ကြောက်ရွံ့ မှုဘယ်တော့အဆုံးသတ်မည်နည်း
စစ်မှန်သောလုံခြုံမှုသည် လွန်ခဲ့သောအနှစ် ၂,၀၀၀ ကအသက်ရှင်ခဲ့သူ ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်စပ်နေသည်ကို သင်သိလျှင် အံ့အားသင့်သွားမည်လော။ မေတ္တာရှိဖို့လိုကြောင်း ပြသရင်း ယေရှုခရစ်က ဤမှတ်သားဖွယ်ကောင်းသော ပုံခိုင်းချက်တစ်ခုကို ပြောပြခဲ့သည်– “လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကို ချွတ်၍နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။” ခရီးသွားနှစ်ယောက်တို့သည် ဤဒုက္ခသည်ကို လျစ်လျူရှုသွားကြသော်လည်း ကြင်နာတတ်သောရှမာရိလူသည် ကရုဏာပြခဲ့သည်။ သို့သော် ယနေ့ရာဇဝတ်မှု၏သားကောင်များအတွက် မည်သူက စောင့်ရှောက်ပေးသနည်း။ ကြောက်ရွံ့ မှုမှ အဘယ်သက်သာရာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။—လုကာ ၁၀:၃၀-၃၇။
ဘုရားသခင်ကို ယုံကြည်ပါသည်ဟု ထုတ်ပြောနေစဉ်တွင် များစွာသောသူတို့သည် ဥပဒေနှင့် အမိန့်တို့ကို လူက စည်းကြပ်ပေးရမည်ဟု ယူဆကြသည်။ သို့ရာတွင် ကြီးလေးသောအကျဉ်းချမှုများ သို့မဟုတ် ရဲများတိုး၍ထားပြီး သူတို့အား လစာပို၍ပေးထားခြင်းတို့က ရမ်းရမ်းကားကားရာဇဝတ်မှုကို အဆုံးတိုင်စေမည်လော။ ဥပဒေစည်းကြပ်ရေးအေဂျင်စီများ၊ လုံခြုံမှုအတော်အတန်ရရှိရန် ရိုးရိုးသားသားအားထုတ်မှုများ၏ အောင်နိုင်ခြင်းကြောင့် မူးယစ်ဆေးအလွဲသုံးခြင်း၊ ရာဇဝတ်ဂိုဏ်းများနှင့် ဆင်းရဲနွမ်းပါးမှုကဲ့သို့သောအရာများကို သုတ်သင်ပစ်မည်ဟု သင်အမှန်တကယ် ယုံကြည်သလော။ သို့ဖြစ်သည့်တိုင် ဖြောင့်မတ်ခြင်းတရားအတွက် ကျွန်ုပ်တို့၏ဆာလောင်မွတ်သိပ်မှုသည် အချည်းနှီးဖြစ်သွားရန် မလိုချေ။—မဿဲ ၅:၆။
ဆာလံ ၄၆:၁ ကဤသို့ဆိုသည်– “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ဤစကားများသည် လှပသော ကဗျာလင်္ကာတစ်ခုမျှမဟုတ်ကြောင်း ကျွန်ုပ်တို့သိမြင်ရလိမ့်မည်။
သင်သိသည့်အတိုင်း သတင်းဖြန့်ချိရေးများသည် စစ်များတွင် အရမ်းကာရောသတ်ဖြတ်မှုများနှင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို နေ့စဉ်ဖော်ပြနေသည်။ ကမ္ဘာ့ဒေသတချို့တွင် ယင်းသည် အလိုမရှိသောလူငယ်များ သို့မဟုတ် မျက်မြင်သက်သေများကို အစဖျောက်ပစ်သည့် နေရာဖြစ်လာပေပြီ။ ဘဝသည် အဘယ့်ကြောင့် ဤမျှတန်ဖိုးနိမ့်ကျရပါသနည်း။ ဤကဲ့သို့သော အကြမ်းဖက်ရမ်းကားမှုကို ဖြစ်စေသည့်အကြောင်း မြောက်မြားစွာရှိနိုင်သော်လည်း ကျွန်ုပ်တို့မျက်စိလျှမ်းမသွားသင့်သည့် အကြောင်းတစ်ခုရှိသည်။
