ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁၅ စာ. ၅-၇
  • သူခိုးများမရှိသောကမ္ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူခိုးများမရှိသောကမ္ဘာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုး” စေနှင့်
  • ဘုရားသခင့်ကမ္ဘာသစ်တွင် လုံခြုံမှု
  • ကြောက်ရွံ့ မှုဘယ်တော့အဆုံးသတ်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခိုးမှု အဘယ်ကြောင့်တိုးပွားနေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှုကိုတိုက်လှန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လက်နက်ကိုင် ဓားပြများ တိုက်ခိုက်သောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁၅ စာ. ၅-၇

သူခိုးများမရှိသောကမ္ဘာ

အဖြစ်က မြန်လိုက်လေခြင်း။ သားနားစွာဝတ်စားဆင်ယင်ထားသူတစ်ဦးသည် ဘရာဇီးနိုင်ငံ၊ စီယာပိုလိုမြို့ရှိ အင်တိုနယိုa ၏အိမ်ရှေ့တွင် သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ကာ ကားသော့တွဲနှင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများကိုတောင်းယူပြီး ချက်ချင်းကားမောင်းထွက်သွားလေသည်။

ရီယိုဒီဂျနေယိုမြို့တွင် ပေါင်လိုအမည်ရှိသူအားမိမိ၏ ဆယ်နှစ်သမီးလေးရှေ့ ၌ပင် လက်နက်အပြည့်ကိုင် လူလေးဦးက အနိုင်အထက်ပြုပြီး သူ့အိမ်သို့သွားကာ ပေါင်လို၏ကားနှစ်စီးအပြည့် သူတို့လိုချင်ရာများကို ခိုးယူသွားကြသည်။ ပေါင်လို၏ဇနီးကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မြို့လယ်ရှိ ပေါင်လို၏ကျောက်မျက်ရတနာဆိုင်သို့ သူမနှင့်အလုပ်သမားတစ်ဦးကိုပါ ဓားစာခံများအဖြစ်ခေါ်ဆောင်သွား၍ တစ်ဆိုင်လုံးမှ တန်ဖိုးရှိပစ္စည်းများကို လုယူသွားကြသည်။ သို့သော် မမျှော်လင့်ဘဲ သူခိုးများသည် ကားများပစ်ထားရာအရပ်ကို နောက်ပိုင်း ဖုန်းဆက်အကြောင်းကြားပါသည်။

မိမိချွေးနှဲစာ စည်းစိမ်ဥစ္စာ ခိုးခံရခြင်းသည် အလွန်တုန်လှုပ်ချောက်ချားစရာပါတကား! အခြားသူတို့သည် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်စီရင်တတ်ကြသော်လည်း အင်တိုနယိုရော၊ ပေါင်လိုပါ ထိုသို့မပြုကြပါ။ သို့ပြုကြရာတွင် သူခိုးကိုလည်းကောင်း၊ ကိုယ့်ကိုယ်ကိုလည်းကောင်း အန္တရာယ်ပြုပါသည်။ ဥပမာ၊ ဘရာဇီးအမျိုးသမီးတစ်ဦးသည် လူငယ်ကလေးတစ်ဦး မိမိလက်ပတ်နာရီကို လုယူသောအခါ ဒေါသထွက်၍ အိတ်ထဲမှ သေနတ်ကိုထုတ်ပြီး ထိုသူခိုးကိုပစ်သတ်လိုက်သည်။ ရလဒ်ကကော။ ဦအက်စ်တာဒို ဒစောင်ပေါင်လူး က– “နာမည်မပေါ်သောအမျိုးသမီးကို တွေ့မြင်သူများက ချီးကျူး၍ သူမသည် မည်သူမည်ဝါဖြစ်သည်ကို ရဲတို့အား မပြောပြလိုကြချေ” ဟုဆိုသည်။ သူခိုးမရှိသည့်ကမ္ဘာကို ခရစ်ယာန်များ လိုချင်တမ်းတကြသော်လည်း ထိုအမျိုးသမီးနည်းတူ သူတို့တုံ့ပြန်ကြမည်မဟုတ်ပါ။ ကလဲ့စားချေခြင်းအမှုသည် ဘုရားသခင်နှင့်ဆိုင်သည့်အတွက် သု. ၂၄:၁၉၊ ၂၀ ပါ “မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။ အကြောင်းမူကား မတရားသောသူသည် အကျိုးကိုမရ” ဟူသောစကားကို သူတို့လိုက်နာကြပါသည်။

