ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၉/၁ စာ. ၁၃-၁၈
  • သီအိုကရေစီနှင့် နီးနီးကပ်ကပ်နေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီအိုကရေစီနှင့် နီးနီးကပ်ကပ်နေလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောသီအိုကရေစီကား အဘယ်နည်း
  • သီအိုကရက်တစ်အဖွဲ့အစည်း
  • လောကအုပ်ချုပ်မှုနှင့်ပတ်သက်၍ သီအိုကရက်တစ်အမြင်
  • ဘုရားသခင့်ဘုန်းတော်ကို ရှေးဦးထားလော့
  • “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြ”
  • ယေဟောဝါစိုးမိုး —သီအိုကရေစီအားဖြင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသော ဖန်ဆင်းရှင်နှင့်အတူ သိုးထိန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အခွင့်အာဏာအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၉/၁ စာ. ၁၃-၁၈

သီအိုကရေစီနှင့် နီးနီးကပ်ကပ်နေလော့

“ယေဟောဝါသည် ငါတို့၏တရားသူကြီး၊ ယေဟောဝါသည် ငါတို့၏ဥပဒေရှင်၊ ယေဟောဝါသည် ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။”—ဟေရှာယ ၃၃:၂၂၊ ကဘ။

၁။ အစိုးရအကြောင်းကို လူအများစုသည် အဘယ်ကြောင့်စိတ်ဝင်စားကြသနည်း။

အစိုးရဆိုင်ရာအကြောင်းအရာကို လူအားလုံးလွန်စွာစိတ်ဝင်စားကြ၏။ ကောင်းသောအစိုးရသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကိုဆောင်ကြဉ်းပေးသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “တရားသဖြင့်စီရင်သောရှင်ဘုရင်သည် တိုင်းပြည်ကိုတည်စေတတ်၏။” (သု. ၂၉:၄) အခြားတစ်ဖက်တွင် မကောင်းသောအစိုးရသည် မတရားမှု၊ အဂတိလိုက်စားမှုနှင့် ဖိနှိပ်မှုတို့ကိုဖြစ်စေတတ်သည်။ “ဆိုးသောသူတို့အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ညည်းတွားတတ်ကြ၏။” (သု. ၂၉:၂၊ သမ္မာ) သမိုင်းတစ်လျှောက် လူသားများသည် အစိုးရအမျိုးမျိုးကိုစမ်းသပ်ခဲ့ကြပြီဖြစ်၍ အုပ်စိုးသူများ၏ဖိနှိပ်မှုကြောင့် သူတို့မကြာခဏ ‘ညည်းတွား’ ကြရသည်မှာ ဝမ်းနည်းစရာပင်။ (ဒေသနာ ၈:၉) မည်သည့်အစိုးရမဆို တိုင်းသူပြည်သားများကို အစဉ်ကျေနပ်ရောင့်ရဲစေနိုင်မည်လော။

၂။ “သီအိုကရေစီ” သည်ရှေးဣသရေလနိုင်ငံ၏အစိုးရကို အဘယ်ကြောင့်လျောက်ပတ်စွာဖော်ပြသနည်း။

၂ သမိုင်းဆရာဂျိုစီဖတ်စ်က ဤသို့ရေးသားချိန်တွင် ထူးခြားသောအုပ်ချုပ်မှုတစ်မျိုးအကြောင်းဖော်ပြခဲ့သည်– “လူတချို့သည် ဘုရင်အုပ်ချုပ်မှု၊ တချို့သည် လူတစ်စုအုပ်ချုပ်မှုနှင့် တချို့မူ လူအများစုအုပ်ချုပ်မှုတို့ကိုလိုလားခဲ့ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့အားပညတ်ပေးသူ [မောရှေ] သည် အဆိုပါနိုင်ငံရေးပုံစံတစ်ခုကိုမျှ စိတ်မဝင်စားခဲ့ဘဲ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် အခွင့်အာဏာအားလုံးကို ဘုရားသခင့်လက်တွင်ရှိစေသည့် သာမန်အုပ်ချုပ်မှုထက်ကျော်လွန်သော အသုံးအနှုန်းကို အသုံးပြုမည်ဆိုလျှင် ‘သီအိုကရေစီ’ ဟုခေါ်နိုင်သော အခြေခံအုပ်ချုပ်မှုပုံစံကိုပေးအပ်ခဲ့သည်။ (အေပိုင်ယန်အားရင်ဆိုင်လျက်၊ ၂၊ ၁၆၄-၅) အောက်စ်ဖို့ဒ်အဘိဓာန်အကျဉ်းချုပ်အရ သီအိုကရေစီသည် “ဘုရားသခင့်အုပ်ချုပ်မှုပုံစံတစ်ခု” ဖြစ်၏။ ထိုစကားလုံးကို သမ္မာကျမ်းစာ၌မတွေ့ရသော်လည်း ယင်းသည် ရှေးဣသရေလနိုင်ငံ၏အစိုးရကို လျောက်ပတ်စွာဖော်ပြသည်။ ဣသရေလလူမျိုးတွင် မျက်မြင်ရဘုရင်ရှိခဲ့သော်လည်း သူတို့ကိုအမှန်တကယ်အုပ်ချုပ်သူမှာ ယေဟောဝါဖြစ်၏။ ဣသရေလပရောဖက်ဟေရှာယက ဤသို့ဆိုသည်– “ယေဟောဝါသည် ငါတို့၏တရားသူကြီး၊ ယေဟောဝါသည် ငါတို့၏ဥပဒေရှင်၊ ယေဟောဝါသည် ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။”—ဟေရှာယ ၃၃:၂၂၊ ကဘ။

