ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၉/၁၅ စာ. ၂၈-၃၁
  • စိတ်ဓာတ်ကျဆင်းခြင်းကို သင်ဖြေရှင်းနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဓာတ်ကျဆင်းခြင်းကို သင်ဖြေရှင်းနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဓာတ်ကျဆင်းခြင်းကိုကိုင်တွယ်နိုင်သည့်နည်းလမ်းအချို့
  • စိတ်ဓာတ်ကျဆင်းမှုများကြား ကြံ့ခိုင်ခြင်း
  • များမကြာမီ—စိတ်ဓာတ်ကျဆင်းခြင်းမှသက်သာရာရခြင်း
  • ကျွန်ုပ်တို့မျှော်လင့်ရာများ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မသေချာမှုကို သင်အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဇရာအို ကာလပိုင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • စိတ်ဓာတ်ကျသည့်ကြားမှ မျှော်လင့်ချက် တွေ့ရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၉/၁၅ စာ. ၂၈-၃၁

စိတ်ဓာတ်ကျဆင်းခြင်းကို သင်ဖြေရှင်းနိုင်

ဤ၂၃ နှစ်အရွယ်ရှိသူ၏အဖြစ်ဆိုးကို သုံးသပ်ကြည့်ပါ။ သူသည် ပညာအရည်အချင်းနည်းပြီး လစာအနည်းငယ်သာရရှိသည်။ အိမ်ထောင်ပြုရန်၊ ကျေနပ်ရောင့်ရဲသောဘဝရှိရန်အတွက် လုံးဝမတွေးတောနိုင်ဘဲဖြစ်နေသည်။ ယင်းကြောင့် မိခင်ဖြစ်သူက “သားလေးအလွန်စိတ်ညှိုးငယ်ပြီး စိတ်ဓာတ်ကျနေတယ်” ဟုဆိုသည်။ ဤလူငယ်၏အဖြစ်မျိုးကို သန်းပေါင်းများစွာသောသူတို့ ကြုံတွေ့နေရကြသည်။ အကြောင်းတစ်မျိုးမျိုးကြောင့် အလွှာအသီးသီးမှလူများ စိတ်ဓာတ်ကျဆင်းနေကြသည်။

စိတ်ဓာတ်ကျဆင်းခြင်းသည် “ဆန္ဒမပြည့်၊ လွန်ဆွဲနေသည့်စိတ်ထားများ၊ သို့မဟုတ် မဖြေရှင်းနိုင်သည့်ပြဿနာများမှဖြစ်ပေါ်လာသည့် အမြစ်တွယ်နေသည့် လုံခြုံမှုမရှိခြင်း၊ စိတ်ပျက်ခြင်း၊ မကျေနပ်နိုင်သည့်စိတ်ထား သို့မဟုတ် အခြေအနေဖြစ်ပါသည်။” (Webster’s Third New International Dictionary) အရာတစ်ခုခုကို အားကြိုးမာန်တက်ကြိုးစားခဲ့လျက်ပင် မဖြစ်မြောက်မအောင်မြင်သည့်အခါ စိတ်ဓာတ်ကျဆင်းတတ်ပါသည်။ မည်သည့်ဘက်သို့လှည့်စေကာမူ အတားအဆီးတစ်မျိုးမျိုး၏ပိတ်ပင်မှုကြောင့် အောင်မြင်စရာအကြောင်းလုံးဝမရှိဟု စိတ်ပျက်ရသည်။ ဤသို့သောစိတ်ထားမျိုးကို ကျွန်ုပ်တို့အားလုံး ခံစားဖူးခဲ့မည်။

အကျိုးမရှိ အချည်းနှီးဖြစ်ဟန်တူသည့် လုပ်ငန်းများကို လုပ်ကိုင်ရသူများအနေနှင့် မိမိသည် တန်ဖိုးမရှိသူပါဟုခံစားရပေမည်။ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်မှုများကြုံရသည့်အပြင် အိမ်ထောင်ရေးဝတ္တရားများကို ပင်ပင်ပန်းပန်းဆောင်ရွက်ရသည့် ဇနီးသည်များ သို့မဟုတ် မိခင်များကိုကျေးဇူးမတင် သူတို့ဆောင်ရွက်လေသမျှကို အသိအမှတ်မပြုဘဲနေလျှင် သူတို့အဖို့စိတ်အားငယ်စရာဖြစ်စေနိုင်သည်။ ကျောင်းတွင် စုံစမ်းခြင်းအမျိုးမျိုးခံရသည့်လူငယ်များသည် ပညာတတ်မြောက်ရေးအတွက် ကြိုးပမ်းခြင်းသည် အချည်းနှီးသက်သက်သာဖြစ်သည်ဟု ခံစားရပေမည်။ အထင်အမြင်သေးခံရသည့်လူစုအဝင်ဖြစ်သူများသည် မတရားသဖြင့် အနှိမ်ခံနေရသည်ဟုယူဆပြီး စိတ်ပျက်နေပေမည်။ ရိုးသားမှန်ကန်စွာဖြင့် အကောင်းစားပစ္စည်းများကိုထုတ်လုပ်ရန် ကြိုးစားနေသောစီးပွားရေးသမားများသည် မသမာသောစီးပွားရေးပြိုင်ဘက်တို့ကြောင့် စီးပွားပျက်ခဲ့ပေမည်။ အဆိုပါအဖြစ်အပျက်များကြောင့် စိတ်ဓာတ်ကျဆင်းရပြီး အကျိုးမရှိ အချည်းနှီးသာဖြစ်သည်ဟူသည့် ခံစားချက်များဖြစ်ပေါ်စေသည်။

