ဘုရားသခင့် အဖွဲ့အစည်းကိုစွဲမြဲတွယ်ကပ်နေခြင်း
ရွိုင်၊ အေ၊ ရိုင်ယန် (ROY A. RYAN) ပြောပြသည်
တာင်ကုန်းတောင်တန်းများထူထပ်သည့် တောတောင်ရေမြေအလယ်တွင် သဲတောင်ကုန်းကြီးတစ်ခုဖြစ်နေသောကြောင့် မစ်ဇိုရီ၊ စဲန်ဒ်ဟေးလ် (သဲတောင်ကုန်း) ဟုအမည်ရခြင်းမှာဆီလျော်လှသည်။ ဤလမ်းဆုံရွာကလေးသည် ရတ္တလစ်ဂျ်မြို့အနောက်ဘက်သုံးမိုင်အကွာတွင် တည်ရှိပြီး အိမ်ရှစ်လုံးကိုးလုံးခန့်နှင့် မက်သဒစ်ဘုရားကျောင်းတစ်ကျောင်း ပန်းပဲဖိုငယ်လေးတစ်ခုတို့တည်ရှိသည်။ ထိုတွင်ကျွန်တော့်ကို ၁၉၀၀ ပြည့်နှစ်အောက်တိုဘာ ၂၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။
ကျွန်တော့်အဖေမှာ ရွာရှိပန်းပဲဆရာဖြစ်သည်။ ကျွန်တော့်မိဘများသည် ဘုရားကျောင်းတက်ခဲသော်လည်း အမေကကျွန်တော့်ကို မက်သဒစ်ဘုရားကျောင်းရှိဥပုသ်စာဖြေကျောင်းသို့ပို့သည်။ ကျမ်းစာသမ္မာတရားကိုငတ်မွတ်ခြင်းနှင့် ထာဝရအသက်တာကိုစိတ်ဝင်စားခြင်းတို့သည် ကျွန်တော့်ရင်ဝယ်ကြီးထွားလာခဲ့သည်။
ကျွန်တော်အသက် ၁၆ နှစ်ရောက်သောအခါ စဲန်တာဖဲရထားလမ်းတွင် ကျွန်တော်အလုပ်ဝင်သည်။ အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများ (နောင်တွင်ယေဟောဝါသက်သေများဟုခေါ်) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းမ်လည်းကျွန်တော်တို့ရထားလမ်းလုပ်သားအုပ်စုတွင် ပါဝင်လုပ်ကိုင်လာသည်။ သူနှင့်ကျွန်တော်မကြာခဏတွဲအလုပ်လုပ်ရသည်။ ကျမ်းစာမှအကြောင်းအရာများကို ဂျင်းမ်ကပြောပြသောအခါ ကျွန်တော်နားထောင်ခဲ့သည်။ ကျွန်တော်သဘောကျသဖြင့် သူ့ထံမှစာအုပ်တစ်အုပ်ငှားဖတ်နိုင်မည်လောဟုမေးခဲ့သည်။
ဦးဆုံးအနေနှင့်ဂျင်းမ်က ကျွန်တော့်ကို အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်းမှ စီ၊ တီ၊ ရပ်စယ်လ်ထုတ်ဝေသော ကျမ်းစာများတွင်လေ့လာမှုများ စာအုပ်ကိုငှားခဲ့သည်။ ထိုစာအုပ်ဖတ်ပြီးသောအခါ နောက်ထပ်စာအုပ်များကိုတောင်းဖတ်ခဲ့သည်။ များမကြာမီ ဂျင်းမ်အလုပ်မှထွက်သွားပြီး နောက်တစ်ကြိမ်သူ့ကို ရတ္တလစ်ဂျ်လမ်းပေါ်တွင် ပြန်တွေ့ချိန်၌ Scenario of the Photo—Drama of Creation ရုပ်ပြစာအုပ်အမှာစာရင်းကောက်ယူနေသည်။ နောက်ပိုင်းတွင် သူ့အိမ်၌ကျင်းပသောအုပ်စုစည်းဝေးပွဲသို့ ကျွန်တော့်ကိုခေါ်ဖိတ်သည်။ အစည်းအဝေးတက်ရန် ရတ္တလစ်ဂျ်မြို့သို့သုံးမိုင်ခရီးကို တနင်္ဂနွေနေ့တိုင်း ကျွန်တော်လမ်းလျှောက်သွားသည်။
