‘ယေဟောဝါ၌ယုံစား’ သော လူငယ်များ
အလှမှန်သမျှ လူငယ်များတွင်ရှိကြသည်မဟုတ်သလို ဉာဏ်ပညာအလုံးစုံကို လူကြီးများပိုင်ဆိုင်ကြသည်မဟုတ်ပါ။ (သု. ၁၁:၂၂; ဒေသနာ ၁၀:၁ နှိုင်းယှဉ်။) တည်မြဲသည့်အလှနှင့် စစ်မှန်သောဉာဏ်ပညာကို ပိုင်ဆိုင်ကြသူများမှာ ယေဟောဝါ၌ယုံစားပြီး “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်” ဟု စိတ်နှလုံးအကြွင်းမဲ့ပြောသောသူများဖြစ်သည်။—ဆာလံ ၃၁:၁၄; သု. ၉:၁၀; ၁၆:၃၁။
ကမ္ဘာတစ်ခွင်တွင် ဘုရားသခင်အားအမှုဆောင်ပြီး ကိုယ်တော့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ဉာဏ်ပညာကိုတင်ပြသော အုပ်စုချီတိုးပွားနေသည့် လှပသောလူကြီးလူငယ်များရှိနေကြသည်။ ဥပမာ၊ အသက်ရှစ်နှစ်အရွယ်ဇာဘရီးနာကိုကြည့်ပါ။
ဇာဘရီးနာသည် ဂျာမနီနိုင်ငံတွင်နေပြီး နှစ်တန်းရှိပြီဖြစ်သည်။ သူမသည် ထိုကျောင်းကို အဦးဆုံးတက်သည့်ယေဟောဝါသက်သေတစ်ဦးဖြစ်သည်။ ဝမ်းနည်းစရာကား သူမသည် အတန်းဖော်များ၏ သရော်စော်ကားစရာပစ်မှတ်ဖြစ်လာခဲ့သည်မှာ ဆရာမက ကျောင်းသားများအား မိမိတို့အနှစ်သက်ဆုံးစာအုပ်ကို ယူလာခိုင်းသည့်နေ့အထိဖြစ်သည်။ ဇာဘရီးနာက ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကိုယူသွားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေ့မတိုင်မီညက သူမစိတ်လေးနေသော်လည်း အတန်းသားများအတွက် သူမကောင်းစွာပြင်ဆင်ထားသည်။ မိမိအတန်းသား ၂၆ ယောက်ရှိသောကြောင့် အချိန်သိပ်ရမည်မဟုတ်ကြောင်းသူမသိသည်။ သို့သော် သူမ၏တင်ပြချက်ကို မည်သူမျှနှောင့်ယှက်ခွင့်မပြုရန် စိတ်ပိုင်းဖြတ်ထားပြီး မိမိအားယေဟောဝါကူညီမည်ကို စိတ်ချနေသည်။ သတ်မှတ်ထားသည့်နေ့တွင် မည်သူများစာအုပ်ယူလာကြပြီးဦးဆုံးပြသခံရလိုကြောင်း ဆရာမကမေးလိုက်သည်။ အံ့ဩစရာကား ဇာဘရီးနာတစ်ဦးတည်းသာ စာအုပ်တစ်အုပ်ယူလာသည်။ အတန်းရှေ့တွင် သူမရပ်ပြီး စကားပြောဆိုကာ စာအုပ်ထဲမှစာများဖတ်ပြ၊ ရုပ်ပုံများကိုပြသပြီး ယင်းတို့အားလုံးသည် သမ္မာကျမ်းစာကိုအခြေခံထားကြောင်း သူမရှင်းပြသည်။ နိဂုံးချုပ်တွင် သူမက “ဒီစာအုပ်ကိုရဖို့ ဘယ်သူစိတ်ဝင်စားသလဲ” ဟုမေးလိုက်သည်။ သူမသည် ဆရာမအား စာအုပ်တစ်အုပ်ပေးပြီး နောက်ရက်အနည်းငယ်အတွင်း အတန်းဖော်အချို့အား ဆယ်အုပ်ဝေငှခဲ့သည်။ သူမ၏တင်ပြချက်ကို ဆရာမမှတ်ချက်ချသည်ကား “ဒါမျိုးဆရာမတစ်ခါမှမမြင်ဖူးဘူး” ဟူ၍ဖြစ်သည်။ ဆရာမက ဇာဘရီးနာအား ပထမဆုချလိုက်သည်။