စစ်မှန်သောသီအိုကရေစီကား အဘယ်နည်း

၃၊ ၄။ (က) စစ်မှန်သောသီအိုကရေစီကား အဘယ်နည်း။ (ခ) များမကြာမီ သီအိုကရေစီသည် လူသားအားလုံးအတွက် အဘယ်ကောင်းချီးများကိုဆောင်ကြဉ်းပေးမည်နည်း။

၃ ထိုစကားလုံးကို ဂျိုစီဖတ်စ်တီထွင်ခဲ့ချိန်ကတည်းက အသင်းအဖွဲ့များစွာကို သီအိုကရေစီများအဖြစ် ဖော်ပြခဲ့ကြသည်။ ယင်းတို့အနက်တချို့သည် သည်းမခံ၊ တစ်ယူသန်နှင့် ရက်စက်စွာဖိနှိပ်ချုပ်ချယ်ပုံရှိခဲ့ကြသည်။ ၎င်းတို့သည် စစ်မှန်သောသီအိုကရေစီများဖြစ်ခဲ့သလော။ ဂျိုစီဖတ်စ်အသုံးပြုခဲ့သောစကားလုံးသဘောအရတော့မဟုတ်ပါ။ ပြဿနာမှာ “သီအိုကရေစီ” ၏အဓိပ္ပာယ်ကိုကျယ်ပြန့်လာစေခြင်းဖြစ်သည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ယင်းသည် “ဘုန်းကြီး သို့မဟုတ် ဘုန်းကြီးများအုပ်ချုပ်သည့် အုပ်ချုပ်မှုပုံစံတစ်ခု၊ အရပ်ဘက်နှင့်ဘာသာရေးကိစ္စများတွင် ဘုန်းကြီးအဖွဲ့ဝင်များပါဝင်ရန် အခွင့်အာဏာရှိသည့် အုပ်ချုပ်မှုပုံစံတစ်ခုဖြစ်သည်” ဟုဖော်ပြသည်။ သို့ရာတွင် စစ်မှန်သောသီအိုကရေစီသည် ဘုန်းကြီးများ၏အုပ်ချုပ်မှုမဟုတ်ပါ။ ယင်းသည် အမှန်ပင် ဘုရားသခင့်အစိုးရ၊ စကြဝဠာ၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင် အုပ်ချုပ်သောအစိုးရဖြစ်သည်။

၄ များမကြာမီ ကမ္ဘာတစ်ခုလုံးသည် သီအိုကရေစီဖြစ်လာမည်ဖြစ်ရာတကယ့်ကောင်းချီးဖြစ်မည်တကား! “ဘုရားသခင်သည် ကိုယ်တော်တိုင် [လူသား] တို့နှင့်အတူရှိနေ . . . တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) မစုံလင်သောလူသားများ၏ အဘယ်ယဇ်ပုရောဟိတ်အုပ်ချုပ်မှုကမျှ ထိုပျော်ရွှင်မှုကိုမပေးနိုင်ပါ။ ဘုရားသခင့်အုပ်စိုးမှုကသာပေးနိုင်၏။ ထို့ကြောင့် စစ်မှန်သောခရစ်ယာန်များသည် နိုင်ငံရေးလှုပ်ရှားမှုအားဖြင့် သီအိုကရေစီကိုအစပြုရန် မကြိုးစားကြချေ။ ကိုယ်တော့်အချိန်နှင့် ကိုယ်တော့်နည်းလမ်းတော်အတိုင်း ကမ္ဘာချီသီအိုကရေစီတစ်ခု တည်ထောင်လာရန် ဘုရားသခင်အား စိတ်ရှည်စွာစောင့်စားကြသည်။—ဒံယေလ ၂:၄၄။

၅။ ယနေ့ အဘယ်နေရာတွင် စစ်မှန်သောသီအိုကရေစီလုပ်ဆောင်လျက်ရှိပြီး၊ ယင်းနှင့်ပတ်သက်၍ အဘယ်မေးခွန်းများရှိသနည်း။

၅ သို့ရာတွင် ဤအချိန်အတောအတွင်း စစ်မှန်သောသီအိုကရေစီတစ်ခုလုပ်ဆောင်လျက်ရှိသည်။ အဘယ်မှာနည်း။ ဘုရားသခင့်အုပ်ချုပ်မှုကိုစိတ်လိုကိုယ်လျောက်လက်ခံပြီး ကိုယ်တော့်အလိုတော်ကို အတူတကွပူးပေါင်းဆောင်ရွက်ကြသူများအလယ်တွင်ဖြစ်သည်။ ဤသစ္စာရှိသူများသည် ယင်း၏ဝိညာဉ်ရေး “နိုင်ငံ” တွင်ကမ္ဘာချီဝိညာဉ်ရေး ‘လူမျိုး’ တစ်မျိုးအဖြစ်စုစည်းခံခဲ့ကြရပေပြီ။ ၎င်းတို့သည် “ဘုရားသခင်၏ဣသရေလ” အကြွင်းအကျန်များနှင့် သူတို့၏ ငါးသန်းခွဲကျော်သော အပေါင်းအဖော်များဖြစ်သည်။ (ဟေရှာယ ၆၆:၈; ဂလာတိ ၆:၁၆) ဤသူများသည် “ထာဝရဘုရင်” ယေဟောဝါဘုရားသခင် နန်းတင်ထားသော ကောင်းကင်ဘုရင်ယေရှုခရစ်ကို လက်အောက်ခံကြ၏။ (၁ တိမောသေ ၁:၁၇; ဗျာဒိတ် ၁၁:၁၅) ဤအဖွဲ့အစည်းသည် အဘယ်နည်းဖြင့် သီအိုကရက်တစ်ဖြစ်သနည်း။ ယင်းအဖွဲ့ဝင်များသည် လောကီအစိုးရများကို မည်သို့ရှုမြင်ကြသနည်း။ သူတို့၏ဝိညာဉ်ရေးအသိုင်းအဝိုင်းအတွင်း အာဏာရှိသူများသည် သီအိုကရေစီမူကို မည်သို့စောင့်ထိန်းခဲ့ကြသနည်း။

