ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁၅ စာ. ၂၆-၂၈
  • ဝီလျံဝှစ်စတန်—တိတ္ထိလော၊ ရိုးဖြောင့်သောပညာရှင်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝီလျံဝှစ်စတန်—တိတ္ထိလော၊ ရိုးဖြောင့်သောပညာရှင်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာပညာရှင်
  • ကွဲပြားခြားနားသောဥပဓိရုပ်များ
  • ဝိုင်းပယ်ခံရခြင်း
  • အဆုံးတိုင်အောင်အငြင်းပွားခြင်း
  • ဝီလျံ ဝှစ်တန်
    နိုးလော့!—၂၀၁၄
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • ကမ္ဘာမြေပေါ်ထာဝရအသက် —ပြန်လည်ဖော်ထုတ်ခဲ့သောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁၅ စာ. ၂၆-၂၈

ဝီလျံဝှစ်စတန်—တိတ္ထိလော၊ ရိုးဖြောင့်သောပညာရှင်လော

သင့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို သင့်ယုံကြည်ချက်အတွက် စွန့်လွှတ်မည်လော။ ဝီလျံဝှစ်စတန်က ထိုအတိုင်းပြုခဲ့ပါသည်။

သမ္မာကျမ်းစာသွန်သင်ချက်များအပေါ် အင်္ဂလီကန်အသင်းနှင့် သဘောထားကွဲလွဲရာမှ သူသည် ၁၈ ရာစုစောစောပိုင်း ဘာသာရေးအငြင်းပွားမှုများတွင် အဓိကပေါ်လွင်သူတစ်ဦးဖြစ်လာခဲ့သည်။ ရလဒ်အနေနှင့် နောက်ဆုံးတွင် သူသည် တိတ္ထိအဖြစ် သတ်မှတ်ခြင်းခံခဲ့ရလေသည်။ သူလိုက်ခဲ့သောလမ်းစဉ်ကြောင့် အများကပြောင်လှောင်သရော်ကြသော်လည်း ကြည်ညိုလေးစားသူများလည်းရှိ၏။

ဝီလျံဝှစ်စတန်ကားမည်သူနည်း။ သူသည် အဘယ်အမှုများကို ဆောင်ရွက်ပြီးမြောက်စေခဲ့သနည်း။

သမ္မာကျမ်းစာပညာရှင်

ဝီလျံဝှစ်စတန်မှာ ဆာအိုက်ဇက်နယူတန်၏ ထူးချွန်ပြောင်မြောက်သော ကင်းဘရစ်တက္ကသိုလ်လုပ်ဖော်ကိုင်ဖက်ပင်ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ပထမရာစုဂျူးသမိုင်းဆရာ ဖလေးဗီးယပ်ဂျိုစီဖတ်စ်၏ရေးသားချက်များကို လှန်လှောသုံးသပ်ပါက သင်သည် ၁၇၃၆ ခုနှစ်က ဝီလျံဝှစ်စတန်၏ဘာသာပြန်ကိုဖတ်ရှုနေရန် အကြောင်းများပေသည်။ အခြားဘာသာပြန်များရှိသော်လည်း သူ၏မှတ်ချက်နှင့်စာတမ်းများပါလျက် ပညာရှင်လက်ရာပီသလှသော သူ၏ဘာသာပြန်မှာ ထူးခြားသာလွန်ပြီး ယနေ့တိုင်ပုံနှိပ်ထုတ်ဝေဆဲဖြစ်ပေသည်။ ဤပြုစုချက်သည် ဝှစ်စတန်၏စွမ်းဆောင်အောင်မြင်မှုအပေါင်းတွင် သရဖူဆောင်းသောစွမ်းဆောင်ချက်အဖြစ် အများကမှတ်ယူကြပေသည်။

