ပေတရု၏ သင်္ချိုင်း —ဗက်တီကင်တွင်လော
“တမန်တော်များ၏မင်းသား သင်္ချိုင်းကို တွေ့ရှိပြီ။” ပုပ်ပိုင်ယပ်စ် ၁၂ ၏ ဤအောင်ပွဲခံကြေညာချက်ကို ဗက်တီကင်ရေဒီယိုမှ အသံလွှင့်ခဲ့သည်။ အချိန်ကား ၁၉၅၀ ပြည့်နှစ်ကုန်ပိုင်းဖြစ်သည်။ စိန့်ပီတာ၏ ဗက်စလီကာဘုရားကျောင်းအောက်တွင် ရှုပ်ထွေးပွေလီသော တသီတတန်းတူးဖော်ရေးများစွာကို မကြာသေးမီက အပြီးသတ်ခဲ့ပြီဖြစ်သည်။ အချို့သူတို့အဆိုအရ ပေတရုကို ဗက်တီကင်တွင် အမှန်မြှုပ်နှံခဲ့ကြောင်း ဤရှေးဟောင်းပစ္စည်း သုတေသနပြုချက်က သက်သေထူသည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် လူတိုင်း သဘောမတူကြပါ။
ကက်သလစ်များအတွက် ဗက်တီကင်ရှိ စိန့်ပီတာ၏ချာ့ချ်သည် ထူးမြတ်သောအထိမ်းအမှတ်ဖြစ်သည်။ “ပေတရုသည် ရောမမြို့သို့ရောက်ခဲ့ပြီး သူ့အား ထိုတွင် မြှုပ်နှံခဲ့သောကြောင့် ရောမမြို့သို့ ဘုရားဖူးသွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပေတရုအား ဆက်ခံသူနှင့် တွေ့ဆုံပြီး သူ့ထံမှ ကောင်းချီးခံစားရန် ဖြစ်သည်” ဟုကက်သလစ် လမ်းညွှန်စာအုပ်တစ်အုပ်က ဆိုသည်။ သို့သော် ပေတရုသည် ရောမမြို့တွင်အမှန်စင်စစ် မြှုပ်နှံခံရသလော။ ဗက်တီကင်တွင် သူ၏သင်္ချိုင်းရှိသလော။ သူ့အရိုးများကို တူးဖော်ရရှိခဲ့ပြီလော။
ရှေးဟောင်းပစ္စည်း သုတေသနပညာဆိုင်ရာ လျှို့ဝှက်နက်နဲမှုတစ်ခု
၁၉၄၀ ပြည့်နှစ်ခန့်ကစတင်ခဲ့ပြီး ဆယ်နှစ်နီးပါးကြာခဲ့သည့် ဤတူးဖော်ရေးသည် အငြင်းပွားစရာကိစ္စ ဖြစ်ခဲ့ပေသည်။ ပုပ်ရဟန်းမင်း ခန့်အပ်ထားသော ဤပညာရှင်များ၏ တွေ့ရှိချက်ကား အဘယ်နည်း။ တစ်ခုမှာ သင်္ချိုင်းဂူများစွာပါဝင်သည့် တိတ္ထိသုသာန်တစ်ခုဖြစ်သည်။ လက်ရှိပုပ်ရဟန်းမင်းဆိုင်ရာ ပလ္လင်အောက် ယင်းတို့၏အလယ်တွင် အီဒစ်ကရူလာအဆောက်အဦကို တွေ့ရှိကြသည်။ ယင်းမှာ ရုပ်တုထားရန် ရည်ရွယ်ပြီး ဆေးနီသုတ်နံရံအတွင်းရှိပြုလုပ်ထားသော ဘေးနံရံနှစ်ခုဖြင့် ခြံကာထားသည့် နံရံကပ်လိုဏ်ငယ်တစ်ခုဖြစ်သည်။ နောက်ဆုံးတွင် ဘေးနံရံနှစ်ခုအနက် တစ်ခုမှရသည်ဟု ဆိုကြသော လူ့ရုပ်ကြွင်းအချို့ကို လျှို့ဝှက်ဆန်းကြယ်စွာ တွေ့ရှိခဲ့သည်။