သီအိုကရက်တစ်အဖွဲ့အစည်း

၆။ မျက်မြင်ရလူ့အဖွဲ့အစည်းတစ်ခုကို ဘုရားသခင် မည်သို့အုပ်ချုပ်နိုင်သနည်း။

၆ မျက်မြင်မရသောကောင်းကင်၌ ကျိန်းဝပ်တော်မူသည့်ယေဟောဝါသည် လူအဖွဲ့အစည်းတစ်ခုကို မည်သို့အုပ်ချုပ်နိုင်သနည်း။ (ဆာလံ ၁၀၃:၁၉) ယင်းအဖွဲ့အစည်းနှင့်ပေါင်းသင်းသူများသည် အောက်ပါမှုတ်သွင်းခံဆုံးမစကားကို လိုက်လျှောက်ကြခြင်းအားဖြင့်ဖြစ်နိုင်သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။” (သု. ၂:၆; ၃:၅) သူတို့သည် “ခရစ်တော်၏တရား” ကိုစောင့်ထိန်းပြီး မိမိတို့၏နေ့စဉ်အသက်တာတွင် မှုတ်သွင်းခံသမ္မာကျမ်းစာမူများကိုလိုက်လျှောက်ကြစဉ် သူတို့ကိုဘုရားသခင် အုပ်ချုပ်ရန်ခွင့်ပြုကြသည်။ (ဂလာတိ ၆:၂; ၁ ကောရိန္သု ၉:၂၁; ၂ တိမောသေ ၃:၁၆; မဿဲ ၅:၂၂၊ ၂၈၊ ၃၉; ၆:၂၄၊ ၃၃; ၇:၁၂၊ ၂၁ ရှု။) ဤသို့ပြုရန် သူတို့သည် ကျမ်းစာကျောင်းသားများဖြစ်ကြရသည်။ (ဆာလံ ၁:၁-၃) “အလွန်ကြည်ညိုသောစေတနာစိတ်” ရှိသည့်ရှေးဗေရိမြို့သားများကဲ့သို့ သူတို့သည် လူများနောက်သို့မလိုက်ကြဘဲ သူတို့သိရှိထားသောအရာများကို သမ္မာကျမ်းစာဖြင့် အမြဲဆန်းစစ်ကြသည်။ (တမန်တော် ၁၇:၁၀၊ ၁၁; ဆာလံ ၁၁၉:၃၃-၃၆) ဆာလံဆရာကဲ့သို့ သူတို့ဤသို့ဆုတောင်းကြသည်– “ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဉာဏ်နှင့်ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။”—ဆာလံ ၁၁၉:၆၆။

၇။ သီအိုကရေစီရှိ ကြီးကြပ်မှုအဆင့်ဆင့်ကား အဘယ်နည်း။

၇ အဖွဲ့အစည်းတိုင်း၌ အာဏာရှိသူ သို့မဟုတ် ညွှန်ကြားမှုပေးသူတချို့ရှိရမည်။ ယေဟောဝါသက်သေများသည်လည်း ခြွင်းချက်မဟုတ်၊ တမန်တော်ပေါလုအကြမ်းဖျင်းဖော်ပြခဲ့သော အခွင့်အာဏာဖွဲ့စည်းပုံကို သူတို့အသိအမှတ်ပြုကြ၏– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်။” (၁ ကောရိန္သု ၁၁:၃) ယင်းနှင့်အညီ အရည်အချင်းပြည့်မီသောယောက်ျားများသာ အသင်းတော်များ၌အကြီးအကဲများအဖြစ် အမှုထမ်းဆောင်ကြသည်။ “ယောက်ျား၏ခေါင်း” ဖြစ်သောယေရှုသည် ကောင်းကင်၌ရှိသော်လည်း ကောင်းကင်၌ ကိုယ်တော်နှင့်အတူအုပ်ချုပ်ရန်မျှော်လင့်ချက်ရှိသည့် ကိုယ်တော့်ဘိသိက်ခံညီတော်များထဲမှ ‘အကြွင်းအကျန်များ’ သည် ကမ္ဘာပေါ်ရှိနေကြဆဲဖြစ်သည်။ (ဗျာဒိတ် ၁၂:၁၇; ၂၀:၆) ဤသူများသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” စုပေါင်းအဖွဲ့ဖြစ်သည်။ ခရစ်ယာန်များသည် ထို “ကျွန်” ၏ကြီးကြပ်မှုကိုလက်ခံခြင်းအားဖြင့် ယေရှုနှင့် ယေရှု၏ခေါင်း ယေဟောဝါအား နာခံကြောင်းတင်ပြကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ; ၂၅:၄၀) ဤနည်းဖြင့် သီအိုကရေစီသည် အစီအစဉ်ကျန၏။ “ဘုရားသခင်သည် ရုန်းရင်းခတ်ခြင်းအမှုကိုပြုစုတော်မမူ။ . . . အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။”—၁ ကောရိန္သု ၁၄:၃၃။