ရာစုနှစ်ပေါင်းများစွာကအသက်ရှင်ခဲ့သူ ပညာရှိတစ်ဦးသည် သူ၏စိတ်ဓာတ်ကျဆင်းမှုကို ကျွန်ုပ်တို့နားလည်နိုင်အောင် နှုတ်မြွက်နိုင်ခဲ့သည်။ ဣသရေလဘုရင်ရှောလမုန် ဤသို့ဆိုခဲ့သည်။ “ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကိုငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုးတစ်စုံတစ်ခုမျှမရှိ။ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှုအလုံးစုံတို့၌ အဘယ်အကျိုးရှိသနည်း။ သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ပင် သူ၏စိတ်နှလုံးမငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။” (ဒေသနာ ၂:၁၁၊ ၂၂၊ ၂၃) ကျေနပ်မှုရှိသောဘဝအသက်တာမျိုးမရစေသည့် စိတ်ဓာတ်ကျစရာများနှင့်ရင်ဆိုင်ရသည့်အခါ ယင်းတို့ကိုဖြေရှင်းပေးရန် ကြိုးစားကိုင်တွယ်ရာတွင် လူအများခံစားရသည့် စိတ်ပျက်မှုကို ရှောလမုန်ဖော်ပြနေခြင်းဖြစ်သည်။

စိတ်ဓာတ်ကျသူတို့သည် ဖြစ်လိုရာဖြစ်စေတော့စိတ်ထားပင် ရှိလာတတ်သည်။ အခြေအနေဆိုးရွားသူအချို့ဆိုလျှင် ဆက်မကြိုးစားတော့ဘဲ သာမန်ဘဝပုံစံကိုစွန့်လွှတ်ပြီး လူသူတို့နှင့်ဆက်ဆံမှုကို အတတ်နိုင်ဆုံး ဖြတ်တောက်လိုက်ကြသည်။ အချို့ကြပြန်လျှင် မိမိတို့ရသင့်ရထိုက်ရာဟုယူဆသည့်အရာကိုရရှိရန် ရာဇဝတ်မှု၊ အဓမ္မမှုပြုကြသည်။ မပြတ်မစဲနိုင်သည့် ဖိစီးမှုများကလည်း အိမ်ထောင်ရေးနှင့် မိသားစုသံယောဇဉ်များကို ပျက်ပြားစေခဲ့ပြီ။

စိတ်ဓာတ်ကျဆင်းမှုကိုကိုင်တွယ်နိုင်သည့်နည်းလမ်းများကိုရှာကြံရန် ကြိုးစားအားထုတ်ရမည့်သူ အမြောက်အမြားရှိပေမည်။ မည်သို့ပင်ကြိုးစားသည်တိုင် အခြေအနေ သာ၍ဆိုးရွားလာပုံရှိမည်။ သု၊ ၁၃:၁၂ ကဤသို့ဆိုသည်။ “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏။” ကျွန်ုပ်တို့၏ကာယနှင့်ဝိညာဏကျန်းမာမှုသည် အန္တရာယ်ရှိနေပေမည်။ အခြေအနေသည် မျှော်လင့်စရာကင်းမဲ့နေပါသလော။ ကျွန်ုပ်တို့၏မပြည့်စုံမှုများ၊ အမှားများ၏အကျိုးဆက်အနေနှင့် အမြဲစိတ်ဓာတ်ကျဆင်းနေရတော့မည်လော။ ဘဝမှာ ကျေနပ်မှုပိုမိုရှိနိုင်ရန် စိတ်ဓာတ်ကျဆင်းခြင်းကို ကိုင်တွယ်နိုင်ဖို့အတွက် လက်တွေ့ကျကျပြုလုပ်နိုင်သည့်နည်းလမ်းအချို့ ရှိနိုင်ပါသလော။ ကြည့်ကြဦးစို့။

