ကတိထားရာပြည်မှ မြင်ကွင်းများ
သိနာ—မောရှေ၏တောင်နှင့် သနားကြင်နာခြင်းတောင်
သိနာတောင်အကြောင်း စဉ်းစားသည့်အခါ မောရှေကို သတိရပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ သိနာကျွန်းဆွယ်ရှိ တောင်တစ်ခုပေါ်တွင် ဘုရားသခင့်ပညတ်တော်ကို မောရှေလက်ခံရရှိခဲ့သောကြောင့်ဖြစ်သည်။ အဘယ်တောင်ပေါ်တွင်ဖြစ်သနည်း။ အထက်တွင်ဖော်ပြပါတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။a
ထိုကျွန်းဆွယ်၏တောင်ပိုင်းရှိ ပင်လယ်နီ ရေလက်ကြား တစ်ဝက်ခန့်တွင် တောင်ထိပ်နှစ်ခုရှိ တောင်နှာမောင်းရှိပါသည်။ အကြမ်းဖျင်းဖော်ပြချက်က မောရှေ၏အထုပ္ပတ္တိ ကျမ်းဆိုင်ရာမှတ်တမ်းနှင့် ကိုက်ညီပါသည်။ တောင်ထိပ်တစ်ခုကို “မောရှေ၏တောင်” အဓိပ္ပာယ်ရှိ ဂျဘဲလ် မြူစာဟုခေါ်ကြပါသည်။
ထိုအမည်သည် လျောက်ပတ်ကြောင်း ကျမ်းစာမှတ်တမ်းအသီးသီးတို့က ထောက်ခံသည်။ မီးတောက်လောင်နေသောချုံတွင်း၌ ကောင်းကင်တမန်တစ်ပါးပေါ်လာစဉ် မောရှေသည် ယေသရော၏သိုးအုပ်ကို ကျောင်းနေကြောင်း သတိရပါသလော။ ထိုနေရာကား အဘယ်နေရာဖြစ်သနည်း။ သမ္မာကျမ်းစာက သိနာဟူ၍လည်းခေါ်သည့် ‘ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်’ ဖြစ်သည်ဟုဆိုသည်။ (ထွက်မြောက်ရာ ၃:၁-၁၀။ ၃ ဓမ္မရာဇဝင် ၁၉:၈) ဘုရားသခင့်လူမျိုးကို အီဂျစ်ပြည်မှ ဤအရပ်သို့ မောရှေခေါ်ဆောင်ခဲ့ပါသည်။ ထွက်မြောက်ရာ ၁၉:၂၊ ၃ ကဣသရေလအမျိုးသားတို့သည် “တောင်ရှေ့မှာ တပ်ချကြ၏။ မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တောင်ပေါ်က ခေါ်တော်မူ” ၏ဟုဆိုသည်။
ယင်းက သိနာတောင်ကို မောရှေ ပထမအကြိမ်တက်ခဲ့ခြင်းဖြစ်သည်။ တောင်စောင်းပေါ် ခြေလှမ်းအနည်းငယ်တက်ခဲ့ခြင်းမျှမဟုတ်ပါ။ ကျွန်ုပ်တို့ဖတ်ရသည်ကား ဤသို့။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း သိနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူ” ၏။—ထွက်မြောက်ရာ ၁၉:၂၀။
မျက်မှောက်ခေတ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာတို့သည် တောင်ထိပ်သို့ မှတ်သားထားသည့်လမ်းကြောင်းအတိုင်း တပင်တပန်းတက်ကြကာ နေဝန်းပေါ်ထွက်လာခြင်းကို ရှုစားပြီးနောက် နေ့လည်စာစားချိန်အမှီ ပြန်ဆင်းသွားခဲ့ကြပြီ။ မောရှေမူကား ထိုသို့မပြုခဲ့ရပါ။ သူ့အား ဘုရားသခင်က “ငါရှိရာတောင်ပေါ်သို့တက်၍ နေလော့။ . . . ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်” ဟုမိန့်တော်မူခဲ့သည်။ ထိုအချိန်အခါတွင် “မောရှေသည် . . . အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။—ထွက်မြောက်ရာ ၂၄:၁၂-၁၈။
ထိုကြောင့် မောရှေ၏အမည်နှင့် ဤတောင်ကို ပူးတွဲခေါ်ဝေါ်ထားခဲ့ရခြင်းဖြစ်သည်။ သို့သော် အဘယ်ကြောင့် “သနားကြင်နာခြင်း” တောင်ဟုခေါ်ရပါသနည်း။ ဤသို့ဖြစ်သည်။ တောင်ပေါ်တွင် ပညတ်တရားကို မောရှေလက်ခံယူနေစဉ် (ရုပ်ပုံပါ အဲရ် ရပ်ဟားလွင်ပြင် ဖြစ်ကောင်းဖြစ်မည့်) မြေပြန့်ရှိသူတို့သည် မိုက်မဲစွာပြုမူခဲ့ကြသည်။ ဘုရားရုပ်ထုလုပ်ပေးရန် မောရှေ၏အစ်ကိုအား အတင်းအကျပ်စေခိုင်းခဲ့ကြသည်။ အာရုန်ကလည်း “ရွှေနားတောင်းများကို ချွတ်၍ ငါ့ထံသို့ဆောင်ခဲ့ကြ” ဟုဆိုသည်။ ထိုနောက် ဝတ်ပြုဖို့ရန် နွားသငယ်ရုပ်ကို သွန်းလေ၏။ ယင်းအမှုက စစ်မှန်သောဘုရား၏အမျက်တော်ကို နှိုးဆွတော်မူသဖြင့် ထောင်ပေါင်းများစွာသောသူတို့ သေဒဏ်ရခဲ့ကြသည်။ (ထွက်မြောက်ရာ ၃၂:၁-၃၅) သို့သော် အာရုန်မူကား သနားကြင်နာမှုပြခံရ၍ ခွင့်လွှတ်ခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။
