ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁/၁၅ စာ. ၁၀-၁၅
  • ယေဟောဝါစိုးမိုး —သီအိုကရေစီအားဖြင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါစိုးမိုး —သီအိုကရေစီအားဖြင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သီအိုကရေစီတစ်ခု မွေးဖွားခံရ
  • သီအိုကရေစီအောက် အခွင့်အာဏာ
  • သီအိုကရက်တစ်မဆန်သည့် အပြုအမူများနှင့် စိတ်နေသဘောထားများ
  • သီအိုကရေစီ တစ်ခု၏ဆုံးခန်း
  • သီအိုကရေစီအသစ်
  • သီအိုကရေစီနှင့် နီးနီးကပ်ကပ်နေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသော ဖန်ဆင်းရှင်နှင့်အတူ သိုးထိန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သီအိုကရေစီထွန်းကား
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁/၁၅ စာ. ၁၀-၁၅

ယေဟောဝါစိုးမိုး —သီအိုကရေစီအားဖြင့်

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတ္တံ့။”—ဆာလံ ၁၄၆:၁၀။

၁၊ ၂။ (က) အုပ်ချုပ်မှုနှင့်ပတ်သက်၍ လူ့ကြိုးပမ်းမှုများ အဘယ်ကြောင့်မအောင်မြင်သနည်း။ (ခ) အမှန်အောင်မြင်ခဲ့သော အုပ်ချုပ်ပုံတစ်ခုတည်းကား အဘယ်နည်း။

နိမ်ရောဒခေတ်ကတည်းက လူ့အဖွဲ့အစည်းကိုအုပ်ချုပ်ရန်နည်းအမျိုးမျိုးကို လူသားတို့ စမ်းသပ်ကြည့်ခဲ့ပြီ။ အာဏာရှင်စနစ်များ၊ ဘုရင်စနစ်များ၊ အာဏာရှင် လူတစ်စု အုပ်ချုပ်ရေးများနှင့် အုပ်ချုပ်နည်းအမျိုးမျိုး ရှိခဲ့ပြီ။ ယင်းတို့အားလုံးကို ယေဟောဝါခွင့်ပြုတော်မူခဲ့ပြီ။ အမှန်မှာ ဘုရားသခင်သည် တန်ခိုးအာဏာအားလုံး၏ အဆုံးစွန်မူလအမြစ် ဖြစ်တော်မူသောကြောင့် တစ်နည်းအားဖြင့်ဆိုလျှင် အုပ်စိုးရှင်အသီးသီးတို့ကို သူတို့၏ ချွင်းချက်ရှိနေရာတွင် ကိုယ်တော် နေရာချထားသည့်သဘောဖြစ်သည်။ (ရောမ ၁၃:၁) မည်သို့ဆိုစေကာမူ လူ့ကြိုးပမ်းမှုအားလုံးတို့သည် မအောင်မြင်ခဲ့ပါ။ အဘယ်လူသားဘုရင်မှ ကြာရှည်တည်မြဲ၍ ခိုင်ခံ့သည့် အဖွဲ့အစည်းတစ်ခုကို မဖြစ်ထွန်းစေနိုင်ခဲ့ပါ။ လူသည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့သည်သာရှိသည်။—ဒေသနာ ၈:၉။

၂ ယင်းကြောင့် အံ့သြသင့်သလော။ အမှန် အံ့ဩစရာမဟုတ်! မစုံလင်သောလူသားသည် ကိုယ့်ကိုယ်ကိုအုပ်စိုးရန် ဖန်တီးခံရသည်မဟုတ်ပါ။ “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ပါ။ (ယေရမိ ၁၀:၂၃) ယင်းကြောင့် လူ့သမိုင်းတစ်လျှောက်လုံးတွင် အုပ်ချုပ်ပုံတစ်ခုတည်းသာ အမှန်အောင်မြင်ခဲ့ပြီ။ အဘယ်အုပ်ချုပ်မှု ဖြစ်သနည်း။ ယေဟောဝါဘုရားသခင်လက်အောက်ရှိ သီအိုကရေစီဖြစ်သည်။ ကျမ်းစာဆိုင်ရာ ဂရိစကားအရ “သီအိုကရေစီ” ၏အဓိပ္ပာယ်မှာ ဘုရား [သီအော့စ်] အုပ်ချုပ်မှု [ခရာတော့စ်] ဖြစ်သည်။ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏အုပ်ချုပ်မှုထက် သာလွန်ကောင်းသောအုပ်ချုပ်မှု ရှိနိုင်ပါဦးမည်လော။—ဆာလံ ၁၄၆:၁၀။

၃။ ကမ္ဘာပေါ်တည်ရှိခဲ့သည့် အစောပိုင်း သီအိုကရေစီ၏ ပုံနမူနာများကား အဘယ်နည်း။

၃ ယေဟောဝါကို အာဒံနှင့်ဧဝ ပုန်ကန်ချိန်မတိုင်မီအထိ သီအိုကရေစီ တစ်ခဏစိုးမိုးခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆၊ ၂၃) အာဗြဟံ၏ခေတ်တွင် ရှာလင်မြို့၌ ရှင်ဘုရင်-ယဇ်ပုရောဟိတ် မေလခိဇေဒက်လက်ထက်၌ သီအိုကရေစီ တည်ရှိခဲ့ပုံရှိသည်။ (ကမ္ဘာဦး ၁၄:၁၈-၂၀; ဟေဗြဲ ၇:၁-၃) သို့ရာတွင် ဘီ.စီ.အီး. ၁၆ ရာစုတွင် သိနာတောအရပ်၌ ယေဟောဝါဘုရားသခင်၏လက်အောက်ရှိ ပထမဆုံးသောနိုင်ငံဆိုင်ရာသီအိုကရေစီကို တည်ထောင်ခဲ့ပါသည်။ ယင်းအမှု မည်သို့ ဖြစ်ပျက်လာသနည်း။ ထိုသီအိုကရက်တစ်အုပ်ချုပ်ရေးသည် မည်သို့လုပ်ဆောင်တော်မူသနည်း။