၈။ ခရစ်ယာန်အကြီးအကဲများသည် သီအိုကရေစီမူကို မည်သို့ထောက်ခံကြသနည်း။

၈ ခရစ်ယာန်အကြီးအကဲများသည် သူတို့၏အကန့်အသတ်ရှိသော အခွင့်အာဏာကို မည်သို့အသုံးပြုကြောင်း ယေဟောဝါထံစာရင်းရှင်းရမည်ကို သိထားကြသောကြောင့် သီအိုကရေစီမူကိုထောက်ခံကြသည်။ (ဟေဗြဲ ၁၃:၁၇) ထို့အပြင် ဆုံးဖြတ်ချက်များချရာ၌ မိမိဉာဏ်ကိုမဟုတ်ဘဲ ဘုရားသခင့်ဉာဏ်ပညာကို မှီခိုအားထားကြသည်။ ဤသို့ဖြင့် ယေရှု၏စံနမူနာကို သူတို့လိုက်လျှောက်ကြ၏။ ကိုယ်တော်သည် အသက်ရှင်ခဲ့သမျှတွင် ပညာအရှိဆုံးဖြစ်ခဲ့သည်။ (မဿဲ ၁၂:၄၂) သို့တစေ ဂျူးများကို ကိုယ်တော် ဤသို့ဆိုခဲ့သည်– “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။” (ယောဟန် ၅:၁၉) အကြီးအကဲများသည်လည်း ဘုရင်ဒါဝိဒ်ကဲ့သို့ သဘောထားမျိုးရှိကြသည်။ သူသည် သီအိုကရေစီအောက်တွင် ကြီးလေးသောအခွင့်အာဏာကိုသုံးခဲ့သည်။ သို့တိုင် သူသည် သူ့နည်းသူ့ဟန်ဖြင့်မဟုတ်ဘဲ ယေဟောဝါ၏နည်းလမ်းအတိုင်း လိုက်လျှောက်လိုခဲ့သည်။ သူက ဤသို့ဆုတောင်းခဲ့သည်– “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ]၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ . . . ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။”—ဆာလံ ၂၇:၁၁။

၉။ သီအိုကရေစီတွင် မတူညီသောမျှော်လင့်ချက်များ၊ မတူညီသောအခွင့်အရေးများနှင့်ပတ်သက်၍ ဆက်ကပ်အပ်နှံပြီးသောခရစ်ယာန်များ၌ အဘယ်မျှတသောအမြင်ရှိကြသနည်း။

၉ အချို့က အရည်အချင်းရှိသောယောက်ျားများသာ အသင်းတော်တွင်အခွင့်အာဏာသုံးနိုင်ခြင်း၊ တချို့သာ ကောင်းကင်မျှော်လင့်ချက်ရှိပြီး အခြားသူများမှာမူ မြေကြီးမျှော်လင့်ချက်ရှိကြခြင်းတို့သည် တရားပါသလောဟူ၍ စောဒကတက်ခဲ့ကြသည်။ (ဆာလံ ၃၇:၂၉; ဖိလိပ္ပိ ၃:၂၀) သို့ရာတွင် ဤအစီအစဉ်များကို ဘုရားသခင့်နှုတ်မြွက်စကားတော်၌ဖော်ပြထားကြောင်း ဆက်ကပ်အပ်နှံခရစ်ယာန်များ နားလည်သဘောပေါက်ကြသည်။ ယင်းတို့သည် သီအိုကရက်တစ်ဖြစ်၏။ ၎င်းတို့ကိုစောဒကတက်သူများသည် များသောအားဖြင့် သမ္မာကျမ်းစာမူများကို အသိအမှတ်မပြုသူများဖြစ်သည်။ ထို့အပြင် ကယ်တင်ခြင်းနှင့်ပတ်သက်၍ ယောက်ျား၊ မိန်းမများသည် ယေဟောဝါ၏အမြင်တွင် တန်းတူရည်တူဖြစ်ကြသည်။ (ဂလာတိ ၃:၂၈) စစ်မှန်သောခရစ်ယာန်များအတွက် စကြဝဠာပိုင်သအုပ်စိုးရှင်အား ဝတ်ပြုသူများဖြစ်ရခြင်းသည် အမြင့်မားဆုံးအခွင့်ထူးဖြစ်ပြီး၊ သူတို့အတွက် ယေဟောဝါဖော်ပြထားသော အဘယ်ကဏ္ဍ၌မဆို သူတို့နေရန် ပျော်ရွှင်ကြသည်။ (ဆာလံ ၃၁:၂၃; ၈၄:၁၀; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၁၈) ထို့အပြင် ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ ထာဝရအသက်ရခြင်းသည် တကယ့်ထူးမြတ်လှသောမျှော်လင့်ချက်ဖြစ်သည်။

၁၀။ (က) ယောနသန်သည် အဘယ်သဘောထားမှန်ကို တင်ပြခဲ့သနည်း။ (ခ) ယနေ့ခရစ်ယာန်များသည် ယောနသန်၏သဘောထားမျိုးကို မည်သို့တင်ပြကြသနည်း။

