သင်မှတ်မိသလော
မကြာမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို သင်ဖတ်ရှုရာ၌ လေးမြတ်တန်ဖိုးထားခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေနိုင်မဖြေနိုင် ကြည့်ပါ–
▫ ယနေ့ အသင်းတော်တွင် မမာမကျန်းဖြစ်သူနှင့် သက်ကြီးရွယ်အိုများကို လက်တွေ့ကျကျ မည်သို့ကူညီပေးနိုင်သနည်း။
အစောပိုင်းခရစ်ယာန်အသင်းတော်တွင် ရုပ်ပစ္စည်းထောက်ပံ့ကူညီမှုလိုသောမုဆိုးမများ၏ စာရင်းရှိခဲ့ပါသည်။ (၁ တိမောသေ ၅:၉၊ ၁၀) ထိုနည်းအတိုင်းပင် ယနေ့လည်း အထူးဂရုစိုက် ကြည့်ရှုသင့်သော မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများ၏စာရင်းကို အကြီးအကဲများ ပြုစုထားပေမည်။ သို့ရာတွင် ဤအရေးကိစ္စကို အကြီးအကဲများသာ စဆောင်ရွက်ပြုစုရမည်ဟု သဘောမထားသင့်ပါ။ ဤလိုအပ်ရာများကို အသင်းတော်ရှိ ကျွန်ုပ်တို့အားလုံး သတိပြုရမည်။ (၁ တိမောသေ ၅:၄-၈)—၈/၁၅၊ စာမျက်နှာ ၂၈-၉။
▫ ယောနအား ရေသတ္တဝါတစ်ကောင် မျိုခဲ့သည်ဟူသော ကျမ်းစာပုံပြင်ကို မဖြစ်တန်ရာဟု ဆိုမည်လော။
မဆိုနိုင်ပါ။ ဝေလငါးဖယောင်း၊ သို့မဟုတ် ငါးမန်းဖြူကြီး၊ သို့မဟုတ် ဝေလငါးမန်းက လူကိုမျိုနိုင်ပါသည်။ ထို့ပြင် ယောန၏အဖြစ်အပျက်သည် မှန်ကန်ကြောင်း ယေရှုကိုယ်တော်တိုင် ထောက်ခံထားပါသည်။ (မဿဲ ၁၂:၃၉၊ ၄၀)—၈/၁၅၊ စာမျက်နှာ ၃၂။
▫ အယူသီးစွာဖြင့် အဆောင်လက်ဖွဲ့များကိုအသုံးပြုခြင်းက အဘယ်အန္တရာယ်ရှိစေသနည်း။
ယင်းတို့ကိုအသုံးပြုခြင်းက ကိုယ့်ပြဿနာကိုယ် အသိဉာဏ်ရှိရှိ မရင်ဆိုင်စေဘဲ အရာရာတတ်စွမ်းရာအဖြစ် ကံကိုရှုမြင်စေသည်။ ၎င်းတို့ကိုဆောင်ထားသူအားလည်း လုံခြုံပါသည်ဟူသည့် မှားယွင်းသောသဘောကိုဖြစ်စေသည်။ ထိုထက်အရေးကြီးသည်ကား အံဩဖွယ်အစွမ်းရှိ အဆောင်လက်ဖွဲ့များကို အားထားသူသည် မမြင်နိုင်သောနတ်ဆိုး အစွမ်းတန်ခိုးတို့အား မိမိဘဝကို စိုးမိုးချုပ်ကိုင်ခွင့်ပြုပါသည်။—၉/၁၊ စာမျက်နှာ ၄။
▫ အိမ်ထောင်တည်မြဲရန် အထောက်အကူပြုနိုင်သည့် အချက်လေးချက်ကား အဘယ်နည်း။
ထိုအချက်များမှာ နားထောင်ရန်အသင့်ရှိခြင်း၊ တောင်းပန်ရန် အရည်အချင်းရှိခြင်း၊ စိတ်ဓာတ်ရေးဘက် ပံ့ပိုးကူညီမှုကိုပုံမှန်ပေးနိုင်စွမ်းနှင့် ချစ်ခင်ကြင်နာစွာဖြင့် ထိတွေ့ရန် စိတ်ဆန္ဒရှိခြင်းတို့ဖြစ်ပါသည်။ (၁ ကောရိန္သု ၁၃:၄-၈; ဧဖက် ၅:၃၃; ယာကုပ် ၁:၁၉)—၉/၁၊ စာမျက်နှာ ၂၀။
