သမ္မာကျမ်းစာကို သင်မည်မျှ ကောင်းစွာသိသနည်း
‘သောမတ်စ်စာစောင်လား။
အဲ့ဒါက၊ သမ္မာကျမ်းစာထဲမှာပါတယ်။ ဒါပေမယ့် ယောနစာစောင်ကတော့ မပါဘူး။ ခရစ်တော်ရဲ့မွေးရပ်မြေကော။
အိုး၊ အဲ့ဒါကတော့၊ ယေရုရှလင်မှာပါ—ဒါမှမဟုတ် နာဇရက်မှာလား။ ဟေရှာယကျမ်းကတော့ သမ္မာကျမ်းစာရဲ့ ပထမပိုင်းမှာလား ဒုတိယပိုင်းမှာလား၊ ကျွန်တော်သိပ်မသေချာဘူး။ တမန်တော်များရဲ့အရေအတွက်ကော။
ဒါတော့ကျွန်တော်တကယ့်ကိုမသိဘူး။’
“ဤတွေ့ရှိချက်များသည် ခရစ်ယာန်မဟုတ်သူများထံမှလာကြောင်း တွေ့ရှိရလျှင် အံ့ဩစရာဖြစ်မည်မဟုတ်” ဟု Christianity Today မဂ္ဂဇင်းကဆိုသည်။ “အံ့သြစိတ်ပျက်ဖွယ်မှာ ဒုတိယမွေးဖွားခြင်းရသည်ဆိုသော ခရစ်ယာန်များတွင် ကျမ်းဆိုင်ရာအသိနည်းလှခြင်းကို တွေ့ရခြင်းပင်ဖြစ်သည်။”
ဥပမာအနေနှင့်သုတေသနပြုလုပ်ခဲ့သော ခရစ်ယာန်အခေါ်ခံများမှ ၂၂ ရာနှုန်းက သမ္မာကျမ်းစာတွင် သောမတ်စ်စာစောင်အမှန်ပင်ပါဝင်ကြောင်း ထင်မြင်ခဲ့ပြီး၊ ၁၃ ရာနှုန်းမှာမသေချာချေ။ ယောနစာစောင်မူ ၂၇ ရာနှုန်းကကျမ်းစာတွင်မပါကြောင်းဆိုပြီး၊ ၁၂ ရာနှုန်းကစိတ်ကူး၍ပင်မရချေ။ ခရစ်တော်အဘယ်မှာမွေးကြောင်း ခြောက်ရာနှုန်းကမှန်း၍ပင် မပြောနိုင်ဘဲ၊ ၁၆ ရာနှုန်းကယေရုရှလင်နှင့် ၈ ရာနှုန်းကနာဇရက်ဟုဆိုသည်။ ဟေရှာယစာစောင်သည် သမ္မာကျမ်းစာ၏မည်သည့်နေရာတွင်ရှိကြောင်း၊ ၁၃ ရာနှုန်းမျှလောက်သောသူများစိတ်ကူး၍ပင်မရဘဲ၊ ၁၁ ရာနှုန်းကယင်းကိုခရစ်ယာန်ဂရိတ်ကျမ်းစောင် (“ဓမ္မသစ်”) တွင်ရှိသည်ဟုဆိုသည်။ အများကတမန်တော် ၁၂ ပါးရှိကြောင်းသိကြသော်လည်း၊ ၁၂ ရာနှုန်းကအရေအတွက်ကို ၂ မှ ၂၀ ကျော်အထိပြောကာ ၁၀ ရာနှုန်းသည်လုံးဝစိတ်ကူး၍ပင်မရချေ။
ဒုက္ခအပေးဆုံးမေးခွန်းမှာ၊ “မိမိတို့ကိုယ်ကိုထောက်မသူအား ဘုရားထောက်မသည်” ဟူသည့်စကားသည် သမ္မာကျမ်းစာတွင်ပါ,မပါဆိုသည့်အချက်ပင်ဖြစ်သည်။ မေးမြန်းခဲ့သော “ခရစ်ယာန်” များမှ ၃၈ ရာနှုန်းသာယင်းသည်သမ္မာကျမ်းစာ၏ မည်သည့်နေရာတွင်မှမတွေ့ရကြောင်း သိရှိကြပြီး၊ အများစု ၄၂ ရာနှုန်းကယင်းသည်ကျမ်းဆိုင်ရာ ကောက်နှုတ်ချက်ဖြစ်ကြောင်း ထင်မြင်ခဲ့ကြသည်။ ကျန်လူများကတော့မသိကြချေ။
သမ္မာကျမ်းစာနှင့်စပ်လျဉ်း၍ အဘယ်ကြောင့်ဤမျှလောက် အသိကင်းမဲ့ရသနည်းဟု Christianity Today ကမေးသည်။ အဓိကဖြစ်နိုင်သည်မှာ ကျမ်းစာမဖတ်သောကြောင့်ဖြစ်သည်။ အမေရိကန်လူမျိုးအားလုံး၏ထက်ဝက်သည် သမ္မာကျမ်းစာကိုမဖတ်ရှုကြချေ။ ဒုတိယမွေးဖွားခြင်းရသည်ဆိုသော ခရစ်ယာန်အများစုသည် သမ္မာကျမ်းစာကိုတစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖတ်၍ သို့မဟုတ် လုံးဝမဖတ်ကြချေ။ ထို့ကြောင့်ပင်၊ ခရစ်ယာန်အများသည် ကျမ်းစောင်များအကြောင်းအနည်းအကျဉ်းသာသိရှိခြင်းသည် အံ့ဩစရာမဟုတ်ချေ။