၁၀ ထို့ကြောင့် ယေဟောဝါသက်သေများသည် ဘုရင်ရှောလု၏သား၊ ဘုရားသခင်ကိုကြောက်ရွံ့သောယောနသန်နှင့်တူကြသည်။ ယောနသန်သည် ဘုရင်ကောင်းတစ်ပါးဖြစ်လာနိုင်သည်။ သို့သော် ရှောလု၏သစ္စာမဲ့မှုကြောင့် ဣသရေလနိုင်ငံ၏ဒုတိယမြောက်ဘုရင်အဖြစ် ဒါဝိဒ်ကို ယေဟောဝါရွေးချယ်ခဲ့သည်။ ယင်းကြောင့် ယောနသန်စိတ်နာခဲ့ပါသလော။ မနာခဲ့ပါ။ သူသည် ဒါဝိဒ်၏မိတ်ဆွေကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီး ရှောလု၏ရန်မှပင် ကာကွယ်ပေးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၈:၁; ၂၀:၁-၄၂) အလားတူပင် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူများသည် ကောင်းကင်မျှော်လင့်ချက်ရှိသူတို့ကို မနာလိုမဖြစ်ကြပါ။ ထို့အပြင် စစ်မှန်သောခရစ်ယာန်များသည် အသင်းတော်တွင် သီအိုကရက်တစ်အခွင့်အာဏာသုံးသူတို့ကို မနာလိုမဖြစ်ကြချေ။ ယင်းအစား ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများအတွက် သူတို့၏ကြိုးစားမှုကိုအသိအမှတ်ပြုကြကာ “မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်” ကြ၏။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။

လောကအုပ်ချုပ်မှုနှင့်ပတ်သက်၍ သီအိုကရက်တစ်အမြင်

၁၁။ သီအိုကရက်တစ်အုပ်ချုပ်မှုကို လက်အောက်ခံသောခရစ်ယာန်များသည် လောကီအာဏာပိုင်များကို မည်သို့ရှုမြင်ကြသနည်း။

၁၁ ယေဟောဝါသက်သေများသည် ဘုရားသခင့်အုပ်ချုပ်မှု သီအိုကရေစီအောက်ရှိကြမည်ဆိုလျှင် တိုင်းပြည်ကိုအုပ်ချုပ်သူများအား မည်သို့ရှုမြင်ကြသနည်း။ ယေရှုက မိမိနောက်လိုက်များသည် “လောကနှင့်မဆက်ဆံကြ” ဟုဆိုခဲ့သည်။ (ယောဟန် ၁၇:၁၆) သို့ရာတွင် “ကဲသာ” ဖြစ်သောလောကီအစိုးရများအား သူတို့ပေးဆက်ရမည်ကို ခရစ်ယာန်များသိမြင်ကြသည်။ “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟုသူတို့ကို ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၂:၂၁) သမ္မာကျမ်းစာအရ လူ့အစိုးရများသည် “ဘုရားသခင်အားဖြင့် သူတို့၏နှိုင်းရအနေအထားတွင်တည်ရှိ” နေကြ၏။ အခွင့်အာဏာအားလုံး၏အရင်းအမြစ်ဖြစ်သော ယေဟောဝါသည် အစိုးရများကိုတည်ရှိစေခွင့်ပေးပြီး သူတို့၏စီရင်ပိုင်ခွင့်အောက်တွင်ရှိသူများအား ကောင်းမှုပြုကြရန် ကိုယ်တော်မျှော်လင့်တော်မူ၏။ ထိုသို့လုပ်ဆောင်သောအခါ သူတို့သည် “ဘုရားသခင်၏အစေခံ” ဖြစ်ကြ၏။ ခရစ်ယာန်များသည် “[သူတို့၏] ကိုယ်ကိုကိုယ်သိသောစိတ်ကိုထောက်၍” သူတို့နေထိုင်သည့်တိုင်းပြည်ရှိအစိုးရကို လက်အောက်ခံကြသည်။ (ရောမ ၁၃:၁-၇၊ ကဘ) ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်သောအရာကို တောင်းဆိုမည်ဆိုလျှင်တော့ ခရစ်ယာန်တစ်ဦးသည် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” ပါလိမ့်မည်။—တမန်တော် ၅:၂၉။

၁၂။ ခရစ်ယာန်များသည် အာဏာပိုင်များ၏ညှဉ်းပန်းနှိပ်စက်မှုကိုခံကြရသောအခါ မည်သူတို့၏စံနမူနာကိုလိုက်လျှောက်ကြသနည်း။

၁၂ ခရစ်ယာန်များသည် အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုခံရသောအခါ၌ကော အသို့နည်း။ သို့ဆိုလျှင် ကြီးစွာသောညှဉ်းပန်းနှိပ်စက်ခြင်းခံရချိန်များတွင် ခံရပ်ခဲ့ကြသော အစောပိုင်းခရစ်ယာန်များ၏ပုံသက်သေကို လိုက်လျှောက်ကြသည်။ (တမန်တော် ၈:၁; ၁၃:၅၀) သူတို့သည် ထိုသို့ကြုံတွေ့ရမည်ဖြစ်ကြောင်း ယေရှုသတိပေးထားသောကြောင့် ဤယုံကြည်ခြင်းစမ်းသပ်မှုများသည် မျှော်လင့်မထားသည့်အရာများမဟုတ်ချေ။ (မဿဲ ၅:၁၀-၁၂; မာကု ၄:၁၇) သို့တိုင် ထိုအစောပိုင်းခရစ်ယာန်များသည် ညှဉ်းပန်းနှိပ်စက်သူများကို လက်တုံ့မပြန်ခဲ့ကြပါ; သူတို့၏ယုံကြည်ခြင်းသည်လည်း ဖိစီးမှုကြောင့်အားနည်းမသွားခဲ့ပါ။ ယင်းအစား သူတို့သည် “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ ဆင်းရဲခံရသောအခါခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောအရှင့်ထံ ကိုယ်ကိုကိုယ်အပ်နှံတော်မူ” သောယေရှု၏ပုံနမူနာကို လိုက်လျှောက်ခဲ့ကြသည်။ (၁ ပေတရု ၂:၂၁-၂၃၊ သမ္မာ) မှန်ပါသည်၊ ခရစ်ယာန်မူများသည် စာတန်၏လှုံ့ဆော်မှုများကို အနိုင်ယူနိုင်ခဲ့သည်။—ရောမ ၁၂:၂၁။

