ဆီးနှင်းများကြား ယေရှု ဖွားမြင်ခဲ့သလော
“ယေရုရှလင်မြို့၏ လှုပ်ရှားမှုကို ဆီးနှင်းထုက ရပ်တန့်စေ” ပြီး “ဆီးနှင်းပိတ်ဆို့၍ မြောက်ဘက်အရပ် ချောက်ချားသွား။” အနှစ်တစ်ရာကာလအတွင်း အစ္စရေးနိုင်ငံအတွက် အခက်ခဲဆုံး ဆောင်းရာသီကို ၁၉၉၂ တွင် ကြုံခဲ့သော အစ္စရေးစာရှုသူများအဖို့ ယေရုရှလင်ပို့စ်ပါ ဤသတင်းခေါင်းစဉ်များသည် သာမန်ကိစ္စပင်ဖြစ်လာခဲ့သည်။
ဇန်နဝါရီလ၌ ဟေရမုန်တောင်ထိပ်ကို ထုထည် ပေ ၂၂ မှ ၄၀ အထိရှိ ဆီးနှင်း ဖုံးလွှမ်းထားလေတော့သည်။ ဆောင်းကုန်ဖို့ရန်ကလည်း လိုနေသေးသည်။ ဂိုလန်ကုန်းမြင့်နှင့် အထက်ဂါလိလဲမှစတင်၍ ယေရုရှလင်မြို့နှင့် ဗက်လင်မြို့အနီးမှ (အထက်တွင်ရှု) ဖြတ်ကျော်ပြီး တောင်ဘက်ရှိ နီဂဗ်အရပ်အထိ လှပနုရွ၍ တစ်ကြိမ်တည်းတွင် စွမ်းအားရှိသော ဧည့်သည် ရောက်ရှိနေခြင်းကြောင့် အစ္စရေးနိုင်ငံတွင် နေ့စဉ်လုပ်ရိုးလုပ်စဉ်လုပ်ငန်း ရပ်တန့်နေပါသည်။ ယေရုရှလင်ပို့စ် ဆောင်းပါးတစ်ပုဒ်က “လွန်ခဲ့သောအပတ်အတွင်း ကက်ယူရှာဒုံးပျံများ မစွမ်းဆောင်နိုင်ရာကို ယမန်နေ့က သည်းထန်စွာကျသော ဆီးနှင်းခဲ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကြောင့် နေရာချထားရေးများကို ပိတ်ထားရပြီး အိမ်တွင်းမှ အိမ်ပြင်သို့ပင် လူတို့မထွက်နိုင်ကြပါ” ဟုဆိုသည်။
ကြမ်းတမ်းသော ဆောင်းရာသီသည် မြို့သားများကိုသာ ဖရိုဖရဲဖြစ်စေခဲ့သည်မဟုတ်ပါ။ ညပိုင်းတွင် ရေခဲအမှတ်အောက် အပူချိန်ထိုးဆင်းခဲ့သည့်အတွက် နွားများ ရာချီ၊ ကြက်များ ထောင်ချီ၍ အေးလွန်းပြီး သေကျေပျက်စီးခဲ့သည်။ ဆီးနှင်းဒဏ် မလုံလောက်သေးဘိသကဲ့သို့ အေးလွန်းသောမိုးလည်း သည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးဆုံးရှုံးမှု တိုးများစေခဲ့သည်။ တစ်နေ့တွင် ရုတ်တရက်ရေဘေးကြုံနေသည့် သိုးအနည်းငယ်ကို သိုးကျောင်းသားငယ်နှစ်ဦး အလုအယက် ကြိုးစားကယ်ဆယ်နေစဉ် သူတို့ကိုယ်တိုင် မျောပါသွားပြီး ရေနစ်သေသွားရှာသည်။
