ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
လတ်ဗီးယားနိုင်ငံက သတင်းကောင်းကိုတုံ့ပြန်
သမ္မာကျမ်းစာက “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေခြင်းငှာ” ဘုရားသခင်အလိုတော်ရှိကြောင်း ရှင်းလင်းစွာဖော်ပြသည်။ (၁ တိမောသေ ၂:၄) သတင်းကောင်းကြားနာခွင့်ကို နှစ်ပေါင်းများစွာ ငြင်းပယ်ခဲ့ကြသူတို့သည် ယခုကြားနာနေရပြီ! ကမ္ဘာ့အခြားဒေသများစွာမှာကဲ့သို့ လတ်ဗီးယားနိုင်ငံတွင် အသက်အရွယ်အသီးသီးမှ နောက်ခံအမျိုးမျိုးရှိသောသူတို့သည် အောက်ဖော်ပြပါ တွေ့ ကြုံမှုများကတင်ပြသည့်အတိုင်း သတင်းတရားကိုတုံ့ပြန်နေကြသည်။
• လတ်ဗီးယားနိုင်ငံအရှေ့ပိုင်းမှ ရီးဇက်နီမြို့တွင် မိခင်နှင့် သူ၏ဆယ်ကျော်သက်သမီးတစ်ဦးတို့က လမ်းပေါ်မှအမျိုးသမီးတစ်ဦးအား လမ်းညွှန်ရန်မေးခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်နေသော ဤအမျိုးသမီးက သူတို့ကိုလမ်းညွှန်ပေးပြီးနောက် သက်သေခံများ၏အစည်းအဝေးများသို့ ဖိတ်ခေါ်ခဲ့သည်။
အမေရောသမီးပါ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ရာ အစည်းအဝေးသွားဖို့ သူတို့ဆုံးဖြတ်ခဲ့ကြသည်။ လမ်း၌သွားစဉ် ထိုနေရာ၌မသင့်လျော်ရာတစ်ခုခုတွေ့ ခဲ့သော် ချက်ချင်းပြန်ထွက်ကြမည်ဟု သူတို့နှစ်ဦး ညှိထားကြသည်။ သို့သော် အစည်းအဝေးမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေရာ ထွက်သွားဖို့ သူတို့နည်းနည်းမျှမစဉ်းစားခဲ့ကြချေ။ သမ္မာကျမ်းစာလေ့လာဖို့ကမ်းလှမ်းချက်ကို သူတို့လက်ခံခဲ့ကြပြီး အစည်းအဝေးများကို မှန်မှန်စတက်ကြသည်။ သုံးလမျှနှင့် ဟောပြောခြင်းလုပ်ငန်း၌ပါဝင်လိုကြောင်း ဖော်ပြကြပြီး နှစ်ခြင်းခံယူဖို့ စောင့်မျှော်ခဲ့ကြသည်။
• လတ်ဗီးယားအနောက်ဘက်ရှိမြို့တစ်မြို့တွင် သက်သေခံတစ်ဦးသည် အမှန်တကယ်စိတ်ဝင်စားမှုပြပြီး သမ္မာကျမ်းစာသင်အံမှုလက်ခံခဲ့သူ အသက် ၈၅ နှစ်အရွယ်အယ်နာကိုတွေ့ဆုံခဲ့သည်။ သူ၏သမီးနှင့် အခြားအိမ်သားများက သူ့ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။ သို့သော် ထိုဆန့်ကျင်မှု သို့မဟုတ် အသက်ကြီးလာခြင်းနှင့် ကျန်းမာရေးမကောင်းခြင်းတို့က သမ္မာကျမ်းစာဆက်လေ့လာခြင်းကို အတားအဆီးဖြစ်စေရန် အယ်နာခွင့်မပြုခဲ့ချေ။
တစ်နေ့တွင် အယ်နာက မိမိနှစ်ခြင်းယူတော့မည်ဖြစ်ကြောင်း သမီးဖြစ်သူကိုပြောပြလိုက်သည်။ အယ်နာ၏သမီးက “အမေနှစ်ခြင်းယူရင် ကျွန်မအမေ့ကို သူနာပြုဂေဟာပို့ပစ်လိုက်မယ်” ဟုပြန်ပြောသည်။ သို့သော် ဤခြိမ်းခြောက်မှုက အယ်နာကို အဟန့်အတားမဖြစ်စေခဲ့ပါ။ သူ့ကိုယ်ခန္ဓာအခြေအနေကြောင့် အိမ်မှာပင်နှစ်ခြင်းယူခဲ့သည်။
ယင်းကို အယ်နာ၏သမီးဖြစ်သူ မည်သို့တုံ့ပြန်ခဲ့သနည်း။ စိတ်ထားပြောင်းသွားပြီး သူ့မိခင်နှစ်ခြင်းခံပြီးနောက် မိခင်အတွက် အထူးစားသောက်ပွဲပြင်ဆင်ပေးခဲ့သည်။ ထို့နောက် သူ့မိခင်ကို ဤသို့မေးခဲ့သည်– “အခုနှစ်ခြင်းယူလိုက်တော့ အမေဘယ်လိုခံစားရသလဲ။” အယ်နာ၏အဖြေကား “ဖွားစသူငယ်လိုပဲ!”
• ၁၉၉၈၊ ဒီဇင်ဘာလတွင် သက်သေခံနှစ်ဦးသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ စစ်ဘက်ဆိုင်ရာအငြိမ်းစားအရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ သူသည် ဖန်ဆင်းရှင်ရှိကြောင်းယုံကြည်သူဖြစ်ရာ သမ္မာကျမ်းစာသင်အံမှုကိုလက်ခံခဲ့ပြီး နောက်ပိုင်း သူ့ဇနီးလည်းပါဝင်လာခဲ့သည်။ သူတို့အလျင်အမြန်တိုးတက်လာကြပြီး မကြာမီ နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာခဲ့သည်။ ထိုနှစ်နွေရာသီတွင် အရာရှိဟောင်းဖြစ်သူ နှစ်ခြင်းခံယူခဲ့သည်။ ဝိညာဉ်ရေးရာများအပေါ် ဤမောင်နှံစုံ၏အကြီးအကျယ်မြတ်နိုးမှုသည် အသင်းတော်ရှိသူအားလုံးအတွက် အားပေးမှုတစ်ခုဖြစ်ခဲ့ပြီ။ ထို့ပြင် ဒေသခံနေအိမ်တစ်လုံးကို တင့်တယ်သောဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုအဖြစ် ပြန်လည်မွမ်းမံသည့်လုပ်ငန်း၌ သူတို့ပါဝင်အသုံးခံခဲ့ကြသည်။