ကိုယ့်မာနကိုကိုယ်ချိုးပြီးပျော်ရွှင်မှုရရှိခဲ့သည်
ကျွန်မသည် ၁၉၇၀ခုနှစ်တွင် အသက် ၂၃ နှစ်ရှိပြီး ရည်မှန်းချက်အတော်ရှိခဲ့သည်။ အီတလီနိုင်ငံ၊ အိဗ်ရီအာမြို့ရှိ မော်တော်ကားကလပ်တစ်ခုတွင် စာရေးချုပ်အရာ၌ အလုပ်လုပ်ခဲ့သည်။ လူတစ်လုံးသူတစ်လုံးဖြစ်ရမည်ဟု ကျွန်မရည်မှန်းထားသည်။ သို့နှင့်ပင် စိတ်ဓာတ်အလွန်ကျ၍ စိတ်ညှိုးငယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။
ကျွန်မခင်ပွန်းသည် သည် သူ၏မိတ်ဆွေများနှင့် အရက်ဆိုင်များတွင် ဖဲကစားပြီးအချိန်ကုန်ခန်းစေကာ အိမ်ထောင့်တာဝန်များကို ကျွန်မကိုသာထမ်းဆောင်စေသည်။ သို့နှင့်ကျွန်မတို့အိမ်ထောင်မသာယာဘဲ အသေးအဖွဲကိစ္စကြောင့်ပင် စကားများလေ့ရှိကြသည့်အတွက် ကျွန်မမှာအပြုသဘောပါစိတ်ထားများ ပျောက်ကင်းလေတော့သည်။
‘ဘယ်သူမှ နင့်ကိုစိတ်မဝင်စားကြဘူး။ နင့်ကိုအသုံးပြုဖို့ဘဲ လူတွေကြည့်မျှော်နေကြတာ’ ဟုကိုယ်ကိုယ်ကိုပြောတတ်လာသည်။ ‘ဘုရားသာရှိမယ်ဆိုယင် ဒီလောက်ဆင်းရဲဒုက္ခ၊ ဆိုးသွမ်းမှုတွေရှိစေမှာမဟုတ်တဲ့အတွက် ဘုရားမရှိပါဘူး။ အသက်ဆိုတာလည်း သေနေ့ရောက်ဖို့ကို အပြေးအလွှားလုပ်ကိုင်နေခြင်းဘဲဖြစ်တယ်’ ဟုကိုယ်ကိုယ်ကိုပြောခဲ့ဖူးသည်။ ဤသို့အဘယ်ကြောင့်ဖြစ်ပျက်နေရသည်ကို ကျွန်မလုံးဝနားမလည်နိုင်ခဲ့ပါ။
ပြောင်းလဲမှု၏အစ
၁၉၇၇ ခုနှစ်တစ်နေ့တွင် ယေဟောဝါသက်သေနှစ်ဦး ကျွန်မတို့၏တံခါးကိုလာခေါက်သည်။ ကျွန်မခင်ပွန်းဖြစ်သူ ဂျီအန်ကာလိုသည် သူတို့အားဝင်ခွင့်ပြုကာ ဧည့်ခန်းတွင်သွားစကားပြောဆိုကြသည်။ သူ့ရည်ရွယ်ချက်မှာ ဆင့်ကဲအယူကိုယုံသွားစေရန်ဖြစ်သော်လည်း သူတို့ကသာ သူ၏ အတွေးအခေါ်ကိုပြောင်းလဲစေခဲ့သည်။
မကြာမီပင် ဂျီအန်ကာလိုသည်လည်း သူ့ဘဝကိုသူပြောင်းလဲစပြုလာသည်။ ပိုစိတ်ရှည်လာပြီး ကျွန်မနှင့်သမီးလေးကို အချိန်ပိုပေးဂရုစိုက်လာသည်။ သူသင်ယူနေသည့်အကြောင်းများကို ကျွန်မအားကြိုးစားပြောပြခဲ့သော်လည်း သူစ,စကားပြောဆိုတိုင်း ခါးသီးစွာပြန်ပြောပြီး စကားမဆက်စေခဲ့ပါ။
သက်သေခံများရောက်လာသည့်နေ့တစ်နေ့တွင် ကျွန်မပါထိုင်ပြီးကောင်းစွာနားထောင်ခဲ့သည်။ သူတို့က ဤအစီအစဉ်စနစ်၏ကုန်ဆုံးခြင်းအကြောင်း၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ မြေကြီးပရဒိသုအကြောင်း၊ လူသေများရှင်ပြန်ထမြောက်ခြင်းတို့အကြောင်း ပြောပြပါသည်။ ကျွန်မအလွန်အံ့သြသွားသည်။ ဆက်တိုက်သုံးညတိုင် အိပ်မရနိုင်ဘဲဖြစ်ခဲ့သည်။ သိလိုသည့်အကြောင်းများစွာရှိနေသော်လည်း မာန်မာနစိတ်ကြောင့် ခင်ပွန်းကိုမမေးမြန်းလိုခဲ့ပါ။ တစ်နေ့ကျတော့ ကျွန်မအားသူကအသံမာမာဖြင့် “ဒီနေ့ ခင်ဗျားကျွန်တော့်စကားကိုနားထောင်ရမယ်။ ခင်ဗျားမေးခွန်းတွေကို ကျွန်တော်ဖြေပေးနိုင်တယ်” ဟုပြောသည်။ ထိုနောက် သမ္မာကျမ်းစာမှအမှန်တရားများကို ခရားရေသွန်သကဲ့သို့ ဆက်တိုက်ပြောပြလေသည်။