သီအိုကရေစီတစ်ခု မွေးဖွားခံရ

၄။ ဣသရေလလူမျိုး၏ သီအိုကရက်တစ်နိုင်ငံကို ယေဟောဝါ မည်သို့တည်ထောင်တော်မူခဲ့သနည်း။

၄ အီဂျစ်နိုင်ငံ၏ကျွန်သပေါက်အဖြစ်မှ ဣသရေလလူမျိုးကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ယေဟောဝါ ကယ်နှုတ်တော်မူပြီး လိုက်လံဖမ်းဆီးသော ဖာရော၏စစ်တပ်ကို ပင်လယ်နီတွင် ဖျက်ဆီးတော်မူခဲ့သည်။ ထို့နောက် သိနာတောင်သို့ ဣသရေလလူမျိုးကို ကိုယ်တော်ဦးစီးခေါ်ဆောင်တော်မူခဲ့သည်။ တောင်ခြေရင်း၌ တပ်ချနေကြစဉ် မောရှေမှတစ်ဆင့် သူတို့အား ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် အဲဂုတ္တု [အီဂျစ်၊ ကဘ] လူတို့၌ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့်ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သောဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။” ဣသရေလလူမျိုးကလည်း ဤသို့တုံ့ပြန်ခဲ့ကြသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်။” (ထွက်မြောက်ရာ ၁၉:၄၊ ၅၊ ၈) ပဋိညာဉ်ဖွဲ့ပြီးသည်နှင့် ဣသရေလလူမျိုး၏ သီအိုကရက်တစ်နိုင်ငံသည် ဖွားမြင်လာလေသည်။—တရားဟောရာ ၂၆:၁၈၊ ၁၉။

၅။ ဣသရေလနိုင်ငံကို ယေဟောဝါအုပ်ချုပ်တော်မူသည်ဟု မည်သို့ဆိုနိုင်သနည်း။

၅ သို့ရာတွင် လူ့မျက်စိဖြင့်မမြင်နိုင်သော ယေဟောဝါသည် ဣသရေလလူမျိုးကိုမည်သည့်နည်းဖြင့်အုပ်ချုပ်ခဲ့သနည်း။ (ထွက်မြောက်ရာ ၃၃:၂၀) ထိုလူမျိုး၏ ပညတ်ဥပဒေများနှင့် ယဇ်ပုရောဟိတ်အစီအစဉ်ကို ယေဟောဝါ ပေးထားတော်မူသောကြောင့်ဖြစ်သည်။ ပညတ်ချက်များကို လိုက်နာ၍ မြင့်မြတ်သောအမိန့်အာဏာရှိ အစီအစဉ်များအတိုင်း ဝတ်ပြုကိုးကွယ်သူများသည် ကြီးမြတ်တော်မူသော သီအိုကရက်၊ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ကြပါသည်။ ထို့ပြင် အရေးပေါ်အချိန်များတွင် ယေဟောဝါလမ်းပြညွှန်ကြားသည့် ဥရိမ်နှင့်သုမိမ်ကို ယဇ်ပုရောဟိတ်မင်းကြီး ရရှိထားသည်။ (ထွက်မြောက်ရာ ၂၈:၂၉၊ ၃၀) ထပ်ဆင့်၍ အရည်အချင်းရှိ အသက်ကြီးသူများသည် သီအိုကရေစီတွင် ယေဟောဝါ၏ကိုယ်စားလှယ်တော်များဖြစ်ကြ၍ ဘုရားသခင်၏ပညတ်တရားကို လိုက်နာမလိုက်နာ ကြပ်မတ်ပေးပါသည်။ ဤသူအချို့တို့၏မှတ်တမ်းကို သုံးသပ်လေ့လာကြည့်လျှင် ဘုရားအုပ်ချုပ်မှုကို လူသားတို့သည် မည်သို့ခံယူသင့်ကြောင်း ပိုမိုသဘောပေါက်နားလည်လာပါလိမ့်မည်။

သီအိုကရေစီအောက် အခွင့်အာဏာ

၆။ သီအိုကရေစီတွင် အခွင့်အာဏာရထားခြင်းသည် လူသားအတွက် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ် ဖြစ်သနည်း။ ဤတာဝန်ကိုထမ်းဆောင်ရန် မည်ကဲ့သို့သောလူတန်းစား ဖြစ်ရန်လိုသနည်း။

၆ ဣသရေလနိုင်ငံတွင် အခွင့်အာဏာရှိသူများသည် အခွင့်အရေးထူးကဲပါသည်။ သို့သော် သူတို့ဟန်ချက်ညီနိုင်ရန်မှာ စိန်ခေါ်ချက်တစ်ရပ် ဖြစ်ပါသည်။ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေးထက် ငါတကောကောတတ်သည့်ဉာဉ်ကို ဘယ်သောအခါမျှ ပိုမိုအရေးမပေးမိရန် သတိပြုကြရသည်။ လူသည် “သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဟူသော မှုတ်သွင်းခံစကားသည် လူသားအပေါင်းနှင့်သက်ဆိုင်သကဲ့သို့ ဣသရေလလူမျိုးနှင့်လည်း သက်ဆိုင်ပါသည်။ ဣသရေလနိုင်ငံသည် သီအိုကရေစီဖြစ်၍ မိမိတို့အလိုအတိုင်းမဟုတ်ဘဲ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ရမည့်အကြောင်း အသက်ကြီးသူများ သတိရမှတ်မိကြမှသာလျှင် ဣသရေလလူမျိုးသည် တိုးတက်ကြီးပွားပါသည်။ ဣသရေလနိုင်ငံတည်ထောင်ပြီး နောက်များမကြာမီအချိန်တွင် မောရှေ၏ယောက္ခမ ယေသရောက ထိုအသက်ကြီးသူများသည် မည်ကဲ့သို့သောလူတန်းစားဖြစ်ရမည်အကြောင်း ကောင်းစွာဖော်ပြခဲ့သည်တွင် “ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်း” သူများဖြစ်ကြရမည်။—ထွက်မြောက်ရာ ၁၈:၂၁။