၁၉၁၉ ခုနှစ်၊ ရွှေခေတ် (ယခု နိုးလော့) မဂ္ဂဇင်းစတင်ထုတ်ဝေသောအခါ လယ်ကွင်းဓမ္မအမှုတွင် ကျွန်တော်စတင်ပါဝင်လာခဲ့သည်။ ကျွန်တော်နှင့်အခြားကျမ်းစာကျောင်းသားလူသစ်တစ်ဦးတို့သည် ထိုစာအုပ်သစ်ကို တစ်အိမ်တက်ဆင်းဖြန့်ချိရန်ဆုံးဖြတ်ကြသည်။ ကိုယ့်မြို့တွင်ထိုသို့ပြုရန်အနည်းငယ်ကြောက်လန့်သဖြင့် ရထားစီး၍အနီးအနားမြို့တစ်မြို့သို့သွားကြသည်။ မနက်ပိုင်းတွင် ရောက်သွားပြီး ကျွန်တော်တို့လမ်းခွဲကာတစ်ယောက်စီအိမ်တံခါးများလိုက်ခေါက်ကြသည်မှာ နေ့လည်အထိပင်ဖြစ်သည်။ ဤလုပ်ငန်းတွင် ကျွန်တော်တို့တစ်ခါမျှလေ့ကျင့်မခံခဲ့ရသော်လည်း ဤသို့ပြုခဲ့ကြသည်။ နှစ်စဉ်ကြေးနှစ်ခုကို ကျွန်တော်ကောက်ခံရရှိခဲ့ပြီး တစ်ခုမှာရထားလမ်းတွင် ကျွန်တော်နှင့်အတူအလုပ်လုပ်ခဲ့ဘူးသူဖြစ်သည်။
၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်တွင် ရတ္တလစ်ဂျ်မြို့အနီးရှိရေကန်တစ်ခုတွင် ကျွန်တော်နှစ်ခြင်းယူခဲ့သည်။ အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်းနှင့် ပတ်သက်သည့်အတွက် ကျွန်တော့်မိဘများက ကျွန်တော့်ကိုကန့်ကွက်ကြသည်။ အကြောင်းမှာ ဓမ္မဆရာများ၏သွေးထိုးလှုံ့ဆော်မှုကြောင့် စစ်ပွဲကာလဖြစ်သော ၁၉၁၄ မှ ၁၉၁၈ ခုနှစ်များအတွင်း ကျမ်းစာကျောင်းသားများဆန့်ကျင်ခံရသောကြောင့်ဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် ကျွန်တော့်အဖေသည် ကျမ်းစာကျောင်းသားများ၏အစည်းအဝေးကို စတင်တက်ရောက်လာပြီး ရွှေခေတ် မဂ္ဂဇင်းကိုလည်းဖတ်လာသည်။ အမေမဆုံးမီတွင် အမေသည် ကျွန်တော်တို့ကျမ်းစာသမ္မာတရားနားလည်ခြင်းအတွက် ပို၍သဘောကျလာခဲ့သည်။ သို့သော်ကျွန်တော့်မိသားစုတွင် မည်သူမျှဤသမ္မာတရားကိုရယူပိုင်ဆိုင်ခြင်းမပြုခဲ့ကြပါ။
စမ်းသပ်ရာကာလ
ထိုအစောပိုင်းကာလက ရတ္တလစ်ဂျ်မြို့မှ ကျမ်းစာလေ့လာမှုအစည်းအဝေးမှန်မှန်တက်ရောက်သူမှာ ကျွန်တော်အပြင်အခြားသုံးယောက်သာရှိခဲ့သည်။ နောက်ဆုံးဤသုံးယောက်လည်း အဖွဲ့အစည်းကိုစွန့်ခွာသွားကြသည်။ တစ်ယောက်မှာ အဟောအပြောကောင်းသူဖြစ်ပြီး ထိုဒေသတွင်ကျမ်းဆိုင်ရာလူထုဟောပြောပွဲပေးသူဖြစ်သည်။ သို့သော် သူ့အရည်အချင်းကြောင့် သူဝင့်ဝါလာပြီး ရှေးတမန်တော်များပြုခဲ့သည့် တစ်အိမ်တက်ဆင်းဟောပြောခြင်းတွင် ပါဝင်ရသည်ကိုသိက္ခာကျသည်ဟုသူခံစားလာရသည်။—တမန်တော် ၅:၄၂။ ၂၀:၂၀။