ဘုရားသခင်၏နှုတ်ကပါဌ်တော် ကျမ်းစာအရ “လောကီသားအပေါင်းသည် မာရ်နတ်၏လက်၌ ရှိကြသည်။” (၁ ယောဟန် ၅:၁၉) အမှန်မှာ ယေရှုခရစ်က စာတန်မာရ်နတ်ကို လိမ်လည်သူတစ်ဦးအဖြစ်သာမက “လူအသက်ကိုသတ်သောသူ” အဖြစ်ပါ ထင်ရှားဖော်ပြခဲ့သည်။ (ယောဟန် ၈:၄၄) နည်းအမျိုးမျိုးဖြင့် လူသားများကို လွှမ်းမိုးထားကာ ဤတန်ခိုးရှိသော နာမ်ဝိညာဉ်သတ္တဝါသည် အကြမ်းဖက်ရမ်းကားမှုယနေ့တိုးပွားနေခြင်းကို လှုံ့ဆော်ပေးနေသည်။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟု ဗျာဒိတ် ၁၂:၁၂ ကဆိုသည်။ သို့သော် ပျော်စရာမှာ ဤဆိုးသွမ်းသောစနစ်နေရာတွင် “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို အစားထိုးမည်ဖြစ်သည်။—၂ ပေတရု ၃:၁၃။
ကမ္ဘာသစ်၏ ဤအံ့ချီးဖွယ်မျှော်လင့်ချက်အပြင် ယခုလောလောဆယ် အဘယ်အကူအညီ ကျွန်ုပ်တို့တွင် ရှိထားသနည်း။
ယင်းအတွက် အပြုသဘောဆောင်သောအဖြေကို မကြည့်ရှုမီ ခရစ်ယာန်စစ်များပင် သူတို့ကို ရာဇဝတ်မှုမှ အကာအကွယ်ပေးမည်ဟူသည့် အာမခံချက်မရှိကြောင်း စိတ်ထဲတွင်ထားလျှင်ကောင်းသည်။ တမန်တော်ပေါလုက မိမိကိုယ်တိုင်ရင်ဆိုင်ခဲ့ရသည့် ဘေးဒုက္ခတချို့ကို ဖော်ပြခဲ့သည်။ သူသည် “မြစ်ကိုကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်းပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး” တို့ကို ကြုံခဲ့ဖူးသည်။ (၂ ကောရိန္သု ၁၁:၂၆) သို့တိုင် ပေါလုသည် ဤအန္တရာယ်များကို ကပ်ကျော်လွန်မြောက်ခဲ့သည်။ ယနေ့လည်း အလားတူပင်ဖြစ်သည်; သတိထားခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်ကို အတတ်နိုင်ဆုံး ပုံမှန်ဆက်၍ထမ်းဆောင်နိုင်သည်။ ထောက်ကူမည့်အရာတချို့ကို သုံးသပ်ကြစို့။
လူတစ်ဦးသည် အန္တရာယ်ရှိသောဝန်းကျင်တွင် နေထိုင်နေပါက အကျင့်အကြံကောင်းက အကာအကွယ်တစ်ခုဖြစ်စေနိုင်သည်၊ အကြောင်းမှာ လူများသည် သူတစ်ထူးတို့ကို အသေအချာအကဲခတ်နေကြသောကြောင့်ဖြစ်သည်။ ခိုးသားဓားပြများသည် ရာဇဝတ်မှုများကို ကြံစည်ကာအကောင်အထည်ဖော်ကြသော်လည်း များစွာတို့သည် မိမိတို့ကိုယ်ကို သာမန်လူများအဖြစ် ယူဆကြသည်။ သူတို့လုပ်ဆောင်သည့်အရာကို အပြစ်ရှာခြင်းကို ရှောင်ကြဉ်ပြီး သူတို့ပတ်သက်ဆက်နွှယ်နေသည့်အရာများကို သိရန် မကြိုးစားပါနှင့်။ သို့ဖြင့် သင်သည် ကလဲ့စားချေခံရမည့်သူဖြစ်လာနိုင်သည့် မိမိ၏အလားအလာကို လျော့ပါးသွားစေနိုင်သည်။ သူခိုးများသည် မည်သူ ပစ္စည်းအသစ်တစ်ခုဝယ်ထားသည် သို့မဟုတ် မည်သူအားလပ်ရက်ယူ အပန်းဖြေသွားနေသောကြောင့် အိမ်တွင် လူမရှိဘဲဖြစ်မည်တို့ကို ကြိုးစားရှာဖွေနေသောကြောင့် အခြားသူများအား သင်ဖွင့်ပြောသည့်အရာတို့တွင် တိုင်းတိုင်းဆဆရှိပါ။
ယေဟောဝါသက်သေများစွာသည် ဓမ္မအမှုဆောင်များအဖြစ် မိမိတို့၏ဂုဏ်သတင်းက သူတို့အား ကာကွယ်မှု၏အတိုင်းအတာတစ်ခုဖြစ်ကြောင်း တွေ့ရှိထားကြသည်။ ရပ်ကွက်ရှိသူများအား မျက်နှာမလိုက်ဘဲ ကိုယ်တိုင်အကူအညီပေးသည့် ဤကဲ့သို့သောခရစ်ယာန်များကို ရာဇဝတ်ကောင်များသည် လေးစားကြောင်းတင်ပြလေ့ရှိသည်။ ယေဟောဝါသက်သေများကိုယ်နှိုက်သည် လူသတ်သမားများ၊ သူခိုးများမဟုတ်သလို ‘သူတစ်ပါးအမှု၌ရောနှောသောသူများ’ မဟုတ်ရကား ကြောက်စရာမဟုတ်ပါ။—၁ ပေတရု ၄:၁၅။