သို့သော် လုယက်တိုက်ခိုက်ခံရလျှင် မည်သို့ပြုမူနိုင်သနည်း။ ရိုင်ရိုဒီဂျနီယိုမြို့မှ အဖြစ်အပျက်တစ်ခုက တည်ငြိမ်မှုရှိရန် မည်မျှအရေးကြီးကြောင်း တင်ပြပါသည်။ အဲလိုအီဇာအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ကျမ်းစာသင်အံမှုတစ်ခုသို့ ဘတ်စကားဖြင့်သွားနေသည်။ ခရီးသည်များကို လူနှစ်ဦးက စလုယက်လေသည်။ မိမိဆင်းရမည့် ကားမှတ်တိုင်သို့ရောက်လာသဖြင့် အဲလိုအီဇာက မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်၍ ကျမ်းစာသင်အံမှုသွားကျင်းပရမည့်အကြောင်း သူတို့အား ပြောပြပါသည်။ မိမိကျမ်းစာနှင့် သင်အံသောစာအုပ်ကို ဖွင့်ပြပါသည်။ သူမအား လုယက်မည့်အစား မှတ်တိုင်တွင် ဆင်းခွင့်ပြုခဲ့သည်။ အခြားခရီးသည်တစ်ဦးကိုမူကား ဆင်းခွင့်မပေးပါ။ ဤအဖြစ်အပျက်မျိုးကို မိမိတစ်ခါမျှ မကြုံခဲ့ဖူးဘူးဟု ယာဉ်မောင်းကပြောပါသည်။

ရဂျီနာအား သူမ၏ကားထဲဝင်ရန် လက်နက်ကိုင်နှစ်ဦးက အတင်းအကြပ်စေခိုင်းခဲ့စဉ်တွင် သူမလည်း တည်ငြိမ်မှုပြခဲ့သည်။ မိမိ၏ ကိုယ်ပိုင်နိုးလော့! မဂ္ဂဇင်းကိုပြကာ ရဂျီနာ သက်သေခံလိုက်ပါသည်။ ဓားပြများသည် တုန်တုန်ရီရီဖြစ်နေကြရာ သကြားလုံးများထည့်ထားသည့် ကားရှေ့အကန့်ကလေးကို သူတို့အား ဖွင့်ခိုင်းပါသည်။ သို့သော် [ဘုရားသခင့်] နိုင်ငံတော်တေးသံကက်ဆက်ခွေများကို သူတို့တွေ့ရှိပြီး ထိုတေးသီချင်းများကို နားထောင်ရန် သူတို့စိတ်ဆုံးဖြတ်ကြလေသည်။ သို့နှင့် အခြေအနေထူးခြားသွားသည့်နောက် ဓားပြတို့သည် ရဂျီနာအား လုံးဝမထိခိုက်ဘဲ လမ်းဘေးတွင်ချထားခဲ့ပြီး ကူညီပေးမည့် စေတနာရှင်တစ်ဦးပေါ်လာလိမ့်မည်ဟု အားပေးကာ ကားမောင်းထွက်သွားကြသည်။ ဆယ်မိနစ်ခန့် လမ်းလျှောက်သွားပြီးနောက် အိမ်တစ်အိမ် တွေ့ရှိခဲ့သည်။ အိမ်ရှင်က “ခင်ဗျားကိုကြည့်လျှင် လူဆိုးများနဲ့ရင်ဆိုင်ခဲ့ပုံမပေါ်ဘူး; ခင်ဗျား သိပ်တည်ငြိမ်တယ်” ဟုမယုံနိုင်စွာဖြင့် ပြောပါသည်။

