နိုင်ငံတော်ကြွေးကြော်သူများ မှတ်တမ်း
မြန်မာနိုင်ငံတွင် ‘ရိတ်စရာစပါး မှည့်ပြီ’
▫ သာယာလှပသော မြန်မာနိုင်ငံတွင် သတင်းကောင်းကြွေးကြော်သူ ၁၆၀၀ ကျော်ရှိသည်။ မကြာမီကကျင်းပပြီးစီးသွားသော စည်းဝေးကြီးများကို မြန်မာ၊လူရှည်နှင့် ဟာခါးချင်းဘာသာစကားများဖြင့် ကျင်းပခဲ့ရာ စုစုပေါင်း ၂၃၃၀ ယောက်တက်ရောက်ခဲ့သည်။ အောက်ပါတွေ့ကြုံမှုများက နိုင်ငံတော်သတင်းတရားကို သိုးကဲ့သို့သောသူများ စိတ်ဝင်စားလာပုံအကြောင်း ထင်ဟပ်စေပြီး ရူပါရုံတွင် ယောဟန်မြင်တွေ့ခဲ့သော “မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီ” ဟူသောအချက်ကို လေးနက်ပေါ်လွင်စေသည်။—ဗျာဒိတ် ၁၄:၁၅။
ဒိုင်နမ်းရွာ၌ ဖြစ်ပျက်ခဲ့ပုံ
▫ မတူပီမြို့၌ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်နေစဉ် အထူးရှေ့ဆောင်တစ်ဦးသည် ငရဲအကြောင်း အထူးစိတ်ဝင်စားသည့် ကျောင်းသားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သမ္မာကျမ်းစာမှ ငရဲဆိုသည်မှာ လူသားတို့၏ သာမန်သင်္ချိုင်းမျှသာဖြစ်ကြောင်း ရှင်းပြလိုက်သောအခါ အကြီးအကျယ် အံ့အားသင့်သွားသည်။ ဤအကြောင်းကို ရင်ထဲ၌ မျိုသိပ်၍မထားနိုင်ဘဲ ဇာတိရွာဒိုင်နမ်းရှိ ဆွေမျိုးတို့ကို ပြောပြလိုစိတ် တစ်ဖွားဖွား ဖြစ်ပေါ်ခဲ့သည်။ ကျောင်းပိတ်ရက်အတွင်း သူ့ရွာသို့ပြန်၍ ငရဲနှင့်ပတ်သက်သော သမ္မာတရားကို ဖြန့်ဝေခဲ့သည်။ ယောက်ဖဖြစ်သူက ပို၍သိလိုသောဆန္ဒပြင်းပြသဖြင့် ထိုရှေ့ဆောင်နှင့် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးရန် ထိုကျောင်းသားနှင့်အတူ မတူပီမြို့သို့လိုက်သွားသည်။ မတူပီမြို့တွင် သိတင်းပတ်အတော်ကြာနေထိုင်ပြီး ထိုရှေ့ဆောင်နှင့် လေ့လာခဲ့သည်။ နောက်ပိုင်း ဒုတိယအခေါက် မတူပီမြို့သို့ရောက်စဉ်တွင် ရွာ၌ စိတ်ဝင်စားသူများစွာ ရှိသောကြောင့် ရှေ့ဆောင်များ သူ့ရွာသို့လာရန် တိုက်တွန်းသည်။ ရှေ့ဆောင်သုံးဦးက ခေါ်ဖိတ်မှုကို ဝမ်းမြောက်စွာလက်ခံလိုက်သည်။ ဒိုင်နမ်းရွာသို့ရောက်ရန် ၁၂ နာရီကြာ ခက်ခက်ခဲခဲသွားခဲ့ရသည်။