၁၃။ ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သွားပုပ်လေလွင့်ပြောဆိုမှုများကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၁၃ ယနေ့ အလားတူဖြစ်နေပါသည်။ ယေရှုတင်ကြိုဟောခဲ့သကဲ့သို့ပင် ဤရာစုနှစ်အတွင်း ယေဟောဝါသက်သေများသည် အာဏာရှင်များ၏လက်တွင် ကြီးစွာဆင်းရဲမှုခံခဲ့ကြရသည်။ (မဿဲ ၂၄:၉၊ ၁၃) အချို့နိုင်ငံများတွင် ဤစိတ်ရိုးမှန်သောခရစ်ယာန်များကို အာဏာပိုင်များနှိပ်ကွပ်စေရန်ကြိုးစားနေသူတို့သည် အထင်အမြင်လွဲမှားစေရန်မဟုတ်မမှန်သောစကားများကို ဖြန့်ခဲ့ကြသည်။ သို့တိုင် ထိုသို့သော “ကဲ့ရဲ့ခြင်း” တို့ကိုကြုံရလင့်ကစား သက်သေခံများသည် သူတို့၏ကောင်းသောအကျင့်များကြောင့် ဘုရားသခင့်အမှုဆောင်များအဖြစ် ချီးမွမ်းခံရကြသည်။ (၂ ကောရိန္သု ၆:၄၊ ၈) ဖြစ်နိုင်သောအခါတွင် သူတို့၌အပြစ်မရှိကြောင်းဖော်ပြရန် သူတို့၏အမှုကိုအာဏာပိုင်များနှင့် နိုင်ငံတော်တရားရုံးများရှေ့တင်ပြကြသည်။ သတင်းကောင်းနှင့်ပတ်သက်၍ လူအများရှေ့ထုချေရန် ရရှိသမျှနည်းလမ်းများကို သူတို့အသုံးပြုကြသည်။ (ဖိလိပ္ပိ ၁:၇) သို့သော် ဥပဒေဘောင်အတွင်း လုပ်နိုင်သမျှအားလုံးကိုလုပ်ဆောင်ခဲ့ကြပြီး ယေဟောဝါ၏လက်တော်၌အပ်ထားလိုက်ကြသည်။ (ဆာလံ ၅:၈-၁၂; သု. ၂၀:၂၂) လိုအပ်လာလျှင်၊ သူတို့သည် အစောပိုင်းခရစ်ယာန်များကဲ့သို့ ဖြောင့်မတ်မှုအတွက် ဆင်းရဲခံရန်မကြောက်ရွံ့ကြပါ။—၁ ပေတရု ၃:၁၄-၁၇။

ဘုရားသခင့်ဘုန်းတော်ကို ရှေးဦးထားလော့

၁၄၊ ၁၅။ (က) သီအိုကရေစီမူကိုထောက်ခံသူများအတွက် အရေးကြီးဆုံးကား အဘယ်နည်း။ (ခ) ရှောလမုန်သည် ကြီးကြပ်မှူးအရာတွင် ပုံသက်သေကောင်းစွာ နှိမ့်ချမှုကို အဘယ်အချိန်အခါတွင်တင်ပြခဲ့သနည်း။

၁၄ ယေရှုသည် မိမိနောက်လိုက်များကို ဆုတောင်းနည်းသင်ပေးသောအခါ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းအကြောင်းကို ဦးဆုံးဖော်ပြခဲ့သည်။ (မဿဲ ၆:၉) ယင်းနှင့်အညီ သီအိုကရေစီအောက်နေထိုင်ကြသူများသည် မိမိတို့ဘုန်းမဟုတ်ဘဲ ဘုရားသခင့်ဘုန်းအသရေတော်ထင်ရှားစေရန်ကြိုးစားကြသည်။ (ဆာလံ ၂၉:၁၊ ၂) ပထမရာစုတွင် ယင်းသည် ယေရှုနောက်သို့လိုက်ရန် ငြင်းဆန်သူအချို့အတွက် အတားအဆီးတစ်ခုဖြစ်ခဲ့ကြောင်း၊ အကြောင်းမှာ သူတို့သည် “လူတို့ပေးသောဘုန်းအသရေကို သာ၍နှစ်သက်ကြ၊” လူတို့၏ချီးမွမ်းမှုကိုနှစ်သက်ကြသောကြောင့်ဖြစ်သည်ဟု သမ္မာကျမ်းစာကဖော်ပြထားသည်။ (ယောဟန် ၁၂:၄၂၊ ၄၃) အမှန်ပင်၊ ငါမှငါသာဖြစ်နေမည့်အစား ယေဟောဝါအားဦးထိပ်ထားရန် နှိမ့်ချမှုရှိဖို့လိုသည်။

