အသက်—ဘုရားသခင့်ထံတော်မှဆုလာဘ်
ကျွန်ုပ်တို့ ခန္ဓာကိုယ်တစ်လျှောက် နှလုံးသည် နေ့စဉ်နှစ်ဆယ့်လေးနာရီလုံးလုံး တန်ဖိုးရှိသောသွေးကိုလွှတ်ပေးနေပါသည်။ အိပ်ပျော်သွားသော်လည်း လူ့အဆုတ်များမူ ဆက်ကျုံ့လိုက်ဆန့်လိုက် အလုပ်လုပ်၍သာနေသည်။ အစာစားပြီးနောက်တွင် အလိုအလျောက်အစာကျေသွားလေတော့သည်။ ယင်းလှုပ်ရှားမှုတို့သည် အားမစိုက်ထုတ်ရဘဲ နေ့စဉ်အလိုအလျောက်ဖြစ်ပျက်နေသည်။ ပေါ့ပေါ့တန်တန်သဘောထားလေ့ရှိသော ဤအံ့သြဖွယ်ကောင်းလှသည့်လှုပ်ရှားမှုများသည် အသက်ဟုခေါ်ဆိုကြသည့်ဆုလာဘ်အဝင်ဖြစ်သည်။ ယင်းကိုအံ့ဖွယ်ကောင်းသောဆုလာဘ်ဟု ခေါ်ဆိုနိုင်ပါသည်။
လူသားသန္ဓေတည်ခြင်းနှင့်မွေးဖွားခြင်းအစီအစဉ်ကိုလည်း သုံးသပ်ကြည့်လေ။ ပုံမှန်အတိုင်းဆိုလျှင် ခန္ဓာကိုယ်ပြင်ပမှ မည်သည့်တစ်ရှူးကိုမဆို ပယ်လေ့ရှိငြားလည်း မျိုးအောင်ဥကိုမူ သားအိမ်ကခြွင်းချက်ထား၍လက်ခံယူသည်။ ကြီးထွားလာသည့်သန္ဓေသားလောင်းကို ပြင်ပတစ်ရှူးအဖြစ်ပယ်မည့်အစား သူငယ်ကလေးအဖြစ်ပေါ်ထွက်မွေးဖွားချိန်တိုင် ပြုစုထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ပြင်ပတစ်ရှူးကိုပယ်ခြင်းစည်းမျဉ်း၌ သားအိမ်သည် ဤအရေးကြီးခြွင်းချက်သာမထားလျှင် မွေးဖွားခြင်းအစီအစဉ်ရှိနိုင်မည်မဟုတ်။
မည်သို့ပင်ဆိုစေ သန္ဓေသားသည် လေးလသားအရွယ်ရှိစဉ်အချိန်တွင် သားအိမ်အတွင်းဖွံ့ဖြိုးခြင်းအစီအစဉ်မရှိလျှင် ဖွားစသူငယ်၏သက်တမ်းတိုပေလိမ့်မည်။ ထိုအချိန်တွင် သန္ဓေသားသည်မိမိလက်မကိုစစုပ်တတ်လာ၍ နောက်နောင်မိခင်၏သားမြတ်ကိုစို့တတ်ရန် ကြွက်သားတို့ကိုလေ့ကျင့်ပေးပါသည်။ ဤအစီအစဉ်ကား သူငယ်မမွေးမီအစောပိုင်းကတည်းကပြဌာန်းထားသည့် သေရေးရှင်ရေးကိစ္စအမြောက်အမြားအနက် တစ်ခုမျှဖြစ်သည်။
သန္ဓေသားသည်သားအိမ်တွင်းရှိနေစဉ် ယင်း၏နှလုံးနံရံ၌အပေါက်တစ်ခုရှိသည်။ ဤအပေါက်သည် ဖွားမြင်ချိန်တွင် အလိုအလျောက်ပိတ်သွားပါသည်။ ထို့ပြင် သန္ဓေသားသည်သားအိမ်တွင်းရှိနေစဉ် အဆုတ်ကိုလမ်းလွှဲသည့်သွေးကြောကြီးတစ်ခုသည် ကလေးဖွားမြင်ချိန်တွင် အလိုအလျောက်ကျုံ့သွားပြီး ဤအချိန်မှစ အဆုတ်သို့သွေးစီးနိုင်ကာ သူငယ်စအသက်ရှူသည်နှင့် အောက်ဆီဂျင်ပါဝင်သောသွေးဖြစ်လာနိုင်သည်။
