကြသည်။ အီတိုဂိုသည် ပင်ကိုအရရှက်ကြောက်တတ်သော်လည်း သူမသည်ထ၍ စီစဉ်ထားပြီးသည့်အတိုင်း စိတ်ထက်သန်သောခရစ်ယာန်စေးဇီအား လက်ထပ်ရန်အသင့်ရှိကြောင်း ရိုသေစွာပြောပြခဲ့သည်။ ထို့နောက် သူမသည် “မဘီကီ” (အဓိပ္ပာယ်မှာ “ကိစ္စမှာ ပြီးပြတ်သွားပြီ”) ဟုရဲရဲဝံ့ဝံ့ပြောကာ ထိုင်လိုက်လေသည်။ သူမ၏ခရစ်ယာန်မိခင်ဆဲမ်ဘိကိုက ယင်းကိုထောက်ခံခဲ့သည်။ ထပ်ပြီးဆွေးနွေးစရာမရှိတော့ကာ ထိုမောင်နှံသည် အစကစီစဉ်ထားသည့်အတိုင်း လက်ထပ်ခဲ့ကြသည်။

ကွမ်းဖိုးမှရသည့်အကျိုးထက် မေတ္တာရှိခရစ်ယာန်မိဘများ ပို၍စိတ်ဝင်စားသောအရာများရှိသည်။ ကဲမရွန်းမှခင်ပွန်းတစ်ဦးက ဤသို့ရှင်းပြသည်– “ကျွန်တော့်ယောက္ခမက ကွမ်းဖိုးအနေနဲ့ သူမကိုပေးချင်တဲ့ ငွေဘယ်လောက်ပဲဖြစ်ဖြစ် သူမရဲ့သမီးကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် အသုံးပြုသင့်တယ်လို့ အခွင့်အရေးရတိုင်း ကျွန်တော့်ကိုပြောတယ်။” မေတ္တာရှိမိဘများသည် သားသမီးများ၏ ဝိညာဉ်ရေးကောင်းကျိုးအတွက်လည်း စိုးရိမ်တတ်ကြသည်။ ဥပမာ၊ ဇင်ဘာဘွေနိုင်ငံတွင်နေထိုင်ကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အချိန်များများပါဝင်ကြသော ဖားရိုက်နှင့်ရူးဒိုတို့၏အကြောင်းကို သုံးသပ်ကြည့်ပါ။ သူတို့သည် လခစားများမဟုတ်ကြသော်လည်း သူတို့၏သမီးနှစ်ဦးကို တောင်းလေ့ရှိသည့်အဖိုးအခ၏တစ်စိတ်တစ်ဒေသမျှဖြင့် လက်ထပ်ပေးခဲ့သည်။ သူတို့၏အကြောင်းပြချက်ကားအသို့နည်း။ သူတို့၏သမီးများကို ယေဟောဝါအား အမှန်တကယ်ချစ်မြတ်နိုးသော ယောက်ျားများနှင့် ထိမ်းမြားခြင်းအကျိုးကို ခံစားစေလိုသောကြောင့်ဖြစ်သည်ဟုဆို၏။ “ပိုပြီးအရေးကြီးတာက သမီးတွေနဲ့သမက်တွေရဲ့ ဝိညာဉ်ရေးဖြစ်တယ်” ဟုသူတို့ရှင်းပြခဲ့သည်။ မည်မျှအားတက်စရာပါတကား! အိမ်ထောင်ကျပြီးသော သားသမီးများ၏ဝိညာဉ်ရေးနှင့်ကာယရေးကောင်းကျိုးအတွက် မေတ္တာပါစွာ စိုးရိမ်တကြီးရှိကြသောယောက္ခမတို့ကို အလွန်ချီးကျူးထိုက်ပေသည်။