ဤသုံးယောက်ကျမ်းစာကျောင်းသားများအသင်းကို စွန့်ခွာသွားသောအခါ ယေရှုသည် ‘မိမိအသွေးကိုသောက်၍ အသားကိုစား’ ရန်အကြောင်းလူများကိုပြောပြစဉ် တမန်တော်ပေတရုတွင် ပေါ်လာသောခံစားချက်မျိုးကို ကျွန်တော်သတိရသည်။ ကိုယ်တော့်သွန်သင်ချက်ကြောင့်လူအများထိမိလဲကုန်ပြီး ကိုယ်တော်ကိုစွန့်သွားခဲ့ကြသည်။ ထိုအခါယေရှုက ပေတရုကို “သင်တို့သည်လည်းထွက်သွားခြင်းငှာအလိုရှိကြသလော” ဟုမေးတော်မူခဲ့သည်။ ပေတရုက “သခင်၊ ကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်ထံ၌တည်ပါ၏” ဟုဖြေခဲ့သည်။—ယောဟန် ၆:၆၇၊ ၆၈။
‘ယေရှု၏အသွေးနှင့်အသားကိုစားရန်’ ယေရှုပြောရာ၌ဘာကိုဆိုလိုကြောင်း ပေတရုအပြည့်အဝနားမလည်ခဲ့သော်လည်း ယေရှုထံတွင်အသက်နှင့်ဆိုင်သောစကားရှိကြောင်း သူအသိအမှတ်ပြုခဲ့သည်။ ယင်းကားအဖွဲ့အစည်းနှင့်ပတ်သက်သော ကျွန်တော့်ယူမှတ်ပုံဖြစ်သည်။ အသင်းမထုတ်စာစောင်များတွင် ဖတ်ရသည့်အရာအားလုံးကို ကျွန်တော်နားမလည်နိုင်သော်လည်း အဖွဲ့အစည်းတွင်သမ္မာတရားရှိသည်။ သို့သော်ကျွန်တော်နားမလည်သည့်အချက်များပေါ်ပေါက်တိုင်း ဘယ်တော့မျှကျွန်တော်ဆန့်ကျင်ငြင်းခုံခြင်းမပြုပါ။ နောင်တွင် ထိုကိစ္စများရှင်းလင်းလာသည် သို့မဟုတ် အခါအားလျော်စွာထင်မြင်ယူဆပုံများကို ပြုပြင်ပြောင်းလဲမှုများရှိလာသည်။ ရှင်းလင်းချက်များကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရခြင်းအတွက် ကျွန်တော်အမြဲပျော်ခဲ့သည်။—သု ၄:၁၈။
ရှေ့ဆောင်လုပ်ငန်းသို့
၁၉၂၄ ခုနှစ်ဇူလိုင်လတွင် ကိုလံဘတ် အိုဟိုင်အိုတွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို ကျွန်တော်တက်ရောက်ခဲ့သည်။ ရွှေခေတ် စာစောင်က “ထိုအချိန်တွင်ကျမ်းစာကျောင်းသားများကျင်းပသည့် စည်းဝေးပွဲများအနက်အကြီးအကျယ်ဆုံးစည်းဝေးပွဲကြီး” ဖြစ်ကြောင်းကြေညာသည်။ ထိုတွင် “စွဲချက်တင်” သည့်တက်ကြွဖွယ်အဓိဋ္ဌာန်ခံယူခဲ့ကြသည်။ စည်းဝေးပွဲကြီးတွင် ကြားနာရသောအရာများနှင့်မြင်တွေ့ရသောသဘောထားများသည် အချိန်ပြည့်ဓမ္မအမှုဆောင် သို့မဟုတ် ရှေ့ဆောင်လုပ်ရန် ကျွန်တော့်ကိုတွန်းအားပေးခဲ့သည်။
စည်းဝေးပွဲမှအပြန်တွင် ရထားလမ်းအလုပ်မှကျွန်တော်ထွက်ပြီး အဖော်ကျမ်းစာကျောင်းသားတစ်ဦးနှင့်အတူ ရှေ့ဆောင်လုပ်ကြသည်။ သို့သော်တစ်နှစ်ခန့်အကြာတွင် ကျွန်တော့်မိဘများ၏ကျန်းမာရေးအခြေအနေမှာ ကျွန်တော့်အကူအညီလိုအပ်သည်အထိဆိုးရွားလာသည်။ သို့နှင့်ရှေ့ဆောင်နားပြီး ပိုက်လိုင်းကုမ္ပဏီတစ်ခုတွင် ကျွန်တော်အလုပ်ဝင်လုပ်သည်။ သို့သော် ထိုတွင်အလုပ်လုပ်သူများသည် ကောင်းသည့်အသိုင်းအဝိုင်းမဟုတ်သောကြောင့် အလုပ်မှထွက်ပြီး ပျားမွေးမြူရေးနှင့်ပျားရည်ရောင်းခြင်းလုပ်ငန်းကို ကျွန်တော်ပြောင်းလုပ်ခဲ့သည်။