ဤကား အဓိပ္ပာယ်ဖွင့်ဆိုချက်များ အစပြုသည့်နေရာဖြစ်ပါသည်။ ကက်သလစ်ကျမ်းပညာရှင် အချို့တို့၏အဆိုအရ စီ.အီး ၆၄ ခုနှစ် နှိပ်စက်ညှဉ်းပန်းခြင်းကာလအတွင်း ဖြစ်ကောင်းဖြစ်မည့် နီရိုဘုရင်လက်ထက်အတွင်းတွင် ရောမမြို့၌ ပေတရုနေထိုင်၍ အသတ်ခံခဲ့ရသည်ဟူသော အစဉ်အလာယုံကြည်ချက်ကို ထိုတွေ့ရှိချက်များက ထောက်ခံသည်ဆို၏။ ထိုရုပ်ကလာပ်သည် တမန်တော်၏ ဓာတ်တော်ဖြစ်သည်ဟုဆိုကြပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကဆိုသည့်အတိုင်း “ဤတွင်ပေတရုရှိသည်” ဟူသော ကမ္ဗည်းစာတန်းအားဖြင့် ထိုသို့ဖြစ်ကြောင်း သိနိုင်သည် ဟူ၍ပင်ဆိုကြသည်။ “ကျွန်ုပ်တို့အားလုံး ကိုးကွယ်မြတ်နိုးထိုက်သည့် စိန့်ပီတာ၏ ရုပ်ကလာပ်” တွေ့ရှိမှုကို ၁၉၆၈ ခုနှစ်တွင် ကြေညာခဲ့စဉ်က ပုပ်ရဟန်းမင်း ပေါလ် ၆ သည် ဤအဆိုကို ပိုမိုယုံကြည်စရာဖြစ်စေခဲ့ပုံပေါက်သည်။
သို့ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်တကွ တန်ပြန်ငြင်းခုံချက်များလည်း ရှိပါသည်။ ပေတရု၏ရုပ်ကြွင်းတို့ကို တွေ့ရှိပြီဟူသောအဆိုကို အထင်အရှားဆန့်ကျင်မည့်အချက်အလက်များ တည်းဟူသော မိမိသိရှိထားချက်အားလုံးကို ‘ထုတ်ဝေဖော်ပြခွင့်မရခဲ့’ ဟုဗက်တီကင် တူးဖော်ရေးတွင် ပါဝင်ခဲ့သော ဂျက်ဇူအစ်တစ်ဦးဖြစ်သူ ကက်သလစ်ရှေးဟောင်းသမိုင်းဝင်ပစ္စည်း သုတေသနပညာရှင် အန်တိုနီယို ဖရူးအားက တစ်ကြိမ်ထက်မက အခိုင်အမာပြောဆိုခဲ့ပြီ။ ထို့ထက်မက ကက်သလစ်ဂိုဏ်းချုပ်ပူပါ တည်းဖြတ်၍ ၁၉၉၁ တွင်ထုတ်ဝေခဲ့သော ရောမမြို့လမ်းညွှန်စာအုပ်က “အနီရောင်တံတိုင်းအုတ်မြစ်အောက်တွင် တွေ့ရှိခဲ့သော လူ့အရိုးတို့ကို သိပ္ပံနည်းကျ စစ်ဆေးစမ်းသပ်ကြည့်ခဲ့ရာ၌ တမန်တော်ပေတရုနှင့် အဘယ်နည်းဖြင့်မျှ ဆက်စပ်ပုံမရှိပါ” ဟုဖော်ပြသည်။ ထူးဆန်းစွာပင်၊ နောက်တစ်ကြိမ်ထုတ်၌ (၁၉၉၁ ခုနှစ်အတွင်း နောက်ပိုင်း) ဤစကားစုမပါတော့ဘဲ “လုံးဝသေချာ– စိန့်ပီတာတွင် ပေတရု” ဟူသောခေါင်းစဉ်ပါ အခန်းအသစ်တစ်ခု ထပ်ဆင့်ထည့်ထားခြင်းပင်ဖြစ်သည်။
