ယေဟောဝါအမှုတော်ကို ရွှင်လန်းစွာထမ်းရွက်ခြင်း
“ထာဝရဘုရား [ယေဟောဝါ၊ NW] ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက်၊ အထံတော်သို့ဝင်ကြ လော့။”—ဆာလံ ၁၀၀:၂ ။
၁-၃။ စည်းဝေးပွဲကြီးတက်ရောက်သူများသည် မည်သည့်အမှန်တရားကိုပေါ်လွင်စေခဲ့သနည်း။ မည်သို့နည်း။
မြင်ကွင်းကား ဘာလင်တွင်ရှိ အိုလံပီယာကစားကွင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးဆယ့်လေးနှစ်က နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာသည် အမေရိကန်လူမည်း တာတိုအပြေးသမားက ရွှေတံဆိပ်လေးခုရရှိခဲ့ခြင်းကို နှိမ်ခဲ့ခြင်းကြောင့် ဤကစားကွင်းကြီးသည် အဓိကအငြင်းအခုံပြောဆိုရာနေရာဖြစ်ခဲ့သည်။ “အာရန်၏ကြီးမြင့်မှု” ဟုဟစ်တလာ၏လူမျိုးနွယ် ကြွေးကြော်မှုအပေါ် အမှန်ပင်အထိနာစေခဲ့သည်။ သို့သော် ယခု ဇူလိုင် ၂၆၊ ၁၉၉၀ တွင်လူမျိုးနွယ်အုပ်စု ၆၄ စုမှစည်းလုံးသောလူများဖြစ်သည့် အမည်းများ၊ အဖြူများ၊ အဝါများ၊ စုစုပေါင်း ၄၄၅၃၂ ယောက်သည်ယေဟောဝါသက်သေများ၏ “စင်ကြယ်သောဘာသာစကား” ခရိုင်စည်းဝေးကြီးအတွက် ဤတွင်စုဝေးခဲ့ကြသည်။ ထိုကြာသပတေးနေ့ မွန်းလွဲပိုင်းက ရွှင်လန်းမှုပြည့်လျှံခဲ့ပါသည်တကား။ နှစ်ခြင်းဟောပြောချက်ပြီးနောက် နှစ်ခြင်းခံမည့်သူ ၁၀၁၈ ဦးသည် ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်ရန် ယေဟောဝါဘုရားထံ သူတို့၏ဆက်ကပ်အပ်နှံခြင်းကို ခိုင်မာစေသည့်အနေနှင့် “ယာ” ( Ja ) ဟုကျယ်လောင်စွာပြောခဲ့ပြီး ထပ်၍ “ယာ” ဟုဆိုခဲ့သည်။
၂ ဤသက်သေခံအသစ်များသည် ကစားကွင်းထဲမှနှစ်ခြင်းခံရာကန်သို့ စီတန်းသွားရာတွင် ၁၉ မိနစ်ကြာသည်။ ထိုမိနစ်များအတွင်း ယင်းကျယ်ဝန်းလှသောကစားကွင်းတစ်လျှောက် မိုးခြိမ်းသံတမျှ ဩဘာသံများထွက်ပေါ်လာသည်။ အိုလံပစ်ကစားပွဲများတွင်အောင်နိုင်ခဲ့သူများသည် လောကကိုအောင်မြင်သောယုံကြည်ခြင်းကိုတင်ပြနေသည့် လူအမျိုးအနွယ်များစွာမှ ဤရာပေါင်းများစွာကို ကြိုဆိုသည့်ယခုကဲ့သို့သော ဩဘာသံမျိုးတစ်ခါမျှမကြုံခဲ့သေးချေ။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကိုစောင့်ခဲသည်မဟုတ်။ ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား၊ လောကကိုအောင်တတ်၏။ လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။” (၁ ယောဟန် ၅:၃၊ ၄) ခရစ်တော်အုပ်ချုပ်သောဘုရားနိုင်ငံတော်သည် လူသားတို့အားအနှစ်တစ်ထောင် ထူးကဲလှစွာသောကောင်းချီးများကို ဖြစ်စေတော့မည့် မျှော်လင့်ချက်တွင် သူတို့၏ရွှင်လန်းမှုကို အခိုင်အမာကျောက်ဆူးချထားကြသည်။ “ထို့ကြောင့်၊ ကတိတော်ကိုအမွေခံရသောသူတို့သည်၊ ဘုရားသခင်၏အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန်မပြောင်းလဲနိုင်သော အရာနှစ်ပါးကိုအမှီပြု၍ ကိုယ်ရှေ့၌ထားသောမျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသောငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။”—ဟေဗြဲ ၆:၁၇၊ ၁၈။ ဗျာဒိတ် ၂၀:၆။ ၂၁:၄၊ ၅။
