ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနိုင်ခြင်း—ပျံ့နှံ့နေသည့် ဖြစ်ရပ်ဆန်း
“စွမ်းအားတစ်ခုကကျွန်တော့်ရဲ့လျှာကိုထိန်းချုပ်ထားပြီး စကားတွေဟာ ရေလိုတတွတ်တွတ်ပန်းထွက်ခဲ့တယ်။ ပျော်လိုက်တာဗျာ။ အလွန့်အလွန်မြင့်မြတ်သန့်ရှင်းတယ်လို့ခံစားခဲ့ရတယ်။ အရင်ဒီလိုတစ်ခါမှမကြုံခဲ့ဖူးဘူး” ဟု “မသိသောဘာသာစကား” တစ်မျိုးဖြင့်ပြောဆိုခြင်းဖြစ်သည့် သာမန်ထက်ထူးခြားသောတွေ့ကြုံမှုကို ကြုံခဲ့ရသူတစ်ဦးကပြောပြသည်။
“မသိသောဘာသာစကား” ဖြင့်ပြောဆိုသည့် လူတစ်ဦး၏ပထမဆုံးတွေ့ကြုံမှုကို သင်ကြားရပြီ။ သို့သော် ‘အဲဒါဘာလဲ’ ဟုအချို့ဆီလျော်စွာမေးကြမည်။ ယောက်ျား၊ မိန်းမများတို့သည် ဘုရားသခင်၏ဝိညာဉ်တော်လှုံ့ဆော်ခံရသည်ဟုဆိုကြကာ နိုင်ငံခြားဘာသာစကား သို့မဟုတ် သူတို့မသိသောထူးဆန်းသည့်ဘာသာစကားများပြောဆိုကြသည့် အချို့ချာ့ချ်များ၏လုပ်ရပ် သို့မဟုတ် ယုံကြည်ချက်ကိုရည်ညွှန်းနေခြင်းဖြစ်သည်။
ယင်းကား ပျံ့နှံ့နေသည့်ဘာသာရေးဖြစ်ရပ်ဆန်းတစ်ခုဖြစ်သည်။ တစ်ချိန်က ထိုအဖြစ်အပျက်သည် ပင်တေကုတ္တေအသင်းသားများအတွင်း၌သာကန့်သတ်ထားသည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ ထုံးတမ်းစဉ်လာဘာသာရေးဘောင်ကိုကျော်လွန်ပြီး နှစ်ခြင်း၊ အစ်ပီစကော့ပဲလျန်၊ လုသရင်၊ မက်သဒစ်၊ ပရက်စ္စဘီတေးရီးယန်းနှင့် ရိုမန်ကက်သလစ်များသို့ပင် ကူးစက်ဖြစ်ပျက်နေသည်။ ဤအဖြစ်အပျက်ကိုခံစားနေရသောလူတစ်ဦး၏အခြေအနေမှာ အားရပီတိဖြစ်ခြင်း၊ စိတ်နောက်ကျိခြင်း၊ မိန်းမောတွေဝေခြင်း၊ မြောနေခြင်းတို့ကဲ့သို့ခံစားရသည်ဟုဖော်ပြထားသည်။ အချို့တို့က ယင်းကိုစိတ္တဇတွေ့ကြုံမှုဟုပင်ခေါ်ကြသည်။ ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းသည် လျှို့ဝှက်နက်နဲခြင်း၊ ကြည်ညိုလေးမြတ်ဖွယ်ကောင်းခြင်းတို့နှင့်ဆက်စပ်နေသည်။
ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုနိုင်ခွင့်ကိုယနေ့အဘယ်ကြောင့်ရလိုကြ
ကိုယ်တိုင်ရေးသော Tongues of the Spirit စာအုပ်တွင် Cyril G. Williams ကထင်မြင်ချက်ပေးထားသည်မှာ ယင်းသည် “မိမိမတတ်စွမ်းနိုင်ဟုခံစားရခြင်းနှင့် ‘ဘာသာစကားအမျိုးမျိုး’ ကိုလိုလားတောင့်တခြင်းစပ်ကြား ဆက်စပ်မှုဖြစ်နိုင်သည်” ဟူ၍ဖြစ်သည်။ ယင်းသည် “တင်းမာမှုများကိုလျှော့ပေါ့ပေးသည့် ကုသမှုဆိုင်ရာအကျိုး” “အတွင်းမငြိမ်သက်မှုများကို လျော့ပါးစေသည့်အရာ” ဟုသူကဖော်ပြသည်။ ချာ့ချ်လုပ်ငန်းများတွင် စိတ်ပျက်ဖွယ်ရာများ၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ၊ အလုပ်အကိုင်တွင်အထမမြောက်မှုများ၊ ဆုံးရှုံးမှုများ၊ အိမ်တွင်းရေးတင်းမာမှုများနှင့် မိသားစုတွင်ဖျားနာမှုများက ယင်းသို့ပြင်းထန်သည့်ခံစားမှုဖြင့်စကားများပြောဆိုစေသည့်အကြောင်းရင်းများအဖြစ် ကိုးကားထားသည်။