၁၉၃၃ ခုနှစ်နှောင်းပိုင်းလောက်တွင် ကျွန်တော့်မိဘနှစ်ပါးစလုံးကွယ်လွန်သွားကြရာ ကျွန်တော်လည်းသူတို့တာဝန်မှကင်းလွတ်ခဲ့သည်။ ထို့ကြောင့် ၁၉၃၄ ခုနှစ်နွေဦးရောက်သော် ကျွန်တော့်ပျားလုပ်ငန်းကို အခြားတစ်ယောက်အားလွှဲပေးခါ နေထိုင်ရန်ကားနောက်တွဲငယ်တစ်ခုကို ပြုလုပ်ပြီး ရှေ့ဆောင်အဖြစ်အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းကိုတစ်ဖန်စတင်ခဲ့သည်။ အစတွင် ကွင်စီ၊ အီလီနွိုင်အနီးရှိ အသက်ကြီးသူသက်သေခံတစ်ဦးနှင့် ကျွန်တော်တွဲလုပ်ခဲ့သည်။ နောက်ပိုင်းတွင် မဇိုရီသို့ပြန်လည်ပြောင်းရွှေ့ကာ ထိုတွင်ရှေ့ဆောင်အုပ်စုတစ်စုနှင့် ကျွန်တော်ပူးပေါင်းခဲ့သည်။
၁၉၃၅ ခုနှစ်တွင်အနောက်အလယ်ပိုင်း၌ အလွန်အမင်းမိုးခေါင်မှုကြီးဖြစ်ခဲ့သည်။ ကျွန်တော်တို့အလုပ်လုပ်နေသည့်ဒေသမှာ စိုက်ပျိုးရေးကိုလုံးဝအမှီသဟဲပြုရာဒေသဖြစ်သဖြင့် အလွန်ခက်ခဲခဲ့သည်။ မည်သူမျှငွေမရှိသောကြောင့် ကျွန်တော်တို့စာအုပ်များထားခဲ့သောအခါ ကျေးဇူးတင်လွန်းသောကြောင့် လူများသည်အစားအသောက်များနှင့်အခြားပစ္စည်းများကို မကြာခဏပေးတတ်ကြသည်။
တောင်ပိုင်းတွင်ရှေ့ဆောင်ခြင်း
ထိုနှစ်ဆောင်းရာသီတွင် အေးသောရာသီဥတုဒဏ်မှလွတ်ရန် ကျွန်တော်တို့အာကဲန်စောသို့ပြောင်းကြသည်။ ထိုဒေသတွင် စာပေမြောက်မြားစွာပိုမိုဝေငှရပြီး အသုံးပြုနိုင်သောစည်သွတ်ဘူးပစ္စည်းများကိုလည်းရကြသည်။ ဒန်ပစ္စည်းဟောင်းများ ကြေးပစ္စည်းဟောင်းများ ကားရေတိုင်ကီဟောင်းများ ဘက်ထရီများစသည်တို့ကဲ့သို့ ရောင်းချနိုင်သောပစ္စည်းများကိုလည်း ကျွန်တော်တို့မကြာခဏရကြသည်။ သို့ဖြင့် ဓမ္မအမှုဆောင်လုပ်ငန်း၌သုံးသော ကျွန်တော်၏မော်ဒယ်လ်အေ ဖို့ဒ်ကားအတွက် ဓာတ်ဆီဖိုးရလာသည်။
အိုဇပ်ကုန်းပြင်မြင့်၏တောင်ကုန်းနယ်ပယ်ရှိ နယူတန်၊ ဆီယဆဲ ကာရိုးလ်မြို့များတွင် ကျွန်တော်တို့အမှုဆောင်ကြသည်။ အာကဲန်စောနယ်ရှိတောင်ပေါ်သားများကို ဟောပြောရသည့်တွေ့ကြုံမှုမှာ စာအုပ်တစ်အုပ်ပင်ရေးလောက်သည်။ ထိုအချိန်ကလမ်းများသည် ဟောင်းနွမ်းပျက်ယွင်း (ဝါ) မရှိသောကြောင့် ကျွန်ုပ်တို့သည်အဓိကခြေလျင်ခရီးဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ကျွန်တော်တို့အဖွဲ့မှ အချို့ရှေ့ဆောင်များမူ တောင်တန်းအထက်ပိုင်းဒေသမှ လူများကိုတွေ့ဆုံနိုင်ရန် မြင်းများဖြင့်ခရီးသွားကြသည်။