စိတ်ဓာတ်ကျဆင်းခြင်းကိုကိုင်တွယ်နိုင်သည့်နည်းလမ်းအချို့

ကျွန်ုပ်တို့မှာပြဿနာတစ်ခုရှိနေ၍ အကြံပေးချက်လိုအပ်နေပါက အားကိုးအားထားနိုင်သည့် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတကြွယ်သူထံ အကူအညီသွားတောင်းဆိုတတ်ပါသည်။ သု၊ ၃:၅၊ ၆ ကဤသို့တိုက်တွန်းထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပြုပြင်တော်မူမည်။” ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် လက်တွေ့ကျအကြံပေးချက်များကို တွေ့ရှိနိုင်ပါသည်။ ယင်းမှရရှိသည့် ထိုးထွင်းသိမြင်ဉာဏ်နှင့်စပ်လျဉ်းသည့် ဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။

အသက်မွေးဝမ်းကျောင်းရှာယူခြင်းနှင့်ပတ်သက်၍ စိတ်ဓာတ်ကျဆင်းနိုင်ပေသည်။ ဥပမာ၊ ကျွန်ုပ်တို့၏အသက်မွေးဝမ်းကျောင်းရှာလုပ်ငန်းသည် ကျေနပ်မှုပေးဦးတော့ လစာနည်းလွန်းသဖြင့် စိတ်ပျက်စရာအကြောင်းဖြစ်နိုင်သည်။ ကိုယ့်မိသားစုကိုချစ်မြတ်နိုးကြ၍ သူတို့အတွက် အကောင်းဆုံးဖြစ်စေလိုသည်။ သို့သော်လည်း ငွေရေးကြေးရေးအတွက် ပူပင်သောကရောက်ရခြင်းလမ်းဆုံးကို မရောက်နိုင်ဘဲဖြစ်နေမည်။ အချိန်ပိုအလုပ်ဆင်းသည့်အပြင် ဝင်ငွေများရန်ဒုတိယလုပ်ငန်းတစ်ခုကိုပင် ရှာကြံလုပ်ကိုင်နေမည်။ ဤသို့နှင့်ဘဝသည် စားလျက်၊ အိပ်လျက်၊ အလုပ်လုပ်ကိုင်လျက်သာ ကြိုးပမ်းနေရသည့် ငြီးငွေ့စရာသံသရာလည်ပတ်မှုသာ ဖြစ်ချေမည်။ မည်မျှကြိုးစားစေကာမူ ပြေစာများပုံလာမည်၊ အကြွေးပေးစရာများလာပြီး စိတ်ဓာတ်ကျဆင်းမှုတိုးလာပေမည်။

ဝမ်းစာရှာလုပ်ငန်း၏အဓိကရည်ရွယ်ချက်မှာ လိုအပ်ရာများကို ဖြည့်စွက်ပေးခြင်းငှာဖြစ်သည်။ သို့သော် မည်မျှလိုအပ်ပါသနည်း။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။” ထိုမျှမကကျွန်ုပ်တို့၌ရှိလာရန် ကြိုးစားနေပါသလော။ သူတစ်ထူးနှင့်အပြိုင်အဆိုင် ကြိုးစားရှာရန်၊ ပြုလုပ်တတ်ရန် အားထုတ်နေသလော။ ထိုသို့ဆိုလျှင် စိတ်ဓာတ်ကျဆင်းမှုအကျိုးဆက်ကို ခံစားနေရမည်။ ပေါလုဤသို့သတိပေးခဲ့သည်။ “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုယ်ကိုထုတ်ချင်းခတ်အောင် ထိုးကြပြီ။” (၁ တိမောသေ ၆:၇-၁၀) စည်းစိမ်ရှာခြင်းကို ကျွန်ုပ်တို့ရိုးသားမှန်ကန်စွာစစ်ဆေးကြည့်ပါက မလိုအပ်ရာအချို့ပါဝင်နေမည်။ ချွေတာပြီး ဆန်းပြားသည့်ဘဝပုံစံကို လျှော့ပေါ့လိုက်မည်ဆိုလျှင် စိတ်ဓာတ်ကျဆင်းမှုလျော့နည်းသွားစရာအကြောင်း များစွာရှိမည်။