တွေ့ရှိချက်များဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်
တွေ့ရှိချက်များကို အဓိပ္ပာယ်ဖွင့်ဆိုကြမည်ဖြစ်ပြီး ယင်းတို့သည် တစ်ဦးစီအတွက် အဓိပ္ပာယ်တစ်မျိုးစီ ထွက်မည်မှာ အမှန်ပင်။ “ရောမမြို့တွင် ပေတရု အသတ်ခံရပြီး မြှုပ်ထားခံရခြင်းဖြစ်သော သမိုင်းဆိုင်ရာပြဿနာများသည် အငြင်းပွားစရာဖြစ်” ကြောင်း အခွင့်အာဏာအရှိဆုံး ကက်သလစ်သမိုင်းဆရာများက အသိအမှတ်ပြုကြပါသည်။ တွေ့ရှိချက်များက အဘယ်အရာကို ဖော်ညွှန်းသနည်း။
ကက်သလစ်အစဉ်အလာယုံကြည်ချက်ကို ထောက်ခံလိုသူများ၏အလိုအရ တတိယရာစုအစပိုင်းတွင် အသက်ရှင်ခဲ့သော ဂိုင်ယပ်စ်အမည်ရှိ ဘုန်းကြီးတစ်ပါး ရည်ညွှန်းခဲ့သော “အထိမ်းအမှတ်” သည် ဤအီဒစ်ကရူလာအဆောက်အဦပင်ဖြစ်သည်ဟုဆို၏။ လေးရာစုခေတ်က စီစရီအာမြို့နေ သာသနာရေးသမိုင်းဆရာ ယူစီဘီယပ်စ်၏အဆိုအရဆိုလျှင် ‘ဗက်တီကင်တောင်ပေါ်တွင် ပေတရု၏အထိမ်းအမှတ်ကို ဖော်ပြနိုင်သည်’ ဟုဂိုင်ယပ်စ်က ပြောခဲ့သည်ဆို၏။ တမန်တော်ကို “ဂိုင်ယပ်စ်၏အထိမ်းအမှတ်” ခေါ် ထိုနေရာအောက်တွင် သင်္ဂြိုဟ်ထားသည်ဟု အစဉ်အလာယုံကြည်ချက်ကို ထောက်ခံသူများက ပြောဆိုကြသည်။ သို့ရာတွင်၊ အခြားသူများက၊ အစောပိုင်းခရစ်ယာန်များသည် သူတို့လူသေများ၏ အသုဘကိစ္စကို အရေးတယူ မပြုလုပ်ခဲ့ကြောင်းနှင့် ထိုနေရာတွင် ပေတရုကို မြှုပ်ထားခဲ့သည့်တိုင်ပင် သူ့အလောင်းကို ပြန်ဖော်ရန် မဖြစ်တန်ရာကိစ္စဖြစ်ကြောင်းကို ထောက်ပြကာ တူးဖော်တွေ့ရှိချက်များကို ကွဲပြားခြားနားစွာ အနက်ဖွင့်ဆိုကြသည်။ (စာမျက်နှာ ၂၉ အကွက်ကိုရှု။)
“ဂိုင်ယပ်စ်၏အထိမ်းအမှတ်” (တွေ့ရှိသည့်အရာသည် ယင်းသာဖြစ်လျှင်) သည် သင်္ချိုင်းဂူဖြစ်သည်ဟု လက်ခံသဘောမတူနိုင်သူများရှိ၏။ ထိုသူတို့က ယင်းသည် ပေတရုကိုဂုဏ်ပြုသည့်အနေဖြင့် ဒုတိယရာစုအကုန်ပိုင်းတွင် တည်ဆောက်ထားသော အထိမ်းအမှတ်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် “သင်္ချိုင်းဂူအထိမ်းအမှတ်အဖြစ် ယူမှတ်ကြသည်” ဟုအဆိုပြုကြသည်။ သို့ရာတွင် ဓမ္မပညာရှင် အော့စကာကူလမန်၏အလိုအရ “ဗက်တီကင်တွင်ပြုသော တူးဖော်ရေးတို့က ပေတရု၏သင်္ချိုင်းဂူဖြစ်ကြောင်း သက်သေပြနိုင်စရာ လုံးဝမတွေ့ရှိ” ဟုဆိုသည်။