သို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့လျစ်လျူမရှုရမည်မှာ ခေတ်ဦးဓမ္မသစ်ကျမ်း ခေါ် ဝှစ်စတန်၏ ခရစ်ယာန်ဂရိကျမ်းစာများဘာသာပြန်ပင်ဖြစ်သည်။ ယင်းကို သူ၏အသက် ၇၈ နှစ်မြောက်ဖြစ်သော ၁၇၄၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဝှစ်စတန်သည် ခရစ်ဝင်ကျမ်းလေးစောင်နှင့် တမန်တော်ဝတ္ထုတို့ကို ဘဇေး ရှေးလက်ရေးစာမူမှပြန်ဆိုပြီး ပေါလု၏သြဝါဒစာများကို ကလားမွန့် ရှေးလက်ရေးစာမူမှ ပြန်ဆိုခဲ့ခြင်းဖြစ်ပေသည်။ ဗျာဒိတ်ကျမ်းအပါအဝင် ကျန်အပိုင်းများကိုကား အလက်ဇန်ဒရင်း လက်ရေးစာမူမှ ပြန်ဆိုခဲ့ပေသည်။ သူသည် ကျမ်းဂန်မစစ်သော ၁ ယောဟန် ၅:၇ ကို မထည့်သွင်းဘဲ သေသေချာချာချန်လှပ်ထားခဲ့လေသည်။ ဝှစ်စတန်သည် ဂရိဘာသာဖြင့်ရေးထားသော အဆိုပါရှေးဟောင်းလက်ရေးစာမူသုံးခုကို သူ၏ခေတ်တွင်ရရှိနိုင်သော အကောင်းဆုံးပင်ရင်းစာမူများအဖြစ် ရွေးချယ်ခဲ့သည်။

ဝှစ်စတန်၏လုပ်ဆောင်ချက်အတွက် အဓိကတွန်းအားမှာ သမ္မာကျမ်းစာကိုချစ်မြတ်နိုးခြင်းဖြစ်သည်။ ဆင်ခြင်ဉာဏ်သည် ဘုရားသခင်ကိုယုံကြည်ရန် လုံလောက်သောအခြေခံအကြောင်းဖြစ်သည်ဟု သင်ကြားသောဒေးအစ်ဇင်း (မ်) ဝါဒသည် ထိုစဉ်ကခေတ်စားခဲ့သည်။ ဝီလျံဝှစ်စတန်—အောနက်စ် (ထ်) နယူတန်နီယန် ဟူသောစာအုပ်၏အဆိုအရ “ရှေးဟောင်းသမိုင်းလေ့လာမှုအတွက် သမ္မာကျမ်းစာသည် တစ်ခုတည်းသောမမှားနိုင်သည့် အရင်းအမြစ်ဖြစ်သည်ဟူသည့် အစဉ်အလာရှုမြင်သုံးသပ်ချက်ကို” သူသည် အခိုင်အမာစွဲကိုင်ခဲ့ကြောင်း သိရသည်။ ဤတွင် နယူတန်နီယန်ဟူသောဝေါဟာရမှာ စကြဝဠာဒြပ်ဆွဲအားဆိုင်ရာနိယာမကို ဖော်ထုတ်ရှင်းပြသော ပရင်စီပီယာ ဟု အတိုကောက်ဖြင့်ခေါ်သည့် သဘောတရားကြောင့် ကျော်ကြားလူသိများသော ဆာအိုက်ဇက်နယူတန်အား ရည်ညွှန်းခြင်းဖြစ်သည်။ နယူတန်၏အတွေးအခေါ်က ဝီလျံဝှစ်စတန်အပေါ် နက်ရှိုင်းစွာသြဇာလွှမ်းမိုးခဲ့လေသည်။ မည်သို့အားဖြင့်နည်း။

ကွဲပြားခြားနားသောဥပဓိရုပ်များ

ဝီလျံဝှစ်စတန်သည် အင်္ဂလီကန်အသင်းဓမ္မဆရာတစ်ဦး၏သားဖြစ်ပြီး ၁၆၆၇ ခုနှစ်တွင်မွေးဖွားသည်။ အင်္ဂလီကန်အသင်းဓမ္မဆရာအဖြစ် ခန့်အပ်ခံပြီးနောက် ၁၆၉၃ ခုနှစ်တွင် သင်္ချာပညာကိုဆက်လက်ဆည်းပူးရန်နှင့် နယူတန်၏လက်ထောက်အဖြစ်ဆောင်ရွက်ရန် ကင်းဘရစ်တက္ကသိုလ်သို့ပြန်လာခဲ့လေသည်။ ၎င်းတို့နှစ်ဦးကြားတွင် ခင်မင်မှုသံယောဇဉ်ကြီးထွားလာခဲ့သည်။ သုံးနှစ်ခန့်အကြာတွင် နယူတန်သည် မိမိ၏ လူကေးဇန်းသင်္ချာပါမောက္ခရာထူးကို စွန့်လွှတ်သောအခါ သူ၏ကိုယ်စား ဝှစ်စတန်အားခန့်အပ်ဖြစ်ရန် စီစဉ်ခဲ့သည်။ မိမိ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုဆောင်ရွက်လျက် ဝှစ်စတန်သည် နက္ခတ္တနှင့်သင်္ချာပညာရပ်များကို ဟောပြောပို့ချလေသည်။ သို့သော် နယူတန်၏သြဇာလွှမ်းမိုးမှုက သမ္မာကျမ်းစာအယူဝါဒနှင့် သမ္မာကျမ်းစာဆိုင်ရာ သက္ကရာဇ်နေ့စွဲသတ်မှတ်ခြင်းပညာရပ်များတွင် နက်ရှိုင်းစွာစိတ်ဝင်စားရန် သူ့အားစေ့ဆော်ခဲ့သည်။