ဣသရေလလူမျိုး၏မှားယွင်းမှုတွင် အဓိကတရားခံသည် အာရုန်ဟူ၍ ဘုရားသခင်မယူမှတ်ကြောင်း ထွက်မြောက်ရာ ၃၂:၁၀ ပါကိုယ်တော်၏စကားများက ထင်ရှားစေပုံရှိသည်။ ဖော်ထုတ်ပြသခံရချိန်ရောက်လေသော် အာရုန်ပါအမှန်ပါဝင်ခဲ့မည့် “လေဝိအမျိုးသားအပေါင်းတို့သည်” ဘုရားသခင့်ဘက် စည်းဝေးသည်။ (ထွက်မြောက်ရာ ၃၂:၂၆) ထိုကြောင့် အာရုန်အပြစ်မကင်းသော်လည်း သိနာတောင်ခြေတွင် ဘုရားသခင့်သနားကြင်နာမှုကို သူခံစားခဲ့ရပါသည်။
နောင်တွင် ယေဟောဝါကို ပိုမိုသိကျွမ်းလို၍ ကိုယ်တော်၏ဘုန်းကို တွေ့မြင်လိုကြောင်း မောရှေထုတ်ပြောပါသည်။ (ထွက်မြောက်ရာ ၃၃:၁၃၊ ၁၈) ဘုရားသခင့်မျက်နှာတော်ကို မောရှေ မြင်နိုင်မည်မဟုတ်သော်လည်း ယေဟောဝါ၏ဘုန်းကိုကား ကိုယ်တော်မြင်စေတော်မူ၍ “သနားလိုသောသူကို သနားမည်” ဟုအလေးအနက်ဖော်ပြတော်မူသည်။ (ထွက်မြောက်ရာ ၃၃:၁၇–၃၄:၇) သိနာအရပ်၌ ကိုယ်တော်ပဋိညာဉ်ဖွဲ့ခဲ့သော ဣသရေလလူမျိုးနှင့် ဘုရားသခင်ဆက်ဆံရာတွင် “သနားကြင်နာခြင်း” ကို ကြိမ်ဖန်များစွာအသုံးပြုခဲ့ကြောင်း သမ္မာကျမ်းစာတင်ပြထားသည့်အတွက် ဘုရားသခင်၏သနားကြင်နာခြင်းကို အလေးအနက်ဖော်ပြရန် အလွန်လျောက်ပတ်ပေသည်။—ဆာလံ ၁၀၃:၇-၁၃၊ ၁၈။
သိနာတောင်သို့ ယနေ့အလည်အပတ်သွားသူများသည် ယင်း၏ခြေရင်း၌ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရှိကြလိမ့်မည်။ ယင်းသည် တောင်ထိပ်ပေါ် မောရှေသိကျွမ်းလာခဲ့သော စစ်မှန်သောဝတ်ပြုရေးကို လုံးဝသတိရစေမည်မဟုတ်ပါ။ ယင်းသို့ဖြစ်မည့်အစား ဘုန်းကြီးကျောင်းတွင်ကျင်းပသော ဝတ်ပြုရေးသည် ရုပ်ပုံများကို အာရုံပြုအလေးအနက်ထားသည်။ ဤတွင်ဖော်ပြထားသည်ကား “ပရဒိသုသို့ ငြမ်း” ဖြစ်သည်။ ယင်းကား ဘိုင်ဇန်တင်းဘုန်းကြီး ဂျောန် ကလီမာကပ်စ်ရေးသည့် စာအုပ်ကိုအခြေပြုပါသည်။ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် အနှစ်လေးဆယ်နေထိုင်ပြီးနောက် သူသည် ထိုဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာကာ ကောင်းကင်သို့တက်သော ပုံဆောင်ရာငြမ်းတစ်ခုအကြောင်း ရေးသားခဲ့ပါသည်။ သို့သော် ခရစ်ယာန်ဘုန်းကြီးအချို့ကို နတ်ဆိုးများသည် မီးငရဲ၌ ထာဝစဉ်ညှဉ်းဆဲခံရရန် ဆွဲချနေရပုံကို သတိပြုပါ။ ရှင်းလင်းပြတ်သားသည်မှန်သော်လည်း ကျမ်းစာနှင့်မကိုက်ညီချေ။—ဒေသနာ ၉:၅၊ ၁၀။ ယေရမိ ၇:၃၁။
ထိုသွန်သင်ချက်နှင့်ဆန့်ကျင်သည့် သမ္မာတရားမူကား အနန္တတန်ခိုးရှင်သည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” သည်ဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆) ဤသနားကြင်နာသောဘုရားသခင့်အထံတော်သို့ သိနာတောင်ပေါ်တွင် မောရှေ ချဉ်းကပ်ခဲ့သည်။
[အောက်ခြေမှတ်ချက်များ]
a ပုံကြီးချဲ့ထားသည့် ဤရုပ်ပုံကို 1993 Calendar of Jehovah’s Witnesses တွင် ကြည့်ရှုနိုင်ပါသည်။
[Picture Credit Line on page 8]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 9]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 9]
Pictorial Archive (Near Eastern History) Est.