အရိုးများကကော။ အမှန်အားဖြင့် အရိုးများကို အဘယ်နေရာမှ ရရှိခဲ့သနည်းဟူသော တကယ်တမ်းအချက်သည် ပဟေဠိဖြစ်နေဆဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ပထမရာစုတွင် ယနေ့ ဗက်တီကင်တောင်ဟုခေါ်သည့်အရပ်တွင် တိတ္ထိသုသာန်ကြီးတစ်ခုတည်ရှိခဲ့ရာ ထိုနေရာတွင် လူသေအလောင်းများစွာကို မြှုပ်နှံခဲ့ပြီး မြောက်မြားစွာကို တူးဖော်ခဲ့နှင့်ပြီးဖြစ်သည်။ အဖြစ်နိုင်ဆုံးမှာ၊ ဓာတ်တော် များတွေ့ရှိရာနေရာကို တမန်တော်၏သင်္ချိုင်းဂူဟု အချို့ယူမှတ်စရာအကြောင်းဖြစ်စေသည့် မပြည့်စုံသော ကမ္ဗည်းစာတမ်းက (လေးရာစုအချိန်က ဖြစ်ကောင်းဖြစ်မည်) “ပေတရု၏အရိုးများ ရှိသည်ဟု ထင်မြင်ယူဆခြင်း” ကိုရည်ညွှန်းနေခြင်းသာ ဖြစ်ပေမည်။ ထိုထက်မက၊ ကမ္ဗည်းကျောက်စာသုတေသီအများက ထိုကမ္ဗည်းစာတန်းဆိုလိုသည်မှာ “ဤတွင်ပေတရုမတည်ရှိ” ဟူ၍ပင်ဖြစ်ကောင်းဖြစ်မည်ဟု ယူမှတ်ကြသည်။
‘စိတ်မချရသော ရိုးရာထုံးတမ်း’ တစ်ခု
“အစောပိုင်းနှင့် ပိုမိုစိတ်ချရသော စာပေအထောက်အထားများက [ပေတရု၏] အသေသတ်ခံရရာနေရာကို မဖော်ပြသော်လည်း နောက်ပိုင်းကျပြီး ပို၍စိတ်ချနိုင်စရာအကြောင်းနည်းသော အထောက်အထားများကြားတွင်ကား ဗက်တီကင်အရပ်တွင် ဖြစ်လိမ့်မည်ဟု အကယ်တမ်းအားဖြင့် သဘောတူညီကြသည်” ဟုသမိုင်းဆရာ ဒီ. ဒဘလျူ. အိုကော်နာကဆိုသည်။ ထို့ကြောင့် ဗက်တီကင်တွင် ပေတရု၏သင်္ချိုင်းဂူကို ရှာပုံတော်ဖွင့်ခြင်းသည် စိတ်မချရသော အစဉ်အလာယုံကြည်ချက်များအပေါ် အခြေခံနေခြင်းဖြစ်သည်။ “ဓာတ်တော်များကို အရေးပေးလာကြသောအခါ ပေတရု၏ [အထိမ်းအမှတ်] သည် တကယ်တမ်းအားဖြင့် သူ၏သင်္ချိုင်းဂူတည်ရာနေရာကို တင်ပြသည်ဟု ခရစ်ယာန်များ ရိုးသားစွာ ယုံကြည်လာကြသည်” ဟုအိုကော်နာက အခိုင်အမာဆိုသည်။