နယူတန်သည် ဘာသာရေးသမားတစ်ဦးဖြစ်သည်။ သမ္မကျမ်းစာဆိုင်ရာအနှစ်တစ်ထောင်အကြောင်း အလေးအနက်စိတ်ဝင်စားသူပီပီ သူသည် ဒံယေလကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့မှ အနာဂတ်ဟောပြောချက်များအကြောင်း အများအပြားရေးသားခဲ့လေသည်။ သို့သော် ယင်းတို့အနက်တစ်ခုတစ်လေမျှ သူ၏တစ်သက်တာတွင် ပုံနှိပ်ထုတ်ဝေခြင်းမရှိသလောက်ပင်။ သူသည် သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ငြင်းပယ်ခဲ့သည်။ သို့ရာတွင် “သူ၏သုံးပါးပေါင်းဘုရားတစ်ဆူဆန့်ကျင်ရေးအမြင် ပေါက်ကြားသွားမည်ကိုကြောက်သဖြင့် ယင်းအယူဝါဒမှားကြောင်းပြဆိုသည့် သူ၏အထောက်အထားများကို ထုတ်ဝေရန်နောက်ဆုတ်ခဲ့သည်” ဟု ဗြိတိန်စွယ်စုံကျမ်းသစ်ကဆိုသည်။ အိုင်ဇက် နယူတန်၊ ဟစ်တိုးရီးယန်းစာအုပ်တွင် အက်ဖ်. အီး. မနူယယ်လ်က ဤသို့ရေးသည်– “နယူတန်အုပ်စုသည် မိမိတို့၏သဘောထားအမြင်များကို လျှို့ဝှက်ထား သို့မဟုတ် မိမိတို့၏စိတ်ထက်သန်မှုကို သိုသိုသိပ်သိပ်ချုပ်ထိန်းကြသည်။ နယူတန်သည် လျှို့ဝှက်သိုသိပ်သူဖြစ်ပြီး ဝှစ်စတန်ကား ပွင့်လင်းသူဖြစ်သည်။” ဤသို့ဖြင့် ၎င်းတို့၌ ကွဲပြားခြားနားသောဥပဓိရုပ်များ ရှိကြလေသည်။

ဝိုင်းပယ်ခံရခြင်း

၁၇၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဝှစ်စတန်သည် ကင့်တာဗျူရီနှင့်ယောက် ဂိုဏ်းချုပ်တို့ထံစာရေးကာ အာသန်နေဆီယန်အယူဝါဒပါ သုံးပါးပေါင်းဘုရားတစ်ဆူအယူဝါဒ၏ မှားယွင်းသောသွန်သင်ချက်များကို ထောက်ရှုလျက် အင်္ဂလီကန်အသင်းကိုပြန်လည်ပြုပြင်ရန် တိုက်တွန်းသည်။ အထူးပြောစရာမလိုသည်မှာ သူသည် သတိထားရန်ဆုံးမခံရခြင်းပင်ဖြစ်သည်။ သို့ဖြစ်သည့်တိုင် ဝှစ်စတန်က အလျှော့မပေး။ “ဒီအချက်အလက်တွေကို ကျုပ်အောက်ခြေသိမ်းလေ့လာဆန်းစစ်ပြီးပြီ။ ဒီကိစ္စမှာ ခရစ်ယာန်ဘာသာတစ်ခုလုံးဟာ ကြာမြင့်နက်ရှိုင်းစွာလှည့်စားခံလာခဲ့တယ်ဆိုတာ ကျုပ်သံသယလုံးဝကင်းရှင်းပြီး ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကြောင့် တကယ်လို့ကျုပ်အနေနဲ့လုပ်ပိုင်ခွင့်သာရှိမယ်ဆိုရင် ခရစ်ယာန်အသင်းတော်ကို နောက်ထပ်ဘယ်တော့မှ လှည့်စားခြင်းမခံစေရတော့ဘူး” ဟုသူကဆိုပေသည်။