၃ ဤတွင်မျိုးရိုး သို့မဟုတ် လူမျိုးရေးမုန်းတီးမှုမရှိချေ။ အကြောင်းမှာ၊ အားလုံးသည်ဘုရားနှုတ်ကပတ်တော်၏ စင်ကြယ်သောဘာသာစကားကို ပြောဆိုနေကြကာ၊ ပေတရု၏စကားအမှန်တရားကို အလေးအနက်တင်ပြလျက်ရှိသည်။ “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။”—တမန်တော် ၁၀:၃၄၊ ၃၅။ ဇေဖနိ ၃:၉။
၄။ တက်ရောက်သူများထဲမှ သူအများသည် မည်သည့်အခြေအနေအောက်တွင် ယုံကြည်သူများဖြစ်လာကြသနည်း။ သူတို့၏ဆုတောင်းခြင်းမည်သို့အဖြေရခဲ့သနည်း။
၄ ဘာလင်တွင်ရှိဤတက်ရောက်သူအများစုသည် နာဇီခေတ် (၁၉၃၃-၄၅) အတွင်းနှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်နှင့် ယင်းနောက်အရှေ့ဂျာမဏီတွင် တက်လာသည့် အုပ်ချုပ်မှုအတွင်း ယုံကြည်သူဖြစ်လာသူများဖြစ်ကြသည်။ ထိုတွင်၊ ၁၉၉၀ မတ်လ ၁၄ ရက်နေ့၌ ယေဟောဝါသက်သေများအပေါ်ပိတ်ပင်ထားမှုကို တရားဝင်ဖယ်ရှားလိုက်သည်။ သို့ဖြင့်၊ သူတို့တွင်အများသည် “ကြီးစွာသောဆင်းရဲခြင်းကိုခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တစ်ကွ နှုတ်ကပတ်တရားတော်ကိုခံယူ” ခဲ့ကြသည်။ (၁ သက်သာလောနိတ် ၁:၆) ယခုသူတို့သည် ယေဟောဝါကိုပိုမိုလွတ်လပ်စွာ အမှုဆောင်နိုင်ပြီး၊ သူတို့၏ရွှင်လန်းမှုသည် အကန့်အသတ်မရှိချေ။—ဟေရှာယ ၅၁:၁၁။နှင့်နှိုင်းယှဉ်
ရွှင်လန်းဖွယ်ချိန်ခါ
၅။ ပင်လယ်နီတွင် ယေဟောဝါကယ်တင်ခြင်းကို ဣသရေလများမည်သို့အောင်ပွဲကျင်းပခဲ့သနည်း။
၅ အရှေ့ ဥရောပနှင့်လောလောဆယ် အာဖရိကနှင့်အာရှရှိအချို့အပိုင်းမှ ညီအစ်ကိုများကိုလွှတ်ပေးခြင်းသည် ကျွန်ုပ်တို့အား ရှေးအချိန်ကယေဟောဝါ၏ကယ်လွှတ်ခြင်းများကို သတိရစေသည်။ ပင်လယ်နီတွင်ယေဟောဝါ၏မဟာလုပ်ရပ်နှင့် ဣသရေလတို့၏ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းသည် အောက်ပါစကားသားများအတိုင်း မည်သို့အသံတစ်ဖြည်းဖြည်းနှင့်ကျယ်လာပြီး၊ စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့မည်ကို ကျွန်ုပ်တို့ပြန်ပြောင်းသတိရသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ NW] ဘုရားများတို့တွင်အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကိုခံစဉ်တွင်၊ ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူသော၊ ကိုယ်တော်နှင့်အဘယ်ဘုရားတူပါသနည်း။” (ထွက်မြောက်ရာ ၁၅:၁၁) ယနေ့ ယေဟောဝါရှင်သည်မိမိ၏လူမျိုးအတွက် လုပ်ဆောင်ပေးနေသည့် ထူးမြတ်လှသောအရာများအပေါ် ကျွန်ုပ်တို့ဆက်လက်မရွှင်လန်းပေလော။ အမှန်ပင်ကျွန်ုပ်တို့ ရွှင်လန်းပါသည်တကား။
၆။ ၅၃၇ ဘီစီအီးတွင် ဣသရေလများရွှင်လန်းစွာဟစ်ကြွေးခဲ့ခြင်းမှ ကျွန်ုပ်တို့ဘာသင်ယူနိုင်သနည်း။
၆ ဘီစီအီး ၅၃၇ ၌ဗာဗုလုန်တွင်အချုပ်အနှောင်ခံပြီးနောက် ဣသရေလများသူတို့၏နိုင်ငံတွင် ပြန်လည်နေရာချထားသောအခါ ရွှင်လန်းမှုလွှမ်းမိုးခဲ့သည်။ ယေဟောဝါ၏လူမျိုးသည်ယခု၊ ဟေရှာယပရောဖက်ပြုခဲ့သကဲ့သို့ ကြေညာနိုင်လေပြီ။ “ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ်မရှိဘဲရဲရင့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။” မည်မျှချီးမြှောက်မှုပါတကား။ ထိုရွှင်လန်းမှုကို လူမျိုးတော်သည် မည်သို့တင်ပြမည်နည်း။ ဟေရှာယကဆက်လက်ဖော်ပြသည်။ “ထိုကာလ၌လည်း ‘ထာဝရဘုရား [ယေဟောဝါ၊ NW] ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ နာမတော်ကိုပတ္ထနာပြုကြလော့။ အမှုတော်တို့ကိုလူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည်မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။’ ” ယခုသူတို့သည်ယနေ့ယေဟောဝါရှင်၏ လွတ်မြောက်သောကျေးကျွန်များပြုလုပ်သကဲ့သို့ ကိုယ်တော်၏မဟာလုပ်ရပ်များကို “မြေတစ်ပြင်လုံးတွင် ထင်ရှားစေခြင်းငှာ” “ဝမ်းမြောက်သဖြင့် အော်ဟစ်” နိုင်ပေပြီ။—ဟေရှာယ ၁၂:၁-၆။
ယေဟောဝါ၏လုပ်ငန်းတော်တွင်ရွှင်လန်းခြင်း
၇။ ၁၉၁၉ တွင်မည်သည့်လွတ်မြောက်ခြင်းက ချီးမြှောက်မှုကိုဖြစ်စေသနည်း။
၇ မျက်မှောက်ခေတ်တွင် ယေဟောဝါရှင်သည်မိမိ၏ကျေးကျွန်များအား ၁၉၁၉ တွင်ထူးခြားလှစွာလွတ်မြောက်စေသောအခါ သူတို့သည်ရွှင်လန်းစွာစတင်ဟစ်ကြွေးခဲ့သည်။ ထိုနှစ်မတ်လ ၂၆ ရက်နေ့တွင် ထိုအချိန်ကအုပ်ချုပ်ရေးအဖွဲ့ဝင်များ ထောင်မှလွတ်မြောက်ခဲ့သည်။ ထိုတွင်သူတို့သည် ပုန်ကန်ရန်လှုံ့ဆော်ခြင်းဟူသည့် မတရားစွပ်စွဲချက်ဖြင့် ကိုးလအကျဉ်းကျခဲ့သည်။ သူတို့အားဘရွတ်ကလင်ဗေသလတွင် ပြန်လည်ကြိုဆိုကြစဉ် ပွဲတော်ကြီးတစ်ရပ်ဖြစ်ခဲ့ပါသည်တကား။ ၄င်းပြင်၊ တစ်ကမ္ဘာလုံးကိုစာတန်ဖမ်းဆီးထားသည့် ဘာသာရေးစနစ်မဟာဗာဗုလုန်မှ ဝိညာဉ်ရေးအရလွတ်မြောက်ခံရသည့်အတွက် ဘိသိက်ခံအကြွင်းအကျန်မှသူအားလုံးသည် ယခုရွှင်လန်းနိုင်ကြပြီ။—ဗျာဒိတ် ၁၇:၃-၆၊ ၁၈:၂-၅။
၈။ ၁၉၁၉ တွင်စီဒါပွိုင့်စည်းဝေးပွဲကြီး၌ မည်သည့်အံ့အားသင့်ဖွယ်လွတ်မြောက်ခြင်းကို ကြေညာခဲ့သနည်း။ ဘာကိုလုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သနည်း။
၈ ၁၉၁၉ ၏သမိုင်းဝင်ဖြစ်ပေါ်လာမှုများသည် အမေရိကန်၊ စီဒါပွိုင့်၊ အိုဟိုင်အိုမြို့တွင် စက်တင်ဘာ ၁-၈ ၌ကျင်းပသောစည်းဝေးပွဲကြီးအားဖြင့် သရဖူဆောင်းခဲ့သည်။ ထိုစည်းဝေးပွဲကြီး၏ ပဉ္စမမြောက်နေ့ “လုပ်ဖော်များနေ့” တွင် ကင်းမျှော်စင်အသင်း၏ဥက္ကဌ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်သည်လူ ၆၀၀၀ အား “နိုင်ငံတော်ကိုကြေညာခြင်း” ခေါင်းစဉ်ရှိတက်ကြွဖွယ်ဟောပြောချက်ကို ဟောပြောခဲ့သည်။ သူကဗျာဒိတ် ၁၅:၂ နှင့် ဟေရှာယ ၅၂:၇ ကိုဆွေးနွေးပြီးနောက် သူ၏နားထောင်နေသူများအား .The Golden Age (ယခု နိုးလော့ ဟုသိကြသည်) ဟူသည့်မဂ္ဂဇင်းအသစ်ကို နှစ်ပတ်တစ်ခါ၊ အထူးသဖြင့် လယ်ကွင်းတွင်ဝေငှရန်အတွက် ထုတ်ဝေမည့်အကြောင်း ပြောခဲ့သည်။ နိဂုံးတွင်သူက “သခင်ဘုရားထံအကြွင်းမဲ့ အပ်နှံထားသူများ”၊ ကြောက်ရွံ့ခြင်းကင်းသူများ၊ နှလုံးစင်ကြယ်သူများ၊ ဘုရားရှင်နှင့်သခင်ယေရှုကို သူတို့၏ဉာဏ်၊ ခွန်အား၊ စိုးလ်နှင့်ချစ်သူများသည် အခွင့်အရေးပေးသလောက် ဤလုပ်ငန်းတွင်ပါဝင်ရန် ရွှင်လန်းကြသည်။ သခင်ဘုရားသည်သင့်အား စစ်မှန်သော၊ သစ္စာစောင့်သော၊ စွမ်းဆောင်နိုင်သောသံတမန်ဖြစ်စေရန် ကိုယ်တော်ထံမှလမ်းညွှန်မှုနှင့်ညွှန်ကြားချက်ကို တောင်းခံပါ။ ပြီးနောက် သင့်နှလုံးထဲတွင် ရွှင်လန်းသောသီချင်းဖြင့် ကိုယ်တော်၏အမှုကိုဆောင်ပါလေ။”
၉၊ ၁၀။ ယေဟောဝါရှင်သည် ကင်းမျှော်စင်နှင့်နိုးလော့ စာစောင်များကို မည်သို့တိုးပွားစေခဲ့သနည်း။
