ယေဟောဝါအားဝတ်ပြုရန် သူမအသက်မကြီးလွန်းပါ
အသက်ကြီးသူများစွာတို့က မိမိတို့၏ကျန်ရှိသည့်အသက်တာသည် ပျော်ရွှင်စရာမျှော်လင့်ချက် အနည်းငယ်သာရှိတော့သည်ဟု ယူမှတ်ကြသည်။ အသက်ကြီးပြီဖြစ်သော နာမည်ကျော်ရုပ်ရှင်မင်းသမီးကပင် ဤသို့ပြောခဲ့သည်– “ကျွန်မရဲ့ဘဝကို ကျွန်မရှုပ်ထွေးညစ်ပေစေခဲ့တယ်။ ပြောင်းလဲဖို့ အရမ်းနောက်ကျသွားပြီ . . . ကျွန်မတစ်ယောက်ထဲ လမ်းလျှောက်ထွက်တဲ့အခါ ဘဝနောက်ကြောင်းကို ပြန်စဉ်းစားမိပြီး ကျွန်မလုပ်ခဲ့တာတွေကြောင့် မပျော်ရွှင်ဘူး။ . . . ဘယ်နေရာပဲရောက်ရောက် ဂနာမငြိမ်နဲ့ အတည်တကျကိုမဖြစ်နိုင်ဘူး။”
လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က အသက်ရှင်ခဲ့သည့် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ထိုပြဿနာမျိုးမရှိခဲ့ချေ။ သူမသည် အသက် ၈၄ နှစ်ရှိမုဆိုးမဖြစ်သော်လည်း တက်ကြွသူ၊ ပျော်ရွှင်သူဖြစ်ပြီး အံ့ဖွယ်ကောင်းလောက်အောင် ဘုရားသခင့်မျက်နှာသာတော်ကို ခံစားရသူဖြစ်သည်။ သူမ၏အမည်မှာ အန္နဖြစ်ပြီး သူမရွှင်လန်းရသည့် အထူးအကြောင်းရင်းတစ်ခုရှိသည်။ ယင်းကား အဘယ်နည်း။
“ဗိမာန်တော်နှင့်မခွာဘဲနေ”
“အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏” ဟုဆိုပြီး ခရစ်ဝင်ကျမ်းရေးသူလုကာက အန္နနှင့်ကျွန်ုပ်တို့အား မိတ်ဆက်ပေးသည်။ ပရောဖက်မတစ်ဦးအနေနှင့် သူမသည် ဘုရားသခင်ထံမှ သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသည့်စွမ်းအားကို အထူးသဘောဖြင့် ရရှိထားသည်။ မှတ်သားဖွယ်အဖြစ်အပျက်တစ်ခုနှင့် ပတ်သက်၍လည်း ပရောဖက်ပြုရန် ထူးမြတ်သည့်အခွင့်အရေးကို အန္နရရှိထားသည်။
“သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာ လင်နှင့်နေပြီးလျှင် အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှတိုင်တိုင် မုဆိုးမဖြစ်” သည်ဟု လုကာပြန်ပြောပြသည်။ (လုကာ ၂:၃၆၊ ၃၇) အန္နသည် အတော်အတန်ငယ်သေးစဉ်ကတည်းက မုဆိုးမဖြစ်ခဲ့ဖွယ်ရှိသည်။ ချစ်မြတ်နိုးရသည့်ခင်ပွန်းကို သေခြင်းဖြင့်ဆုံးရှုံးရခြင်းသည် မည်မျှယူကျုံးမရဖွယ်ဖြစ်ကြောင်း မည်သည့်အသက်အရွယ်ရှိသည့် ခရစ်ယာန်မုဆိုးမမဆို သိကြသည်။ သို့သော် ကျွန်ုပ်တို့ခေတ်ရှိ ဘုရားရေးရာထက်သန်သည့် အမျိုးသမီးများနည်းတူ ဤဝမ်းနည်းဖွယ်တွေ့ကြုံမှုက ဘုရားသခင်အားဝတ်ပြုခြင်းကို ဟန့်တားရန် သူမခွင့်မပေးပါ။