လိုအင်ဆန္ဒပျက်ပြား၍ မအောင်မြင်ခဲ့သည့်အတွက် စိတ်ဓာတ်ကျဆင်းရသူ များစွာရှိခဲ့ပြီ။ ဥပမာ၊ အိမ်ထောင်ပြုရန်၊ မိသားစုဘဝမှရရှိသည့် လုံခြုံမှုနှင့်နွေးထွေးသောချစ်ခင်ရင်းနှီးမှုကို အမျိုးသမီးငယ်တစ်ဦးရလိုပေမည်။ သို့ဖြစ်၍နောက်ဆုံးပေါ်ဝတ်စားဆင်ယင်မှု သို့မဟုတ် အလှကုန်ပစ္စည်းများသုံးစွဲ၍ မိမိကိုယ်ကိုပိုလှရန် ကြိုးစားအားထုတ်၍ အချိန်ကုန်ခံပေမည်။ အချစ်ဝေဒနာသည်များအတွက် အကြံပေးချက်များပါစာပေများကို စွဲစွဲလမ်းလမ်းဖတ်ရှုသူတစ်ဦး ဖြစ်ကောင်းဖြစ်လာပေမည်။ သင့်တော်သူတစ်ဦးကို ဆုံစည်းရန်မျှော်လင့်ချက်နှင့် ပွဲလမ်းသဘင်များ အဆက်မပြတ်တက်မည်ဖြစ်သော်လည်း မအောင်မြင်ဘဲဖြစ်ကောင်းဖြစ်မည်။ အနှစ်နှစ်အလလကုန်လွန်လေသော် မခံမရပ်နိုင်အောင် စိတ်ဓာတ်ကျဆင်းလာပေမည်။ ထိုအခါ စိတ်ပျက်ပျက်နှင့် မသင့်တော်သူတစ်ဦးနှင့်အိမ်ထောင်ပြုလိုက်ရန် သွေးဆောင်ခံရပေမည်။ ထိုထက်ဆိုးရွားနိုင်သည်ကား ကြင်နာမှုကိုတမ်းတမက်မောနေသဖြင့် မိမိစိတ်ကိုဖြေသိမ့်ပေးရန် အကျင့်စာရိတ္တပျက်ပြားသွားနိုင်ပေသည်။

ဤကဲ့သို့သော အိမ်ထောင်ဖက်ရှာနေသည့်အမျိုးသမီးအတွက် စိတ်ရှည်ခြင်းနှင့် အမြော်အမြင်ရှိသည့်သဘောများသည် မရှိမဖြစ်ရှိသင့်သည်။ အထူးသဖြင့် ယေဟောဝါကိုမယုံကြည်သော မသင့်တော်သူနှင့်အိမ်ထောင်ပြုမိခြင်းသည် ကြီးစွာသောအမှားဖြစ်ပါလိမ့်မည်။ (၁ ကောရိန္သု ၇:၃၉။ ၂ ကောရိန္သု ၆:၁၄၊ ၁၅) စာရိတ္တယိုယွင်းမှုသည် ဝမ်းနည်းကြေကွဲခြင်းနှင့် စိတ်ပျက်ရသည့်အဖြစ်သို့သာဆိုက်စေသည်။ (သု၊ ၆:၃၂၊ ၃၃) ရိုးသားမှန်ကန်စွာ ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်းနှင့်အတူ ဉာဏ်အမြော်အမြင်ဖြင့် ဤကိစ္စကိုကိုင်တွယ်ခြင်းသည် များစွာအကူအညီဖြစ်မည်။ ပုံကျသောအဝတ်အစားများ၊ သို့မဟုတ် အလှကုန်ပစ္စည်းများထက် “နူးညံ့ငြိမ်သက်ခြင်းသဘော” သည်အကောင်းဆုံးအိမ်ထောင်ကိုရှာတွေ့ရန် များစွာအကူအညီပြုမည်။ (၁ ပေတရု ၃:၃၊ ၄) အမြော်အမြင်နည်းသည့် သို့မဟုတ် ပေါ့တန်သည့်သဘောရှိသည့် လောကီပါရဂူများအကြံဉာဏ်ကို အားကိုးမည့်အစား ချစ်မြတ်နိုးခံရသောဇနီးဖြစ်လာနိုင်ရန် ဘာလုပ်ရမည့်အကြောင်းသိရှိဖို့အတွက် အိမ်ထောင်ပြုခြင်းကိုစတီထွင်သူထံ၌ အကူအညီတောင်းဆိုခြင်းသည် အရေးကြီးပါသည်။ (သု၊ အခန်းကြီး ၃၁) အိမ်ထောင်မရှိသော အမျိုးသား၊ အမျိုးသမီးများသည် မိမိရလိုသောအိမ်ထောင်ဖက်၌တွေ့လိုသည့်အရည်အချင်းများကို ကိုယ်တိုင်တင်ပြရန် ကြိုးစားသင့်သည်။ ကျမ်းစာမူများကို လေးစားတန်ဖိုးထားသူ၊ ကောင်းမြတ်သောအပေါင်းအသင်းများကို ရှာကြံခြင်းသည် အမှန်ပညာရှိသည်။ ဤမူများကိုကျင့်သုံးပါက သာယာသောအိမ်ထောင်ရေးအတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက်များ တိုး၍ကောင်းလာပါလိမ့်မည်။ ထိုသို့ပြုလျက်နှင့် အိမ်ထောင်ပြုစရာအကြောင်း ချက်ချင်းဖြစ်ပေါ်မလာဦးတော့ ကျမ်းစာနှင့်အညီကျင့်ကြံခြင်းသည် ရွှင်လန်းအားရစရာဖြစ်ပြီး တစ်ကိုယ်တည်းဘဝကို ကျေနပ်မှုဖြစ်စေပါလိမ့်မည်။