၉ ထို “ရွှင်လန်းသောသီချင်း” ကိုကမ္ဘာတစ်ဝန်းတွင် ကြားရသည်။ ကျွန်ုပ်တို့၏စာဖတ်ရှုသူအများသည် နိုးလော့ မဂ္ဂဇင်းကိုဘာသာစကားပေါင်း ၆၄ ဘာသာဖြင့်လက်ရှိစောင်ရေ ၁၂၉၈၀၀၀၀ သို့တိုးမြှင့်ရာတွင် ပါဝင်ခဲ့ပေမည်။ စိတ်ဝင်စားသူများကို သမ္မာတရားသို့ပို့ဆောင်ရာတွင် တန်ခိုးပါသောကိရိယာအဖြစ် နိုးလော့ သည် ကင်းမျှော်စင် အတွက်တွဲဖက်ဖြစ်ခဲ့သည်။ အရှေ့နိုင်ငံတစ်ခုတွင်၊ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် ပုံမှန်မဂ္ဂဇင်းလမ်းကြောင်းတွင် လုပ်ဆောင်နေရာ အိမ်ရှင်တစ်ဦးအားနောက်ဆုံးထုတ်မဂ္ဂဇင်းကိုဝေငှတိုင်း ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းအတွက် ၇ ဒေါ်လာ (ယူအက်စ်) နှင့်ညီသောငွေကို လှူဒါန်းခဲ့သည်ကို အံ့သြဖွယ်တွေ့ခဲ့ရသည်။ အမှန်ပင်၊ နိုင်ငံတော်လုပ်ငန်းအတွက် လေးမြတ်မှုကောင်းတင်ပြခြင်းပါတကား။
၁၀ ယခု ၁၁၂ နှစ်မြောက်စာစောင်အစပြုခဲ့ရာ ကင်းမျှော်စင် သည်ဘာသာပေါင်း ၁၁၁ ဘာသာဖြင့်စောင်ရေ ၁၅၂၉၀၀၀၀ ထုတ်ဝေခဲ့ပြီး၊ ဤစောင်ရေများထဲမှ ၅၉ ခုသည်မာတိကာတစ်မျိုးတည်းနှင့် ကမ္ဘာတစ်ဝန်းတွင် တစ်ပြိုင်တည်းထွက်လေသည်။ သစ္စာရှိဘဏ္ဍာစိုးအနေနှင့် ဘိသိက်ခံအကြွင်းအကျန်များသည် လေးမြတ်သောဖတ်ရှုသူများအား “အချိန်တန်လျှင် [ဝိညာဏ] အစားအသောက်တို့ကို” ဆက်လက်ပေးဝေလျက်ရှိသည်။ (လုကာ ၁၂:၄၂) ၁၉၉၀ အတွင်းယေဟောဝါသက်သေများသည် မဂ္ဂဇင်းနှစ်စောင်အပေါ် နှစ်စဉ်ကြေးအသစ် ၂၉၆၈၃၀၉ ခုကောက်ခံရှိခဲ့ရာ ၁၉၈၉ ခုနှစ်ထက် ၂၂.၇ ရာနှုန်းတိုးတက်မှုဖြစ်သည်။
ရွှင်လန်းမှုပြည့်လျှံ
၁၁။ (က) ၁၉၂၂ တွင်စီဒါပွိုင့်အိုဟိုင်အို၌ ဘုရားရှင်လူများအား မည်သည့်ဖိတ်ခေါ်ချက်ကမ်းလှမ်းခဲ့သနည်း။ (ခ) ရွှင်လန်းသောဟစ်ကြွေးသံမည်သို့တိုးချဲ့ခဲ့သနည်း။
၁၁ ဘုရား၏လူမျိုးဖြစ်သော ယခုအရေအတွက်အားဖြင့် ၁၀၀၀၀ သည် ၁၉၂၂ စက်တင်ဘာတွင် စီဒါပွိုင့်၌ ဒုတိယစည်းဝေးပွဲကြီးအတွက် စုဝေးကြသောအခါ ရွှင်လန်းမှုပြည့်လျှံခဲ့ပြီး၊ ၃၆၁ ဦးနှစ်ခြင်းခံခဲ့သည်။ မဿဲ ၄:၁၇ အပေါ်အခြေခံထားသော “ကောင်းကင်နိုင်ငံတော် ရောက်ရှိပြီ” ဟူသည့်သူ၏ဟောပြောချက်၌ ညီအစ်ကိုရပ်သဖို့ဒ်က ဤသို့တက်ကြွစွာအထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ “ယေဟောဝါရှင်သည်ဘုရားဖြစ်ကြောင်း၊ ယေရှုခရစ်သည်ဘုရင်တို့၏ဘုရင်နှင့် သခင်တို့၏သခင်ဖြစ်ကြောင်း လောကသည်သိရကြမည်။ ယခုအချိန်သည် အချိန်တကာ့အချိန်ဖြစ်သည်။ ကြည့်ရှုလော့၊ ဘုရင်စိုးစံပြီ။ သင်သည်ကိုယ်တော်၏ ကြေညာရေးကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရင်နှင့်ကိုယ်တော်၏နိုင်ငံတော်ကို ကြေညာလော့၊ ကြေညာလော့၊ ကြေညာလော့။” ထိုစည်းဝေးပွဲကြီးတွင် ထွက်ပေါ်လာသော ရွှင်လန်းစွာဟစ်ကြွေးသူများသည် အရေအတွက်တိုးချဲ့လာလေရာ ၁၉၈၉ တွင်စည်းဝေးပွဲကြီးများ ၁၂၁၀ ခုတွင်လူပေါင်း ၆၆၀၀၀၀၀ ကျော်စုဝေးလာသည်အထိဖြစ်လာပြီး၊ ထိုတွင် ၁၂၃၆၈၈ ဦးနှစ်ခြင်းခံခဲ့သည်။
၁၂။ (က) ဘုရားရှင်၏လူများယနေ့မည်သည့်အကန့်အသတ်မရှိရွှင်လန်းခြင်း၌ ခံစားနေကြသနည်း။ (ခ) ကျွန်ုပ်တို့သည် ယေဟောဝါအမှုဆောင်ခြင်းနှင့် “အာဏာစက်” များကို နာခံခြင်းအား မည်သို့မျှတစေသနည်း။