တစ်ကြိမ်တွင် ဆမ်(မ်) အမည်ရှိစိတ်ဝင်စားသူတစ်ဦးအကြောင်း ကျွန်တော်တို့ကြားရာ နောက်ဆုံးသူ့ကိုတောင်ထိပ်တစ်ခုတွင် နေထိုင်သည်ကိုရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်တော်တို့ကို အားတက်သရောကြိုဆိုပြီး ဝမ်းသာပျော်ရွှင်စွာညအိပ်တည်းခိုခွင့်ပြုခဲ့သည်။ ဆမ်(မ်) ၏ဇနီးမှာ ကျွန်တော်တို့၏သတင်းကိုစိတ်မဝင်စားသော်လည်း သူ၏ ၁၆ နှစ်အရွယ်သားရက်ခ်စ်မှာမူစိတ်ဝင်စားခဲ့သည်။ ကျွန်တော်တို့ပြန်သောအခါ ဆမ်(မ်) ကထပ်မံဖိတ်ခေါ်သောကြောင့် နောက်နှစ်ပတ်ကြာသောအခါ သူ့ထံသို့တစ်ဖန်ရောက်ကြပြန်သည်။
ဒုတိယအကြိမ် ပြန်ခါနီးတွင် ထပ်မံပြန်လာရန် ဖိတ်ခေါ်သူမှာ ဆမ်(မ်) ၏ဇနီးဖြစ်သည်။ ကျွန်တော်တို့သည် ရက်ခ်စ်အပေါ်ကောင်းသည့်သြဇာလွှမ်းမိုးနေကြောင်းသူမပြောသည်။ “သူဟာတကယ့်ကို ညစ်ညစ်ညမ်းညမ်းဆဲရေးတိုင်းထွာတဲ့ကလေးပဲ၊ မင်းတို့ဒီကိုစရောက်ကတည်းကသူသိပ်မဆဲတော့ဘူး” ဟုသူမရှင်းပြသည်။ နှစ်အတန်ကြာပြီးနောက် ရက်ခ်စ်ကိုတောင်ပိုင်းလဲန့်စ်စင်းဒေသဂိလဒ်သာသနာပြုကျောင်းတက်နေသည်ကို တွေ့ခဲ့ရသည်။ နှစ်များတစ်လျှောက်ဤကဲ့သို့သောတွေ့ကြုံမှုမျိုးသည် ကျွန်တော့်ကိုအလွန်အားရနှစ်သက်မှုပေးခဲ့ပါသည်။
ဗေသလလုပ်ငန်း
ရှေ့ဆောင်လျှောက်လွှာတင်ခဲ့စဉ်က နယူးယောက်ရှိဗေသလခေါ်ယေဟောဝါသက်သေတို့၏ဌာနချုပ်တွင် လုပ်ကိုင်ရန်လျှောက်လွှာကိုလည်း ကျွန်တော်တင်ခဲ့သည်။ ၁၉၃၅ ခုနှစ်နွေဦးရာသီရောက်သော် ကျွန်တော့်လျှောက်လွှာကိုလက်ခံကြောင်းအကြောင်းကြားခံရပြီး နယူးယောက်မြို့တောင်ပိုင်းလဲန့်စ်စင်းဒေသရှိ ကင်းမျှော်စင်အသင်းစိုက်ပျိုးမွေးမြူရေးခြံတွင် ဗေသလလုပ်ငန်းစတင်နိုင်ရန် ကျွန်တော်သတင်းပို့ရမည်ဖြစ်သည်။ ကျွန်တော့်ရှေ့ဆောင်ကားနောက်တွဲကို အဖော်ယေဟောဝါသက်သေများအားလွှဲပြောင်းပေးရန် ချက်ချင်းစီစဉ်ခဲ့သည်။
ကျွန်တော့်မော်ဒယ်လ်အေ ဖို့ဒ်ကားဖြင့် နယူးယောက်မြို့သို့မောင်းနှင်သွားရာ ၁၉၃၅ ခုနှစ်မေလ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်ရောက်ခဲ့သည်။ ထိုနေ့လည် ၁ နာရီခန့်တွင် သစ်ခွဲလုပ်ငန်းကို ကျွန်တော်လုပ်ကိုင်ရသည်။ နောက်တစ်နေ့တွင် နို့ထွက်ပစ္စည်းဌာန နွားနို့ညှစ်ရာတွင်ကူညီဖို့ ကျွန်တော်သတင်းပို့ရသည်။ ထိုတွင်နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့သည်။ တစ်ခါတစ်ရံမနက်ပိုင်းနှင့်ညနေပိုင်း နွားနို့ညှစ်ပြီး နေလည်ပိုင်းတွင် ဥယျာဉ်နှင့်လယ်ယာစိုက်ခင်းလုပ်သားများနှင့်အတူ အလုပ်လုပ်သည်။ ဗေသလမိသားစုအတွက် ပျားစောင့်ရှောက်ရေးနှင့်ပျားရည်စုဆောင်းခြင်းကိုလည်း ကျွန်တော်လုပ်ရသည်။ ၁၉၅၃ ခုနှစ်တွင်ဒိန်ခဲလုပ်ငန်းဌာနသို့ ပြောင်းရွှေ့ခဲ့ရသည်။
နှိမ့်ချမှု၊ သစ္စာရှိမှု၊ ယေဟောဝါကိုနာခံမှုတို့တွင် အမွန်မြတ်ဆုံးသောပုံသက်သေပြခြင်းဖြင့် ကျွန်တော့်ဘဝကိုထိမိစွာအကျိုးပြုသူများမှ တစ်ယောက်မှာဝေါ်လ်တာဂျွန် “ပက်ပီ” သောန်ဖြစ်သည်။ သူသည် ၁၈၉၄ ခုနှစ်တွင်ပထမဆုံးနယ်လှည့်ခရီးစဉ်တာဝန်ခန့်အပ်ခံရသူ—ယနေ့တိုက်နယ်ကြီးကြပ်မှူးများ၏လုပ်ငန်းကဲ့သို့လုပ်သူများ—၂၁ ဦးအနက်တစ်ဦးအဝင်ဖြစ်ပြီး အသင်းတော်များစွာကိုလိုက်လံအားပေးရသည်။ နှစ်ပေါင်း ၃၀ ကျော်နယ်လှည့်လုပ်ငန်းလုပ်ကိုင်ပြီးနောက်တွင် ညီအစ်ကိုသောန်သည် စိုက်ပျိုးမွေးမြူရေးခြံတွင် ကြက်ခြံ၌လာအလုပ်လုပ်သည်။ “ကျွန်တော်ကိုယ့်ကိုယ်ကိုတော်တော်ဟုတ်လှပြီလို့အထင်ရောက်လာတိုင်း ကိုယ့်ကိုယ်ကိုချောင်ပိတ်ပြီး ‘မင်းဘာမဟုတ်တဲ့ဖုန်မှုန့်ကဘာထောင်လွှားစရာအကြောင်းရှိလို့လဲ’ လို့ပြန်မေးတယ်” ဟူ၍သူပြောသည်ကို မကြာခဏကျွန်တော်ကြားရသည်။
ကျွန်တော့်ဘဝတစ်လျှောက်အတွက် နှိမ့်ချမှု၌စံပြပုံသက်သေဖြစ်လာသူနောက်တစ်ယောက်မှာ ယခုယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဂျွန်ဘုသ်ဖြစ်သည်။ “သင်ဘယ်မှာအမှုဆောင်ရခြင်းသည်သိပ်အရေးမကြီးပါ။ မည်သူ့ကိုအမှုဆောင်နေရခြင်းကသာ အမှန်အရေးကြီးသည်” ဟူသောသူ၏စကားမှ နှစ်ပေါင်းများစွာတစ်လျှောက် ကိုးကားခံရလေ့ရှိသည်။ ရိုးရိုးကလေးပြောလိုက်ခြင်းပင်ဖြစ်သည်။ သို့သော်မည်မျှမှန်လိုက်လေခြင်း။ ယေဟောဝါကိုအမှုဆောင်ရခြင်းသည် အကြီးမြတ်ဆုံးအခွင့်ထူးဖြစ်သည်။
ကျွန်တော်၏ဗေသလအမှုဆောင်သက်တမ်းတွင် ထင်ရှားသောအဖြစ်အပျက်များအနက်တစ်ခုမှာ အသင်းစိုက်ပျိုးမွေးမြူရေးခြံ၌ ၁၉၄၃ ခုနှစ်တွင်ကျင်းပသောဂိလဒ်သာသနာပြုကျောင်းဖွင့်ပွဲပင်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိရှေ့ဆောင်များနှင့် ပေါင်းသင်းရခြင်းသည်စိတ်လှုပ်ရှားဖွယ်အမှန်။ ထိုအခါကသင်တန်းတစ်ခုတွင် သင်တန်းသား ၁၀၀ ခန့်ရှိသည်။ ထို့ကြောင့်ခြောက်လတစ်ကြိမ်အသင်းမစိုက်ပျိုးမွေးမြူရေးခြံသို့ သင်တန်းသားသစ်တစ်ရာခန့်လာရောက်လည်ပတ်ကြသည်။ ဤပညာပေးအဆောက်အအုံတွင် ကျင်းပသည့်ကျောင်းဆင်းပွဲများသို့ နယူးယောက်မြို့အနောက်ဘက်ခြံမှ ထောင်ပေါင်းများစွာသောလုပ်သားများလည်းလာ၍တက်ရောက်ကြသည်။
