ပေပီယပ်စ်သည် သခင့်နှုတ်တော်ထွက်တို့ကို တန်ဖိုးထား
“စကားဖောင်ဖွဲ့သူများကိုမဟုတ်၊ မှန်ကန်ရာကို သွန်သင်သူများနှင့် . . . အကျွန်ုပ်ပေါင်းဖော်ပျော်သည်။” ထိုသို့ ကျွန်ုပ်တို့ခေတ်သမယ၏ ဒုတိယရာစုမှ ခရစ်ယာန်အမည်ခံသူ ပေပီယပ်စ် ရေးသားခဲ့သည်။
ယေရှုခရစ်၏တမန်တော်များ ကွယ်လွန်ကြပြီးနောက်ခေတ်တွင်ပင် ပေပီယပ်စ် အသက်ရှင်နေထိုင်ခဲ့သည်။ အမှန်မှာ သူသည် တမန်တော်ယောဟန်ထံ၌ နည်းခံသူဟုဆိုသော ပေါ်လီကာ့ပ်၏အပေါင်းအသင်းတစ်ဦးဖြစ်သည်။ ဤအထောက်အထားများအပြင် အသိပညာဆည်းပူးခဲ့သည့် ပေပီယပ်စ်၏နည်းစနစ်အရ သူသည် ဗဟုသုတကြွယ်သူဖြစ်စရာအကြောင်း ရှိသည်။
ဂရုတစိုက် နည်းစနစ်
ပေပီယပ်စ်ပြုစုရေးသားခဲ့သည့် သခင့်နှုတ်တော်ထွက် စာစောင်ငါးစောင်တွင် သူ၏သမ္မာတရားဆာလောင်ငတ်မွတ်စိတ် ထင်ရှားပါသည်။ ငယ်ရွယ်စဉ်က ကြားနာခဲ့သော သမ္မာတရားဆိုင်ရာ နှုတ်တော်ထွက်တို့ကို ပေပီယပ်စ်နှလုံးစွဲမှတ်ထားခဲ့မည် သေချာသည်။ နောင်တွင် အာရှမိုင်းနားရှိ ဖြုဂိပြည်၊ ဟေရပေါလိမြို့တွင် ပေပီယပ်စ်နေထိုင်စဉ် ယေရှု၏တမန်တော်တစ်ပါးပါးကို တွေ့ဖူး၊ ကြားဖူးခြင်းရှိမရှိ အသက်အရွယ်ကြီးရင့်သူများအား မေးမြန်းခဲ့ပါသည်။ သူတို့အား စိတ်ဝင်တစား မေးခွန်းများမေးပြီး ပြောပြလေသမျှတို့ကို မှတ်ကျုံးထားသည်။
ပေပီယပ်စ်က “အသက်ကြီးရင့်သူများထံမှ အချိန်အခါမရွေး ငါကြားလေသမျှ၊ အသေအချာ မှတ်ထားသမျှကို . . . လက်မနှေးဘဲ ရေးမှတ်ပါမည်။ ယင်းတို့ မှန်ကန်ကြောင်းကိုလည်း စိတ်ချပါ။ အကြောင်းမှာ လူအများနည်းတူ စကားဖောင်ဖွဲ့သူများကိုမဟုတ်၊ မှန်ကန်ရာကို သွန်သင်သူများနှင့် . . . အခြားသူများ၏ မိန့်မှာချက်များကို ပြောပြသူတို့ကိုမဟုတ်ဘဲ သမ္မာတရားဖြစ်သည့် ယုံကြည်ခြင်းဆိုင်ရာ သခင့်မိန့်မှာချက်များကို တစ်ဆင့်ပြောဆိုသူတို့နှင့် အကျွန်ုပ်ပေါင်းဖော်ပျော်သည်။ အသက်ကြီးရင့်သူများ၏ နောက်လိုက်ဖြစ်ခဲ့ဖူးသူတစ်ဦးတစ်ယောက်နှင့် ငါတွေ့ဆုံခဲ့လျှင် အသက်ကြီးရင့်သူများ—အန္ဒြေ သို့မဟုတ် ပေတရုပြောခဲ့သော၊ ဖိလိပ္ပု၊ သို့မဟုတ် သောမတ်၊ ယာကုပ်၊ ယောဟန်၊ မဿဲ သို့မဟုတ် သခင်၏ အခြားမည်သည့်တပည့်တော်မဆို ပြောဆိုခဲ့သောအကြောင်းအရာတို့ကို ပြောပြရန် ငါတောင်းဆိုခဲ့ပါသည်” ဟုရှင်းပြသည်။
သူ၏ပြုစုရေးသားချက်