ဤရိုးရာထုံးတမ်းများသည် ကျမ်းစာနှင့်မညီညွတ်သော ဓာတ်တော်ကြည်ညိုခြင်းနှင့် တစ်ခေတ်တည်း ဖြစ်ပေါ်တိုးတက်လာသည်။ တတိယနှင့်စတုတ္ထရာစုနှစ်များမှစတင်၍ “ဝိညာဉ်ရေးအရ” တန်ခိုးအာဏာကြီးမားမှု အထမြောက်ရေးနှင့် မိမိတို့၏ အခွင့်အာဏာတိုးမြှင့်ရေးအတွက် အကြိတ်အနယ်ကြိုးစားကြရာတွင် သာသနာ့ရိပ်သာအသီးသီးက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ—အကျိုးစီးပွားအတွက်—ဓာတ်တော်များကို အသုံးပြုကြသည်။ သို့ဖြစ်၍ ပေတရု၏ရုပ်ကလာပ်တွင် အံ့ဖွယ်တန်ခိုးများရှိသည်ဟု တထစ်ချခံယူကြပြီး သူ၏သင်္ချိုင်းဂူဖြစ်သည်ဟု ဆိုကြသောအရပ်သို့ ဘုရားဖူးသွားကြသည်။ ဆဋ္ဌမမြောက်ရာစုနှစ် အကုန်ပိုင်းတွင် ယုံကြည်သူတို့သည် “သင်္ချိုင်းဂူ” အပေါ်၌တင်နေရန် တိကျသေချာစွာ ချိန်တွယ်ထားသည့်ပစ္စည်းများကို ပစ်ချလေ့ရှိသည်။ “ထူးခြားလှသည်ကား အသနားခံသူ၏ ယုံကြည်ခြင်းသည် ခိုင်မြဲပါက သင်္ချိုင်းဂူပေါ်မှ အဝတ်ကိုပြန်ရရှိသည့်အခါ မြင့်မြတ်သောကောင်းမှုနှင့် ပြည့်ရုံမက ယင်း၏အလေးချိန်လည်း တိုးလာလိမ့်မည်” ဟုခေတ်ပြိုင်အရေးအသားတစ်ခုကဆိုသည်။ ယင်းအားဖြင့် ထိုစဉ်ကလူတို့ ရိုးအမှုအဆင့် မည်မျှရှိသည်ကို သိသာစေသည်။
နှစ်ရာစုတစ်လျှောက် ဤကဲ့သို့သော ဒဏ္ဍာရီများနှင့် အခြေခံမဲ့ အစဉ်အလာယုံကြည်ချက်စကားများက ဗက်တီကင်ဗက်စလီကာဘုရားကျောင်းကို အတော်အတန်ပင် ဂုဏ်တက်စေသည်။ သို့ရာတွင် သဘောကွဲလွဲသူများလည်း တိုးများလာသည်။ ၁၂ နှင့် ၁၃ ရာစုများတွင် ဝေါလ်ဒင်းစ်အဖွဲ့သည် ဤလွန်ကဲမှုများကို ဖော်ထုတ်ပြောဆိုကာ ရောမမြို့သို့ ပေတရုတစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ကြောင်း သမ္မာကျမ်းစာမှ ကိုးကား၍ ရှင်းပြကြသည်။ နောင်ရာစုနှစ်များစွာအကြာတွင် ပရိုတက်စတင့် သာသနာပြုပြင်ပြောင်းလဲရေးကို ထောက်ခံသူများက ထပ်တူသဘောထားမျိုးဖြင့် ငြင်းခုံပြောဆိုကြသည်။ ၁၈ ရာစုတိုင်လေသော် ထင်ပေါ်ကျော်ကြားသော အတွေးအခေါ်ပညာရှင်များက ထိုအစဉ်အလာယုံကြည်ချက်သည် သမိုင်းအရသော်လည်းကောင်း၊ ကျမ်းစာအရသော်လည်းကောင်း အခြေအမြစ်မရှိဟု ယူမှတ်ခဲ့ကြသည်။ ထပ်တူအမြင်ကို တတ်ကျွမ်းသောပညာရှင်များ ကက်သလစ်နှင့် အခြားသူများ ယနေ့ထိတိုင် ခံယူထားကြသည်။