၇။ ယေဟောဝါဘုရားသခင်၏လက်အောက်တွင် အခွင့်အာဏာရသူအနေနှင့်မောရှေသည် အဘယ်နည်းများဖြင့် ပုံသက်သေကောင်းဖြစ်သနည်း။

၇ ဣသရေလနိုင်ငံတွင် ပထမဦးဆုံး အခွင့်အာဏာ အသုံးပြုခဲ့ရသူမှာ မောရှေဖြစ်သည်။ သူသည် ပုံသက်သေကောင်းသော သီအိုကရက်တစ် အခွင့်အာဏာရသူတစ်ဦးဖြစ်သည်။ မှန်သည်။ တစ်ကြိမ်တွင် လူ့အားနည်းချက် ထင်ရှားခဲ့သည်။ သို့ရာတွင် မောရှေသည် ယေဟောဝါကို အမြဲအားကိုးပါသည်။ ဖြေရှင်းမထားသေးသော အမေးများပေါ်ပေါက်လာသည့်အခါ ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကို သူအမြဲတောင်းခံခဲ့ပါသည်။ (တောလည်ရာ ၁၅:၃၂-၃၆ နှိုင်းယှဉ်။) မိမိ၏ရာထူးဌာနန္တရကို မိမိဂုဏ်ထင်ရှားရေးအတွက် အသုံးပြုရန် သွေးဆောင်ခံရခြင်းကို မောရှေမည်သို့ ငြင်းပယ်ခဲ့သနည်း။ သန်းချီသည့်လူမျိုးတစ်မျိုးကိုဦးဆောင်ခဲ့သော်ငြားလည်း သူသည် “မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူဖြစ်ပါသည်။ (တောလည်ရာ ၁၂:၃) ကိုယ်တိုင်ကျော်ကြားထင်ရှားရန်မဟုတ် ဘုရားသခင့်ဘုန်းတန်ခိုးတော် ထင်ရှားရေးအတွက်သာ သူစိတ်စွဲလမ်းခဲ့သည်။ (ထွက်မြောက်ရာ ၃၂:၇-၁၄) ထို့ပြင် မောရှေသည် ယုံကြည်ခြင်းခိုင်မြဲသူဖြစ်၍ လူမျိုးခေါင်းဆောင် မဖြစ်မီအချိန်နှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက ဤသို့ဆိုသည်– “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၂၇) လူမျိုးတော်၏ ဘုရင်သည် အမှန်မှာ ယေဟောဝါဖြစ်တော်မူကြောင်းကို မောရှေတစ်ခါမျှ မမေ့ပါ။ (ဆာလံ ၉၀:၁၊ ၂) ယနေ့ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေပါတကား!

၈။ ယောရှုအား ယေဟောဝါအဘယ်အမိန့်တော် ပေးခဲ့သနည်း။ ယင်းသည် အဘယ်ကြောင့် အလေးမူထိုက်စရာဖြစ်သနည်း။

၈ မောရှေတစ်ဦးတည်း ဣသရေလနိုင်ငံကို ကြီးကြပ်ကွပ်ကဲရသည့်တာဝန်သည် သူ့အတွက် ကြီးမားလွန်းသောအခါ လူမျိုးတော်ကို တရားစီရင်ခြင်းငှာ သူ့အားထောက်မကူညီနိုင်မည့် အသက်ကြီးသူ ၇၀ အပေါ် ယေဟောဝါသည် ဝိညာဉ်တော် ချပေးတော်မူခဲ့သည်။ (တောလည်ရာ ၁၁:၁၆-၂၅) နောင်နှစ်အနည်းငယ်အတွင်း မြို့အသီးအသီး၌ အသက်ကြီးသူ ကိုယ်စီကိုယ်ငရှိမည်ဖြစ်သည်။ (တရားဟောရာ ၁၉:၁၂; ၂၂:၁၅-၁၈; ၂၅:၇-၉ နှိုင်းယှဉ်။) မောရှေသေဆုံးပြီးနောက် လူမျိုးတော်၏ခေါင်းဆောင်အဖြစ် ယောရှုအား ယေဟောဝါခန့်အပ်တော်မူခဲ့သည်။ ဤအခွင့်အရေးနှင့်ဒွန်တွဲ၍ ယောရှု၌ တာဝန်မြောက်မြားစွာရှိခဲ့သည်ကိုကျွန်ုပ်တို့တွေးကြည့်နိုင်သည်။ သို့သော် ဘယ်သောအခါမျှ လျစ်လျူရှုမထားရမည့်အရာတစ်ခုကို သူ့အား ယေဟောဝါမှာကြားတော်မူသည်– “ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။” (ယောရှု ၁:၈) ယောရှု၏ အမှုဆောင်သက်တမ်းမှာ အနှစ် ၄၀ ကျော်ဖြစ်သည့်တိုင် ပညတ္တိကျမ်းစာကို အမြဲဖတ်ရွတ်နေဖို့ လိုကြောင်းကို သတိပြုပါ။ ကျွန်ုပ်တို့လည်း—အမှုဆောင်သက်တမ်း မည်မျှပင်ရှိစေကာမူ၊ အခွင့်အရေး မည်မျှရထားစေကာမူ—သမ္မာကျမ်းစာကို လေ့လာပြီး ကျွန်ုပ်တို့၏စိတ်သဘောကိုယေဟောဝါ၏ပညတ်ချက်များနှင့် မူများအရ အားသစ်လန်းစေပါ။—ဆာလံ ၁၁၉:၁၁၁၊ ၁၁၂။