တာဝန်ဝတ္တရားများလွန်းခြင်းသည် ဒေါသထွက်စရာပင်ဖြစ်နိုင်သည်။ အဘက်ဘက်မှ ဖိစီးမှုများရှိနေမည်။ မိမိအိမ်ထောင်၏ဝေယျာဝစ္စများအတွက် ပူပန်နေရမည်။ အလုပ်ရှင်ကလည်း တစ်ချိန်လုံးတကျည်ကျည်လုပ်နေမည်။ ဆွေမျိုးတို့ကလည်း အရေးအကြောင်းပေါ်တိုင်း လာရောက်အကူအညီပေးစေလိုနေမည်။ ဖိစီးမှုအမျိုးမျိုးတို့ကြောင့် လျစ်လျူရှုထားသည့် ကိုယ်ရေးကိုယ်တာကိစ္စ အမြောက်အမြားရှိနေပေမည်။ တစ်ကြိမ်တည်းတွင် ကျွန်ုပ်တို့ခွန်အားစိုက်ထုတ် အချိန်ပေးရမည့်အလုပ်အမျိုးမျိုးရှိနေပုံပေါက်မည်။ စိတ်ဓာတ်ကျဆင်းမှုမှ ဒေါသထွက်စရာအကြောင်းဖြစ်လာပေမည်။ ထိုအခါ လက်မြှောက်အရှုံးပေးချင်စိတ်ပေါ်လာလိမ့်မည်။ သို့ဖြစ်လျှင် မည်သို့ပြုလုပ်သင့်သနည်း။

ကျွန်ုပ်တို့ဦးစားထားသင့်ရာများကို ပြန်ချင့်ချိန်သုံးသပ်လျှင် ပညာရှိလိမ့်မည်။ ကျွန်ုပ်တို့တတ်နိုင်ရာများတွင် ကန့်သတ်ချက်ရှိသည့်အတွက် လူတိုင်းတောင်းဆိုရာရှိရှိသမျှကို ပြုလုပ်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ “သာ၍အရေးကြီးသောအရာများ” ကိုဦးစားပေးနိုင်ရန် ကန့်သတ်ပေးဖို့လိုပါသည်။ (ဖိလိပ္ပိ ၁:၁၀၊ ကဘ) အမှန်မှာ “အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက်သာ၍ကောင်းမြတ်၏။” (ဒေသနာ ၉:၄) တာဝန်အချို့မှာအရေးကြီးသဖြင့် ဘေးဖယ်ထား၍မဖြစ်ချေ။ ထိုကြောင့်ထိုမျှလောက် အရေးမကြီးသောအခြားတာဝန်များကို ခေတ္တဆိုင်းထားပေးနိုင်၏။ သူတစ်ပါးနှင့်ပူးပေါင်းဆောင်ရွက်ရသောတာဝန်အချို့ကို တာဝန်အပြည့်အဝယူထားမိပေမည်။ မပြုဘဲနေနိုင်မည့်တာဝန်အချို့ကိုဆိုလျှင် လုံးဝမေ့ပျောက်ထားနိုင်ပေမည်။ ယင်းသို့ပြုသဖြင့် သူတစ်ပါးအတွက် အဆင်မပြေမှု၊ သို့မဟုတ် စိတ်ပျက်စရာဖြစ်ကောင်းဖြစ်ဦးတော့ ကိုယ်ကိုယ်တိုင်၏ ကာယနှင့်စိတ်ဓာတ်စွမ်းဆောင်မှုတွင် အကန့်အသတ်ရှိသည်ကို တန်ဖိုးထားလေးစားရန်လိုပါသည်။

အားယုတ်လျော့စေသောရောဂါကြောင့် ပြင်းထန်စွာစိတ်ဓာတ်ကျဆင်းစေနိုင်သည်။ အကြောင်းမှာ၊ ယင်းကြောင့် ရက်ပေါင်းများစွာ၊ အပတ်ပေါင်းများစွာ မမာမကျန်းဖြစ်စေနိုင်သည်။ ဝေဒနာပြင်းထန်သည့်အတွက် စိတ်ဆင်းရဲစရာဖြစ်နိုင်၏။ ဖျားနာမှုပျောက်ကင်းလို၍ ဆရာဝန်တစ်ဦးမှတစ်ဦးထံ ဆေးကုခံနေမည်။ သို့မဟုတ် ရောဂါသက်သာသွားစေရန် ဆေးအမျိုးမျိုး သို့မဟုတ် အာဟာရဓာတ်အမျိုးမျိုးကိုမှီဝဲခဲ့ပေမည်။ သို့နှင့်ပင် ဆက်ဝေဒနာခံနေရသည့်အတွက် အကျိုးမှရှိပါဦးမည်လောဟု ဇဝေဇဝါဖြစ်ပေမည်။