ပေပီယပ်စ်ဆည်းပူးစရာ ဝိညာဏအသိပညာ မြောက်မြားစွာရှိခဲ့မည်အမှန်။ တမန်တော်တစ်ပါးစီ၏အတ္ထုပ္ပတ္တိနှင့် ဓမ္မအမှုအကြောင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို သူ မည်မျှစူးစိုက်နားထောင်ခဲ့မည်ကို စဉ်းစားကြည့်နိုင်သည်။ စီအီး ၁၃၅ ခန့်တွင် ပေပီယပ်စ်ကိုယ်တိုင် ဖော်ပြလိုသည့်အကြောင်းများကို မှတ်တမ်းတင်ရေးသားခဲ့သည်။ ဤစာစောင်ကို လုံးဝရှာမရခြင်းသည် အလွန်ဝမ်းနည်းစရာဖြစ်ပါသည်။ စီအီး ဒုတိယရာစုမှ ခရစ်ယာန်အမည်ခံသူ အိုင်ရေနေယပ်စ်နှင့် လေးရာစုမှ သမိုင်းဆရာ ယူစီဘီယပ်စ်တို့သည် ထိုစာအုပ်ကို ကိုးကားခဲ့သည်။ အမှန်မှာ စီအီး ကိုးရာစုခေတ်တစ်လျှောက် ယင်းစာအုပ်ကို ဖတ်ရှုကြဆဲရှိ၍ ၁၄ ရာစုနှစ်တိုင် ရှိခဲ့ပေမည်။
ပေပီယပ်စ်သည် ခရစ်တော်၏ လာလတ္တံ့သော အနှစ်တစ်ထောင်စိုးစံချိန်ကို ယုံကြည်ခဲ့သည်။ (ဗျာဒိတ် ၂၀:၂-၇) အိုင်ရေနေယပ်စ်အရ ဖန်ဆင်းခြင်းက “အသစ်ပြုပြင် လွတ်မြောက်စေရာကာလတွင် ကောင်းကင်မှ နှင်းကျ၍ မြေဆီသြဇာကောင်းသဖြင့် သစ်သီးဝလံအလျှံပယ်သီးပွင့်စေမည့်အချိန်အကြောင်း၊ ထိုခေတ်ကာလအကြောင်း သခင်ကိုယ်တော်တိုင် မည်သို့ဟောပြောသွန်သင်ခဲ့သည်ကို သခင့်တပည့်တော် ယောဟန်နှင့်တွေ့ဆုံခဲ့သော အသက်ကြီးရင့်သူများ ကြားနာခဲ့ဖူးသည့်အတိုင်း ပြောပြခဲ့သော” အချိန်ကာလအကြောင်း သူရေးသားခဲ့သည်။ ပေပီယပ်စ်ထပ်ဆင့်ရေးသားသည်ကား “ယုံကြည်သူများအတွက် ဤအကြောင်းများသည် ယုံနိုင်စရာဖြစ်သည်။ သစ္စာဖောက်ယုဒက မယုံလိုသဖြင့် ‘ထိုအမှုကို သခင်မည်သို့ပြုတော်မူမည်နည်း’ ဟုမေးမြန်းခဲ့သောအခါ သခင်က ‘ထိုအချိန်တွင်ရှိမည့်သူများ တွေ့ရလိမ့်မည်’ ဟုဖြေဆိုခဲ့သည်။
အသိပညာပဓာနဝါဒ ရေပန်းစားနေသည့်အချိန်တွင် ပေပီယပ်စ်ရေးသားခဲ့သည်။ အသိပညာပဓာနဝါဒီတို့သည် အတွေးအခေါ်ပညာ၊ မှန်းဆခြင်းနှင့် တိတ္ထိမှော်အတတ်ကို ယုံကြည်ခြင်းဖောက်ပြန်သော ခရစ်ယာန်တရားနှင့် ရောနှောလုံးထွေးခဲ့ကြသည်။ အမှန်မှာ သခင်အရှင်၏နှုတ်တော်ထွက်များကို ပေပီယပ်စ်ထုတ်ဖော်ပြောကြားခဲ့ရခြင်းမှာ အသိပညာပဓာနဝါဒ တိုးပွားနှံ့ပြန့်ခြင်းကို ဟန့်တားဖို့ရန်ဖြစ်သည်။ သူ့နောက်တွင် အိုင်ရေနေယပ်စ်လည်းဆက်၍ အသိပညာပဓာနဝါဒီတို့၏ မှောက်မှားချဲ့ထွင်ထားသောဝိညာဉ်ရေးကို တိုက်လှန်ခဲ့သည်။ အသိပညာပဓာနဝါဒစာပေ အမြောက်အမြားရှိခဲ့ပေမည်။ ယင်းကြောင့် ပေပီယပ်စ်က “စကားဖောင်ဖွဲ့သူများ” ဟူ၍ခနဲ့တဲ့တဲ့ စောင်းမြောင်းပြောဆိုစရာအကြောင်း ပေါ်ခဲ့ခြင်းဖြစ်မည်။ သူ၏ရည်ရွယ်ချက်မှာ—အမှားကိုအမှန်ဖြင့် ခုခံတိုက်လှန်ရန်—ဖြစ်ကြောင်း ထင်ရှားနေပါသည်။—၁ တိမောသေ ၆:၄; ဖိလိပ္ပိ ၄:၅။
ခရစ်ဝင်ကျမ်းများကို ဝေဖန်ခြင်း