အကျိုးသင့်အကြောင်းသင့်ရှိမှု၏အကျိုးကျေးဇူးများ

စော်လမွန်ကျွန်းစုမှ ဂျိုးဇက်နှင့်မေတို့သည် သူတို့သမီးများ၏လက်ထပ်ပွဲများကို စိတ်စေတနာနှင့်ဂရုတစိုက် ပြုလုပ်ပေးခဲ့သည့်အတွက် ကောင်းချီးများစွာခံစားခဲ့ကြရသည်။ ထိုသို့ဖြင့် သူတို့၏သမက်များသည် အကြွေးမတင်ကြတော့ချေ။ ယင်းအစား၊ ထိုမောင်နှံနှစ်စုံစလုံးသည် ဘုရားသခင့်နိုင်ငံတော်သတင်းဖြန့်ခြင်း အချိန်ပြည့်လုပ်ငန်း၌ နှစ်ပေါင်းများစွာ ပါဝင်နိုင်ခဲ့ကြပြီ။ ပြန်စဉ်းစားကြည့်ရာ ဂျိုးဇက်ကဤသို့ပြောပြသည်– “ကျွန်တော်နဲ့ကျွန်တော့်မိသားစုချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကောင်းချီးအများကြီးခံစားခဲ့ရတယ်။ မှန်ပါတယ်၊ တစ်ခါတလေ နားမလည်တဲ့သူတွေက အတော်လေးကိုဖိအားပေးခဲ့ပေမဲ့ ကျွန်တော့်ကလေးတွေ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အလုပ်များပြီး အစွမ်းကုန်ကြိုးစားနေတာကို မြင်ရတော့ ကိုယ်ကိုကိုယ်သိတဲ့စိတ်ကြည်လင်ပြီး အားရကျေနပ်တယ်။ သူတို့လည်း ပျော်ရွှင်ကြပြီး ကျွန်တော့်ဇနီးနဲ့ကျွန်တော်တို့ပါ အလွန်ပျော်ရွှင်ကြပါတယ်။”

အကျိုးကျေးဇူးနောက်တစ်ခုမှာ အိမ်ထောင်ဖက်မှဆွေမျိုးများစပ်ကြား ဆက်ဆံရေးကောင်းရှိခြင်းဖြစ်သည်။ ဥပမာ၊ ဇိုင်ဒိုက်နှင့်စဘူစီစိုတို့သည် ညီအစ်မရင်းများဖြစ်ကြသော သူတို့၏ဇနီးများနှင့်အတူ ဇင်ဘာဘွေနိုင်ငံ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးတွင် စေတနာ့ဝန်ထမ်းများအဖြစ် အမှုဆောင်ကြသည်။ သူတို့၏ယောက္ခထီးဖြစ်သူ ဒေကရိုက်သည် အချိန်ပြည့်ဧဝံဂေလိဟောပြောသူတစ်ဦးဖြစ်ပြီး လခစားမဟုတ်ချေ။ ကွမ်းဖိုးအတွက် ညှိနှိုင်းကြသောအချိန်အတွင်း သူတို့တတ်နိုင်သလောက်ကိုသာ လက်ခံမည်ဟု သူကပြောခဲ့၏။ “ကျွန်တော်တို့အလွန်ချစ်ရတဲ့ ယောက္ခထီးဖြစ်ပါတယ်၊ တကယ်လို့ သူအကူအညီလိုအပ်ခဲ့ရင် ကျွန်တော်တို့ အတတ်နိုင်ဆုံးအရာရာကို ပြုလုပ်ပေးပါမယ်” ဟုဇိုင်ဒိုက်နှင့်စဘူစီစိုတို့က ဆိုသည်။

မှန်ပါသည်၊ ကွမ်းဖိုးညှိနှိုင်းမှုတွင် အကျိုးသင့်အကြောင်းသင့်ရှိခြင်းသည် မိသားစုပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ၊ ကြင်စဦးမောင်နှံသည် အကြွေးမတင်တော့ဘဲ အိမ်ထောင်သည်ဘဝကို နေသားကျရအောင် လွယ်ကူစေသည်။ ယင်းသည် ဇနီးမောင်နှံငယ်များစွာကို ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းဖြစ်သည့် အရေးကြီးသောလုပ်ငန်း၌ အချိန်ပြည့်အမှုဆောင်ခြင်းအစရှိသော ဝိညာဉ်ရေးကောင်းချီးများကို ခံစားစေနိုင်ခဲ့သည်။ ယင်းသည်လည်း အိမ်ထောင်ပြုခြင်းကို မေတ္တာရှိစွာစတင်ခဲ့သော ယေဟောဝါဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေပါသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

သူတို့သည် ကွမ်းဖိုးကို ပြန်ပေးခဲ့ကြ

အချို့ရပ်ကွက်များတွင် ကွမ်းဖိုးနည်းလျှင် သတို့သမီးနှင့်သူမ၏မိဘများကို အထင်သေးတတ်ကြသည်။ သို့ဖြင့် မာန်မာနနှင့် မိသားစုအဆင့်အတန်းကို ဝင့်ကြွားလိုမှုသည် ကွမ်းဖိုးများများရရန် ညှိနှိုင်းဖို့အတွက် တစ်ခါတစ်ရံ လှုံ့ဆော်ပေးတတ်သည်။ နိုင်ဂျီးရီးယားနိုင်ငံ၊ လေဂေါ့စ်မြို့ရှိ မိသားစုတစ်စုသည် တစ်မူထူး၍နှစ်သက်ဖွယ်ဖြစ်ပေသည်။ သူတို့၏သမက် ဒိလီက ဤသို့ရှင်းပြသည်–