၉။ တရားသူကြီးများခေတ်တွင် ဣသရေလနိုင်ငံ၌ အဘယ်အမှုဖြစ်ပျက်ခဲ့သနည်း။

၉ ယောရှုနောက်တွင် တရားသူကြီးမြောက်မြားစွာရှိသည်။ ဝမ်းနည်းစရာကား သူတို့လက်ထက်တွင် ဣသရေလလူမျိုးသည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ရှေ့တော်၌ ဒုစရိုက်ကို” မကြာခဏပြုလေ့ရှိသည်။ (တရားသူကြီး ၂:၁၁) တရားသူကြီးများ ခေတ်ကာလအကြောင်းကို မှတ်တမ်းက ဤသို့ဆိုသည်– “ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။” (တရားသူကြီး ၂၁:၂၅) အကျင့်အကြံနှင့် ဝတ်ပြုရေးတို့တွင် မိမိဘာသာ ဆုံးဖြတ်စီရင်ကြသည်။ ဣသရေလလူမျိုး မြောက်မြားစွာတို့သည် မှားယွင်းသောဆုံးဖြတ်ချက်များချခဲ့ကြောင်း သမိုင်းက ဖော်ပြပါသည်။ ရုပ်ကိုးကွယ်မှုကို သူတို့ပြုကြရုံမက ရက်စက်ကြမ်းကြုတ်သောပြစ်မှုများကိုပင် ပြုမူခဲ့ကြပါသည်။ (တရားသူကြီး ၁၉:၂၅-၃၀) သို့သော် အချို့သူများသည် အတုယူထိုက်သည့် ယုံကြည်ခြင်းကို တင်ပြခဲ့ကြပါသည်။—ဟေဗြဲ ၁၁:၃၂-၃၈။

၁၀။ ရှမွေလခေတ်တွင် ဣသရေလနိုင်ငံ၏အုပ်ချုပ်ပုံသည် အဘယ်နည်းဖြင့် အကြီးအကျယ် ပြောင်းလဲသွားပါသနည်း။ အဘယ်သို့ဖြစ်ပျက်လာပါသနည်း။

၁၀ နောက်ဆုံးတရားသူကြီး ရှမွေလလက်ထက်တွင် ဣသရေလလူမျိုးသည် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အကျပ်အတည်းတစ်ခု ကြုံကြိုက်ခဲ့သည်။ မင်းများအုပ်စိုးသည့် ရန်သူနိုင်ငံများ ဝန်းရံထားခံရခြင်း၏သြဇာကြောင့် မိမိတို့တွင်လည်း ရှင်ဘုရင်လိုအပ်သည်ဟု ဣသရေလလူမျိုးယူမှတ်ပါသည်။ သူတို့၏အုပ်ချုပ်ရေးသည် သီအိုကရေစီဖြစ်၍ သူတို့၌ ရှင်ဘုရင်ရှိထားနှင့်ကြောင်းကို မေ့လျော့နေကြသည်။ သို့ဖြစ်၍ ယေဟောဝါက ရှမွေလအား ဤသို့မိန့်တော်မူခဲ့သည်– “သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်း ပယ်ကြပြီ။” (၁ ဓမ္မရာဇဝင် ၈:၇) ကျွန်ုပ်တို့၏ဝိညာဏအမြင် ပျောက်ကွယ်သွားပြီး လောက၏သြဇာလွှမ်းမှုခံရန် မည်မျှလွယ်ကူကြောင်းကို သူတို့၏အဖြစ်အပျက်က သတိပေးပါသည်။—၁ ကောရိန္သု ၂:၁၄-၁၆ နှိုင်းယှဉ်။

၁၁။ (က) အုပ်ချုပ်မှု ပြောင်းလဲသော်လည်း ရှင်ဘုရင်များလက်အောက်တွင် ဣသရေလနိုင်ငံသည် သီအိုကရေစီဆက်ဖြစ်နေကြောင်း မည်သို့ပြောနိုင်သနည်း။ (ခ) ဣသရေလနိုင်ငံ၏ ရှင်ဘုရင်များအား အဘယ်အမိန့်ကို ယေဟောဝါ ပေးတော်မူသနည်း။ အဘယ်ရည်ရွယ်ချက်ဖြင့် ဖြစ်သနည်း။

၁၁ မည်သို့ဆိုစေကာမူ ဣသရေလလူမျိုး တောင်းဆိုသည့်အတိုင်း သူတို့၏ ပထမဆုံးဘုရင်နှစ်ပါး၊ ရှောလုနှင့်ဒါဝိဒ်ကို ယေဟောဝါရွေးချယ်ပေးတော်မူခဲ့သည်။ ဣသရေလနိုင်ငံသည် ယေဟောဝါအုပ်ချုပ်မှုအောက်ရှိ သီအိုကရေစီ ဆက်ဖြစ်နေပါသေးသည်။ နိုင်ငံ့ဘုရင်များသည် ဤအမှုကို အမြဲသတိရပြီး “သူ၏ဘုရားသခင်ကိုကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှား” ခြင်းမရှိစေခြင်းငှာ အသီးအသီး ကိုယ်ပိုင်ပညတ္တိကျမ်းစာကို ကူးရေးကာ နေ့စဉ်ဖတ်ရွတ်ကြရမည်ဖြစ်သည်။ (တရားဟောရာ ၁၇:၁၉၊ ၂၀) ယေဟောဝါ၏သီအိုကရေစီတွင် အခွင့်အာဏာရှိသူများသည် ကိုယ့်ကိုယ်ကို မချီးမြှင့်ဘဲ ပညတ္တိကျမ်းနှင့်အညီ ကျင့်ကြံပြုမူကြရန် ကိုယ်တော်အလိုတော်ရှိတော်မူခဲ့သည်။