ဘုရားသခင့်ကမ္ဘာသစ်တွင် လုံခြုံမှု
ယေရှုခရစ်ကြိုပြောထားသည့် ‘မတရားမှုတိုးပွားနေခြင်း’ ကို ကျွန်ုပ်တို့စိတ်မကောင်းဖြစ်ကြသော်လည်း အလွန်အမင်းစိုးရိမ်ပူပန်နေမည့်အစား ဘုရားသခင်သည် များမကြာမီ ဤဆိုးသွမ်းသောစနစ်ကို အမြစ်ပြတ်သုတ်သင်ပစ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား” ၏ ကမ္ဘာချီဟောပြောခြင်းကို တင်ကူးမိန့်တော်မူခြင်းအပြင် ယေရှုသည် မိမိ၏နောက်တော်လိုက်များကို ဤသို့သတိပေးခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၂-၁၄။
သူတစ်ထူးတို့အား လုယက်သူများ တစ်ခါတစ်ရံ မယုံနိုင်လောက်အောင် ရက်စက်သူများသည် သုတ်သင်ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာနိုင်သည်။ နယပုံပြင် ၂၂:၂၂၊ ၂၃ တွင်ဤသို့ဆိုသည်– “ဆင်းရဲသောသူ၏ဆင်းရဲကို ထောက်၍ သူ၏ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသောသူတို့၏အသက်ကို လုယူတော်မူမည်။” ယေဟောဝါရှင်သည် ခိုးသားဓားပြများ၊ လူသတ်သမားများနှင့် လိင်ဖောက်ပြန်သူများကဲ့သို့သော အပြစ်ကျူးလွန်သူများကို သုတ်သင်ပစ်မည်။ ထို့အပြင် ကိုယ်တော်သည် ဤကဲ့သို့သော ရာဇဝတ်မှု၏သားကောင်များကို လျစ်လျူရှုပစ်ထားမည်မဟုတ်။ ကိုယ်တော်သည် သူတို့၏ဆုံးရှုံးမှုများကို ထေပေးမည်ဖြစ်ပြီး သူတို့၏ကျန်းမာရေးကို အပြည့်အဝပြန်ပေးမည်။
အမှန်မှာ၊ “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြု” သောသူများသည် လာမည့်ကြီးစွာသောဒုက္ခကို ကပ်ကျော်ခြင်းဖြင့်ဖြစ်စေ၊ သေရာမှထမြောက်ခြင်းဖြင့်ဖြစ်စေ ထာဝရအသက်ရကြမည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၇-၂၉) ဤအကျိုးကျေးဇူးများသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကြောင့် ရရှိနိုင်မည်ဖြစ်သည်။ (ယောဟန် ၃:၁၆) သို့ရာတွင် ပြန်လည်တည်ထောင်ထားသည့်ပရဒိသုတွင် ဘဝအသက်တာသည် မည်သို့ရှိမည်နည်း။
ဘုရားသခင့်နိုင်ငံတော်အောက် ဘဝအသက်တာသည် အမှန်ပင်ချမ်းမြေ့စရာဖြစ်မည်။ ယေဟောဝါရှင် ဤသို့တင်ကူးပြောတော်မူသည်– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၈) ထာဝရအသက်ရရှိသူအပေါင်းသည် သူတို့ဥပဓိရုပ်ကို ပြုပြင်ပြီးသားဖြစ်လိမ့်မည်။ အပြစ်ပြုမည့်သူ သို့မဟုတ် မတရားသောသူများရှိမည်မဟုတ်သလို ဤကဲ့သို့သောသူ၏ သားကောင်လောင်းဖြစ်မည့်သူ တစ်ယောက်မှရှိမည်မဟုတ်။ ပရောဖက်မိက္ခာဤသို့ဆိုသည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှမရှိရ။” (မိက္ခာ ၄:၄; ယေဇကျေလ ၃၄:၂၈) ယနေ့အန္တရာယ်ရှိဝန်းကျင်နှင့် မည်မျှခြားနားလိုက်လေခြင်း!