လုပ်ငန်းအပြောင်းအလဲ
ဂိလဒ်ကျောင်းကို ဘရုတ်ကလင်သို့ပြောင်းရွှေ့ ပြီး တောင်ပိုင်းလဲန့်စ်စင်းရှိစာသင်ခန်းနှင့် အနားယူခန်းမကြီးကိုရောင်းလိုက်သောအခါ နို့ချက်ဌာနလည်း နယူးယောက် ဝေါလ်ခေးလ်ရှိစိုက်ပျိုးမွေးမြူရေးခြံသို့ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၉ ခုနှစ်အကုန်လောက်တွင် ဝေါလ်ခေးလ်ခြံသို့ ကျွန်တော်ပြောင်းရွှေ့ရပြီး ဒိန်ခဲလုပ်ငန်းကို ၁၉၈၃ ခုနှစ်အထိဆက်လုပ်ကိုင်ရသည်။ ထိုနောက်ပိုင်းတွင် ပတ်ဝန်းကျင်သာယာဖွံ့ ဖြိုးရေးလုပ်ငန်းသို့ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်။
လွန်ခဲ့သည့်တစ်ချိန်က ဒိန်ခဲလုပ်ငန်းတွင်နှစ်ပေါင်း ၃၀ လုပ်ပြီးပါက ကျွန်တော့်ကိုအလုပ်ပြောင်းပေးလျှင် မည်သို့နည်းဟုမေးမြန်းခံခဲ့ရဘူးရာ “ကျွန်တော့်ကိုမထိခိုက်ပါဘူး ဘာကြောင့်လဲဆိုရင်ဒိန်ခဲလုပ်ငန်းကို ကျွန်တော်မှမကြိုက်ခဲ့တာ” ဟုပွင့်ပွင့်လင်းလင်းပင် ကျွန်တော်ပြန်ရှင်းပြသည်။ ကျွန်တော်ဆိုလိုသည့်အချက်မှာ မည့်သည်တာဝန်ကိုထမ်းဆောင်နေရစေကာမူ အမြင်မှန်ရှိပြီး သီအိုကရက်တစ်လမ်းညွှန်မှုကို နှိမ့်ချစွာနာခံပါက ယေဟောဝါကိုအမှုတော်ထမ်းရခြင်းအတွက် ကျွန်တော်တို့ပျော်ရွှင်မည်ဖြစ်သည်။ ထို့ကြောင့်ဒိန်ခဲလုပ်ငန်းကို ကျွန်တော်မနှစ်သက်ခဲ့စေကာမူ ယင်းသည်ဗေသလမိသားစုကိုထောက်ပံ့သည့်အတွက် ထိုတာဝန်၌ကျွန်တော်ပျော်ခဲ့သည်။ ကျွန်တော်တို့၏ကြီးမြတ်သောဘုရားရှင်ယေဟောဝါကို သစ္စာရှိစွာနှင့်မညည်းမညူတမ်းအမှုတော်ဆောင်မည်ဆိုလျှင် ကျွန်တော်တို့မည်သည့်တာဝန်ပင် ထမ်းဆောင်ရပါစေပျော်ရွှင်နိုင်မည်သာဖြစ်သည်။
ကျွန်တော့်ဇရာပိုင်းနှစ်များတွင် ဗေသလလုပ်ငန်းမှာထက်သာ၍ ကောင်းသောအခြေအနေမရှိတော့ကြောင်း ကျွန်တော်ယူမှတ်သည်။ ကျွန်တော်အသက် ၉၀ ရှိသည့်တိုင် ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်ခြင်းခံရပြီး ကျွန်တော့်လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေနိုင်သည်။ ယခုနှစ်များစွာတစ်လျှောက် ဤကင်းမျှော်စင်အသင်းခြံရှိ ဗေသလမိသားစုများ၏နံနက်ပိုင်းဝတ်ပြုရေးအစီအစဉ်ကို ဦးဆောင်ရသည့်အခွင့်အလှည့်ကိုကျွန်တော်ရရှိသည်။ အသစ်ရောက်လာကြသည့်ဗေသလအိမ်တော်သားများကို မိမိတို့ရသည့်လုပ်ငန်းတော်အခွင့်အရေးအားလုံးကို ရောင့်ရဲပျော်ရွှင်စွာရယူလုပ်ကိုင်နိုင်အောင်အမြဲဆည်းပူးဖို့ကို အခွင့်အရေးရတိုင်းကျွန်တော်အားပေးပါသည်။