ဤပြင်းထန်သောအခြေအနေမျိုးကို အရှေ့အလယ်ပိုင်းဒေသ ဆောင်းရာသီတွင် ခါတိုင်း မကြုံကြိုက်ရသော်လည်း အစ္စရေးမဂ္ဂဇင်း အီရက်က “လွန်ခဲ့သော အနှစ် ၁၃၀ အတွင်း အစ္စရေးမိုးလေဝသအချက်အလက်အရ ယေရုရှလင်မြို့တွင် ဆီးနှင်းကျစရာအကြောင်း ထင်သည်ထက် ပိုများပါသည်။ . . . ၁၉၄၉ နှင့် ၁၉၈၀ အတွင်း ယေရုရှလင်မြို့၌ ဆီးနှင်းကျသည့်ဆောင်းရာသီ နှစ်ဆယ့်လေးကြိမ်ရှိခဲ့ပါသည်” ဟုတင်ပြသည်။ ဤသတင်းသည် မိုးလေဝသဆိုင်ရာ စိတ်ဝင်စားချက်တစ်ခုမျှသာလော။ သို့မဟုတ် ကျမ်းစာလေ့လာသူများအတွက် အထူးအဓိပ္ပာယ်ရှိပါသလော။
ကျမ်းစာလေ့လာသူများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
ယေရှုဖွားမြင်ခြင်းအကြောင်းကို သတိရအောက်မေ့သည့်အခါ ခရစ္စမတ်အချိန်တွင် ဖော်ပြလေ့ရှိသော စိတ်ထိခိုက်လှုပ်ရှားဖွယ် နွားစားခွက်မြင်ကွင်းကို မြင်ယောင်ကြသူက များပါသည်။ နွေးထွေးစွာထုပ်ပိုးပတ်ရစ်ထားသော နို့စို့ရွယ်ယေရှုကို သူ၏မိခင် စောင့်ကြည့်နေစဉ် ဝန်းကျင်မြေပြင်ပေါ်တွင် ဆီးနှင်းကျနေသည့်ရှုခင်းကို သူတို့တွေ့ရှိကြ၏။ ဤသမိုင်းဝင်အဖြစ်အပျက်ကို သမ္မာကျမ်းစာဖော်ပြထားပုံက လူအများသိ ထိုမြင်ကွင်းအတိုင်း ဖြစ်ပါသလော။
ကျမ်းရေးသူ လုကာသည် ယေရှုဖွားမြင်ခဲ့ချိန်အကြောင်းကို အသေအချာမှတ်တမ်းတင် ရေးသားထားပါသည်– “ထိုပြည်မှာ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းကင်တမန်သည် သူတို့အနားမှာ ပေါ်လာ၍ ပတ်ဝန်းကျင်၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဘုန်းတော် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ကောင်းကင်တမန်ကလည်း ‘ကြောက်ရွံ့ခြင်းမရှိကြနှင့်! လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။ သင်တို့သည် အဘယ်နိမိတ်ဖြင့်သိရမည်နည်းဟူမူကား သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်’ ဟုဆိုပြီးလျှင် ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ချင်းထင်ရှား၍ ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။”—လုကာ၂:၈-၁၄။