၁၂။ ဒါဝိဒ်မင်းကြီးသည် အဘယ်သစ္စာရှိမှတ်တမ်း ပြုစုခဲ့သနည်း။

၁၂ ယေဟောဝါ၌ ဒါဝိဒ်မင်းကြီးသည် ထူးခြားစွာ ယုံကြည်ပါသည်။ သူသည် ထာဝစဉ်တည်မည့် မင်းစဉ်ဆက်တို့၏ ဖခင်ဖြစ်လာပါလိမ့်မည်ဟု သူနှင့် ဘုရားသခင် ပဋိညာဉ်ဖွဲ့တော်မူသည်။ (၂ ဓမ္မရာဇဝင် ၇:၁၆; ၃ ဓမ္မရာဇဝင် ၉:၅; ဆာလံ ၈၉:၂၉) ယေဟောဝါ၌ ဒါဝိဒ်၏နှိမ့်ချလက်အောက်ခံမှုကို ကျွန်ုပ်တို့အတုယူထိုက်သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍ ကယ်တင်တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏” ဟုသူပြောပါသည်။ (ဆာလံ ၂၁:၁) သွေးသားအားနည်းမှုကြောင့် ဒါဝိဒ် တစ်ခါတစ်ရံပြစ်မှားမိသော်လည်း အုပ်ချုပ်သူတစ်ယောက်အနေနှင့် သူသည် မိမိခွန်အားကိုမဟုတ် ယေဟောဝါကို အားထားမှီခိုခဲ့ပါသည်။

သီအိုကရက်တစ်မဆန်သည့် အပြုအမူများနှင့် စိတ်နေသဘောထားများ

၁၃၊ ၁၄။ ဒါဝိဒ်၏နန်းကို ဆက်ခံသူများသည် အဘယ်သီအိုကရက်တစ်မဆန်သောအမှုများကို ပြုမူခဲ့ကြသနည်း။

၁၃ ဣသရေလလူမျိုး၏ ခေါင်းဆောင်တိုင်းသည် မောရှေနှင့် ဒါဝိဒ်ကဲ့သို့သောသူများ မဟုတ်ကြပါ။ သီအိုကရက်တစ်အစီအစဉ်ကို အကြီးအကျယ် မလေးမခန့်ပြု၍ ဣသရေလနိုင်ငံတွင် မှားယွင်းသောဝတ်ပြုမှုကို ခွင့်ပြုသူ မြောက်မြားစွာရှိခဲ့ပါသည်။ သစ္စာရှိရှင်ဘုရင်များပင် တစ်ခါတစ်ရံ သီအိုကရက်တစ်မဆန်သည့် အပြုအမူများကို ပြုမူကျင့်ကြံခဲ့ကြသည်။ များစွာသောဉာဏ်ပညာနှင့် တိုးတက်ကြီးပွားခွင့်ကို ရရှိခဲ့သောရှောလမုန်၏အဖြစ်အပျက်သည် အလွန်ဝမ်းနည်းစရာပင်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၄:၂၅၊ ၂၉) ယေဟောဝါ၏ပညတ္တိကျမ်းကို အမှုမထားဘဲ မိန်းမများစွာကို သူထိမ်းမြားပြီး ဣသရေလနိုင်ငံတွင် ရုပ်ကိုးကွယ်မှုကို ခွင့်ပြုခဲ့သည်။ ရှောလမုန်အုပ်ချုပ်ချိန် အကုန်ပိုင်းသည် လေးပင်ခဲယဉ်းခဲ့ပုံရှိသည်။—တရားဟောရာ ၁၇:၁၄-၁၇; ၃ ဓမ္မရာဇဝင် ၁၁:၁-၈; ၁၂:၄။

၁၄ တိုင်းသူပြည်သားတို့၏ဝန်ကို ပေါ့စေရန် ရှောလမုန်၏သား ရောဗောင်အား အသနားခံခဲ့ကြသည်။ ယင်းအခြေအနေကို နူးညံ့စွာ ဖြေရှင်းပေးမည့်အစား အလျှော့ပေးခြင်းမရှိ မိမိ၏အာဏာကို ရန်လိုမုန်းထားအသုံးပြုခဲ့ရာ—၁၂ နွယ်မှ ၁၀ နွယ်ဆုံးရှုံးခဲ့ပါသည်။ (၂ ရာဇဝင်ချုပ် ၁၀:၄-၁၇) ခွဲထွက်ခဲ့သော ဆယ်နွယ်နိုင်ငံ၏ ပထမရှင်ဘုရင်သည် ယေရောဗောင်ဖြစ်သည်။ မိမိ၏နိုင်ငံသည် မျိုးရိုးတူနိုင်ငံနှင့် ပြန်မပေါင်းမိစေရန် နွားသငယ်ကိုးကွယ်မှုကို တည်ထောင်ပေးခဲ့သည်။ နိုင်ငံရေးသဘောအရ ဤအကွက်ဆင်မှုသည် အလွန်သင့်တော်ပုံရှိသော်ငြားလည်း သီအိုကရေစီကို တမင်တကာပစ်ပယ်နေခြင်းဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၂:၂၆-၃၀) နောက်ပိုင်းတွင် တစ်သက်လုံးသစ္စာရှိစွာ အမှုတော်ထမ်းဆောင်ခဲ့သောအာသမင်းဆိုသူသည် သူ၏နန်းစံအကုန်ပိုင်းနှစ်များတွင် မာနတက်ခဲ့ခြင်းက သူ၏ရာဇဝင်မှတ်တမ်းကို အစွန်းအကွက်ဖြစ်စေခဲ့သည်။ ယေဟောဝါထံတော်မှ ဆုံးမသြဝါဒစကားကို သူ့အားမိန့်မြွက်သူ ပရောဖက်အား နှိပ်စက်ညဉ်းဆဲခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၆:၇-၁၁) မှန်ပါသည်။ ရှေ့မီနောက်မီသူများပင်လျှင် တစ်ခါတစ်ရံ ဆုံးမစကားလိုအပ်ပါသည်။