အန္နသည် ယေရုရှလင်မြို့ရှိ “ဗိမာန်တော်နှင့် မခွာဘဲနေ၏” ဟု လုကာက ကျွန်ုပ်တို့ကိုပြောပြသည်။ (လုကာ ၂:၃၇) ဘုရားသခင်၏အိမ်တော်တွင် အမှုဆောင်ခြင်းကြောင့် ခံစားရသည့်ကောင်းချီးကို သူမလှိုက်လှိုက်လှဲလှဲလေးမြတ်တန်ဖိုးထားခဲ့သည်။ ဣသရေလတို့၏ ဆာလံဆရာဘုရင်ဒါဝိဒ်ကဲ့သို့ ယေဟောဝါအား တောင်းလျှောက်စရာ တစ်ခုတည်းသာရှိကြောင်း သူမ၏လုပ်ရပ်များက တင်ပြသည်။ ယင်းကား အဘယ်နည်း။ ဒါဝိဒ်ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရား၏ တင့်တယ်ခြင်းအသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှာ ထာဝရဘုရား၏အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။” (ဆာလံ ၂၇:၄) ဤကိစ္စတွင်လည်း အန္နသည် ယေဟောဝါအားဝတ်ပြုရာနေရာတွင် မှန်မှန်ရှိနေခြင်းကို မွေ့လျော်သော ယခုခေတ်ခရစ်ယာန်အမျိုးသမီးများနှင့် တူသည်။
အန္နသည် ယေဟောဝါအား နေ့ညမပြတ်အထွတ်အမြတ်ဝတ်ကိုပြုခဲ့သည်။ ယင်းကို စိတ်အားထက်သန်စွာ လိုလားတောင့်တခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတို့ကို ဖော်ပြသည့် “ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်း” အားဖြင့် သူမတင်ပြသည်။ (လုကာ ၂:၃၇) ဂျူးလူမျိုးတို့သည် နှစ်ရာစုများစွာ တစ်ပါးအမျိုးသားများ၏ဩဇာအောက် လက်အောက်ခံရခြင်းနှင့်အတူ ဗိမာန်တော်နှင့် ယင်း၏ယဇ်ပုရောဟိတ်အစီအစဉ်များထိတိုင် သက်ရောက်လာသော ဘာသာတရားယိုယွင်းကျဆင်းမှုတို့က ယေဟောဝါထံ အန္နဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ကို ပြုရသည့်အကြောင်းရင်း ကောင်းစွာဖြစ်နိုင်သည်။ သို့သော် သူမပျော်ရွှင်ရသည့်အကြောင်းလည်း ရှိပေသည်။ အထူးသဖြင့် ဘီ.စီ.အီး. ၂ ခုနှစ်အတွင်း အမှန်ပင်ထူးခြားသည့်နေ့တစ်နေ့တွင် ဖြစ်ပျက်သည့် သာလွန်ထူးကဲသော အရာတစ်ခုကြောင့်ဖြစ်သည်။
မမျှော်လင့်သည့်ကောင်းချီးတစ်ခု
အလွန်ထူးခြားမှတ်သားဖွယ်ကောင်းသည့် ဤနေ့ရက်တွင် သူငယ်ယေရှုအား မယ်တော်မာရိနှင့် သူ့မွေးစားဖခင်ယောသပ်တို့က သူ့ကို ယေရုရှလင်ဗိမာန်တော်သို့ ခေါ်ဆောင်လာသည်။ အသက်ကြီးသူရှိမောင်သည် သူငယ်ကိုမြင်ပြီးလျှင် ထိုအချိန်နှင့်ပတ်သက်သည့် ပရောဖက်ပြုစကားများကို ပြောသည်။ (လုကာ ၂:၂၅-၃၅) အန္နသည် ခါတိုင်းကဲ့သို့ ဗိမာန်တော်တွင်ရှိနေသည်။ “သူသည်လည်း ထိုခဏချင်းတွင် ဝင်” လာသည်ဟု လုကာက ပြန်ပြောင်းပြောပြသည်။ (လုကာ ၂:၃၈) အနာဂတ်မေရှိယကို အိုမင်းမစွမ်းသည့်မျက်စိဖြင့် ရှုမြင်ရခြင်းအတွက် အန္နမည်မျှ စိတ်လှုပ်ရှားတက်ကြွလိုက်မည်ဖြစ်ခြင်း!