ယင်းသည် ဘုရားသခင့်ကမ္ဘာသစ်၌သာဖြေရှင်းပေးနိုင်မည့်ပြဿနာတစ်ရပ် ဖြစ်ကောင်းဖြစ်မည်။ (၂ ပေတရု ၃:၁၃။ ဟေရှာယ ၃၃:၂၄ နှိုင်းယှဉ်။) လူသည် မစုံလင်သည့်အတွက် ဆရာဝန်များနှင့်ဆေးဝါးတို့သည် အကန့်အသတ်သာအကျိုးပြုနိုင်မည်။ တစ်ချိန်တစ်ခါ၊ အခြေအနေတစ်မျိုးမျိုးသို့ရောက်သည့်အခါ မိမိ၏ဆင်းရဲဒုက္ခကို မိမိ၏ဘဝပင်ဖြစ်သည်ဟု လက်ခံယူမှတ်ရပေမည်။ တမန်တော်ပေါလုကိုယ်တိုင် “ကိုယ်ခန္ဓာ၌ လျှိုထားသောတံကျင်” ဖြစ်သည့် သူ၏မျက်စိ၊ သို့မဟုတ် ခန္ဓာကိုယ်တစ်ပိုင်းပိုင်းတွင် ဝေဒနာတစ်မျိုးမျိုးခံနေရမည်ဖြစ်၍ ပြင်းထန်လွန်းလှသည့်အတွက် သက်သာမှုရရှိစေရန် အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးသည်။ (၂ ကောရိန္သု ၁၂:၇-၁၀၊ သမ) သို့သော်ဘုရားသခင်သည် ပေါလုအားရောဂါမပျောက်ကင်းစေခဲ့ပါ။ သေသည်တိုင်အောင်ပင် တမန်တော်ခမျာထိုဝေဒနာကိုခံသွားခဲ့ရပေမည်။ သူသည် မိမိ၏ဆင်းရဲခြင်းဟုယူမှတ်ကာ အသနားခံမနေဘဲ ဆက်၍သာပျော်ရွှင်မှုရရှိနိုင်ခဲ့ပါသည်။ (၂ ကောရိန္သု ၇:၄) ဖြောင့်မတ်သောသူယောဘသည် ပြင်းထန်စွာဝေဒနာခံခဲ့ရငြားလည်း ယေဟောဝါကိုဆက်လက်အားကိုးအားထားပြုသည့်အတွက် ကြွယ်ဝစွာအကျိုးခံစားခဲ့ရသည်။ (ယောဘ ၄၂:၁၂၊ ၁၃) ကျွန်ုပ်တို့သည် ဘုရားသခင့်ကျေးကျွန်များဖြစ်မည်ဆိုလျှင် ဤပုံသက်သေများကိုဆင်ခြင်သုံးသပ်၍ ယေဟောဝါ၏အကူအညီကိုတောင်းဆိုခြင်းအားဖြင့် ခွန်အားရယူနိုင်ပါသည်။—ဆာလံ ၄၁:၁-၃။

စိတ်ဓာတ်ကျဆင်းမှုများကြား ကြံ့ခိုင်ခြင်း

စိတ်ဓာတ်ကျဆင်းစရာများရှိလျက်ပင် ယေဟောဝါ၏လူများသည် ဝိညာဉ်ရေးဘက် ကြံ့ခိုင်နိုင်ပါသည်။ ဥပမာ၊ ဖျားနာနေမည်ဖြစ်သော်လည်း ဘုရားသခင်၏ဝိညာဏပြင်ဆင်ချက်များမှ အကျိုးအပြည့်အဝခံယူခြင်းအားဖြင့် “ယုံကြည်ခြင်းကျန်းခံ့” လျက်နေနိုင်ပေမည်။ (တိတု ၂:၁၊ ၂၊ ကဘ) စိတ်ဓာတ်ကျဆင်းစရာကောင်းလောက်အောင် စည်းစိမ်ဥစ္စာချို့ငဲ့သူများဖြစ်ရဦးတော့ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘက် ကြွယ်ဝချမ်းသာသူများဖြစ်နိုင်ပါသည်။