ဤမှတ်တမ်းကို ယနေ့ သာမန်အစ္စရေးတစ်ဦးအား ဖတ်ပြပြီး ယင်းအမှုသည် နှစ်၏အဘယ်အချိန်အခါတွင် ဖြစ်နိုင်သနည်းဟု မေးမြန်းလျှင် သူက “ဧပြီနှင့်အောက်တိုဘာအတွင်းဖြစ်မည်” ဟုဖြေဆိုပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အဖြေမှာ ရှင်းနေပါသည်။ နိုဝင်ဘာနှင့်မတ်အတွင်း အစ္စရေးနိုင်ငံတွင် ချမ်းစိမ့်သည့် မိုးရာသီကာလဖြစ်ရာ ဒီဇင်ဘာ ၂၅ ရက်နေ့သည် ဆောင်းဥတုတွင် အမှန်ဖြစ်နေမည်။ ဤအချိန်တွင် သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြလိမ့်မည်မဟုတ်ပါ။ ဤဆောင်းပါးအစတွင်ပါ သတင်းကောက်နှုတ်ချက်များအရ အဘယ်ကြောင့်ထိုသို့မဖြစ်နိုင်ကြောင်းကို သဘောပေါက်နိုင်ကြမည်။ ယေရှုဖွားမြင်ခဲ့သော ဗက်လင်မြို့သည် ယေရုရှလင်မြို့မှ မိုင်အနည်းငယ်ကွာဝေး၍ ပိုမြင့်သောတောင်ကုန်းတွင် တည်ရှိပါသည်။ ရာသီဥတု ထိုမျှမပြင်းထန်သည့်နှစ်များတွင်ပင် ဆောင်းကာလ၌ ညအချိန်သည် အတော်အတန်ချမ်းအေးတတ်သည်။—မိက္ခာ ၅:၂; လုကာ ၂:၁၅။
ယေရှုဖွားမြင်ချိန် သမိုင်းမှတ်တမ်းကို စစ်ဆေးကြည့်ရှုသည့်အခါ ဒီဇင်ဘာ ဆီးနှင်းများကြား ကိုယ်တော် အမှန်ဖွားမြင်တော်မမူကြောင်း သဘောပေါက်နားလည်စေသည်။ ယေရှု၏မိခင်မာရိသည် ကိုယ်ဝန်အရင့်အမာဖြစ်နေသော်လည်း မိမိနေအိမ်ရှိ နာဇရက်မြို့မှ ဗက်လင်မြို့သို့ ခရီးထွက်ခဲ့ရရှာသည်။ ရောမ ကဲသာဘုရင်သြဂုတ္တု၏အမိန့်အရ လူဦးရေစာရင်းပေးကြရန် သူနှင့်အတူ ယောသပ်ပါ ခရီးထွက်ခဲ့ကြရခြင်းဖြစ်သည်။ (လုကာ ၂:၁-၇) ဂျူးလူမျိုးသည် ရောမအုပ်ချုပ်မှုနှင့် ယင်း၏ကြီးလေးသောအခွန်အတုတ်များခြင်းကို ခံပြင်းနေပြီဖြစ်၍ ပုန်ကန်ခါနီးဆဲဆဲ ဖြစ်နေကြ၏။ သို့ဖြစ်၍ အခဲယဉ်းဆုံးဖြစ်ရုံမက စိတ်မချရသည့် ဆောင်းရာသီတွင် မှတ်ပုံတင်ကြရန် ခရီးထွက်ဖို့ ရောမသည် ဂျူးတို့အား အဘယ်ကြောင့်တမင်အမျက်နိုးဆော် စေလိမ့်မည်နည်း။ ခရီးသွားရန် အဆင်ပိုပြေသည့် နွေဦးသို့မဟုတ်ဆောင်းဦးပေါက်အချိန်တွင် အမိန့်ထုတ်လိမ့်မည်ဟု ယူမှတ်စရာအကြောင်း ပိုများသည်မဟုတ်ပေလော။
ကျမ်းစာဆိုင်ရာ အခြေခံသည့် တွက်ချက်မှုများ
ယေရှုဖွားမြင်ခြင်းဆိုင်ရာမှတ်တမ်းသည် ဒီဇင်ဘာ သို့မဟုတ် အခြားဆောင်းဥတုအတွင်း မည်သည့်လတွင်မျှ မဖြစ်နိုင်ကြောင်း သမိုင်းဆိုင်ရာနှင့် သဘာဝနိယာမတရားဆိုင်ရာ သက်သေသာဓကများက ဖော်ပြပါသည်။ ထို့ပြင် ပရောဖက်ပြုချက်အားဖြင့် ယေရှုဖွားမြင်သည့် နှစ်၏အချိန်အခါပိုင်းကိုလည်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ယင်းကို အဘယ်နေရာတွင် ဖော်ပြပါသနည်း။