၁၅ ဤကိစ္စတွင် ရှောလမုန်သည် သဘောထားမှန်တင်ပြခဲ့သည်။ ခမ်းနားသောဗိမာန်တော်ကို အပ်နှံချိန်၌ သူပြောဆိုခဲ့သောစကားများနှင့် မိမိဆောက်လုပ်ခဲ့ရာများအကြောင်း နေဗုခဒ်နေဇာပြောသောစကားများကို နှိုင်းယှဉ်ကြည့်ပါ။ ထောင်လွှားစွာဖြင့် နေဗုခဒ်နေဇာက ဤသို့ကြွားဝါခဲ့သည်– “ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကိုချီးမြှောက်ရာဖို့၊ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သောဗာဗုလုန်မြို့ကြီးမဟုတ်ပေလော။” (ဒံယေလ ၄:၃၀) ခြားနားစွာဖြင့် ရှောလမုန်သည် မိမိ၏ပြီးမြောက်မှုကို ဤသို့ကျိုးနွံစွာဆို၏– “ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွတ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကိုမဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း။” (၂ ရာဇဝင်ချုပ် ၆:၁၄၊ ၁၅၊ ၁၈; ဆာလံ ၁၂၇:၁) ရှောလမုန်သည် မိမိကိုယ်ကိုမချီးမြှောက်ခဲ့ပါ။ မိမိသည် ယေဟောဝါ၏ကိုယ်စားလှယ်တစ်ဦးမျှသာဖြစ်ကြောင်းသိရှိခဲ့ပြီး ဤသို့ရေးသားခဲ့သည်– “မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။”—သု. ၁၁:၂။

၁၆။ အကြီးအကဲများသည် မိမိတို့ကိုယ်ကိုမချီးမြှောက်ခြင်းဖြင့် မည်သို့စစ်မှန်သောကောင်းချီးတစ်ရပ်ဖြစ်ခဲ့ကြပြီနည်း။

၁၆ အလားတူ ခရစ်ယာန်အကြီးအကဲများသည် မိမိတို့ကိုယ်ကိုမဟုတ်ဘဲ ယေဟောဝါအားချီးမြှောက်ကြသည်။ သူတို့သည် ပေတရု၏ဆုံးမစကားကို လိုက်နာကြသည်– “ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း . . . အခြားသောအမှုကိုဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသောအစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။” (၁ ပေတရု ၄:၁၁) တမန်တော်ပေါလုက “ကြီးကြပ်မှူးအရာ” ကိုထင်ပေါ်သောရာထူးအဖြစ်မဟုတ်ဘဲ “ကောင်းသောအမှုအရာ” အဖြစ်ဖော်ပြခဲ့သည်။ (၁ တိမောသေ ၃:၁၊ ကဘ) အကြီးအကဲများသည် အုပ်စိုးရန်မဟုတ်ဘဲ အစေခံရန် ခန့်အပ်ခံကြရသည်။ သူတို့သည် သွန်သင်သူများဖြစ်ကာ ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းများဖြစ်ကြသည်။ (တမန်တော် ၂၀:၂၈; ယာကုပ် ၃:၁) နှိမ့်ချ၍ကိုယ်ကျိုးစွန့်သော အကြီးအကဲများသည် အသင်းတော်အတွက် စစ်မှန်သောကောင်းချီးတစ်ရပ်ဖြစ်သည်။ (၁ ပေတရု ၅:၂၊ ၃) “ထိုသို့သောသူကို ရိုသေလေးမြတ်ကြ” ကာဤ “နောက်ဆုံးသောနေ့ရက်များ” တွင်သီအိုကရေစီကိုထောက်ခံရန် အရည်အချင်းပြည့်မီသောအကြီးအကဲများစွာကို ယေဟောဝါပေးသနားထားသည့်အတွက် ကိုယ်တော်အားကျေးဇူးတင်ကြပါလေ။—ဖိလိပ္ပိ ၂:၂၉; ၂ တိမောသေ ၃:၁။

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြ”

၁၇။ သီအိုကရေစီအောက်ရှိသူတို့သည် အဘယ်နည်းဖြင့်ဘုရားသခင်ကိုတုပကြသနည်း။

၁၇ တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။” (ဧဖက် ၅:၁) သီအိုကရေစီကိုလက်အောက်ခံသူများသည် မစုံလင်သောလူသားများအနေနှင့်ဖြစ်နိုင်သလောက် ဘုရားသခင်ကျင့်သည်နည်းတူ အတတ်နိုင်ဆုံးကြိုးစားကျင့်ကြသည်။ သာဓကအနေဖြင့် သမ္မာကျမ်းစာက ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော်သည်စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၃၊ ၄) ယင်းနှင့်ပတ်သက်၍ ဘုရားသခင်ကိုတုပရန် ခရစ်ယာန်များသည် သစ္စာရှိခြင်း၊ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုရှိရန်ကြိုးစားကြသည်။ (မိက္ခာ ၆:၈; ၁ သက်သာလောနိတ် ၃:၆; ၁ ယောဟန် ၃:၇) သူတို့သည် အကျင့်ယိုယွင်းခြင်း၊ တပ်မက်ခြင်းနှင့် လောဘလွန်ကျူးခြင်းအစရှိသော ဤလောကတွင်လက်ခံလာနိုင်ဖွယ်ရှိသည့်အရာများစွာကို ရှောင်ကြဉ်ကြသည်။ (ဧဖက် ၅:၅) ယေဟောဝါ၏ကျေးကျွန်များသည် လူ့စံနှုန်းများမဟုတ်ဘဲ ဘုရားသခင့်စံနှုန်းများကို လိုက်လျှောက်ကြသောကြောင့် ကိုယ့်တော်အဖွဲ့အစည်းသည် သီအိုကရက်တစ်ဖြစ်ပြီး သန့်ရှင်းစင်ကြယ်ကာကြံ့ခိုင်၏။