၁၂ ယေဟောဝါသက်သေများသည် သူတို့၏လွတ်မြောက်မှုကို မြတ်နိုးသည်။ ရှိသမျှတွင် သူတို့သည်ယေရှု၏စကားများ မျက်မှောက်ခေတ်ပြည့်စုံချက်၌ သူတို့ရွှင်လန်းကြသည်။ “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည်သင်တို့ကို လွှတ်လိမ့်မည်။” မှောက်မှားသောဘာသာ၏ နားမလည်နိုင်သော အယူသီးမှုများမှလွတ်မြောက်ရခြင်းသည် ရွှင်လန်းဖွယ်ပါတကား။ ယေဟောဝါနှင့်ကိုယ်တော်၏ သားတော်ကိုသိရှိရပြီး၊ ထာဝရအသက်မျှော်လင့်ချက်နှင့်တကွ ကိုယ်တော်တို့နှင့်အတူ လုပ်ဆောင်ရသည်မှာ အကန့်အသတ်မရှိသော ပျော်ရွှင်မှုပါတကား။ (ယောဟန် ၈:၃၂။ ၁၇:၃။ ၁ ကောရိန္သု ၃:၉-၁၁) သူတို့နေထိုင်ရာ ဤလောက၏ “မင်းအာဏာစက်” များသည် ခရစ်တော်လက်အောက်ယေဟောဝါနိုင်ငံတော်၏ ထူးမြတ်သောမျှော်လင့်ချက်ကိုကြေညာခြင်းအား လွတ်လပ်မှုပေးပြီးလေးစားမှုပြသောကြောင့်လည်း ဘုရားကျေးကျွန်များကျေးဇူးတင်လေးမြတ်ကြသည်။ သူတို့သည်စိတ်ပါလက်ပါနှင့် “ကဲသာနှင့်ဆိုင်သည်ကိုကဲသာအားပေးပြီး” တစ်ချိန်တည်းတွင် “ဘုရားနှင့်ဆိုင်သည်ကိုဘုရားအား” ပေးကြသည်။—ရောမ ၁၃:၁-၇။ လုကာ ၂၀:၂၅။
၁၃။ ယေဟောဝါသက်သေများသည် ဖိနှိပ်မှုလွတ်မြောက်လာရာရွှင်လန်းမှုကို မည်သို့တင်ပြခဲ့ကြသနည်း။
၁၃ သို့သော်လူ့အာဏာစက်များသည် ဘုရားအပေါ်ဤတာဝန်ကိုပိတ်ပင်သောအခါ ယေဟောဝါသက်သေများသည် တမန်တော်များကဲ့သို့ ဖြေကြသည်။ “လူ၏စကားထက်ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။” ထိုဖြစ်ရပ်တွင် အာဏာပိုင်များသည်တမန်တော်များကိုလွှတ်လိုက်ပြီးနောက် သူတို့သည် “ဝမ်းမြောက်သောစိတ်ရှိ၍ . . . ထွက်သွားကြ၏။” ထိုရွှင်လန်းမှုကိုသူတို့မည်သို့ တင်ပြကြသနည်း။ “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း၊ နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက် ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တမန်တော် ၅:၂၇-၃၂၊ ၄၁၊ ၄၂) အလားတူပင် မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် သူတို့၏အမှုဆောင်လုပ်ငန်းထမ်းဆောင်ရန် ပိုမိုလွတ်မြောက်မှုရရှိသောအခါ ရွှင်လန်းကြသည်။ ယေဟောဝါလမ်းဖွင့်ပေးသော နိုင်ငံအများတွင် ယေဟောဝါ၏နာမနှင့်ခရစ်တော်အားဖြင့်လာလတံ့သော နိုင်ငံတော်အကြောင်းကို စေ့စပ်စွာကြေညာခြင်းဖြင့် ရွှင်လန်းမှုကြီးကိုသူတို့တင်ပြကြသည်။—တမန်တော် ၂၀:၂၀၊ ၂၁၊ ၂၄။ ၂၃:၁၁။ ၂၈:၁၆၊ ၂၃ နှင့်နှိုင်းယှဉ်။
ရွှင်လန်းမှုဖြင့်ခံရပ်ခြင်း
၁၄။ ဝိညာဉ်အသီးဖြစ်သော ဤရွှင်လန်းခြင်းသည် အဘိဓာန်ရှင်းပြသည်ထက်မည်သို့ပိုသာလွန်သနည်း။