ယင်းမတိုင်မီ အရက်လေးဆယ်က ဘုရားသခင်၏ကောင်းကင်တမန်က ဗက်လင်မြို့အနီးရှိသိုးထိန်းများအား ဤစကားများဖြင့် ထိတ်လန့်အံ့သြစေခဲ့သည်– “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” အတိုင်းမသိများစွာသော ကောင်းကင်ဗိုလ်ခြေတို့က ယေဟောဝါအားချီးမွမ်းကြပြီး ဤသို့ဆက်ပြောကြသည်– “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။” (လုကာ ၂:၈-၁၄) ထို့အတူ ယခု အန္နသည် မေရှိယဖြစ်လာမည့်သူနှင့်ပတ်သက်၍ သက်သေခံရန် လှုံ့ဆော်ခံရပါသည်တကား!
သူငယ်ယေရှုကိုကြည့်ပြီး အန္နသည် “ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။” (လုကာ ၂:၃၈) အသက်ကြီးသူရှိမောင်နည်းတူ ဗိမာန်တော်တွင် သူငယ်ယေရှုကို တွေ့မြင်ရသည့်အခွင့်ထူးကို သူမလည်းရခဲ့ကာ သူမသည် ကယ်တင်ရှင်အားတမ်းတနေခြင်း၊ ဆုတောင်းနေခြင်းနှင့် စောင့်မျှော်နေမည်မှာမလွဲပေ။ ယေရှုသည် ထိုပုဂ္ဂိုလ်ပင်ဖြစ်သည်ဟူသည့် သတင်းကောင်းသည် သူများကိုမပြောဘဲမနေနိုင်အောင် ကောင်းလှသည်။
ယေရှုကြီးပြင်းလာသည့်အခါအထိ မိမိအသက်ရှင်နေဦးမည်ဟု အန္နမမျှော်လင့်နိုင်သော်လည်း သူမဘာလုပ်သနည်း။ ဤရောက်ရှိလာသည့်မေရှိယမှတစ်ဆင့် အကျိုးသက်ရောက်လာမည့် ကယ်တင်ခြင်းအကြောင်းကို အခြားသူများအား သူမရွှင်လန်းစွာသက်သေခံသည်။
အန္န၏ကောင်းသောပုံသက်သေ
လောကရှိ ဘာသာရေးကိုင်းရှိုင်းသူမည်မျှတို့သည် ယင်းကဲ့သို့သက်သေခံခြင်း သို့မဟုတ် အသက် ၈၄ နှစ်အရွယ်တွင် နေ့ညမပြတ် ဘုရားဝတ်ပြုလျက်ရှိကြသနည်း။ စောစောပိုင်းနှစ်များထဲက သူတို့သည် အငြိမ်းစားလစာတောင်းကြဖွယ်ရှိသည်။ အန္နနှင့်ရှိမောင်တို့မူ ထိုသို့မဟုတ်။ ယေဟောဝါ၏ အသက်ကြီးသူကျေးကျွန်အားလုံးတို့အတွက် ပုံသက်သေကောင်းကို သူတို့ချမှတ်ခဲ့ကြသည်။ အမှန်ပင်၊ ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်ကို သူတို့ချစ်မြတ်နိုးပြီး ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချီးမွမ်းခဲ့ကြသည်။