ဤအဖြစ်မျိုးတွင် ထိခိုက်ဒဏ်ရာမရသည်တိုင် ယင်းချောက်ချားတုန်လှုပ်စရာအတွေ့အကြုံကြောင့် နောက်ပိုင်းတွင် ဆိုးကျိုးများ ခံစားရပေမည်။ ‘အဖြစ်ဆိုးကြုံရသူသည် မလုံခြုံစိတ်ဖြစ်ပေါ်ကာ မိမိအား ကူညီပေးလိုသူနှင့်တကွ မိသားစုကိုပါ ရန်လိုမုန်းထားစိတ်ရှိနေမည်။ သူတစ်ပါးကို မယုံကြည်နိုင်၊ အသေးစိတ်ကိစ္စများကို အရေးတယူစီမံလွန်း၍ လောကကြီးသည် မတရားပါဟူ၍ ခံစားနေပေမည်’ ဟုဦအက်စ်တာဒို ဒစောင်ပေါင်လူးက တင်ပြသည်။ တစ်ဖက်မှကြည့်ပြန်လျှင် ယေဟောဝါဘုရားသခင်ကို အားထားသောသူသည် ထိုကဲ့သို့သောအတွေ့အကြုံမျိုးကြောင့် ကာယနှင့်စိတ်လှုပ်ရှားမှုဘက် မည်သည့်ဆိုးကျိုးမျှမခံစားရဘဲ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ဆိုစေကာမူ ပြစ်မှု သို့မဟုတ် ထိတ်လန့်စိုးရိမ်စရာအကြောင်း လုံးဝမရှိတော့လျှင် သာ၍ကောင်းလိမ့်မည်ဟု သင်သဘောတူမည်မဟုတ်ပေလော။

“ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုး” စေနှင့်

များစွာသောသူတို့သည် လောဘကြီးသည့် ဘဝပုံစံကို ပိုမြတ်နိုးကြသည်မှန်သော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်သည် သူခိုးများအား သူတို့၏တပ်မက်စိတ်နှင့် ဥပဓိရုပ်များကို ပြုပြင်ပြောင်းလဲစေရန် ကူညီပေးခဲ့ပါပြီ။ (ဧဖက် ၄:၂၃) ကျမ်းစာအခြေခံသည့် စစ်မှန်သောရည်ရွယ်ချက်ပန်းတိုင်ရှိကြသဖြင့် “ဖြောင့်မတ်ခြင်းပါရမီနှင့်ယှဉ်သော ဥစ္စာအနည်းငယ်သည် မတရားသဖြင့်ရသော ဥစ္စာအများထက် သာ၍ကောင်း၏” ဟူသောစကားကို သူတို့ နှလုံးသွင်းကြသည်။ (သု. ၁၆:၈) “ကျွန်တော့်မိသားစု ရှိသူတိုင်းနီးပါး သက်သေခံများဖြစ်ကြသည်။ သို့သော် ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်ချက်များအကြောင်း သူတို့ပြောဆိုကြသည့်အခါ ကျွန်တော် နားမထောင်လိုပါ။ မိုင် ၁,၂၀၀ နီးပါးရှိ ခရီးစဉ်တစ်ခုမှ ခိုးရာပါကုန်တင်ကားငယ်ဖြင့် ပြန်လာခဲ့စဉ် ရဲစခန်းဂိတ်များစွာကို ကျွန်တော်ဖြတ်ကျော်ခဲ့ရပါသည်။ ဤသို့ပြုမူစဉ် ကျွန်တော့်ဘဝကိုကျွန်တော် ပြောင်းလဲဖို့လိုကြောင်း သဘောပေါက်လာသည်။ ယခင်တစ်ချိန်က ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ။ ဤတစ်ကြိမ်တွင် ယေဟောဝါသက်သေများဖြစ်ကြသည့် ကျွန်တော့်ဆွေမျိုးများ၏ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကို စဉ်းစားမိသည်” ဟုကလောဒီယူ ပြောပြပါသည်။ ရလဒ်ကား ကလောဒီယူသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စတင်လေ့လာကာ မူးယစ်ဆေးဝါးများနှင့် မိတ်ဆွေဟောင်းများကို မပေါင်းသင်းတော့ဘဲ စွန့်ပစ်ခဲ့ပြီး ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး ဖြစ်လာခဲ့ခြင်းတည်း။

“ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်” ဟူသောစကားများကို အခြားသူများလည်း ယခုလိုက်နာကျင့်သုံးနေကြပါသည်။ (ဆာလံ ၆၂:၁၀) မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ်၊ ယင်းကုန်သည်လည်းဖြစ်သူ ဇူဇဲသည် ဓားပြတိုက်မှုတစ်ခုပြုစဉ် လူသတ်ရန် ကြိုးစားခြင်းအတွက် ထောင်ဒဏ်ခံရပြီးနောက်တွင် သူ၏ယောက်ဖနှင့် သမ္မာကျမ်းစာလေ့လာခြင်းမှ အကျိုးခံစားခဲ့ရသည်။ မူးယစ်ဆေးဝါးလောကကို စွန့်ပစ်ကာ ယခုဇွဲလုံ့လရှိ သက်သေခံတစ်ဦးဖြစ်နေပါသည်။

သို့သော် ဥပဓိရုပ်အသစ်တစ်ခုသည် ရုတ်တရက် သို့မဟုတ် အံ့ဖွယ်နည်းဖြင့် ဖြစ်ပေါ်မလာပါ။ မူးယစ်ဆေးဝါးနှင့် ခိုးမှုများစွာတွင်လုံးလုံးပါဝင်ခဲ့ဖူးသူ ဩစကာက “ယေဟောဝါထံ လှိုက်လှဲစွာ ကျွန်တော်ဆုတောင်းခဲ့ရာ ကျွန်တော်၏မျက်ရည်များကြောင့် ကြမ်းပြင်သည် ရေအိုင်ကလေးနှင့်ပင် မကြာခဏတူခဲ့ပုံရှိသည်” ဟုပြောပြသည်။ မှန်ပေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပတ်တကုတ်လေ့လာသည့်အပြင် စွဲမြဲလှိုက်လှဲစွာ ဆုတောင်းရန် လိုပါသည်။ ဤဆုပတ္ထနာပြု ရှုမြင်ချက်ပါ ဉာဏ်ပညာကို သတိပြုပါ–“အကျွန်ုပ်မှ အနတ္တနှင့်မုသာကို ပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။ သို့မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ဘုရားသခင် နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။”—သု. ၃၀:၈၊ ၉။

ကိုယ်ကျိုးရှာခြင်း၌ စစ်မှန်သောမေတ္တာကိုအစားထိုးရမည်–“ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။” (ဧဖက် ၄:၂၈) ယခင်က ‘သူ့ဥစ္စာကိုခိုးသောသူ သို့မဟုတ် လောဘလွန်ကျူးသောသူ’ ဖြစ်ခဲ့သော ပထမရာစုခရစ်ယာန်များအဖြစ်၌ကဲ့သို့ ယေရှုခရစ်၏ ရွေးဖိုးပူဇော်သက္ကာအားဖြင့် ယေဟောဝါသည် နောင်တယူသူများကို သနားကြင်နာစွာ ခွင့်လွှတ်တော်မူသည်။ (၁ ကောရိန္သု ၆:၉-၁၁) ကျွန်ုပ်တို့၏အတိတ်သည် မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့ဘဝပုံစံကို ပြောင်းလဲကာ ဘုရားသခင့်မျက်နှာသာတော် တွေ့နိုင်ခြင်းသည် နှစ်သိမ့်မှုဖြစ်ပါသည်တကား!—ယောဟန် ၃:၁၆။