ဒံယေလကျမ်း အခန်းကြီး ၉ တွင် မေရှိယနှင့်စပ်လျဉ်းသည့် စိတ်ထဲအစွဲငြိဆုံးပရောဖက်ပြုချက်တစ်ခုကို တွေ့ရှိရပါသည်။ ကိုယ်တော်ကြွလာခြင်းနှင့် အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာ အဖြစ်သော်လည်းကောင်း၊ “ထာဝရဖြောင့်မတ်ခြင်း” ကိုနာခံမှုရှိ လူသားတို့ရရန် အခြေခံကို တည်စေခြင်းငှာသော်လည်းကောင်း အသေသတ်ခံရမည့်အချိန်ကိုပါ ဖော်ပြထားပါသည်။ (ဒံယေလ ၉:၂၄-၂၇၊ သမ; မဿဲ ၂၀:၂၈ နှိုင်းယှဉ်။) ဤပရောဖက်ပြုချက်အရ ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်ခဲ့သည့် ဘီ.စီ.အီး ၄၅၅ ခုနှစ်တွင် စတင်မည့် သီတင်းနှစ် ၇၀ ကာလအတွင်း ယင်းအဖြစ်အပျက်အားလုံး ပြီးမြောက်ရမည်ဖြစ်သည်။a (နေဟမိ ၂:၁-၁၁) ဤပရောဖက်ပြုချက်ပါ အချိန်ကန့်သတ်ချက်အရ မေရှိယသည် သီတင်းနှစ် ၇၀ အစပိုင်းတွင် ပေါ်လာလိမ့်မည်ဖြစ်ကြောင်း နားလည်ရပါသည်။ ထိုအမှုသည် မေရှိယဆိုင်ရာတာဝန်ကို တရားဝင် စတင်ဆောင်ရွက်တော်မူခဲ့သည့် စီ.အီး. ၂၉ ခုနှစ်တွင် နှစ်ခြင်းခံယူခြင်းငှာ ကိုယ့်ကိုယ်ကို ယေရှုအပ်နှံချိန်၌ ဖြစ်ပျက်ခဲ့ကြောင်း သိရှိရပါသည်။ “ထိုသီတင်း၏တစ်ဝက်၊” သို့မဟုတ် သုံးနှစ်ခွဲအကြာတွင် မေရှိယသည် အသေသတ်ခြင်းကိုခံရလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မောရှေပညတ်ပဋိညာဉ်အောက် ယဇ်ပူဇော်သက္ကာအားလုံးတို့၏ တန်ဖိုးကို အဆုံးတိုင်စေခဲ့သည်။—ဟေဗြဲ ၉:၁၁-၁၅; ၁၀:၁-၁၀။
ယေရှု၏ဓမ္မအမှုဆောင်ရွက်ချိန်မှာ သုံးနှစ်ခွဲကြာရှည်ကြောင်း ဤပရောဖက်ပြုချက်က ဖော်ပြပါသည်။ ယေရှုသည် စီ.အီး. ၃၃ နိသန် ၁၄ (ဂျူးပြက္ခဒိန်အရ) နွေဦးပေါက် ပသခါပွဲကျင်းပချိန်တွင် ကွယ်လွန်တော်မူခဲ့သည်။ ထိုနှစ်တွင် တူညီသောရက်စွဲမှာ ဧပြီ ၁ ရက်ဖြစ်မည်။ (မဿဲ ၂၆:၂) နောက်ပြန်၍ သုံးနှစ်ခွဲရေတွက်သည့်အခါ သူနှစ်ခြင်းယူချိန်သည် စီ.အီး. ၂၉ အောက်တိုဘာအစပိုင်းတွင်ကျရောက်သည်။ ယေရှုနှစ်ခြင်းခံချိန်တွင် အသက် ၃၀ ခန့်ရှိကြောင်း လုကာပြောပြထားသည်။ (လုကာ ၃:၂၁-၂၃) ယင်းကြောင့် ယေရှုမွေးဖွားချိန်သည်လည်း အောက်တိုဘာအစပိုင်းတွင် ဖြစ်ရလိမ့်မည်။ လုကာ၏မှတ်တမ်းနှင့်အညီ သိုးထိန်းများသည် နှစ်၏ထိုအချိန်အခါတွင် “ညအခါ တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြလိမ့်” ဦးမည်။—လုကာ ၂:၈။