“ဈေးကြီးအဝတ်အထည်အလဲအလှယ်တွေဝယ်ရတာတွေကအစ ရိုးရာဓလေ့ကွမ်းဖိုးအခမ်းအနားပွဲအတွက် အကုန်အကျများကို ကျွန်တော့်ဇနီးရဲ့မိသားစုက ကျွန်တော့်ကိုအကုန်မခံစေခဲ့ဘူး။ ကျွန်တော့်မိသားစုက သူတို့ကို ကွမ်းဖိုးပေးတဲ့အခါမှာတောင် သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူက ‘ဒီမိန်းကလေးကို ဇနီးတစ်ယောက်အနေနဲ့ယူချင်တာလား၊ ဒါမှမဟုတ် သမီးတစ်ယောက်အနေနဲ့ယူချင်တာလား’ လို့မေးခဲ့တယ်။ ကျွန်တော့်မိသားစုက တစ်ပြိုင်ထဲ ‘ကျွန်တော်တို့ သူ့ကို သမီးတစ်ယောက်အနေနဲ့ယူချင်တာပါ’ လို့ပြန်ဖြေခဲ့ကြတယ်။ အဲဒီနောက် ကွမ်းဖိုးကို ထည့်ပေးခဲ့တဲ့စာအိတ်ထဲမှာပဲ ကျွန်တော်တို့ကိုပြန်ထည့်ပေးခဲ့တယ်။

“ကျွန်တော်တို့ရဲ့လက်ထပ်ပွဲကို ယောက္ခမဘက်က ဆွေမျိုးသားချင်းတွေစီမံပေးခဲ့တဲ့ပုံစံကို ကျွန်တော်ဒီနေ့ထိအောင် ကျေးဇူးတင်တယ်။ အဲဒီအတွက် သူတို့ကို အထင်ကြီးလေးစားရတယ်။ သူတို့ရဲ့အရမ်းကောင်းတဲ့ ဝိညာဉ်ရေးစိတ်ထားဟာ သူတို့ကို တကယ်နီးစပ်တဲ့ဆွေမျိုးလို့ ကျွန်တော့်ကို သဘောထားစေတယ်။ အဲဒီအပြင် ကျွန်တော့်ဇနီးအပေါ်ထားတဲ့အမြင်ကိုလည်း အကြီးအကျယ်အကျိုးပြုတယ်။ ကျွန်တော့်အပေါ် သူမရဲ့မိသားစုဆက်ဆံပုံကြောင့် သူမကို တကယ့်လေးမြတ်တဲ့စိတ်ပေါ်လာခဲ့တယ်။ ကျွန်တော်တို့သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ပြဿနာမဖြစ်စေဘူး။ သူမရဲ့မိသားစုကို ကျွန်တော်သတိရတဲ့အခါ သဘောထားချင်းမတိုက်ဆိုင်မှုဟာ သေးငယ်သွားပါတယ်။

“ကျွန်တော့်မိသားစုနဲ့သူမမိသားစုတို့ရဲ့ ခင်မင်မှုသံယောဇဉ်ဟာ ခိုင်မာလာပါပြီ။ ကျွန်တော်တို့လက်ထပ်ပြီးတာ နှစ်နှစ်ရှိတာတောင် ကျွန်တော့်အဖေက ကျွန်တော့်ဇနီးရဲ့မိသားစုကို လက်ဆောင်တွေ၊ စားစရာတွေ ပို့ပေးနေတုန်းပါပဲ။”

[အောက်ခြေမှတ်ချက်များ]

a အချို့သောယဉ်ကျေးမှုများတွင် အခြေအနေသည် ပြောင်းပြန်ဖြစ်၏။ သတို့သားဘက်မှသူများသည် သတို့သမီး၏မိဘများထံမှ ကွမ်းဖိုးရရန်မျှော်လင့်တတ်ကြသည်။

b ဤဆောင်းပါးတွင် အစားထိုးအမည်များကို အသုံးပြုထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