သီအိုကရေစီ တစ်ခု၏ဆုံးခန်း

၁၅။ ကမ္ဘာပေါ်တွင် ယေရှုရှိစဉ်က ဂျူးခေါင်းဆောင်များသည် သီအိုကရေစီတွင် အခွင့်အာဏာရှိသူများအဖြစ် မည်သို့တာဝန်ပျက်ကွက်ခဲ့သနည်း။

၁၅ ကမ္ဘာပေါ် ယေရှုခရစ်ရှိစဉ်က ဣသရေလနိုင်ငံသည် သီအိုကရေစီနိုင်ငံဖြစ်ဆဲပင်တည်း။ သို့သော် ဝမ်းနည်းစရာကား ထိုနိုင်ငံ၏ တာဝန်ခံအသက်ကြီးသူ အမြောက်အမြားသည် ဝိညာဉ်ရေးစိတ်ထားမရှိခြင်းဖြစ်သည်။ မောရှေတင်ပြခဲ့သည့် နူးညံ့သိမ်မွေ့မှုကို သူတို့မမွေးမြူခဲ့ကြသည်ကား အမှန်ပင်ဖြစ်သည်။ “ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာထိုင်ကြ၏။ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ” ဟုယေရှုမိန့်တော်မူစဉ်က သူတို့၏ ပုပ်ပျက်နေသော ဝိညာဉ်ရေးအခြေအနေကို ဖော်ပြနေခြင်းဖြစ်သည်။—မဿဲ ၂၃:၂၊ ၃။

၁၆။ ပထမရာစု ဂျူးခေါင်းဆောင်များသည် သီအိုကရေစီကို မလေးစားကြောင်း မည်သို့ပြသခဲ့ကြသနည်း။

၁၆ သီအိုကရက်တစ် လက်အောက်ခံမှုမှ ဂျူးခေါင်းဆောင်များသည် မည်မျှအထိလမ်းလွဲနေကြောင်း ပုန္တိပိလတ်မင်းထံ ယေရှုအား သူတို့အပ်နှံပြီးနောက်တွင် ဖော်ပြခဲ့သည်။ ယေရှုကို ပိလတ်မင်းစစ်ဆေးပြီးနောက် ကိုယ်တော်သည် အပြစ်မရှိသူဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။ သို့ဖြစ်၍ ဂျူးများရှေ့ ယေရှုအား ခေါ်ဆောင်လာပြီးနောက် ပိလတ်မင်းက “သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့” ဟုပြောဆိုသည်။ ယေရှုအားသတ်ပစ်ရန် ဂျူးတို့ဟစ်ကြော်ကြသောအခါ ပိလတ်က “သင်တို့၏ရှင်ဘုရင်ကို တိုင်မှာ ရိုက်ထားရမည်လော” ဟုမေးသဖြင့် ယဇ်ပုရောဟိတ်မင်းတို့က “အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ” ဟုဖြေဆိုကြသည်။ (ယောဟန် ၁၉:၁၄၊ ၁၅) ‘ယေဟောဝါနာမ၌ ကြွလာတော်မူသောသူ’ ယေရှုကိုမဟုတ် ကဲသာကိုသာ ရှင်ဘုရင်အဖြစ် သူတို့အသိအမှတ်ပြုနေကြပါသည်။—မဿဲ ၂၁:၉၊ ကဘ။

၁၇။ ဇာတိပကတိဣသရေလလူမျိုးသည် အဘယ်ကြောင့် သီအိုကရက်တစ်လူမျိုးအဖြစ်မှရပ်စဲခံခဲ့ရသနည်း။

၁၇ ယေရှုကိုငြင်းပယ်ကြခြင်းအားဖြင့် ဂျူးတို့သည် သီအိုကရေစီကို ငြင်းပယ်ကြသည်။ အကြောင်းမှာ၊ အနာဂတ်သီအိုကရက်တစ်အစီအစဉ်တွင် ကိုယ်တော်သည် အဓိကပုဂ္ဂိုလ်ဖြစ်ပါသည်။ ယေရှုသည် ထာဝစဉ်အစိုးရတော်မူမည့် ဒါဝိဒ်၏ မင်းမျိုးမင်းနွယ်ဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇; လုကာ ၁:၃၃; ၃:၂၃၊ ၃၁) သို့ဖြင့် ဇာတိပကတိဣသရေလလူမျိုးသည် ဘုရားသခင့်ရွေးချယ်ခံ လူမျိုးတော် အဖြစ်မှ ရပ်စဲခံခဲ့ရသည်။—ရောမ ၉:၃၁-၃၃။