နယူတန်သည် မိမိ၏ လူမှုရေးနှင့်တက္ကသိုလ်ရေးရာ ဂုဏ်အဆင့်အတန်းအတွက် စိုးရိမ်သည်။ ဝှစ်စတန်က ဘာမျှမစိုးရိမ်ပေ။ မိမိ၏ သုံးပါးပေါင်းဘုရားတစ်ဆူဆန့်ကျင်ရေးယုံကြည်ချက်များကို ပီပြင်အောင်ရုပ်လုံးဖော်ပြီးဖြစ်သည့်အတိုင်း ဝှစ်စတန်သည် မိမိ၏အမြင်များကိုတင်ပြထားသည့် စာတမ်းငယ်တစ်ခုကို ရေးသားလိုက်လေသည်။ သို့ရာတွင် ယင်းသည် အများကလက်ခံသော အစဉ်အလာယုံကြည်ချက်နှင့်ဆန့်ကျင်သည်ဟု ယူဆခံရသဖြင့် ၁၇၀၈ ခုနှစ်၊ ဩဂုတ်လတွင် ဝှစ်စတန်အား ပုံနှိပ်ခွင့်လိုင်စင်ထုတ်ပေးရန် ကင်းဘရစ်တက္ကသိုလ်မှ ငြင်းဆိုခဲ့လေသည်။

၁၇၁၀ ပြည့်နှစ်တွင် အင်္ဂလီကန်အသင်း၏ယုံကြည်ချက်နှင့် ဆန့်ကျင်သောအယူဝါဒကို သင်ပေးမှုဖြင့် ဝှစ်စတန်စွဲချက်တင်ခံရသည်။ အပြစ်ထင်ရှားသဖြင့် သူ၏ပါမောက္ခရာထူးနှုတ်သိမ်းခံရပြီး ကင်းဘရစ်တက္ကသိုလ်မှ နှင်ထုတ်ခြင်းခံရလေသည်။ သို့သော် နောက်ထပ်ငါးနှစ်နီးပါးမျှ ဆက်လက်အရေးယူစွဲချက်တင်ခံရသော်လည်း ဝှစ်စတန်သည် တိတ္ထိအဖြစ် ပြစ်ဒဏ်စီရင်ခြင်းကိုကား ဘယ်တော့မျှမခံခဲ့ရပေ။

မိမိ၏ သုံးပါးပေါင်းဘုရားတစ်ဆူဆန့်ကျင်ရေးအမြင်သည် ဝှစ်စတန်နှင့်တူညီသော်လည်း နယူတန်သည် မိမိ၏မိတ်ဆွေအတွက် ထောက်ခံပြောဆိုပေးခြင်းမပြုခဲ့ချေ။ နောက်ဆုံးတွင် အပေါင်းအသင်းလည်းမလုပ်တော့ဘဲ အဆက်ဖြတ်ခဲ့သည်။ သုံးပါးပေါင်းဘုရားတစ်ဆူအယူဝါဒကို လှစ်ဟပြသော သမ္မာကျမ်းစာဆိုင်ရာ နယူတန်၏လေ့လာချက်များကို သူကွယ်လွန်ပြီး ၂၇ နှစ်အကြာ ၁၇၅၄ ခုနှစ်တွင် ထုတ်ဝေကြသည်။ သို့သော် ထိုအချိန်မတိုင်မီနှစ်နှစ်တွင် ကွယ်လွန်ခဲ့သောဝှစ်စတန်အတွက် အကူအညီဖြစ်ရန် အခါနှောင်းသွားလေပြီ။

နယူတန်သည် ဝှစ်စတန်အား လန်ဒန်တော်ဝင်အသင်းကြီးတွင်မပါဝင်အောင် တားဆီးပိတ်ပင်ရာ၌လည်း တာဝန်မကင်းဟုယူဆကြသည်။ သို့သော် ဝှစ်စတန်စိတ်ဓာတ်မကျပေ။ မိသားစုနှင့်အတူ လန်ဒန်သို့ပြောင်းရွှေ့ကာ ရှေးဦးခရစ်ယာန်သာသနာမြှင့်တင်ရေးအသင်းကို တည်ထောင်သည်။ သူ၏စွမ်းအားရှိသမျှကို စာရေးရန်အတွက်အသုံးချသည်။ သူ၏ အရေးပါအရာရောက်ဆုံးသော ရေးသားပြုစုချက်မှာ ရှေးဦးခရစ်ယာန်သာသနာပြန်လည်ရှင်သန်ခြင်းဟု အမည်ပေးထားသည့် အတွဲလေးတွဲပါသောစာအုပ်ဖြစ်သည်။