အလားတူစွာပင် The Psychology of Speaking in Tongues စာအုပ်တွင် John P. Kildahl က “စိုးရိမ်ပူပန်မှုသည် ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုနိုင်ခြင်းသို့တက်လှမ်းရန် လိုအပ်သည့်အရာဖြစ်သည်” ဟုဖော်ပြထားသည်။ ကိုယ်တိုင်သုတေသနပြုခြင်းနှင့် လူတွေ့စစ်ဆေးမေးမြန်းခြင်းများမှ “ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုသူ ၈၅% ကျော်တို့သည် ဘာသာစကားများဖြင့်မပြောဆိုမီ သိသာထင်ရှားသောစိတ်ပူပင်သောကများရောက်ခဲ့ကြရ” ကြောင်းသိရှိရသည်။ ဥပမာ၊ ကင်ဆာရောဂါဖြစ်နေသောသားဖြစ်သူအတွက်ဆုတောင်းပေးနိုင်ရန် မိခင်တစ်ဦးသည် ဘာသာစကားများဖြင့်ပြောဆိုနိုင်လိုသည်။ လူတစ်ဦးသည် အလုပ်ရာထူးတိုးခံရခြင်းနှင့်ပတ်သက်၍ ရေရေရာရာမဆုံးဖြတ်နိုင်မီအချိန်အတွင်း ဘာသာစကားများဖြင့်စတင်ပြောဆိုလာသည်။ မိန်းမတစ်ဦးသည် သူမ၏ယောက်ျားက အရက်ဖြတ်ရန်အကူအညီပေးသည့်အဖွဲ့နှင့်အဆက်အသွယ်ပြုပြီးနောက် တစ်ပတ်အတွင်း ဘာသာစကားအမျိုးမျိုးဖြင့်စတင်ပြောဆိုလာသည်။
လူတစ်ဦးဘာတွေ့ကြုံရသနည်း
ပထမဆုံးအကြိမ်ဘာသာစကားများဖြင့်ပြောဆိုခဲ့ဖူးသူတစ်ဦးက “ကျွန်တော့်တစ်ကိုယ်လုံးလောင်ကျွမ်းသလိုခံစားရပြီး ချွေးစေးချွေးအေးတွေထွက်လာတယ်။ ခြေလက်တွေ ကတုန်ကရင်ဖြစ်ပြီး အားပြတ်သလိုခံစားရတယ်” ဟုပြန်ပြောပြသည်။ ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းဆိုင်ရာတွေ့ကြုံမှုများနှင့်ပတ်သက်၍ အချို့တို့က ထူးခြားသောအပြုအမူများအားဖြင့် အနှောင့်အယှက်ဖြစ်ရသည်များလည်း မကြာခဏရှိသည်။ ဥပမာအားဖြင့် “မိန်းကလေးတစ်ဦးသည် ကုလားထိုင်မှထရန်ကိုယ်ကိုဆန့်လိုက်သောအခါ သူမ၏တံတွေးဖြင့်သီးလုမတတ်ဖြစ်သွားပြီး သူမ၏လည်ပင်းက ကုလားထိုင်နောက်ကျောသို့လန်ကျသွားသည်။ သူမ၏ခြေဖဝါးများက ကြမ်းပြင်ပေါ်သို့ကျနေပြီး ခြေထောက်များက တောင့်တင်းနေသည်။” အစည်းအဝေးတစ်ခုတွင် “လူတစ်ဦးသည် ဘုရားကျောင်းအစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်သို့ အဆက်မပြတ်ကျွမ်းထိုးနေခဲ့သည်။”
ပါမောက္ခ ဝီလျန် ဂျေ၊ စမားရန်က “အချို့လူတွေအတွက် ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်နှစ်ခြင်းခံသည့်အခြေအနေဖြစ်သည်” ဟုရေးသားထားသည်။ ယင်းမပါလျှင် “အနည်းငယ်လိုနေသည်ဟုသူတို့ကိုခံစားရစေသည်။” ယင်းကို “ဆုတောင်းချက်၏အဖြေ၊ ဘုရားသခင့်မေတ္တာတော်နှင့်လက်ခံမှုအတွက်အာမခံ” ဟုရှုမြင်ကြသည်။ အချို့သူများက ယင်းသည်သူတို့အား အတွင်းငြိမ်သက်မှု၊ ရွှင်လန်းမှု၊ အေးချမ်းမှုနှင့် “သာ၍ကြီးမားသောအစွမ်းတန်ခိုးကိုခံစားရ” ပြီး “သာ၍ခိုင်မြဲသည့်အမှတ်သညာပြုခြင်းကိုခံစားရ” စေသည်ဟုဆိုကြသည်။
ပြင်းထန်သည့်ခံစားမှုဖြင့်စကားများပြောဆိုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအထောက်အထားအမှန်ဖြစ်သလော။ ယင်းသို့တွေ့ကြုံရခြင်းသည် လူတစ်ဦးအားခရစ်ယာန်စစ်အဖြစ်ခွဲခြားသတ်မှတ်ဖော်ပြသလော။ ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းသည် ယနေ့အတွက် လက်ခံနိုင်ဖွယ်ဝတ်ပြုရေး၏အစိတ်အပိုင်းတစ်ရပ်လော။ ဤမေးခွန်းများကို သာမန်ကာလျှံကာဖြေ၍မရပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ဝတ်ပြုရေးကို ဘုရားသခင်အလိုတော်ကျပြီး ကောင်းချီးပေးစေလိုကြသောကြောင့်ဖြစ်သည်။