ဘုရားသခင့်ကမ္ဘာသစ်တွင် လုံခြုံမှု

သူခိုးမရှိသောကမ္ဘာတစ်ခုကို စဉ်းစားကြည့်ပါ။ တရားသူကြီးများ၊ ရှေ့နေများ၊ ရဲများနှင့် အကျဉ်းထောင်များ အစရှိသည်တို့ပါဝင်သော စရိတ်စကများသည့် ဥပဒေအတည်ပြုစနစ်တစ်ခု လိုအပ်လိမ့်မည်မဟုတ်! အချင်းချင်း တစ်ယောက်ကိုတစ်ယောက်သော်လည်းကောင်း၊ အချင်းချင်း၏ စည်းစိမ်ဥစ္စာကိုသော်လည်းကောင်း တန်ဖိုးထားလေးစားကြမည့် တိုးတက်ကြီးပွားသောကမ္ဘာ ဖြစ်လိမ့်မည်တကား! မယုံနိုင်စဖွယ်လော။ လူမှုရေးကိစ္စများတွင် ဘုရားသခင်ပါဝင်စွက်ဖက်၍ မတရားမှုကို အမှန်တကယ် အဆုံးတိုင်စေမည်လော။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း၊ ယင်း၏ပရောဖက်ပြုချက်များကို ယုံကြည်အားထားနိုင်ကြောင်း သက်သေထူသောသာဓကများကို စစ်ဆေးကြည့်ရန်ဖိတ်ခေါ်ပါသည်။ မကြာမီ အခြေအနေပြောင်းလဲတော့မည်ကို ယုံကြည်စိတ်ချနိုင်စရာ ခိုင်လုံသောအခြေခံအကြောင်းကို တွေ့ရှိပါလိမ့်မည်။ “လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရ၍ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်” ဟူသော ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးသူတိုင်းအား ပေးထားတော်မူသည့် ကတိတော်နှင့်အညီ ဖြစ်လာစေရန် ဘုရားသခင်ကို တားဆီးနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိပါ။ (ဆာလံ ၃၇:၁၊ ၂) ရှေးလွန်လေပြီးသောကာလက ရေးသားထားသည့် ထိုစကားများသည် များမကြာမီ လုံးလုံးလျားလျား ပြည့်စုံပါလိမ့်မည်။

မျှော်ကိုးရာမဲ့ပြီး မရေရာမသေချာဖြစ်စေသည့် စိတ်မချမ်းမြေ့မှုနှင့် မဖြောင့်မတ်မှုများကို ဘုရားသခင့်နိုင်ငံတော်သည် အဆုံးတိုင်စေလိမ့်မည်။ မည်သူမျှ ဆင်းရဲချို့တဲ့၍ မခိုးလျှင်မဖြစ်သည့်အခြေအနေမျိုး၌ ရှိလိမ့်မည်မဟုတ်။ “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်” ဟုပရောဖက်ပြုချက်ဖြင့် အာမခံထားပါသည်။ (ဆာလံ ၇၂:၁၆) ပြန်လည်တည်ထောင်သောပရဒိသုတွင် စစ်မှန်သောဘုရားသခင်ကို သိကျွမ်းကိုးကွယ်သူများ၏ငြိမ်သက်မှုကို နှောင့်ယှက်မည့်အရာ တစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်ပါ။—ဟေရှာယ ၃၂:၁၈။

လောဘရမ္မက်ကြီးသော ဤလောကလမ်းစဉ်ကို ငြင်းပယ်ခဲ့ခြင်းကြောင့် အလွန်ကြီးမြတ်သောဆုကျေးဇူးပါတကား! “ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့်ဆိုင်သကဲ့သို့ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏” ဟုသု. ၁၁:၁၉ ဆိုသည်။ မှန်ပါသည်။ လူဆိုးတို့ ဖျက်ဆီးခံရပြီးနောက် မိမိအသက်၊ မိမိစည်းစိမ်ဥစ္စာအတွက် မည်သူမျှ စိုးရိမ်စရာ ရှိတော့မည်မဟုတ်။ ဆာလံ ၃၇:၁၁ က “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုကတိပြုထားပါသည်။

[အောက်ခြေမှတ်ချက်များ]

a နာမည်အချို့ကို ပြောင်းလဲထားပါသည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ခိုးမှုဖြစ်ရပ်မှန်ကို ကိုင်တွယ်ဖြေ ရှင်းခြင်း

အိမ်တွင်းတွင်—အသင် အိမ်တွင်ရှိရှိမရှိရှိ သူခိုးများ ဝင်ဖောက်ထွင်းနိုင်သည့်အတွက် တံခါးပိတ် သော့ခတ်ထားပါ။ ကျွမ်းကျင်သူများက အချက်ပေးကိရိယာများ တပ်ဆင်ထားရန်၊ သို့မဟုတ် အိမ်စောင့်ခွေး မွေးထားရန် အကြံပြုသည်။ ခရီးထွက်မည်ဆိုလျှင် စိတ်ချရသောအိမ်နီးချင်းတစ်ဦးအား အကြောင်းကြားထားပါ။ တည်ငြိမ်စွာနေပါ—ဓားပြများသည် မမျှော်လင့်ဘဲလျှပ်တပြက်ပြုမူတတ်၍ စိတ်ချောက်ချားပါက ချက်ချင်းအစီအစဉ်ပြောင်းလဲနိုင်သည်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်မည်ဆိုလျှင် ယင်းကိုဖော်ပြကာ ကြိုးစားသက်သေခံပါ။ ခင်မင်စိတ် သို့မဟုတ် စာနာစိတ် ထွက်ပေါ်လာစေနိုင်ပေမည်။ ကိုယ်ခန္ဓာကို မထိခိုက်လျှင် မခုခံပါနှင့်။

အများရှေ့တွင်—သင့်နောက် တစ်ဦးတစ်ယောက်လိုက်နေမနေ ချက်ချင်းသတိပြုပါ။ လူသွားလမ်းအလယ်တွင် လျှောက်ပါ။ မှောင်ပြီး လူပြတ်သည့်လမ်းများကို ရှောင်ပါ။ သင့်ပိုက်ဆံအိတ် သို့မဟုတ် တန်ဖိုးရှိပစ္စည်းများကို မိမိရရကိုင်ထားပါ။ ဦးတည်ရာရှိဟန်ဖြင့် ဖျတ်လတ်စွာလမ်းလျှောက်ပါ။ တန်ဖိုးရှိအဝတ်အစားများ သို့မဟုတ် ပြောင်လက်သောလက်ဝတ်လက်စားများ ဆင်ယင်ခြင်းကို ရှောင်ကြဉ်ပါ။ အခြေအနေအရ အဖော်နှင့်ဈေးဝယ်သွားပါ။ ငွေလိုသလောက်သာယူသွား၍ သီးခြားအိတ်များ၊ သို့မဟုတ် သီးခြားနေရာများတွင်ထားပါ။

ကားထဲတွင်—သင့်ဒေသတွင် “ကားကိုပြန်ဘေးဆွဲမှု” ဖြစ်နေပါက ရပ်ထားသည့်ကားထဲ မနေပါနှင့်။ အလုပ်သို့ အသွားအပြန်ခရီးကို ပြောင်းလဲပေးပါ။ ခရီးသာ၍ရှည်သည့်တိုင် လုံခြုံမှုပိုရှိသည့်လမ်းကို ယူပါ။ ကားမရပ်မီ မသင်္ကာစရာ ရှိမရှိစစ်ဆေးကြည့်ပါ။ လူပြတ်သည့်နေရာတွင် သင့်ကား၏ ပစ္စည်းထားအကန့် ဖွင့်ခြင်းကိုရှောင်ပါ။ တန်ဖိုးရှိပစ္စည်းများကို ကားထဲ မြင်သာသည့်နေရာတွင် မထားရန် သတိပြုပါ။ သော့ခတ်ထားကြောင်း၊ လွယ်ကူစွာခိုးယူခြင်းကို တားဆီးသည့်ကိရိယာ တပ်ဆင်ထားကြောင်း သူခိုးများအား တွေ့မြင်စေပါ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

“သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုး ထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။”—မဿဲ ၆:၁၉၊ ၂၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