ရောမမြို့တွင် ပေတရုသေလွန်ခဲ့သလော
နှိမ့်ချသော ဂါလိလဲတံငါသည်တစ်ဦးဖြစ်သူ ပေတရုသည် ပထမရာစုခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများအပေါ်တွင် ကြီးစိုးရန် အကြံအစည် အလျှင်းမရှိခဲ့သည်မှာ သေချာ၏။ ယင်းသို့ပြုမည့်အစား သူသည် မိမိကိုယ်ကို “အကြီးအကဲချင်းတစ်ဦး” ဟူ၍သာ သူရှင်းလင်းဖော်ပြခဲ့သည်။ (၁ ပေတရု ၅:၁-၆၊ ကဘ) နှိမ့်ချသော ပေတရု၏ပုံစံသည် သူ၏သင်္ချိုင်းဂူဟူ၍ မှတ်ယူထားသောနေရာ၏ ခမ်းကြီးနားကြီးပြင်ဆင်မှုနှင့် တခြားစီပင်ဖြစ်ကြောင်း ဗက်တီကင်ဗက်စလီကာသို့ အလည်အပတ်ရောက်ရှိသူ မည်သူမဆို တွေ့မြင်နိုင်ပါလိမ့်မည်။
အခြားခရစ်ယာန်ဂိုဏ်းဂဏများအပေါ် တန်ခိုးအာဏာကြီးမားမှုကို အခိုင်အမာတင်ပြလိုသဖြင့် ပေတရုသည် ရောမမြို့တွင် အခိုက်အတန့်နေထိုင်ခဲ့သည်ဟူသော ‘စိတ်မချရသော နောက်ပိုင်းကျသည့်ရိုးရာထုံးတမ်း’ ကို ကက်သလစ်ချာ့ချ်က ယုံကြည်လက်ခံရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် အခြားရှေးခေတ်ရိုးရာထုံးတမ်းများက သူ၏သင်္ချိုင်းဂူသည် ဗက်တီကင်တွင်ရှိသည်ဟုမဆိုဘဲ ရောမမြို့ အခြားတစ်နေရာတွင်ရှိ၏ဟု ယူမှတ်ခြင်းသည် ထူးဆန်းပါသည်။ သို့သော်ငြားလည်း ပေတရုအကြောင်းကို တိုက်ရိုက်သိစေသည့် တစ်ခုတည်းသောပင်ရင်းသမ္မာကျမ်းစာပါ ဖြစ်ရပ်မှန်များအတိုင်း အဘယ်ကြောင့်မပြောဆိုကြသနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်အရ ယေရုရှလင်မြို့ရှိ ခရစ်ယာန်အသင်းတော်၏ အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားသည့်အတိုင်း ပေတရုသည် ဗာဗုလုန်အပါအဝင် ရှေးခေတ်ကာလ ကမ္ဘာလောက၏ အရှေ့ပိုင်းတွင် အမှုတော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။—ဂလာတိ ၂:၁-၉; ၁ ပေတရု ၅:၁၃; တမန်တော် ၈:၁၄ နှိုင်းယှဉ်။