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
သတိပြုပါ
ရာဇဝတ်ကောင်များစွာသည် အချိန်ပြည့်လှုပ်ရှားနေကြပြီး ရာဇဝတ်မှုနှင့် အသက်မွေးနေကြသည်။ တစ်ဦးတည်းက သင့်အားသေနတ်နှင့်ချိန်ထားသည့်တိုင် သူတို့သည် နှစ်ဦး သို့မဟုတ် သုံးဦးပါဝင်သောအုပ်စုများဖြင့် လှုပ်ရှားကောင်း လှုပ်ရှားနိုင်ပေသည်။ ရာဇဝတ်ကောင်သည် ပို၍အသက်ငယ်လေ ပို၍အန္တရာယ်ရှိလေဖြစ်ကြောင်း သာဓကတိုးများနေသည်။ သင်သည် သားကောင်တစ်ယောက်ဖြစ်သွားပါက ဘာလုပ်နိုင်သနည်း။
အနုကြမ်းသမားစိတ်ထင့်မသွားစေရန် တည်တည်ငြိမ်ငြိမ်ဆက်နေပါ—သူ၏အတွေ့အကြုံနည်းမှုက သတ်ဖြတ်မှုဖြစ်သွားစေနိုင်သည်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ပါက သင့်ကိုယ်ကို ဤမည်သောသူဖြစ်ကြောင်း ခွဲခြားသိမြင်စေပါ။ သို့တိုင် အနုကြမ်းသမားလိုချင်သည့်အရာကို ပေးရန်အသင့်ရှိပါ။ သင်ဖင့်နွှဲနေပါက အန္တရာယ်ပိုများသည်။ နောက်ပိုင်းမှ သက်သေခံကတ်ပြား သို့မဟုတ် ဘတ်စကားခကို ပြန်ပေးရန် တောင်းခြင်းသည် အန္တရာယ်ကင်းမည်ဟု သင်ယူဆပေမည်။
ရာဇဝတ်ကောင်သည် မည်သူမည်ဝါဖြစ်ကြောင်း သင်ပြောနိုင်လေ့မရှိပါ။ အချို့အနုကြမ်းသမားများသည် ဆေးစွဲသူများ သို့မဟုတ် ရာဇဝတ်မှုဖြင့်အသက်မွေးသူများဖြစ်ကြပြီး အခြားသူများမှာမူ အစာရဖို့သာဖြစ်သည်။ မည်သည့်အခါမဆို ငွေများစွာမယူသွားပါနှင့်။ ကျောက်မျက်ရတနာများ၊ ရွှေလက်စွပ်များ သို့မဟုတ် တန်ဖိုးကြီးမားသောနာရီများ ထင်ထင်ပေါ်ပေါ်ဝတ်ဆင်ခြင်းကို ရှောင်ပါ။ ပုံမှန်အတိုင်း လမ်းလျှောက်ကာ ခရီးနှင်ပါ၊ မကြောက်ရွံ့ကြောင်းပြပါ။ သူတို့ကို မသင်္ကာဖွယ် သိလိုသည့်အလား တစ်ဦးချင်းဆီသို့ သင့်မျက်စိစူးစိုက်မကြည့်ပါနှင့်။ လမ်းပေါ်တွင်ပစ်ခတ်မှုဖြစ်သည့်အခါတွင် မြေပြင်ပေါ်သို့ သင့်ကိုယ်ကိုဝမ်းလျားထိုးလိုက်ပါ; အဝတ်အစားများကို နောက်မှပြန်သန့်စင်နိုင်သည်။—ရီယိုဒီဂျနေရိုရှိ ရဲဟောင်းတစ်ဦး။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
တည်တည်ငြိမ်ငြိမ်နေပြီး အနုကြမ်းသမားလိုချင်ရာကို ပေးလိုက်ပါ။ သင်ဖင့်နွှဲနေပါက အန္တရာယ်ပိုများသည်