အဆုံးတိုင်အောင်အငြင်းပွားခြင်း

သိပ္ပံပညာရှင်တစ်ဦးအနေနှင့် ဝှစ်စတန်သည် ပင်လယ်ရေကြောင်းသွားလာသူများအတွက် ပင်လယ်ရေပြင်တွင် လောင်ဂျီတွဒ်မျဉ်းသတ်မှတ်ရန် နည်းမျိုးစုံဖြင့်လုပ်ဆောင်ခဲ့သည်။ သူ၏အယူအဆများ အသုံးပြုခြင်းမခံခဲ့ရလင့်ကစား သူ၏မလျှော့သောဇွဲလုံ့လကြောင့် နောက်ဆုံးတွင် ပင်လယ်ရေကြောင်းသုံးနာရီပေါ်ပေါက်လာခဲ့သည်။ သူ၏ခေတ်ပြိုင်ပုဂ္ဂိုလ်ကြီးများကဲ့သို့ပင် သမ္မာကျမ်းစာအနာဂတ္တိဟောချက်ဆိုင်ရာ ဝှစ်စတန်၏သုံးသပ်ချက်များစွာတို့သည် လွဲမှားခဲ့သည့်တိုင်အောင် သူသည် အမှန်တရားကိုရှာဖွေရာ၌ လက်လှမ်းမီသမျှနှံ့စပ်အောင် လေ့လာခဲ့သည်။ ကြယ်တံခွန်များ၏ပတ်လမ်းကြောင်းဆိုင်ရာ စာတမ်းများနှင့် နောဧခေတ်ရေလွှမ်းမိုးခြင်း၏ အကျိုးသက်ရောက်မှုဆိုင်ရာ သူ၏ဖြစ်နိုင်ခြေတင်ပြချက်များသည် သိပ္ပံနှင့်သမ္မာကျမ်းစာအမှန်တရားများ ကာကွယ်ရန် သူရေးခဲ့သည့်စာတမ်းများစွာအနက် အပါအဝင်ဖြစ်ကြသည်။ သို့သော် သူ၏အခြားသောရေးသားချက်များထက် သာလွန်ထူးကဲသည်မှာ သုံးပါးပေါင်းဘုရားတစ်ဆူအယူဝါဒ ကျမ်းစာနှင့်မညီညွတ်ကြောင်း လှစ်ဟပြသည့်ရေးသားချက်များပင် ဖြစ်ပေသည်။

ပုံစံမပြောင်းလဲသောဝှစ်စတန်သည် ၁၇၄၇ ခုနှစ်တွင် အင်္ဂလီကန်အသင်းမှနုတ်ထွက်လေသည်။ ဓမ္မဆရာတစ်ဦးက အာသန်နေဆီယန်အယူဝါဒကို စတင်ဖတ်ကြားသည်နှင့် သူသည်ဘုရားရှိခိုးကျောင်းမှ ထွက်ခွာသွားခဲ့ရာတင်စားချက်သဘောအရရော၊ ပကတိသဘောအရပါ သူထွက်သွားခဲ့ခြင်းဖြစ်သည်။ ဘာသာရေးစွယ်စုံကျမ်းတစ်ခုက ဝှစ်စတန်အကြောင်းဤသို့ဆိုသည်– “သူ၏ရဲရင့်ပွင့်လင်း၍ အရှိကိုအရှိအတိုင်းပြောဆိုပြုမူတတ်သော ပင်ကိုယ်စရိုက်၊ တည်ငြိမ်သောဘဝ၊ ရိုးသားဖြောင့်မတ်သောအကျင့်အကြံတို့ကို ချီးမွမ်းရမည်သာဖြစ်ပေသည်။”

ဝီလျံဝှစ်စတန်အဖို့ အမှန်တရားဆိုသည်မှာ အလျှော့ပေးလိုက်လျောနိုင်သောအရာမဟုတ်ပေ။ ကိုယ်ပိုင်ခံယူချက်သည်လည်း အများ၏ချီးကျူးသြဘာပေးခံရခြင်းထက် ပို၍မွန်မြတ်ပေသေးသည်။ အငြင်းအခုံပြုတတ်သူတစ်ဦးဖြစ်လင့်ကစား ဝှစ်စတန်သည် သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပါဌ်တော်အဖြစ် မကြောက်မရွံ့ခုခံပေးခဲ့သည့် ရိုးဖြောင့်သောပညာရှင်တစ်ဦးပင်ဖြစ်တော့သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

[Picture Credit Line on page 26]

Copyright British Museum

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