စီ.အီး. ၅၆ ခန့်က ရောမမြို့ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးခဲ့စဉ်တွင် ပေတရု၏အမည်ကိုပင်မဖော်ဘဲ ထိုအသင်းတော်ရှိ အသင်းသား ၃၀ ခန့်ကို နှုတ်ဆက်မေတ္တာပို့ခဲ့သည်။ (ရောမ ၁:၁၊ ၇; ၁၆:၃-၂၃) ထို့နောက် စီ.အီး. ၆၀ နှင့် ၆၅ ကြားတွင် ပေါလုသည် ရောမမြို့မှ စာစောင်ခြောက်စောင်ရေးသားခဲ့၏။ သို့သော် ပေတရုကို မဖော်ပြခဲ့ခြင်းက ထိုနေရာတွင် ပေတရုမရှိကြောင်း—သွယ်ဝိုက်ဆက်စပ်သည့် ခိုင်လုံသောသာဓက ဖြစ်သည်။a(၂ တိမောသေ ၁:၁၅-၁၇; ၄:၁၁ နှိုင်းယှဉ်။) ရောမမြို့တွင် ပေါလုဆောင်ရွက်ခဲ့သော လုပ်ငန်းကို တမန်တော်ဝတ္တုအဆုံးပိုင်းတွင်လည်း ဖော်ပြထား၏။ ဤတွင်တစ်ဖန် ပေတရုအကြောင်း လုံးဝကိုးကားဖော်ပြထားခြင်းမရှိပါ။ (တမန်တော် ၂၈:၁၆၊ ၃၀၊ ၃၁) ထို့ကြောင့် ကြိုတင်လက်ခံထားသည့် ခံယူချက်များမပါဘဲ သမ္မာကျမ်းစာမှ သက်သေသာဓကကို လက်တွေ့ကျကျ စစ်ဆေးသုံးသပ်ကြည့်ခြင်းအားဖြင့် ပေတရုသည် ရောမမြို့တွင် မဟောပြောခဲ့ကြောင်းကိုသာ ကောက်ချက်ချရကြလိမ့်မည်။b
ပုပ်ရဟန်းမင်း၏ “အထွတ်အထိပ် အချုပ်အခြာဖြစ်ခြင်း” သည် စိတ်မချရသော ရိုးရာထုံးတမ်းများနှင့် ကျမ်းစာကိုလှည့်ပတ်အနက်ဖွင့်ခြင်းအပေါ် အခြေပြုသည်။ ပေတရုမဟုတ်ဘဲ ယေရှုသည် ခရစ်ယာန်ဘာသာတရား၏ အုတ်မြစ်ဖြစ်တော်မူသည်။ ‘အသင်းတော်၏ တိုက်ထောင့်အမြစ်ကျောက်သည် ခရစ်တော်ဖြစ်၏’ ဟုပေါလုကဆိုသည်။ (ဧဖက် ၂:၂၀-၂၂; ၅:၂၃) ယုံကြည်ခြင်းရှိသူအပေါင်းကို ကောင်းချီးပေး၍ ကယ်တင်ရန် ယေဟောဝါ စေလွှတ်တော်မူသောသူကား ယေရှုခရစ်ဖြစ်တော်မူ၏။—ယောဟန် ၃:၁၆; တမန်တော် ၄:၁၂; ရောမ ၁၅:၂၉; ၁ ပေတရု ၂:၄-၈ ကိုလည်းရှု။
ထို့ကြောင့် ပေတရု၏ ‘နောက်ဆက်ခံကိုတွေ့’ ရန်သူ၏သင်္ချိုင်းဂူဟု ယူမှတ်ကြသည့်နေရာသို့ သွားသူအပေါင်းတို့သည် ‘စိတ်မချရသော ရိုးရာထုံးတမ်းများ’ ကိုလက်ခံမည်လော၊ သို့မဟုတ် ယုံကြည်စိတ်ချရသော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လက်ခံယုံကြည်မည်လော ဟူသောပြဿနာနှင့် ရင်ဆိုင်နေကြရပြီ။ မိမိတို့၏ဝတ်ပြုရေးကို