သီအိုကရေစီအသစ်

၁၈။ ပထမရာစုတွင် အဘယ်သီအိုကရေစီအသစ် မွေးဖွားသနည်း။ ရှင်းပြပါ။

၁၈ သို့ရာတွင် ဇာတိပကတိဣသရေလလူမျိုးကို ဘုရားသခင်ငြင်းပယ်ခဲ့ခြင်းက ကမ္ဘာမြေကြီးပေါ် သီအိုကရေစီမရှိတော့ခြင်းမဟုတ်ပါ။ ယေရှုခရစ်တော်အားဖြင့် ယေဟောဝါသည် သီအိုကရေစီအသစ်တစ်ခုကို တည်ထောင်တော်မူ၏။ ယင်းကား အမှန်တကယ်ပင် လူမျိုးအသစ်တစ်ခုဖြစ်သည့် ဘိသိက်ခံ ခရစ်ယာန်အသင်းတော်ဖြစ်သည်။ (၁ ပေတရု ၂:၉) တမန်တော်ပေါလုက ယင်းကို “ဘုရားသခင်၏ ဣသရေလအမျိုး” ဟုခေါ်ဆိုခဲ့ရာ ယင်းအဖွဲ့ဝင်များသည် နောက်ဆုံးတွင် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာခဲ့သူများဖြစ်ကြပါသည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၅:၉၊ ၁၀) သူတို့နေထိုင်သောနိုင်ငံများရှိ အစိုးရ၏ လက်အောက်ခံနေကြစဉ် ဤသီအိုကရေစီအဖွဲ့သစ်အဝင် ဖြစ်သူများသည် အမှန်အားဖြင့် ဘုရားသခင့်အုပ်ချုပ်မှုအောက် ရှိကြပါသည်။ (၁ ပေတရု ၂:၁၃၊ ၁၄၊ ၁၇) သီအိုကရေစီအသစ် ဖြစ်ပေါ်လာပြီး၍ များမကြာမီကာလတွင်ပင် ဇာတိပကတိဣသရေလနိုင်ငံ၏ မင်းများသည် တပည့်တော်အချို့အား ယေရှုပေးတော်မူခဲ့သည့် အမိန့်ကိုမလိုက်နာရန် အတင်းအကြပ်ပြုမူကြသည်။ သူတို့ မည်သို့တုံ့ပြန်ကြသနည်း။ “လူထက်ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့သာ၍နာခံရမည်။” (တမန်တော် ၅:၂၉၊ ကဘ) အမှန်တကယ်ပင် သီအိုကရက်တစ်သဘောထားပါတကား!

၁၉။ ပထမရာစု ခရစ်ယာန်အသင်းတော်သည် အဘယ်သဘောမျိုးဖြင့် သီအိုကရေစီဟုခေါ်နိုင်ပါသနည်း။

၁၉ သို့သော် သီအိုကရေစီအသစ်သည် မည်သို့ဆောင်ရွက်ပါသနည်း။ ကြီးမြတ်တော်မူသော သီအိုကရက် ယေဟောဝါဘုရားသခင်ကို ကိုယ်စားပြုသည့်ရှင်ဘုရင်တစ်ပါး၊ ယေရှုခရစ် ရှိတော်မူသည်။ (ကောလောသဲ ၁:၁၃) ထိုရှင်ဘုရင်သည် ကောင်းကင်တွင်ရှိတော်မူ၍ မျက်မြင်မရဖြစ်သော်လည်း ကိုယ်တော့်အုပ်စိုးမှုသည် လက်အောက်ခံများအဖို့ အမှန်တကယ်ဖြစ်၍ ကိုယ်တော်၏မိန့်မှာချက်များသည် သူတို့အသက်တာအပေါ်စိုးမိုးနေပါသည်။ မျက်မြင်ရကြီးကြပ်ကွပ်ကဲမှုအဖြစ် ဝိညာဉ်ရေးဘက် အရည်အချင်းရှိ အသက်ကြီးသူများကို ခန့်အပ်ထားပါသည်။ ယေရုရှလင်မြို့တွင် ဤသို့သောသူများသည် အုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုတော်ထမ်းဆောင်ကြပါသည်။ ယင်းအဖွဲ့ကို ပေါလု၊ တိမောသေ၊ တိတု အစရှိသည့် နယ်လှည့်အကြီးအကဲများက ကိုယ်စားပြုပါသည်။ အသင်းတော်တစ်ခုစီသည်လည်း အသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများအဖွဲ့၏ ကြီးကြပ်မှုအောက် ရှိကြပါသည်။ (တိတု ၁:၅) ခက်ခဲသောပြဿနာတစ်ခုပေါ်လာသည့်အခါ အကြီးအကဲများသည် အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် ပေါလုကဲ့သို့သော ယင်း၏ကိုယ်စားလှယ် တစ်ဦးတစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးပါသည်။ (တမန်တော် ၁၅:၂; ၁ ကောရိန္သု ၇:၁; ၈:၁; ၁၂:၁ နှိုင်းယှဉ်။) ထို့ပြင် အသင်းတော်သားတစ်ဦးစီသည် သီအိုကရေစီကို အသီးအသီးထောက်ခံကြပါသည်။ သူတို့အသီးအသီးသည် မိမိတို့၏ဘဝအသက်တာတွင် ကျမ်းစာဆိုင်ရာမူများကိုကျင့်သုံးကြရန် ယေဟောဝါရှေ့ တာဝန်ရှိသူများဖြစ်ကြပါသည်။—ရောမ ၁၄:၄၊ ၁၂။

၂၀။ တမန်တော်များခေတ်နောက်ပိုင်းတွင် သီအိုကရေစီအကြောင်း ဘာပြောဆိုနိုင်သနည်း။

၂၀ တမန်တော်များကွယ်လွန်ပြီးနောက် အယူဖောက်ပြန်လိမ့်မည်ဟု ပေါလုသတိပေးသည့်အတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ (၂ သက်သာလောနိတ် ၂:၃) အချိန်ကုန်လွန်သည်နှင့်အမျှ ခရစ်ယာန်အမည်ခံသူတို့အရေအတွက်သည် သန်းချီရှိရာမှ သန်းရာချီအထိ တိုးများလာလေသည်။ ဤသူတို့ကလည်း အဆင့်ဆင့်ဖွဲ့စည်းသည့် အကြီးအမှူးအဖွဲ့၊ အသင်းတော်၏ အသက်ကြီးသူလူစု နှင့် အသင်းတော်၏ကိုယ့်မှုရေးကိုယ်စီမံနည်းစနစ်ကျင့်သုံးသည့် အုပ်ချုပ်ရေးအဖွဲ့ အစရှိသည့် ချာ့ချ်အုပ်ချုပ်နည်းအမျိုးမျိုးကို ပြုစုတီထွင်ခဲ့ကြလေသည်။ သို့ရာတွင် ဤချာ့ချ်များ၏အကျင့်သာမက ယင်းတို့၏ယုံကြည်ချက်များပင်လျှင် ယေဟောဝါ၏အုပ်ချုပ်နည်းစနစ်ကို ထင်ဟပ်ဖော်ပြနေခြင်းမရှိပါ။ ယင်းတို့သည် သီအိုကရေစီများ မဟုတ်ကြပေ!