၁၄ ခရစ်ယာန်စစ်များခံစားရသော ဤပျော်ရွှင်မှုကြီးကားအဘယ်နည်း။ ယင်းသည်အိုလံပစ်ကစားပွဲများတွင် အောင်နိုင်သူခံစားရသော ယာယီရွှင်လန်းမှုထက် များစွာနက်ရှိုင်းပြီးပို၍တည်မြဲသည်။ ယင်းသည်ဘုရားရှင့်သန့်ရှင်းသောဝိညာဉ်တော်၏ အသီးတစ်သီးဖြစ်ပြီး၊ “ကိုယ်တော်အားအုပ်စိုးရှင်အဖြစ်နာခံ” သူများအားဘုရားရှင်ပေးသောအရာဖြစ်သည်။ (တမန်တော် ၅:၃၂) ။ Webster’s အဘိဓာန်က ရွှင်လန်းမှုကို ‘ပျော်မွေ့ခြင်းထက်ပိုနက်ရှိုင်းပြီး၊ ဝမ်းမြောက်ခြင်းထက်ပို၍ထင်ရှား သို့မဟုတ် ပေါ်လွင်သည်’ ဟုဖော်ပြထားသည်။ ခရစ်ယာန်များအတွက်ရွှင်လန်းခြင်းသည် ပို၍လေးနက်သော အဓိပ္ပာယ်ဆောင်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတွင် အခြေစိုက်ထားသောကြောင့် ယင်းသည်တန်ခိုးပါ၍ ခိုင်ခံ့စေသောအရည်အချင်းဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] ပေးတော်မူသောအခွင့်နှင့် အားယူ၍ရဲရင့်ကြလော့။” (နေဟမိ ၈:၁၀) ဘုရားရှင်လူများမွေးမြူသော ယေဟောဝါ၏ရွှင်လန်းခြင်းသည် ဇာတိလောကပျော်ရွှင်မှုမှ လူတို့ရရှိသောစိတ်လှုပ်ရှားမှုထက် များစွာသာလွန်ထူးမြတ်သည်။—ဂလာတိ ၅:၁၉-၂၃။
၁၅။(က) သစ္စာရှိခရစ်ယာန်များ၏အတွေ့အကြုံတွင် ခံနိုင်ရည်သည် ရွှင်လန်းခြင်းနှင့်မည်သို့ယှဉ်တွဲနေသနည်း။ (ခ) ရွှင်လန်းခြင်းကို ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ အားရဖွယ်စိတ်ချမှုပေးထားသောကျမ်းချက်အချို့ကို ဖေါ်ပြပါ။
၁၅ ယူခရိန်းနယ်တွင်ရှိကျွန်ုပ်တို့၏ ညီအစ်ကိုများကိုစဉ်းစားကြည့်ပါ။ ‘အာဏာစက်များ’ သည်ထောင်ပေါင်းများစွာသော ဤသူများကို ၁၉၅၀ ပြည့်နှစ်များစောစောပိုင်းက ဆိုက်ဘီးရီးယားတွင် အကျဉ်းချစဉ်က သူတို့ကြီးစွာသောအခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင်အာဏာပိုင်များသည် သူတို့အားလွတ်ငြိမ်းခွင့်ပေးသောအခါ သူတို့ကျေးဇူးတင်ကြသည်။ သို့သော်သူတို့မှအချို့သည် သူတို့နေရင်းသို့မပြန်ခဲ့ချေ။ အဘယ်ကြောင့်နည်း။ အရှေ့ပိုင်းတွင်သူတို့လုပ်ဆောင်ခဲ့ရသည်များသည် သူတို့အားယာကုပ် ၁:၂-၄ ကိုသတိရစေခဲ့သည်။ “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကိုတိုးပွားစေတတ်သည်ဟုသိမှတ်လျက် အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု သိမှတ်ကြလော့။” သူတို့သည်ဆက်လက်၍ ရွှင်လန်းသောရိတ်သိမ်းခြင်းတွင် ခံနိုင်ရည်ရှိလိုကြသည်။ မကြာသေးမီကပိုလန်တွင် ယေဟောဝါသက်သေများ၏စည်းဝေးပွဲကြီးများ၌ အရှေ့ဖျားဖြစ်သောပစိဖိတ်ကမ်းခြေမှ သက်သေခံများကိုပင်ကြိုဆိုခဲ့ရသည်မှာ မည်မျှရွှင်လန်းမှုကြီးပါတကား။ ဤအသီးသီးနိုင်ရန်ခံနိုင်ရည်နှင့်ရွှင်လန်းမှုသည် လက်တွဲခဲ့သည်။ အမှန်ပင်၊ ယေဟောဝါ၏အမှုတော်တွင် ရွှင်လန်းစွာခံနိုင်ရည်ရှိသူကျွန်ုပ်တို့အားလုံးသည် “သို့သော်လည်း၊ ထာဝရဘုရား [ယေဟောဝါ၊ NW] ၌ငါဝမ်းမြောက်၍ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်” ဟုဆိုနိုင်လေသည်။—ဟဗက္ကုတ် ၃:၁၈၊ ၁၉။ မဿဲ ၅:၁၁၊ ၁၂။
၁၆။ ယေရမိနှင့်ယောဘ၏ပုံသက်သေကောင်းများက ကျွန်ုပ်တို့အားအမှုဆောင်လယ်ကွင်းတွင်မည်သို့အားပေးသင့်သနည်း။