၁၈။ ဘုရားသခင့်အထူးခြားဆုံးအရည်အချင်းကား အဘယ်နည်း။ ခရစ်ယာန်များသည် ယင်းအရည်အချင်းကို မည်သို့တင်ပြကြသနည်း။

၁၈ ယေဟောဝါဘုရားသခင်၏အထူးခြားဆုံးအရည်အချင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန်ကဆိုသည်။ (၁ ယောဟန် ၄:၈) သီအိုကရေစီဟူသည် ဘုရားသခင့်အုပ်ချုပ်မှုဖြစ်သောကြောင့် ယင်းသည် မေတ္တာဖြင့်အုပ်ချုပ်မှုဖြစ်၏။ ယေရှု ဤသို့ဆိုခဲ့သည်– “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ဤခဲယဉ်းသော နောက်ဆုံးနေ့ရက်များတွင် သီအိုကရက်တစ်အဖွဲ့အစည်းသည် ထူးခြားသောချစ်ခြင်းမေတ္တာကိုတင်ပြခဲ့ပြီ။ အာဖရိကတွင် မျိုးဖြုတ်သတ်ဖြတ်မှုကာလအတွင်း ယေဟောဝါသက်သေများသည် မည်သည့်လူမျိုးစုဝင်ဖြစ်စေ လူအားလုံးကိုမေတ္တာပြခဲ့ကြသည်။ ယခင်ယူဂိုဆလားဗီးယားနိုင်ငံ၌ဖြစ်ခဲ့သော စစ်ကာလအတွင်း လူမျိုးစုသန့်စင်မှုဟူသည့်စစ်တွင် အခြားဘာသာရေးအုပ်စုများပါဝင်ခဲ့ကြသော်လည်း ဒေသအားလုံးမှယေဟောဝါသက်သေများသည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အကူအညီပေးခဲ့ကြသည်။ ယေဟောဝါသက်သေများသည် တစ်ဦးချင်းစီအနေဖြင့် ပေါလု၏ဆုံးမစကားကို ကြိုးစားလိုက်နာကြသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေကိုပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့။”—ဧဖက် ၄:၃၁၊ ၃၂။

၁၉။ သီအိုကရေစီကိုလက်အောက်ခံသူများအတွက် ယခုနှင့်အနာဂတ်တွင် အဘယ်ကောင်းချီးများသက်ရောက်သနည်း။

၁၉ သီအိုကရေစီကိုလက်အောက်ခံသူတို့သည် ကြီးစွာသောကောင်းချီးများကိုခံစားကြရသည်။ သူတို့သည် ဘုရားသခင်နှင့်ဖြစ်စေ၊ ခရစ်ယာန်ချင်းများနှင့်ဖြစ်စေ ငြိမ်သက်မှုရှိကြသည်။ (ဟေဗြဲ ၁၂:၁၄; ယာကုပ် ၃:၁၇) ဘဝတွင်ရည်ရွယ်ချက်တစ်ခုရှိထားကြသည်။ (ဒေသနာ ၁၂:၁၃) ဝိညာဉ်ရေးလုံခြုံမှုနှင့် အနာဂတ်အတွက် သေချာသောမျှော်လင့်ချက်ရှိထားကြသည်။ (ဆာလံ ၅၉:၉) လူသားအားလုံးသည် သီအိုကရက်တစ်အုပ်ချုပ်မှုအောက်ရှိကြသောအခါ အဘယ်သို့ဖြစ်မည်ကို သူတို့ကြိုတင်၍ မြည်းစမ်းရ၍ပျော်မွေ့ကြသည်။ ထိုအချိန်အခါအကြောင်း သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) တကယ့်ကောင်းမြတ်လှသောအချိန်အခါဖြစ်မည်တကား! ယခုပင်သီအိုကရေစီနှင့်အနီးကပ်နေခြင်းအားဖြင့် ထိုအနာဂတ်ပရဒိသုတွင် ကျွန်ုပ်တို့၏နေရာကို သေချာပါလေစေ။

သင်ရှင်းပြနိုင်သလော

◻ စစ်မှန်သောသီအိုကရေစီကား အဘယ်နည်း၊ ယနေ့အဘယ်နေရာတွင် ယင်းကိုတွေ့နိုင်သနည်း။

◻ လူသားများသည် မိမိတို့၏အသက်တာတွင် သီအိုကရက်တစ်အုပ်ချုပ်မှုကို မည်သို့လက်အောက်ခံကြသနည်း။

◻ သီအိုကရေစီအောက်ရှိသူအားလုံးသည် သူတို့၏ဂုဏ်ထက် ဘုရားသခင့်ဘုန်းအသရေတော်ကို အဘယ်နည်းများဖြင့် ဦးထိပ်ထားကြသနည်း။

◻ သီအိုကရေစီကိုထောက်ခံသူတို့တုပသော ဘုရားသခင့်ရေးရာအရည်အချင်းအချို့ကား အဘယ်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ရှောလမုန်သည် မိမိဘုန်းထက် ဘုရားသခင့်ဘုန်းအသရေတော်ကို ဦးထိပ်ထားခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