၂၁၊ ၂၂။ (က) နောက်ဆုံးကာလအတွင်း သီအိုကရေစီကို ယေဟောဝါ မည်သို့ ပြန်တည်ရှိစေတော်မူခဲ့ပြီနည်း။ (ခ) သီအိုကရေစီနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို နောက်ထပ်ဖြေဆိုပေးမည်နည်း။

၂၁ ဤအစီအစဉ်စနစ်၏ နောက်ဆုံးကာလအတွင်း အတုအယောင်ခရစ်ယာန်များမှ စစ်မှန်သောခရစ်ယာန်များကို ခွဲခြားလိမ့်မည်ဖြစ်သည်။ (မဿဲ ၁၃:၃၇-၄၃) ယင်းအမှုသည် သီအိုကရေစီသမိုင်းတွင် အချက်အချာနှစ်ဖြစ်သည့် ၁၉၁၉ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပါသည်။ ထိုစဉ်က ဟေရှာယ ၆၆:၈ ပါဂုဏ်ကျက်သရေရှိ ပရောဖက်ပြုချက် ပြည့်စုံခဲ့သည်– “ထိုသို့သောအမှုတို့ကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ချင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တစ်ပြိုင်နက်ဖွားတတ်သလော။” ယင်းမေးခွန်းများ၏အဖြေမှာ ဖွားတတ်သည်ဟု ပဲ့တင်ထပ်နေသည်တကား! ၁၉၁၉ ခုနှစ်တွင် ခရစ်ယာန်အသင်းတော်သည် သီးခြား “လူမျိုးတစ်မျိုး” အနေနှင့် တစ်ဖန်တည်ရှိလာပါသည်။ သီအိုကရက်တစ် “တိုင်းနိုင်ငံ” သည် တစ်နေ့ချင်းတွင် ဖွားဘိသကဲ့သို့ အမှန်တည်ရှိလာသည်! နောက်ဆုံးကာလ ကုန်လွန်လာလေ ပထမရာစုတွင်ရှိသော အဖွဲ့အစည်းနှင့် အကိုက်ညီနိုင်ဆုံးဖြစ်စေရန် ဤလူမျိုးအသစ်၏ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲပေးကြပါသည်။ (ဟေရှာယ ၆၀:၁၇) သို့သော် ယင်းသည် သီအိုကရေစီအတိုင်း အမြဲဖြစ်ခဲ့သည်။ အကျင့်အကြံနှင့်အယူဝါဒအရ မြင့်မြတ်သော မှုတ်သွင်းခံကျမ်းစာစောင်များပါ ပညတ်ဥပဒေနှင့် မူဝါဒကို အမြဲထင်ဟပ်ပြသပါသည်။ နန်းစံဘုရင်ယေရှုခရစ်၏ လက်အောက်ခံလည်း အမြဲဖြစ်ခဲ့သည်။—ဆာလံ ၄၅:၁၇; ၇၂:၁၊ ၂။

၂၂ ဤသီအိုကရေစီနှင့် အသင်ပူးပေါင်းဆောင်ရွက်နေပါသလော။ ယင်း၌ အခွင့်အရေးတစ်မျိုးတစ်မည်ကို သင်ထမ်းဆောင်နေရပါသလော။ သို့ဖြစ်လျှင် သီအိုကရက်တစ်နည်းဆန်ဆန် ကျင့်ကြံခြင်း၏အဓိပ္ပာယ်ကို သင်သိရှိနားလည်ပါသလော။ အဘယ်ကျော့ကွင်းများကို ရှောင်ကြဉ်ရမည်အကြောင်း သင်သိရှိပါသလော။ နောက်ဆက်တွဲဆောင်းပါးတွင် နောက်ဆုံးမေးခွန်းနှစ်ခုကို ဆွေးနွေးတင်ပြပါလိမ့်မည်။

သင်ရှင်းပြနိုင်သလော

◻ သီအိုကရေစီကား အဘယ်နည်း။

◻ ဣသရေလနိုင်ငံသည် အဘယ်နည်းဖြင့် သီအိုကရေစီ ဖြစ်သနည်း။

◻ ဣသရေလနိုင်ငံသည် သီအိုကရေစီဖြစ်ကြောင်းကို ရှင်ဘုရင်များ သတိရနိုင်ကြရန် ယေဟောဝါသည် အဘယ်အစီအစဉ်ကို ပြုလုပ်ထားတော်မူသနည်း။

◻ ခရစ်ယာန်အသင်းတော်သည် အဘယ်နည်းဖြင့် သီအိုကရေစီဖြစ်သနည်း။ ယင်းကို မည်သို့ဖွဲ့စည်းခဲ့သနည်း။

◻ ကျွန်ုပ်တို့ခေတ်တွင် အဘယ်သီအိုကရက်တစ်အဖွဲ့အစည်းကို တည်ထောင်ထားပြီနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ပုန္တိပိလတ်ရှေ့၊ ဂျူးအုပ်စိုးရှင်များသည် သီအိုကရက်တစ်နည်းအရ ယေဟောဝါခန့်အပ်ထားတော်မူသော ရှင်ဘုရင်အစား ကဲသာကို အသိအမှတ်ပြုခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