ဉာဏ်ပညာနှင့်ခွန်အားရှိရန် ဘုရားသခင်ကိုအားထားခြင်းအားဖြင့် အိမ်ထောင်ရေးတွင်ပေါ်ပေါက်လာနိုင်သည့် စိတ်ဓာတ်ကျဆင်းမှုများကိုကိုင်တွယ်နိုင်ပါမည်။ ဥပမာ၊ နာဗလ၏ဇနီး၊ အဘိဂဲလကိုကြည့်ပါ။ နာဗလအမည်၏အနက်အဓိပ္ပာယ်မှာ “ဉာဏ်အမြော်အမြင်မရှိ၊ မိုက်မဲခြင်း” ဖြစ်သည်အလျောက် သူသည် “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” ဤသို့သောသူမျိုးနှင့်အတူနေထိုင်ရခြင်းသည် အလွန်စိတ်ဓာတ်ကျစရာဖြစ်ခဲ့ပေမည်။ မည်သို့ဆိုစေ အဘိဂဲလသည် “ဉာဏ်ကောင်း” ပြီးစိတ်ပျက်မနေခဲ့ပါ။ အရေးအကြောင်းတစ်ခုတွင် သူမ၏စကားများနှင့် အပြုအမူများသည် ဉာဏ်အမြော်အမြင်ရှိကြောင်း ထင်ရှားလွန်းလှသည့်အတွက် နာဗလ၏ရိုင်းပျစော်ကားမှုနှင့် ကျေးဇူးကန်းမှုကို သွေးသွန်းခြင်း၊ ယေဟောဝါကိုအားမထားခြင်းဖြင့် မတုံ့ပြန်စေရန် ဒါဝိဒ်အားတိုက်တွန်းပေးခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၂-၃၈။

ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းနေသူတစ်ဦးကြောင့် စိတ်ဓာတ်ကျဆင်းစရာအခြေအနေမျိုးတွင်ရှိနေမည်ဆိုလျှင် ယေဟောဝါပေးသောခွန်အား၌ သည်းခံ၍နေနိုင်ပါမည်။ ဒယောတရပ်၏အပြုအမူသည် စိတ်ဓာတ်ကျစရာဖြစ်နိုင်သော်လည်း ဘုရားတရားကြည်ညိုသူ ဂါယုသည် ကောင်းမှုမပြုဘဲမနေသည့်အတွက် ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် ကြွယ်ဝသောဝိညာဏအကျိုးကျေးဇူးများကို ရိတ်သိမ်းခဲ့ခြင်းအဖြစ်အပျက်က အဆိုပါစကားများမှန်ကန်ကြောင်း တင်ပြပါသည်။—တမန်တော် ၂၀:၃၅။ ၃ ယောဟန် ၁-၁၀။

အသင်းတော်တွင် ယုံကြည်သူချင်းအကျိုးကို မိမိဆောင်ရွက်လိုသော်လည်း မိမိကိုမဟုတ် အခြားသူတို့အား အကြီးအကဲများ၊ ဓမ္မအမှုထမ်းများအဖြစ်ခန့်အပ်လိုက်သည့်အခါ စိတ်ဓာတ်ကျဆင်းသွားနိုင်ပေသည်။ သို့ရာတွင် စိတ်ပျက်၍ဝမ်းနည်းသွားနေမည်အစား ဝိညာဉ်ရေးဘက် ခွန်အားပိုရှိရန်နှင့် ဘုရားသခင်၏ဝိညာဉ်အသီးများကို ပိုမိုသီးပွင့်နိုင်ရန် ဝိညာဉ်တော်အားအခွင့်အရေးပေးပါ။ (ဂလာတိ ၅:၂၂၊ ၂၃) မိဒျန်အရပ်၌မောရှေနေခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ဣသရေလလူမျိုး၏ခေါင်းဆောင်အဖြစ် မောရှေရင်ဆိုင်ရမည့်အခက်အခဲများ၊ စိတ်ဓာတ်ကျဆင်းမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်မည့်အရည်အချင်းများဖြစ်သည့် နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် အခြားအရည်အချင်းများကို သာလွန်မွန်မြတ်လာစေရန် ဘုရားသခင်ပြုစုပျိုးထောင်ပေးတော်မူခဲ့သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည်ဝိညာဉ်ရေးဘက်ကြံ့ခိုင်မည်၊ စိတ်ဓာတ်ကျဆင်းပြီး လက်မြှောက်အရှုံးပေးခြင်းမရှိလျှင် နောက်နောင်ရရှိမည့် လုပ်ငန်းတော်အခွင့်အရေးများအတွက် ကျွန်ုပ်တို့အား ယေဟောဝါပြင်ဆင်ပေးနေခြင်းဖြစ်မည်။