▫ စုံစမ်းခြင်း ကြုံတွေ့သူများအား ယေဟောဝါသည် ခံနိုင်ရည်ဖြည့်စွက်ပေးသည့်နည်းတစ်နည်းကား အဘယ်နည်း။
ယေဟောဝါသည် ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ခံနိုင်ရည်ရှိ ပုံသက်သေများအားဖြင့် ဖြည့်စွက်ပေးတော်မူသည်။ (ရောမ ၁၅:၄) ယင်းတို့ကို ဆင်ခြင်သုံးသပ်ကြစဉ် ခံနိုင်ရည်ရှိရန် အားပေးတိုက်တွန်းခံရပြီး မည်သို့ခံနိုင်ရည်ရှိရမည့်အကြောင်းကိုလည်း သိရှိရပါသည်။—၉/၁၅၊ စာမျက်နှာ ၁၁-၁၂။
▫ ဘုရားဝတ်၌မွေ့လျော်ခြင်းကား အဘယ်နည်း။
ဘုရားဝတ်၌မွေ့လျော်ခြင်းကား နှလုံးသားမှ ဘုရားသခင်ကိုချစ်မြတ်နိုးသည့်အတွက် အလွန်ခဲယဉ်းသောစုံစမ်းခြင်းများခံရလျက်ပင် ယေဟောဝါအလိုတော်နှင့်တွေ့သောအမှုများကို ပြုလုပ်ဆောင်ရွက်ရန် ကျွန်ုပ်တို့အား တိုက်တွန်းသည့် လေးမြတ်ကြည်ညိုစိတ်ကို ရည်ညွှန်းပါသည်။—၉/၁၅၊ စာမျက်နှာ ၁၅။
▫ ဘုရားသခင့်ကရုဏာတော်ကို မည်သို့ ရှုမြင်သင့်သနည်း။
ဘုရားသခင်၏ကြီးမားသောကရုဏာတော်ကို မည်သည့်အခါမျှ ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါ။ ပေါလုကဲ့သို့ မိမိ၏မစုံလင်မှုများကို တွန်းလှန်ခြင်းအားဖြင့် ဘုရားသခင့်ကရုဏာတော်ကိုလေးမြတ်ကြောင်း တင်ပြသင့်သည်။ (၁ ကောရိန္သု ၉:၂၇) ဤနည်းအားဖြင့် အခက်အခဲများကြားမှာပင် မှန်ရာကိုလုပ်လိုသည့်ဆန္ဒမှန်ရှိကြောင်း ဖော်ပြပါမည်။—၁၀/၁၊ စာမျက်နှာ ၂၃။
▫ ချစ်ခြင်းမေတ္တာ၏ ပထမအရည်အသွေးအဖြစ် စိတ်ရှည်ခြင်းကို ပေါလုဖော်ပြထားခြင်းက အဘယ်ကြောင့် သင့်တော်သနည်း။
တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းဖြစ်သည့် စိတ်ရှည်ခြင်းမရှိလျှင် ခရစ်ယာန်ပေါင်းသင်းမှုကဲ့သို့သောအရာ မရှိနိုင်ဟူ၍ ဆိုခဲ့ဖူးပြီ။ ဤသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သောကြောင့် ကျွန်ုပ်တို့၏မစုံလင်မှုများနှင့် ချွတ်ယွင်းချက်တို့သည် သူတစ်ပါးကိုစုံစမ်းစရာ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ညီအစ်ကိုအချင်းချင်း ချစ်ခင်နိုင်ရန် စိတ်ရှည်ခြင်း မရှိလျှင်မဖြစ်ပါ။—၁၀/၁၅၊ စာမျက်နှာ ၂၁။
▫ ကနဦးခရစ်ယာန်များသည် ဘုရားသခင့်နာမတော်ကိုအသုံးပြုခဲ့ကြသလော။