ယင်းအစီအစဉ်အားလုံးသည် အစပင်ရှိပါသေးသည်။ အသက်ရှင်သည့်ကာလပတ်လုံး (အသက်ရှူအဖွဲ့၊ သွေးလှည့်အဖွဲ့၊ နဗ်ကြောအဖွဲ့၊ အတွင်းထုတ် ဂလင်းအဖွဲ့အစရှိသည့်) အလွန်တင့်တယ်ပြေပြစ်စွာတီထွင်ထားသောအစီအစဉ်များစွာတို့သည် အသက်ဆက်ရှင်ရေးအတွက် လူ့ဉာဏ်မမီနိုင်၊ အံ့သြတွေဝေရသည့်တိုင် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရန် အစွမ်းသတ္တိပြည့်ဝစွာလုပ်ဆောင်ပါသည်။ ယင်းကြောင့် ဘုရားသခင့်အကြောင်း ရှေးကစာရေးဆရာတစ်ဦး ဤသို့ရေးသားခဲ့ခြင်းသည် မထူးဆန်းပါ။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။”—ဆာလံ ၁၃၉:၁၄။
ဤနှစ်မြို့ဖွယ်စကားများကိုရေးသားသူသည် အသက်မည်သည် စီမံအုပ်ထိန်းမှုမရှိဘဲဆင့်ကဲဖြစ်လာသည်၊ သို့မဟုတ် မတော်တဆဖြစ်လာသည်ဟု ယူဆမည်မဟုတ်သည်ကား ထင်ရှားနေ၏။ ထိုသို့သာဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘဝအသက်တာကိုမည်သို့အသုံးပြုသင့်သည်နှင့်စပ်လျဉ်း၍ မည်သည့်တာဝန်မျှရှိလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် အသက်ရှင်ရေးဆိုင်ရာစက်ယန္တရား၌ ဒီဇိုင်းပုံစံရှိကြောင်း ရှင်းလင်းစွာတင်ပြနေပါသည်။ ဒီဇိုင်းရှိလျှင် ဒီဇိုင်းရေးဆွဲသူရှိရလိမ့်မည်။ သမ္မာကျမ်းစာက ဤမူကိုဖော်ပြပေးသည်။ “အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) ယင်းကြောင့် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ဘုရားသခင်ဖြစ်တော်မူသည်ဟုသိမှတ်” ရန်၊ ကိုယ်တော်သည် “ငါတို့ကိုဖန်ဆင်းတော်မူ” သည်ကိုဝန်ခံရန် အရေးကြီးသည်။ (ဆာလံ ၁၀၀:၃) မှန်သည်၊ အသက်မူကား အံဝင်ဂွင်ကျသောမတော်တဆဖြစ်မှုသက်သက်မဟုတ်၊ ဘုရားသခင်ကိုယ်တော်တိုင်ထံမှရသော ဆုလာဘ်ပင်တည်း။—ဆာလံ ၃၆:၉။
ဤသို့ဖြစ်သောကြောင့် အသက်ပေးရှင်ရှေ့မှောက် ကျွန်ုပ်တို့အဘယ်တာဝန်များရှိသနည်း။ ကျွန်ုပ်တို့ဘဝအသက်တာကို မည်သို့အသုံးပြုစေလိုတော်မူသနည်း။ နောက်ဆောင်းပါးတွင် ယင်းနှင့်အခြားဆက်စပ်သောမေးခွန်းများကို ဆွေးနွေးသုံးသပ်ပါမည်။