ဖန်ဆင်းရှင်၏အမည်သည် ယေဟောဝါဖြစ်ကြောင်း၊ သူ၏အဓိကအရည်အချင်းသည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကျွန်မတို့ထာဝရအသက်ရစေခြင်းငှာ သားတော်ကို ကိုယ်တော်စေလွှတ်ခဲ့ကြောင်း၊ အာမဂေဒုန်တွင် လူဆိုးများကိုဖျက်ဆီးပြီးနောက် ယေရှုခရစ်သည် အနှစ်တစ်ထောင်အုပ်စိုးချိန်ကာလအတွင်း လူသေများကိုရှင်ပြန်ထမြောက်စေမည့်အကြောင်း ဂျီအန်ကာလိုပြောပြပါသည်။ ရှင်ပြန်ထမြောက်လာသူများသည် စိတ်ဓာတ်နှင့်ကာယရေးဘက် စုံလင်လာကြပြီး မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်အသက်ရှင်ခွင့်ရှိလိမ့်မည်အကြောင်း သူပြောပြပါသည်။
နောက်နေ့တွင် ကျွန်မခင်ပွန်းနှင့်အတူ နိုင်ငံတော်ခန်းမသို့ ပထမအကြိမ်စည်းဝေးသွားတက်ခဲ့သည်။ ထိုနောက်တွင်သူ့အားကျွန်မက “ဒီလူတွေ တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြတယ်။ သူတို့မှာ ပျော်ရွှင်မှုတကယ်ရှိတဲ့အတွက် သူတို့ဆီဆက်သွားချင်တယ်” ဟုပြောသည်။ စည်းဝေးများကိုမှန်မှန်စတက်ပြီး ကျွန်မနှင့်လည်း ကျမ်းစာသင်အံမှုပြုလုပ်ကြသည်။ ကျွန်မသင်ယူနေသည့်အကြောင်းများကို အတော်အတန်စဉ်းစားကြည့်ပြီးနောက် ဘုရားသခင်၏စစ်မှန်သောလူမျိုးကိုတွေ့ရှိပြီဟု ကျွန်မယုံကြည်လာသည်။ ၁၉၇၉ တွင်ကျွန်မအမျိုးသားနှင့်အတူ ယေဟောဝါထံဆက်ကပ်အပ်နှံနှစ်ခြင်းယူခဲ့သည်။
အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်း
ထိုနှစ်အတွင်း တိုက်နယ်စည်းဝေးပွဲတစ်ခုတွင် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကိုအားပေးသည့် ဟောပြောချက်တစ်ခုကို ကြားခဲ့ရသည်။ ထိုလုပ်ငန်း၌ပါဝင်လိုသောစိတ်ဆန္ဒပေါ်ပေါက်လာပြီး ဤအကြောင်းကို ယေဟောဝါအားဆုတောင်းတင်ပြခဲ့သည်။ သို့သော် ကျွန်မမှာကိုယ်ဝန်ရှိလာသဖြင့် ကြံစည်သည့်အတိုင်းမဖြစ်လာသေးပါ။ နောက်လေးနှစ်အတွင်း သားသမီးသုံးယောက်ရခဲ့သည်။ သူတို့အနက်နှစ်ဦးသည် အသက်အန္တရာယ်ရှိသည့်တိုင် ကျန်းမာရေးထိခိုက်ခဲ့သည်။ သူတို့လုံးလုံးပြန်ကျန်းမာလာသည့်အတွက် ကျွန်မစိတ်ချမ်းသာရပြီ။
ယခုအချိန်ပြည့်ဓမ္မအမှုဆောင်ရန် ကျွန်မရည်ရွယ်ချက်ကို ဆိုင်းလင့်မထားနိုင်တော့ပါ။ ဇနီးသည်နှင့်မိခင်တစ်ဦး၏တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ရန် အလုပ်ကထွက်ခဲ့သည်။ တစ်ဦးတည်း၏ဝင်ငွေနှင့် လုံလောက်နိုင်ရန် ကျွန်မတို့တိုင်ပင်ကြသည်။ ယင်းကြောင့်လည်း မလိုအပ်သည့်အရာအားလုံးကို စွန့်လွှတ်ရတော့မည်ဖြစ်သည်။ သို့သော် ကျွန်မတို့ဆင်းရဲနွမ်းလျသည့် အခြေအနေမျိုးသို့မရောက်စေရန် ယေဟောဝါရှင်သည် များစွာကောင်းချီးပေးခဲ့ပါသည်။