ဘုရားသခင်နှစ်မြို့စရာဖြစ်စေလိုသည့်အတွက် ခရစ်ယာန်များသည် ကျွန်ုပ်တို့လိုက်လျှောက်ရမည့် ကိုယ်တော်ချမှတ်ထားသော စုံလင်သောပုံသက်သေနှင့် ‘သူတို့၏ ယုံကြည်ခြင်းကို စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ’ သည်။—ဟေဗြဲ ၁၂:၂; ၁ ပေတရု ၂:၂၁။
[အောက်ခြေမှတ်ချက်များ]
a စီ.အီး. ၆၀-၆၁ ခန့်က ပေါလုသည် ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ ဖိလေမုန် နှင့် ဟေဗြဲသြဝါဒစာများကို ရေးသားခဲ့၍ တိမောသေသြဝါဒစာ ဒုတိယစောင်ကို စီ.အီး. ၆၅ ခန့်ကရေးပါသည်။
b “ပေတရုသည် ရောမမြို့သို့ ရောက်ရှိခဲ့ဖူးသလော” ဟူသောမေးခွန်းကို ၁၉၇၂ နိုဝင်ဘာ ၁ ကင်းမျှော်စင်၊ (လိပ်) စာမျက်နှာ ၆၆၉-၇၁ တွင်သုံးသပ်ထားသည်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
“အီဒစ်ကရူလာအဆောက်အဦအောက်တွင် သင်္ချိုင်းရှိသည်ဟု သေချာနိုင်သောသာဓကများကို တူးဖော်ရာတွင် မတွေ့ခဲ့ပါ။ ခရစ်ယာန်အသိုင်းအဝိုင်းသည် စိန့်ပီတာကို အဆုံးစီရင်ခဲ့သောသူတို့လက်မှ သူ၏ရုပ်ကလာပ်ကို မြှုပ်နှံရန်အတွက် ပြန်ရမရ သေချာပေါက်မသိနိုင်ကြပါ။ ပုံမှန်အားဖြင့်ဆိုလျှင် တိုင်းတစ်ပါးသား (ပဲရဂရီနပ်စ်) ဖြစ်သူ၊ ဥပဒေဘောင်အရ သာမန်ရာဇဝတ်သား၏အလောင်းကို တိုင်ဘာမြစ်ထဲသို့သာ ပစ်ချခဲ့မည်ဖြစ်သည်။ . . . ထို့ပြင် ကမ္ဘာကုန်လုနီးပြီဟူသော ယုံကြည်ချက်ပျောက်လွင့်မှေးမှိန်ပြီး ဘာသာတရားအတွက် အသတ်ခံရသူတို့ကို ကိုးကွယ်ခြင်း ခေတ်စားလာသည့် နောက်ပိုင်းအချိန်တွင် ခန္ဓာကိုယ်ဆိုင်ရာ ဓာတ်တော်များကို သိမ်းဆည်းခြင်းအကျင့်ကို ထိုအစောပိုင်းအချိန်တွင် ထပ်တူစိတ်ဝင်စားမှု ရှိခဲ့လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် အမှန်မှာ စိန့်ပီတာ၏ရုပ်ကလာပ်ကို မြှုပ်နှံဖို့ရန် ယင်းကိုပြန်ရနိုင် ရယူခဲ့စရာအကြောင်းမရှိခြင်းကား မုချအမှန်ဖြစ်မည်။”—ဂျစလင်တွိုင်ဘီနှင့် ဂျောန်ဝေါဒ်ပါးကင်းစ်ရေးသော စိန့်ပီတာ၏သင်္ချိုင်းဂူနှင့် ဗက်တီကင်တူးဖော်ချက်များ။