ယနေ့အထိရှိသေးသည့် ပေပီယပ်စ်ပြုစုရေးသားချက် အပိုင်းအစတို့တွင် မဿဲနှင့်မာကုတို့၏ရေးသားချက်များအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဥပမာ၊ မာကုစာစောင်နှင့်ပတ်သက်၍ ပေပီယပ်စ်က “မာကုသည် ပေတရု၏စကားပြန်ဖြစ်လာရာ သူသတိရမှတ်မိသမျှကို အတိအကျ ရေးသားခဲ့သည်” ဟုဆို၏။ ဤခရစ်ဝင်ကျမ်း၏ တိကျမှန်ကန်မှုကို ထပ်ဆင့်ထောက်ပြရန် ပေပီယပ်စ်က “ထိုသို့ဖြစ်၍ မှတ်မိသမျှကိုရေးသားစဉ် မာကုသည် မမှားယွင်းခဲ့ပါ။ အကြောင်းမူကား သူကြားလေသမျှကို မချန်မလှပ်ထားရန် သို့မဟုတ် မှားယွင်းချက်တစ်ခုကိုမျှ မရေးမိရန် သူအထူးသတိပြုခဲ့သောကြောင့်ဖြစ်သည်။”
မဿဲသည် သူ၏ခရစ်ဝင်ကျမ်းကို အစအဦးတွင် ဟေဗြဲဘာသာစကားဖြင့် ရေးသားခဲ့ကြောင်း ပြင်ပသာဓကကို ပေပီယပ်စ်ပေးခဲ့သည်။ ပေပီယပ်စ်က “နှုတ်တော်ထွက်တို့ကို သူ ဟေဗြဲဘာသာစကားဖြင့်ရေးသားခဲ့၍ တစ်ဦးစီအနေနှင့် အတတ်နိုင်ဆုံး ဘာသာပြန်ဆိုကြပါသည်” ဟုဆိုသည်။ လုကာနှင့်ယောဟန်၏ ခရစ်ဝင်ကျမ်းများကိုသာမက ခရစ်ယာန်ဂရိကျမ်းရှိ အခြားစာစောင်များကိုပါ ပေပီယပ်စ်ကိုးကားခဲ့ပေမည်။ သို့ဆိုလျှင် ယင်းစာစောင်များသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်၍ မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်ကြောင်း အတည်ပြုသော အစောဆုံးသက်သေများတွင် သူလည်း တစ်ဦးပါဝင်ခဲ့မည်ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာမှာ ပေပီယပ်စ်ပြုစုရေးသားချက်မှ အပိုင်းအစအနည်းငယ်သာ ကျန်ရှိခြင်းဖြစ်သည်။
ဝိညာဉ်ရေးတွင် မိမိလိုလျက်နေကြောင်း သူသတိပြု
ဟေရပေါလိမြို့ရှိအသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် ပေပီယပ်စ်သည် မမောမပန်းစိစစ်စူးစမ်းသူတစ်ဦးဖြစ်ခဲ့သည်။ ဝီရိယစိုက်ထုတ်သောသုတေသီဖြစ်သည့်အပြင် ကျမ်းစာကို အလွန်တန်ဖိုးထားလေးမြတ်မှု တင်ပြခဲ့ပါသည်။ မိမိခေတ်ရှိ စာပေများပါ စိတ်ရူးပေါက်ရာပြောဆိုချက်များထက် ယေရှုခရစ် သို့မဟုတ် ကိုယ်တော့်တမန်တော်များ၏ အယူဝါဒဆိုင်ရာ မည်သည့်စကားကိုမဆို ရှင်းပြခြင်းသည် ပိုတန်ဖိုးရှိလိမ့်မည်ဖြစ်ကြောင်း ပေပီယပ်စ် မှန်မှန်ကန်ကန် ဆုံးဖြတ်စီရင်ခဲ့သည်။—ယုဒ ၁၇။
စီအီး ၁၆၁ သို့မဟုတ် ၁၆၅ ခုနှစ်တွင် ပေရဂံမြို့၌ ပေပီယပ်စ်အသတ်ခံရသည်ဟု ဆိုကြသည်။ ယေရှုခရစ်၏သွန်သင်ချက်များသည် ပေပီယပ်စ်အသက်တာနှင့် အပြုအမူတို့ကို မည်မျှပြောင်းလဲ ပြုပြင်စေခဲ့သည်ကိုကား အတိအကျမသိရှိရပါ။ မည်သို့ဆိုစေကာမူ ကျမ်းစာကိုတတ်မြောက်ပြီး ဆွေးနွေးလိုစိတ် ပြင်းပြခဲ့သည်မှန်၏။ ယနေ့လည်း ခရစ်ယာန်စစ်များသည် ထို့အတူဖြစ်ကြသည်။ အကြောင်းမူကား ဝိညာဉ်ရေးတွင် မိမိလိုလျက်နေကြောင်း သူတို့သတိပြုကြသောကြောင့်ဖြစ်သည်။ (မဿဲ ၅:၃) ပေပီယပ်စ်နည်းတူပင် သူတို့သည် သခင့်နှုတ်တော်ထွက်တို့ကို တန်ဖိုးထားကြပါသည်။