၁၆ ခေါင်းမာ၍ဆန့်ကျင့်သူများကြားတွင် သက်သေခံသောအခါ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို မည်ကဲ့သို့ထိန်းသိမ်းထားနိုင်မည်နည်း။ ဘုရားရှင်၏ပရောဖက်များသည် အလားတူအခြေအနေများတွင် ရွှင်လန်းသောအမြင်ထားရှိခဲ့သည်ကိုသတိရပါ။ စုံစမ်းခြင်းအောက်တွင်ယေရမိကဆိုခဲ့သည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တွေ့သောနှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမတော်ဖြင့်အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။” (ယေရမိ ၁၅:၁၆) ယေဟောဝါ၏နာမနှင့်သမုတ်ခံရ၍ ထိုနာမတော်ကိုသက်သေခံရခြင်းသည် မည်မျှအခွင့်အရေးကြီးပါတကား။ ကိုယ်ပိုင်လေ့လာခြင်းတွင် ကျွန်ုပ်တို့၏အားသွန်ခွန်စိုက်ပါဝင်ခြင်းနှင့် ခရစ်ယာန်စည်းဝေးများတွင် ပြည့်ပြည့်ဝဝပါဝင်ခြင်းသည် သမ္မာတရားတွင်ဆက်လက်ရွှင်လန်းနေရန် တည်ဆောက်ပေးသည်။ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို လယ်ကွင်းတွင်ကျွန်ုပ်တို့၏အပြုအမူများနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်အပြုံးအားဖြင့် တင်ပြနေသည်။ ခါးသီးသောစုံစမ်းမှုအောက်တွင်ပင် ယောဘသည်သူ၏ရန်သူများအား ဤသို့ဆိုနိုင်ခဲ့သည်။ “ငါသည်ပြုံးလျက် သူတို့ကိုကြည့်ရှုသောအခါ၊ သူတို့သည်မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။” (ယောဘ ၂၉:၂၄) ထို့ပြင်ဆန့်ကျင်သူများသည် ကျွန်ုပ်တို့အားကဲ့ရဲ့သောအခါ၊ ညှိုးငယ်သွားရန်မလိုချေ။ ကျွန်ုပ်တို့၏မျက်နှာရိပ်သည် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ရောင်ပြန်ဟပ်နိုင်ပြီး ယင်းမှနားထောင်လိုသူများရလာနိုင်သည်။
၁၇။ ရွှင်လန်းမှုနှင့်ခံနိုင်ရည်ရှိခြင်းသည် မည်သို့အသီး သီးစေမည်နည်း။
၁၇ ကျွန်ုပ်တို့သည် ရပ်ကွက်ကိုထပ်တလဲလဲလုပ်ဆောင်စဉ်၊ ကျွန်ုပ်တို့၏ခံနိုင်ရည်နှင့် ရွှင်လန်းခြင်းက၊ ရိုးဖြောင့်သူများအား သတိပြုမိစေကာ ကျွန်ုပ်တို့စွဲကိုင်ထားသော ထူးမြတ်လှသည့် မျှော်လင့်ချက်ကို လေ့လာစမ်းစစ်ရန် သူတို့အားတိုက်တွန်းပေမည်။ သူတို့နှင့်မှန်မှန်ကျမ်းစာသင်အံရခြင်းသည် မည်မျှ ရွှင်လန်းမှုကြီးပါတကား။ ဘုရားနှုတ်ကပတ်တော်၏အဖိုးထိုက်လှသော သမ္မာတရားများကို သူတို့နှလုံးသွင်းလာပြီး နောက်ဆုံးတွင် သူတို့သည် ယေဟောဝါ၏အမှုတော်တွင် ကျွန်ုပ်တို့၏အသင်းအပင်းဖြစ်လာသောအခါ ကျွန်ုပ်တို့မည်မျှရွှင်လန်းမှု ခံစားရပါသည်တကား။ သို့နှင့်တမန်တော်ပေါလုသည် သူ၏လက်ထက်ရှိယုံကြည်သူလူသစ်များကို ဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်ဆိုနိုင်ပေမည်။ “ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ဦးရစ်သရဖူကား အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သောအကြောင်းအရာဖြစ်ကြသည် မဟုတ်လော။ သင်တို့သည်ငါတို့၏ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်းအကြောင်းဖြစ်ကြသတည်း။” (၁ သက်သာလောနိတ် ၂:၁၉၊ ၂၀) ကျေနပ်ဖွယ်ရွှင်လန်းခြင်းသည် လူသစ်များအား ဘုရားနှုတ်ကပတ်တော်၏သမ္မာတရားသို့ပို့ဆောင်ခြင်းနှင့် သူတို့အားဆက်ကပ်အပ်နှံနှစ်ခြင်းခံများဖြစ်လာရန် ကူညီပေးခြင်းမှ ရရှိသည်မှာအမှန်ပင်။
တည်မြဲသောရွှင်လန်းမှု
၁၈။ မျက်မှောက်ခေတ်စုံစမ်းခြင်းများကိုတွန်းလှန်နိုင်ရန်ဘာကကျွန်ုပ်တို့အားကူညီပေးမည်နည်း။