အမှန်မှာ သက်သေခံလူငယ်မြောက်မြားစွာတို့သည် ကျောင်းတွင် ပျော်ရွှင်စွာသတင်းကောင်းကြေညာကြသူများဖြစ်သည်။ နောက်ပုံသက်သေတစ်ဦးမှာ မက္ကဆီကိုနိုင်ငံရှိ အသက် ၁၁ နှစ်အရွယ်ကြေညာသူ အဲရီကာဖြစ်သည်။ ယေဟောဝါအားချစ်ရန် သူမမွေးကင်းစကတည်းက သွန်သင်ခံခဲ့ရသည်။ သူမလုပ်သည့်ကျောင်းသင်ခန်းစာမှာ ထင်ရှားသည့်အရာဖြစ်သည်။ သူမပေးအပ်ခံရသောတာဝန်တစ်ခုမှာ အေအိုင်ဒီအက်စ်ရောဂါ၊ ဆေးရွက်ကြီးနှင့် အရက်စွဲခြင်းစသည်တို့နှင့်ဆိုင်သော အကြောင်းအရာများကို စုဆောင်းပြင်ဆင်ရခြင်းဖြစ်သည်။ နိုးလော့! မဂ္ဂဇင်းကိုသုံး၍ သူမကောင်းစွာပြင်ဆင်တင်ပြနိုင်ရာ အမှတ်အများဆုံးရခဲ့သည်။ သူမ၏ဆရာမက ထိုအချက်အလက်များကို မည်သည့်နေရာမှရပြီး ထိုအကြောင်းအရာများပါဝင်သောမဂ္ဂဇင်းကို မည်သူ့ထံမှရကြောင်းမေးသည်။ နောက်ပိုင်းတွင် ဆရာမက တစ်တန်းလုံးနှင့် အကြောင်းအရာများကိုဆွေးနွေးရန် ထိုမဂ္ဂဇင်းများကိုအသုံးပြုခဲ့သည်။ အဲရီကာ၏ အကျင့်အကြံ၊ ဆရာမကိုလေးစားခြင်း၊ မြင့်မားသည့်အဆင့်ရထားခြင်းတို့က သူမအား ဆုများ၊ ဒီပလိုမာဘွဲ့နှင့် သဘောကျ၍ပေးသည့်ပညာသင်ဆုကို ရရှိစေခဲ့သည်။ သို့ရာတွင် သူမ၏အကြီးမားဆုံးအောင်မြင်မှုမှာ မိမိကိုယ်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် ဖော်ထုတ်တင်ပြခွင့်၊ ကျမ်းစာစာပေများကို ဝေငှခွင့်နှင့် ဘုရားသခင့်နာမတော်ကို ချီးမြှောက်ခွင့်များဖြစ်သည်ဟု သူမယူမှတ်သည်။
နယူးဇီလန်နိုင်ငံရှိ ဆယ်နှစ်သားရှယ်နန်လည်းရှိသေးသည်။ သူ၌ကောင်းကောင်းမြင်ရသောမျက်လုံးတစ်ဖက်သာရှိသည်; အခြားတစ်ဖက်မှာ သူငယ်ငယ်ကတည်းက ကင်ဆာရောဂါကြောင့် ဆုံးရှုံးခဲ့ရရှာသည်။ ရှယ်နန်အသက်ခုနစ်နှစ်ရောက်သောအခါ သူ၏မိခင်သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာသည်။ သို့သော် ကျမ်းစာစသင်ပြီးမကြာမီမှာပင် သူမသည် လက်ထပ်ထားခြင်းမရှိဘဲယောက်ျားတစ်ယောက်နှင့် စတင်ပေါင်းသင်းလာပြီး သူမ၏ သင်အံမှုကိုရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ရှယ်နန်က သူ့အားကျမ်းစာဆက်သင်ရန် တောင်းပန်ခဲ့သည်။ သူ့ဆန္ဒပြည့်ခဲ့သည်။ သက်သေခံများ ဆက်လာနေခဲ့ရာ နောက်ဆုံးတွင် သူတို့အိမ်သားသုံးဦးလုံး ကျမ်းစာသင်လာကြပြီး ဝိညာဏတိုးတက်မှုကို တင်ပြလာကြသည်။ ရှယ်နန်၏မိခင်နှင့် ပထွေးတို့သည် တရားဝင်လက်ထပ်ပြီးနောက် နှစ်ခြင်းခံလိုက်ကြသည်။
တစ်နေ့တွင် ရှယ်နန်နှင့်တိုက်နယ်ကြီးကြပ်မှူး၏ဇနီးတို့သည် အတူလယ်ကွင်းအမှုဆောင်ကြသည်။ အိမ်ရှင်တစ်ဦးက ရှယ်နန်အား “မင်းမျက်လုံးဘာဖြစ်သွားသလဲ” ဟုမေးရာ ရှယ်နန်က “ကျွန်တော်မျက်လုံးထဲမှာကင်ဆာဖြစ်ပြီး အဲဒီမျက်လုံးကိုထုတ်ပစ်လိုက်ရတယ်။ မကြာခင် ပရဒိသုမှာ ကျွန်တော့်ကိုမျက်လုံးအသစ် ယေဟောဝါပြန်ပေးမယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့လာပြောပြတာ” ဟုပြန်ဖြေခဲ့သည်။