အသုံးပြုခဲ့ကြကြောင်း အထောက်အထားများကဖော်ပြသည်။ ယေရှုက နောက်တော်လိုက်များအား “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟု ဘုရားသခင်ထံဆုတောင်းကြရန် သင်ပေးခဲ့သည်။ (မဿဲ ၆:၉) ဓမ္မအမှုပြီးဆုံးသောအခါ ကိုယ်တော်သည် “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟူ၍ဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၆) ထို့အပြင် စပ်ထွားဂျင့်ကျမ်း၏ ရှေးကျသည့်မိတ္တူများတွင် တက်တြာဂရမ်မီတန်ဟေဗြဲအက္ခရာလေးလုံးပုံစံဖြင့် ဘုရားသခင့်နာမတော်ပါရှိသည်။—၁၁/၁၊ စာမျက်နှာ ၃၀။
▫ ကျွန်ုပ်တို့၏အမှားများကို ကျွန်ုပ်တို့ကိုင်တွယ်ပုံက ကျွန်ုပ်တို့၏အသက်တာအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း အဘယ်ကျမ်းစာဥပမာများက ပေါ်လွင်စေသနည်း။
ရှောလုမင်းကြီးသည် ဆုံးမမှုကို ခေါင်းမာမာနှင့်အာခံခဲ့သဖြင့် သူ၏အမှားများသည် ပို၍တိုးများလာပြီး နောက်ဆုံး ဘုရားသခင်၏မျက်နှာသာတော်ကို မခံစားရသော သေခြင်းမျိုးဖြင့် အသက်ဆုံးခဲ့ရလေသည်။ (၁ ဓမ္မရာဇဝင် ၁၅:၁၇-၂၉) အခြားတစ်ဘက်တွင်မူ ဘုရင်ဒါဝိဒ်သည် အမှားနှင့်အပြစ်များကိုပြုခဲ့သော်လည်း ပြုပြင်မှုကို နောင်တစိတ်ဖြင့်လက်ခံကာ ယေဟောဝါအပေါ် ဆက်၍သစ္စာတည်ကြည်ခဲ့ပေသည်။ အမှားကိုဝန်ခံခြင်းက ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် အကူအညီပေးပြီး ထာဝရအသက်ရရန်အလားအလာရှိစေကြောင်း ဤကျမ်းစာဥပမာများက ဖော်ပြပါသည်။ (ဆာလံ ၃၂:၁-၅)—၁၁/၁၅၊ စာမျက်နှာ ၂၉-၃၀။
▫ ယေဟောဝါ၏လူမျိုးတော်သည် သဘာဝဘေးဒဏ် သို့မဟုတ် အခြားအကြောင်းများကြောင့် ဘေးဒုက္ခကြုံကြိုက်ရသည့်အခါ သူတို့အား မည်သို့ ကူညီတော်မူသနည်း။
အံ့ချီးဖွယ်နည်းမျိုးဖြင့် သဘာဝအားအင်များကို ပယ်ဖျက်ခြင်း၊ သို့မဟုတ် သဘာဝထက်ထူးကဲသော အခြားစီရင်ချက်တစ်မျိုးတစ်မည်ဖြင့် ယေဟောဝါ ကယ်မတော်မူသည်မဟုတ်ဘဲ လူအများ သဘောမပေါက်နိုင်ကြသည့် အခြားအစွမ်းတန်ခိုး—ချစ်ခြင်းမေတ္တာ—အားဖြင့် ကူညီတော်မူသည်။ မှန်ပါသည်။ လူမျိုးတော်ကို ယေဟောဝါအမှန်ချစ်တော်မူ၏။ အချင်းချင်းအပေါ် ကြီးမားသောမေတ္တာထားရှိနိုင်ကြရန် ပျိုးထောင်ပြုစုခဲ့ပြီဖြစ်သောကြောင့် အံ့ဖွယ်ရာဖြစ်ပုံရှိသည့် အမှုများကို သူတို့အတွက် ကိုယ်တော်ပြုစုစီရင်ခဲ့ပေပြီ။ (၁ ယောဟန် ၄:၁၀-၁၂၊ ၂၁)—၁၂/၁၊ စာမျက်နှာ ၁၀။