၁၈ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ခံနိုင်ရည်ရှိရန် လိုအပ်သောအခြေအနေများစွာရင်ဆိုင်ရသည်။ ကိုယ်ကာယဖျားနာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စီးပွားရေးအခက်အခဲများသည် အချို့တစ်ဝက်သာဖြစ်သည်။ ခရစ်ယာန်တစ်ဦးသည် ထိုသို့သောစုံစမ်းခြင်းကို တိုက်လှန်ပြီး မိမိ၏ရွှင်လန်းမှုကို မည်သို့ထိန်းသိမ်းထားနိုင်မည်နည်း။ နှစ်သိမ့်မှုနှင့် လမ်းညွှန်မှုအတွက် ဘုရားနှုတ်ကပတ်တော်သို့သွားခြင်းဖြင့် ယင်းကိုလုပ်ဆောင်နိုင်သည်။ ဆာလံကျမ်းကိုဖတ်ရှုခြင်း သို့မဟုတ် ဖတ်သွားသည်ကိုနားထောင်ခြင်းသည် စုံစမ်းရာအချိန်တွင် ရွှင်လန်းမှုများစွာကို ဖြစ်ပေါ်စေသည်။ ဒါဝိဒ်၏ပညာရှိအကြံဉာဏ်ကိုသတိပြုပါ။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကိုအစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) ယေဟောဝါသည်အမှန်ပင် “ပတ္ထနာစကားကိုနားထောင်” သူဖြစ်သည်။—ဆာလံ ၆၅:၂။
၁၉ အားနည်း၍ ပြဿနာများနှင့်လုံးထွေးနေရသော ကျွန်ုပ်တို့အားကူညီရန် ယေဟောဝါအဖွဲ့အစည်းသည် ယင်း၏စာတိုစာတမ်းနှင့် အသင်းတော်အကြီးအကဲများအားဖြင့် အသင့်ရှိနေသည်။ ဒါဝိဒ်ကနွေးထွေးစွာ အကြံပြုသည်။ “ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်စီရင်တော်မူမည်။” သူကဤသို့လည်းဆိုနိုင်ခဲ့သေးသည်။ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည်အသက်ပျိုစဉ်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” ခရစ်ယာန်အသင်းတော်နှင့်ဆက်နွယ်၍ “ဖြောင့်မတ်သောသူ၏ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌သူတို့ခိုလှုံရာဖြစ်တော်မူကြောင်း” ကျွန်ုပ်တို့သတိပြုမိပေမည်။ (ဆာလံ ၃၇:၅၊ ၂၅၊ ၃၉) ပေါလု၏အကြံဉာဏ်ကို ကျွန်ုပ်တို့အစဉ်လိုက်လျှောက်ကြပါစို့။ “မျှော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။”—။ ၂ ကောရိန္သု ၄:၁၆-၁၈။
၂၀ ကျွန်ုပ်တို့၏ယုံကြည်ခြင်းမျက်စိဖြင့် ယေဟောဝါ၏စနစ်သစ်သည် ရှေ့နားလေးတွင်သာရှိကြောင်း ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ ထိုတွင် မနှိုင်းယှဉ်နိုင်သောရွှင်လန်းမှုနှင့် ကောင်းချီးများစွာရှိနေပါမည်တကား။ (ဆာလံ ၃၇:၃၄။ ၇၂:၁၊ ၇။ ၁၄၅:၁၆) ထိုထူးမြတ်လှသောချိန်ခါအတွက် ပြင်ဆင်သည့်အနေနှင့် ကျွန်ုပ်တို့သည် ဆာလံ ၁၀၀:၂ တွင်ပါစကားများကို နာယူကြပါစို့။ “ထာဝရဘုရား [ယေဟောဝါ၊ NW] ၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက်၊ အထံတော်သို့ဝင်ကြလော့။”
ပြန်လည်သုံးသပ်ရန်
▫ ယနေ့လူမျိုးရေးအပေါ်မည်သည့်ရွှင်လန်းဖွယ်အောင်မြင်မှုကိုမြင်တွေ့ရသနည်း။
▫ ဘုရားရှင်၏ရှေးလူမျိုးတော်သီချင်းဆိုရန်နှင့်ရွှင်လန်းစွာဟစ်ကြွေးရန်ဘာကဖြစ်စေသနည်း။
▫ မျက်မှောက်ခေတ်တွင် စစ်မှန်သောရွှင်လန်းမှုမည်သို့တိုးပွားလာခဲ့သနည်း။
▫ ခံနိုင်ရည်နှင့်ရွှင်လန်းမှု မည်သို့ယှဉ်တွဲနေသနည်း။
▫ ကျွန်ုပ်တို့၏ရွှင်လန်းခြင်းကို မည်သို့သောနည်းများဖြင့်ထိန်းသိမ်းထားနိုင်သနည်း။
၁၉။ ဒါဝိဒ်နှင့်ပေါလုတို့ကဲ့သို့ မည်သည့်ယုံကြည်စိတ်ချမှုကျွန်ုပ်တို့ရရှိနိုင်သနည်း။
၂၀။ ယုံကြည်ခြင်းမျက်စိဖြင့်ကျွန်ုပ်တို့ဘာတွေ့မြင်နိုင်သနည်း။ ယင်းကကျွန်ုပ်တို့ကိုမည်သို့လှုံ့ဆော်သင့်သနည်း။