အဘယ်အရင်းအမြစ်မှ ဖြစ်သနည်း
ယေရှုဖွားမြင်ချိန်မှာ အောက်တိုဘာလအစောပိုင်းတွင်ဖြစ်ကြောင်း သာဓကများက ထင်ရှားစွာပြလျက်နှင့် ၎င်းကိုဒီဇင်ဘာ ၂၅ နေ့တွင် အဘယ်ကြောင့်ပွဲကျင်းပကြပါသနည်း။ ယေရှုမွေးဖွားပြီးနောက် နှစ်ရာစုပေါင်းများစွာ ကုန်လွန်ပြီးမှသာလျှင် ယင်းပွဲကိုကျင်းပခဲ့ကြကြောင်း ဗြိတိန်စွယ်စုံကျမ်းသစ် ကဆိုသည်။ “အရှေ့ပိုင်းချာ့ချ်များသည် စတုတ္ထရာစုအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ခရစ်တော်၏မွေးနေ့ကို တဖြည်းဖြည်း ကျင်းပလာကြပါသည်။ ယေရုရှလင်မြို့တွင် ခရစ္စမတ်ပွဲကျင်းပခြင်းကို အတန်ကြာ အတိုက်အခံပြုခဲ့ကြသော်လည်း နောက်ဆုံးအရှုံးပေး လက်ခံကျင်းပကြလေသည်။
ခရစ်တော်ကွယ်လွန်ပြီးနောက် ရာစုနှစ်များစွာအကြာတွင် ခရစ်ယာန်အမည်ခံသူများသည် ယင်းထုံးစံကို အဘယ်ကြောင့်ဤမျှလွယ်လင့်တကူလက်ခံခဲ့ကြပါသနည်း။ ဗြိတိန်စွယ်စုံကျမ်းသစ် က ယင်းကို ပိုမိုသိရှိနားလည်စေပါသည်။ “ဆောင်းအလယ်ပိုင်းတွင် ခရစ်တော်၏မွေးနေ့ကိုလည်းကောင်း၊ တိတ္ထိများကလည်း စိုက်ပျိုးရေးနှင့်နေအတွက် ပွဲသဘင်များကို တိုက်တိုက်ဆိုင်ဆိုင်ကျင်းပသည့်အတွက် ခရစ္စမတ်နှင့်ဆိုင်သည့် မိရိုးဖလာထုံးစံများသည် အရင်းအမြစ်အသီးသီးမှ စတင်ဖြစ်ပေါ်လာပါသည်။ ရောမလောကတွင် စနေဂြိုဟ်ပွဲနေ့ (ဒီဇင်ဘာ ၁၇ ရက်) သည် ပျော်ပွဲရွှင်ပွဲ၊ လက်ဆောင်များ အပြန်အလှန်လဲလှယ်ပွဲဖြစ်ပါသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့ကို အီရန်လူမျိုး၏ နက်နဲရာ၊ မိသရာအမည်ရှိ ဖြောင့်မတ်ခြင်းနေဘုရား၏မွေးနေ့ဟူ၍လည်း သတ်မှတ်ထားခဲ့ကြသည်။”