နှစ်များတစ်လျှောက် နိုင်ငံရပ်ခြားလည်ပတ်ခွင့်များစွာကိုလည်း ကျွန်တော်ရခဲ့ပါသည်။ အိန္ဒိယ၊ နီပေါလ်၊ အရှေ့ဖျားဒေသနှင့် ဥရောပသို့ရောက်ခဲ့သည်။ အောက်ပါအကြံပေးချက်သည် မိမိတို့၏ကမ္ဘာချီယေဟောဝါလူမျိုးတော်၏ အသင်းတော်များရှိသူများအတွက် အထောက်အကူဖြစ်စေပါလိမ့်မည်။ သင့်လက်ရှိ အခြေအနေတွင် ရောင့်ရဲပျော်ရွှင်ပြီး ဝိညာဉ်ရေးအရသင်စိုက်ပျိုးခံရသည့်မြေတွင်ကြီးရင့်ဖွံ့ ဖြိုးပါ။
ဘုရားအမှုဆောင်ခြင်းတွင် တစ်ကိုယ်ရေဘဝဖြင့် အနှောင့်အယှက်ကင်းစွာဆက်လက်လုပ်ဆောင်နိုင်သောကြောင့် ယင်းဘဝကိုကျွန်တော်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သောအမှုတော်ဆောင်ခြင်းအတွက် ဆုကျေးဇူးအနေနှင့် ကျွန်တော်တို့၏ကြီးမြတ်သောဘုရားရှင်သည် ထာဝရအသက်မျှော်လင့်ချက်ကို ကျွန်တော်တို့အားပေးထားသည်။ လူများစွာအတွက် ဤမြေကြီးပရဒိသုတွင်မကုန်ဆုံးနိုင်သည့် အသက်တာရရှိကြမည်။ ကျွန်တော်တို့မှအချို့သူတို့မူ ကောင်းကင်ဘုံတွင်ထာဝရအသက်ကိုမျှော်လင့်ကြပြီး ပေးသည့်မည်သည့်တာဝန်ကိုမဆိုထမ်းဆောင်ကြမည်။
ကျွန်တော်၏အသက်တာ ၉၀ သည်တာရှည်ပြီး ကြွယ်ဝသည်ဟုအချို့ထင်ကြပေမည်။ ကျွန်တော့်အသက်တာသည် ကြွယ်ဝခဲ့သည်မှန်သော်လည်း ဆိုလောက်အောင်မရှည်လျားခဲ့ပါ။ ဘုရားသခင့်အဖွဲ့အစည်းတော်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာတရားတို့ကို စွဲမြဲတွယ်ကပ်နေခြင်းအားဖြင့် ကျွန်ုပ်တို့၏အသက်တာကိုဆုံးခန်းမရှိဆက်လက်နိုင်ကြပါသည်။a
[အောက်ခြေမှတ်ချက်များ]
a ရွိုင်၊ ရီယဲန်သည် မိမိဘဝတွေ့ကြုံမှုကိုမှတ်တမ်းတင်နေစဉ်မှာပင်သူ့ကျန်းမာရေးအခြေအနေရုတ်တရက်ဆိုးဝါးလာခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇူလိုင် ၅ ရက်ကင်းမျှော်စင်အသင်းခြံတွင် နံနက်ဝတ်ပြုရေးအစီအစဉ်၌ သူ၏အလှည့်ကျသဘာပတိတာဝန်ကိုယူပြီး မကြာမီကလေးတွင်မှာပင် သူ၏မြေကြီးတာဝန်ထမ်းဆောင်ခြင်းအသက်တာနိဂုံးချုပ်ခဲ့သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ညီအစ်ကိုရိုင်ယန်ကို သူ၏စောစောပိုင်းနှစ်များ၌ မော်ဒယ်လ် တီ ဖို့ဒ် နံဘေးတွင်တွေ့ရစဉ်