၁၉၈၄ ခုနှစ်တွင် ၁၅ နှစ်အရွယ်ရှိ၊ နှစ်ခြင်းခံယူစရှိသောသမီးလည်း ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခဲ့သည်။ တစ်ကြိမ်တည်းတွင် ကျွန်မခင်ပွန်းလည်း အကြီးအကဲဖြစ်လာသည်။ ကျွန်မကော။ ရှေ့ဆောင်မလုပ်နိုင်သေးဟုအထင်အမြင်ဖြင့် ဟောပြောခြင်းလုပ်ငန်း၌ တစ်လလျှင် နာရီ ၃၀ ရရန်ပန်းတိုင်ထားခဲ့ပါသည်။ ပန်းတိုင်မီခဲ့၍ ကိုယ်ကိုယ်ကို ‘တော်သားဘဲ။ အတော်ကြိုးစားပါလား’ ဟုချီးကျူးခဲ့သည်။
ဤတွင်လည်း မာနထောင်လွှားစိတ်က ကျွန်မကိုတားဆီးနေသည်။ (သု၊ ၁၆:၁၈) ကိုယ်ကိုယ်ကိုတော်လှသည်၊ ဝိညာဉ်ရေးဘက် ဆက်တိုးတက်စရာမလိုပါဟု အထင်ရှိနေသည်။ သို့နှင့်ကျွန်မဝိညာဉ်ရေးတဖြည်းဖြည်းကျဆင်းသွားပြီး မွေးမြူလာသည့်ကောင်းသောအရည်အချင်းများကိုပင် စပျောက်ပျက်သွားစေခဲ့သည်။ ဤအချိန်တွင် ကျွန်မလိုအပ်နေသောပဲ့ပြင်ဆုံးမမှုကို ရရှိခဲ့ပါသည်။
၁၉၈၅ ခုနှစ်တွင် နယ်လှည့်ကြီးကြပ်မှူးနှစ်ဦးနှင့် သူတို့၏ဇနီးသည်များသည် ကျွန်မတို့အသင်းတော်သို့ အလှည့်ကျလည်ပတ်ရန်အချိန်ရောက်၍ အိမ်တွင်တည်းခိုခဲ့ကြသည်။ ဤနှိမ့်ချမှုရှိသော၊ ကိုယ်ကျိုးစွန့်ကြသည့်ခရစ်ယာန်များ၏ပုံသက်သေကိုကြည့်ပြီး စဉ်းစားစရာများပေါ်ပေါက်လာသည်။ ကင်းမျှော်စင်အသင်း၏စာပေများကိုအသုံးပြုကာ နှိမ့်ချခြင်းအကြောင်းကို ကျွန်မအထူးလေ့လာခဲ့သည်။ ကျွန်မတို့အပြစ်သားများနှင့် ယေဟောဝါဆက်ဆံရာတွင် မည်မျှနှိမ့်ချမှုပြခဲ့ကြောင်းကို စဉ်းစားမိသည်။ (ဆာလံ ၁၈:၃၅) သို့နှင့်ကျွန်မအတွေးအခေါ်ကို ပြုပြင်ပြောင်းလဲရန်လိုမည်ကို သဘောပေါက်လာသည်။
ယေဟောဝါအလိုတော်ရှိသည်အတိုင်း ကျွန်မအားအမှုတော်ထမ်းဆောင်နိုင်ခွင့်ပေးပါရန်၊ နှိမ့်ချမှုအရည်အချင်းကိုမွေးမြူရာတွင် ကျွန်မကိုကူညီပေးဖို့အသနားခံခဲ့သည်။ ကိုယ်တော့်ဘုန်းထင်ရှားရေးအတွက် ကျွန်မ၌ရှိသောဆုကျေးဇူးများကိုအသုံးပြုရာတွင် လမ်းပြပေးဖို့အတွက်လည်း တောင်းဆိုသည်။ ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာကိုဖြည့်စွက်ပြီးနောက် မတ်လ ၁၉၈၉ ခုနှစ်တွင် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းလုပ်ငန်း၌ စပါဝင်ခဲ့သည်။
ယခုကျွန်မ တကယ် ပျော်ရွှင်နေပါသည်ဟုဆိုနိုင်ပြီ။ ဤသို့ပျော်ရွှင်နိုင်ရခြင်းသည်လည်း ကိုယ့်မာနကိုယ်ချိုးနှိမ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အသက်ရှင်ဖို့အတွက် အကြောင်းရင်းခံဖြစ်သည့် လိုလျက်နေသူတို့အား စစ်မှန်သောဘုရားသခင်ယေဟောဝါကိုသိရှိလာရန်၊ ကိုယ်တော်ကိုရှာဖွေသူများထံမှ မဝေးကွာကြောင်း သိရှိစေရန်ကူညီပေးခြင်းကို တွေ့ရှိထားပါပြီ။—ဗီရာ ဘရန်ဒိုလီနီ ပြောပြသည်။