ရှေ့ဆောင်များ ရောက်သွားသောနေ့၌ ဒိုင်နမ်းရွာတွင် အသုဘရှိသဖြင့် အနီးအနားရွာများမှ ရောက်နေကြသော ရွာသားများကလည်း ဤကျမ်းစာ ငရဲအကြောင်း ပို၍သိခွင့်ရကြ၏။ သူတို့အားလုံး ထိုဧည့်သည်များထံ အပြေးအလွှားသွားကြသည်။ ည ၇ နာရီအထိ ကြာရှည်သော ကျမ်းစာဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ လူအုပ်စုထဲမှ အလိုက်သိတတ်သူတစ်ဦးက ရှေ့ဆောင်များ အနားရစေရန် ည ၁၁ နာရီတွင် ဆွေးနွေးပွဲကို ရပ်လိုက်သည်။ နောက်နေ့ မနက် ၇ နာရီခန့်တွင် ကျမ်းစာဆွေးနွေးပွဲ စတင်၍ ည ၁၀ နာရီအထိမှပြီးသည်။ ထမင်းစားချိန်လောက်သာ ခဏရပ်နားကြသည်။ ရှေ့ဆောင်များ ရွာမှာပြန်သွားချိန်တွင် သိုးကဲ့သို့သောသူတို့က ကြာကြာနေဖို့ နောက်တစ်ခေါက်ပြန်လာကြရန် မေတ္တာရပ်ခံကြသည်။ သင်ကြားမှုခံယူရန် အသင့်ရှိသောထိုသူတို့အား တန်ဖိုးအနဂ္ဃထိုက်တန်သော နိုင်ငံတော်သတင်းကောင်းဖြင့် အကူအညီပေးရခြင်းသည် အခွင့်ထူးတစ်ရပ်ပါပင်။ မြန်မာနိုင်ငံတွင် ရိတ်စရာစပါး အမှန်ပင် ‘မှည့်’ နေပြီ။
စွန့်ပစ်ထားသော စာအုပ်မှ သမ္မာတရားရရှိပုံ
▫ မြန်မာနိုင်ငံတွင် လူတစ်ဦးသည် စာအုပ်ဟောင်း၊ သတင်းစာဟောင်း၊ စက္ကူရောင်းသည့် မိတ်ဆွေထံ အလည်သွားရာ စက္ကူပုံကြား အဖုံးမရှိသော စာအုပ်ဟောင်းတစ်အုပ်တွေ့ရှိသည်။ ၄င်းကို ကောက်ယူလိုက်ပြီး ဖတ်ကြည့်သည်။ မကြာမီ စိတ်ဝင်စားသွားသည်။ ယင်းမှာ ကင်းမျှော်စင်အသင်းထုတ် ကြီးမြတ်သော ဆရာ့စကားကို နားထောင်ခြင်း စာအုပ်ဖြစ်သည်။ စာအုပ်နောက်ထပ်ရရန် အသင်းမကြီး၏ ဌာနခွဲရုံးသို့ စာရေးဆက်သွယ်သည်။ ဌာနခွဲရုံးက သူ့ထံသို့ ရှေ့ဆောင်တစ်ဦး ချက်ခြင်းလွှတ်လိုက်သည်။ သူနှင့် ကျမ်းစာသင်အံမှု စတင်ကျင်းပ၍ မကြာမီ သမ္မာတရားမှန်း သိမြင်လာသဖြင့် သူ့အသက်တာမှ အကျင့်ဆိုးများကို စ၍ရှင်းလင်းပစ်ပြီးနောက်ပိုင်းတွင် သူ၏ဘာသာရေး ရုပ်ပွားဆင်းတုများကိုပါ ရှင်းပစ်ခဲ့သည်။ များမကြာမီ သူနှင့်သမီးကြီးဖြစ်သူတို့သည် ယေဟောဝါထံအပ်နှံ့၍ နှစ်ခြင်းခံလိုက်ကြသည်။ သူသည် ယခုမှန်မှန်ရှေ့ဆောင်ဖြစ်နေသည်။
မှန်ပေသည်။ မြန်မာနိုင်ငံရှိ သီးနှံ့ဖွံ့ဖြိုးသော လယ်ကွင်းတွင် “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။”—မဿဲ ၉:၃၇၊ ၃၈။