ယင်းတို့အားလုံးသည် “တိုက်ဆိုင်မှု” မျှသာဖြစ်ပါသလော။ လုံးဝမဟုတ်ပါ! စီ.အီး. လေးရာစုတွင် ဧကရာဇ်မင်းကော်န်စတင်တိုင်းလက်အောက်ရှိ ရောမအင်ပါယာသည် ခရစ်ယာန်ဘာသာတရားကို နှိပ်စက်ကလူပြုသူအဖြစ်မှ “ခရစ်ယာန်တရား” ကိုနှစ်သက်ဖွယ်ရာ ဘာသာရပ်တစ်ခုအဖြစ် လက်ခံ၍ထောက်ခံသူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ခရစ်ယာန်တရားစစ်၏အဓိပ္ပာယ်ကို ကောင်းစွာမသိသူ ပြည်သူလူထုများစွာတို့သည် ယုံကြည်ခြင်းအသစ်ကို ခံယူကြသည့်အခါ သူတို့ကျင်းပခဲ့ဖူးသော တိတ္ထိပွဲတော်များကို “ခရစ်ယာန်” ဘွဲ့အမည်များတပ်ကာ စတင်ကျင်းပကြလေတော့သည်။ “ဖြောင့်မတ်ခြင်း နေဘုရား” ၏မွေးနေ့အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကို သတ်မှတ်ထားနှင့်ပြီဖြစ်၍ ထိုနေ့ရက်ထက် ခရစ်တော်၏မွေးနေ့ကိုကျင်းပရန် အဘယ်ရက်စွဲကပို၍သင့်လျော်မည်နည်း။
အရေးကြီးပါသလော
ဂျူးနောက်ခံရှိသော ယေရှု၏အဦးဆုံးနောက်တော်လိုက်များသည် ကိုယ်တော်၏မွေးနေ့ကိုမကျင်းပခဲ့ကြောင်း မေးစရာ မရှိသလောက်ဖြစ်သည်။ ဂျူးစွယ်စုံကျမ်းအရ “မိရိုးဖလာ ဂျူးထုံးတမ်းစဉ်လာတွင် မွေးနေ့ပွဲများကျင်းပခြင်း လုံးဝမသိရှိခဲ့ပါ။” အစောပိုင်းခရစ်ယာန်များသည် ထိုကဲ့သို့ပွဲနေ့ကို ကျင်းပခဲ့စရာအကြောင်း လုံးဝမရှိခဲ့ချေ။ ကိုယ်တော်၏မွေးနေ့ပွဲကိုကျင်းပမည့်အစား ကိုယ်တော်၏သေနေ့ကို သတိရအောက်မေ့ရမည်ဟူသော ယေရှု၏မိန့်မှာချက်ကို သူတို့လေးစားကြမည်ဖြစ်ပြီး ယင်းအတွက် အငြင်းအခုံဖြစ်စရာအကြောင်းမရှိသည့်ရက်စွဲ—နိသန်လ ၁၄ ရက်—ကိုလည်း သတ်မှတ်ထားပါသည်။—လုကာ ၂၂:၇၊ ၁၅၊ ၁၉၊ ၂၀; ၁ ကောရိန္သု ၁၁:၂၃-၂၆။
ခရစ်တော်မတိုင်မီ ရာစုနှစ်များစွာက၊ ထိုအချိန်တွင် ဘုရားသခင်၏ရွေးချယ်ခံလူမျိုးဖြစ်ခဲ့သောဂျူးတို့အား ဗာဗုလုန်တွင် သုံ့ပန်းအဖြစ်မှ ကုန်ဆုံးတော့မည့်အကြောင်း ပရောဖက်ပြု သတိပေးထားသည်ကား “ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့၊ သန့်ရှင်းခြင်းရှိကြလော့” ဟူ၍ဖြစ်သည်။ (ဟေရှာယ ၅၂:၁၁) ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးကို ပြန်တည်ထောင်ခြင်းငှာ သူတို့သည် မိမိပြည်တော်သို့ ပြန်ကြရမည်ဖြစ်သည်။ ဗာဗုလုန်နိုင်ငံတွင် သူတို့တွေ့ရှိခဲ့သော မစင်ကြယ်သည့် တိတ္ထိထုံးစံနှင့် ဝတ်ပြုနည်းများကို ခံယူကျင့်သုံးကြရန် လုံးဝစဉ်းစားကြမည်မဟုတ်ပါ။