များမကြာမီ—စိတ်ဓာတ်ကျဆင်းခြင်းမှသက်သာရာရခြင်း

ကျွန်ုပ်တို့၏စိတ်ဓာတ်ကျဆင်းခြင်းများသည် မည်သို့အသွင်မျိုးပင်ဖြစ်စေ အဆုံးတိုင်ရလိမ့်မည်လော။ ကျွန်ုပ်တို့အခြေအနေမှာ မျှော်လင့်ရာကင်းမဲ့နေဟန်ရှိမည်ဖြစ်သော်လည်း ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်ပါ။ ကိုယ်တော်သည်စိတ်ဓာတ်မကျတတ်။ ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင်ဤသို့ဆိုသည်။ “ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။” (ဟေရှာယ ၅၅:၁၁) ယေဟောဝါ၌ အနန္တတန်ခိုးတော်နှင့် အခွင့်အာဏာရှိတော်မူသဖြင့် ကိုယ်တော်မတတ်နိုင်ရာ ဘာမျှမရှိပါ။ (မာကု ၁၀:၂၇) ကိုယ်တော်၏လူမျိုးတော်အပေါ် မကုန်ဆုံးနိုင်သောကောင်းချီးများ ဆက်သွန်းလောင်းပေးမည်ဟူ၍ ကတိထားတော်မူချက်များသည် မုချအမှန်ပြည့်စုံရလိမ့်မည်။—ယောရှု ၂၁:၄၅။

သံသယစိတ်ဝင်ခြင်း၊ မသေချာ၍စိတ်မချနိုင်ခြင်းတို့က စိတ်ဓာတ်ကျဆင်းစေသည့်အကြောင်းများဖြစ်သည်။ ယင်းနှင့်မတူ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြု” စေသည်။ (ဟေဗြဲ ၁၁:၁) ကျမ်းစာအခြေခံသည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ရှိရှိသမျှတို့သည် အားလုံးပြည့်စုံမည်ဟု ဘုရားသခင်ကိုယုံကြည်ခြင်းက အာမခံချက်ပေးသည်။ သမ္မာကျမ်းစာတစ်အုပ်လုံး၏ အဓိကအချက်က ယေဟောဝါ၏နိုင်ငံအစိုးရအောက် ကမ္ဘာမြေကြီးသည် ပြည့်ဝစုံလင်သောပရဒိသုဖြစ်လာ၍ ထိုတွင် ဖြောင့်မတ်သောသူများ ရွှင်လန်းအားရစွာဖြင့် ထာဝစဉ်အသက်ရှင်လိမ့်မည်ဟူသောကတိတော်ကို ပေါ်လွင်စေပါသည်။ (ဆာလံ ၃၇:၁၁၊ ၂၉) ထိုအခါ စိတ်ဓာတ်ကျဆင်းခြင်းအပါအဝင် အဆိုးရှိသမျှပပျောက်ရမည်။ အကြောင်းမူကား ‘အသက်ရှင်သူအပေါင်းတို့၏ဆန္ဒကို ဘုရားသခင်ရောင့်ရဲစေ’ ပါလိမ့်မည်။—ဆာလံ ၁၄၅:၁၆။

ထိုကောင်းချီးများသည် ဖြစ်ရပ်မှန်မဖြစ်မချင်း ကျွန်ုပ်တို့အားလုံးမှာ စိတ်ဓာတ်ကျဆင်းခြင်းတစ်မျိုးမျိုးရှိကြပါလိမ့်မည်။ သို့သော်ကျမ်းစာမှရထားသည့် မျှော်လင့်ချက်က ဆက်တည်ကြည်နိုင်ရန် သတ္တိနှင့်ဇွဲလုံ့လကိုပေးနိုင်ပါသည်။ ကျွန်ုပ်တို့ဘဝအသက်တာနှင့်စိတ်နှလုံးသည် တည်ငြိမ်နိုင်ရန် ဉာဏ်အမြော်အမြင်နှင့် ဆင်ခြင်တုံတရားကိုမည်သို့အသုံးပြုနိုင်မည်အကြောင်း သမ္မာကျမ်းစာတွင်ပါရှိသောခိုင်လုံသည့်အကြံပြုချက်တို့က တင်ပြပါလိမ့်မည်။ စိတ်ပျက်စရာများရှိလျက်ပင် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုခံစားရလိမ့်မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ထိုကြောင့် စိတ်ဓာတ်ကျဆင်းမှုကိုတိုက်ခိုက်ရာတွင် အောင်မြင်နိုင်ပါလိမ့်မည်။ ယေဟောဝါအကူအညီဖြင့် ယင်းကိုယနေ့ကိုင်တွယ်နိုင်၍ နောင်တွင်အောင်နိုင်ပါလိမ့်မည်။

[စာမျက်နှာ ၃၁ ပါ အကျဉ်းဖော်ပြချက်]

ယောဘ၊ မောရှေ၊ အဘိဂဲလ နှင့် ပေါလုတို့ကို ဘုရားသခင်ကူညီပေးတော်မူသကဲ့သို့ပင် စိတ်ဓာတ်ကျဆင်းမှုကိုကိုင်တွယ်နိုင်ရန်သင့်ကိုဘုရားသခင်ကူညီပေးနိုင်တော်မူ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