အန္နကိစ္စတွင် ဘုရားရေးရာဆန်သည့်မုဆိုးမ၏ အထူးကောင်းမွန်သောပုံသက်သေတစ်ခုကို ကျွန်ုပ်တို့ရရှိသည်။ အမှန်အားဖြင့် နှိမ့်ချမှုရှိသော ဤသက်ကြီးရွယ်အိုအမျိုးသမီးအကြောင်း လုကာ၏ရှင်းလင်းဖော်ပြချက်သည် ၁ တိမောသေ ၅:၃-၁၆ တွင် ဖော်ပြထားသော ထိုက်တန်သည့်မုဆိုးမတစ်ဦး၏ အရည်အချင်းများနှင့် ကောင်းစွာကိုက်ညီသည်။ ထိုသို့သောမုဆိုးမသည် “ဘုရားသခင်ကိုကိုးစား၍ ဆုတောင်းပတ္ထနာပြုခြင်း၌ နေ့ညဉ့်မပြတ်တည်” သူ၊ “လင်တစ်ယောက်တည်းရှိဖူးသောသူ” နှင့် ‘ကောင်းသောအလုပ်အားလုံးကို လုံ့လစိုက်ထုတ်လုပ်ဆောင်သူ’ ဖြစ်သည်ဟု တမန်တော်ပေါလုပြောခဲ့သည်။ အန္နသည် ထိုကဲ့သို့သောအမျိုးသမီးဖြစ်သည်။
ယနေ့ ကမ္ဘာတစ်ခွင်ရှိ ယေဟောဝါသက်သေတို့၏ ထောင်ပေါင်းများစွာသော အသင်းတော်များတွင် ဘုရားသခင်အားအထွတ်အမြတ်ဝတ်ကို နေ့ညမပြတ်ပြုနေကြသော သစ္စာရှိသည့် သက်ကြီးရွယ်အိုမုဆိုးမများကို ကျွန်ုပ်တို့တွေ့နိုင်သည်။ ကျွန်ုပ်တို့ထဲတွင် ဤခေတ်သစ် “အန္နများ” ရှိခြင်းကား မည်မျှကျေးဇူးတင်ဝမ်းသာစရာပါတကား!
ယောက်ျားမိန်းမများသည် အသက်အရွယ်ကြီးရင့်လာသော်လည်း မိမိတို့ကိုယ်ကို ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယင်းကိုတင်ပြနိုင်ကြသည်။ သက်ကြီးရွယ်အိုတို့သည် ယေဟောဝါအားဝတ်ပြုရန်နှင့် ယခုကောင်းကင်တွင် တည်ထောင်ပြီးဖြစ်သော၊ မကြာမီ နာခံမှုရှိသောလူသားများအတွက် ကောင်းချီးများဖြစ်စေမည့် မေရှိယနိုင်ငံတော်အကြောင်းကို သက်သေခံရန် အသက်မကြီးလွန်းကြပါ။ လွန်ခဲ့သည့်နှစ်ရာစုများစွာက အန္နသည် အထူးကောင်းချီးခံစားရသကဲ့သို့ပင် ယခု ဘုရားသခင်အား အထွတ်အမြတ်ဝတ်ကိုပြုနေကြသည့် သက်ကြီးရွယ်အိုများသည် မိမိတို့အပေါ်သက်ရောက်သည့် ယေဟောဝါ၏ကောင်းချီးများကို သက်သေပြနိုင်ကြသည်။ သူမသည် ယေဟောဝါအားဝတ်ပြုရန်နှင့် ကိုယ်တော့်သန့်ရှင်းသောနာမတော်အားချီးမွမ်းရန် အသက်မကြီးလွန်းပါ—သူတို့လည်း ထို့အတူဖြစ်သည်။