ထပ်တူမိန့်မှာချက်ကို ၂ ကောရိန္သု ၆:၁၄-၁၈ တွင် ခရစ်ယာန်များနှင့်စပ်လျဉ်း၍ တစ်ဖန်မိန့်မှာထားခြင်းသည်ကား အံ့ဩစရာမဟုတ်ချေ။ ခရစ်တော်ကိုငြင်းပယ်ခဲ့သော ဂျူးလူမျိုးအစား ကိုယ်တော်၏နောက်တော်လိုက်များသည် စင်ကြယ်သောဝတ်ပြုရေး၏ ကိုယ်စားလှယ်များ ဖြစ်လာကြပါသည်။ သူတို့သည် ဝိညာဏမှောင်မိုက်အောက်မှ ထွက်လာ၍ သမ္မာတရားအလင်းထဲသို့ ဝင်လာကြရန် အခြားသူများကို ကူညီပေးစရာတာဝန် ရှိပါသည်။ (၁ ပေတရု ၂:၉၊ ၁၀) သူတို့သာ ခရစ်တော်၏သွန်သင်ချက်များကို တိတ္ထိထုံးစံများ၊ ပွဲနေ့များနှင့် ရောပြွမ်းနေမည်ဆိုလျှင် ရရှိထားသောတာဝန်ကို မည်သို့ထမ်းဆောင်နိုင်ကြမည်နည်း။
လူအများကြိုက်နှစ်သက်ရာ မည်မျှပင်ဖြစ်စေကာမူ “ဖြူဖွေးသောခရစ္စမတ်” ကိုကျင်းပခြင်းကား “မစင်ကြယ်သောအရာကို လက်နှင့် . . . တို့” ရာကျမည်။ (၂ ကောရိန္သု ၆:၁၇) ဘုရားသခင်နှင့်ခရစ်တော်ကို အမှန်တကယ်ချစ်မြတ်နိုးသူသည် ၎င်းကို ရှောင်ကြဉ်ရပါမည်။
ခရစ္စမတ်ပွဲသည် တိတ္ထိပွဲများကျင်းပခြင်းကို အမြစ်ခံစတင်ခဲ့ကြောင်း သိရှိရသည့်အပြင် ယေရှုသည် အောက်တိုဘာလတွင် ဖွားမြင်ခဲ့သောကြောင့် ခရစ္စမတ်ပွဲနေ့သည် အမှန်တရားအတိုင်းမဟုတ်ကြောင်းကိုလည်း သိရှိနားလည်ခဲ့ကြရပြီ။ မှန်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ စိတ်ကူးတွင် မည်သည့်မြင်ကွင်းပင် ပေါ်လာစေကာမူ ယေရှုသည် ဆီးနှင်းများကြား ဖွားမြင်တော်မမူသည်ကား အမှန်တကယ်ပင်။
[အောက်ခြေမှတ်ချက်များ]
a ဤပရောဖက်ပြုချက်ကို ပြည့်ဝစုံလင်စွာဆွေးနွေးနိုင်ရန် နယူးယောက်မြို့ ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ ရှိနိုင်ပါမည်လော ဘရိုရှာ၊ စာမျက်နှာ ၂၆ ကိုရှု။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
အရှေ့ဘက်မှ တွေ့ မြင်ရသည့် ဆီးနှင်းဖုံးလွှမ်းသော ယေရုရှလင်မြို့
[Credit Line]
Garo Nalbandian
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေရုရှလင်မြို့ရိုးတစ်လျှောက် ဆီးနှင်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အောက်တွင်မြင်တွေ့ရသည့်အတိုင်း ပူနွေးသောရာသီ၌သာ သိုးထိန်းတို့သည် မိမိတို့သိုးစုနှင့်ညအခါတောင်စောင်းများတွင်နေနိုင်ကြသည်။
[Credit Line]
Garo Nalbandian