ပုပ်ရဟန်းမင်းကြီးက “စိန့်ပီတာရဲ့ အရိုက်အရာကို ဆက်ခံသူ” လား
ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ ၂၀၀၂ ခုနှစ်မှာ ဂျာမနီနိုင်ငံ၊ လင်းဘာ့ဂ်မြို့က ဘိရှော့ပ် (ဂိုဏ်းအုပ်) ဆီကို စာတစ်စောင် ရေးပို့လိုက်တယ်။ အဲဒီစာထဲမှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ဘိရှော့ပ်ရဲ့ဆုံးဖြတ်ချက်ကို ပယ်ချတယ်လို့ ဖော်ပြထားတယ်။ “ယေရှုခရစ်ရဲ့အလိုတော်အရ အသင်းတော်တွေမှာရှိတဲ့ အသင်းသားအားလုံးရဲ့ ကောင်းကျိုးနဲ့စည်းလုံးမှု” အတွက် သူ့မှာတာဝန်ရှိတယ်လို့ ဖော်ပြထားခြင်းအားဖြင့် သူ့ရဲ့ ညွှန်ကြားချက်ကို အစပြုပြီး ရေးသားထားတယ်။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူဟာ “စိန့်ပီတာရဲ့အရိုက်အရာကို ဆက်ခံသူ” ဖြစ်တယ်လို့ပြောပြီး ဘိရှော့ပ်ရဲ့ဆုံးဖြတ်ချက်ကို ပယ်ချပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာဆိုတယ်။
ရိုမန်ကက်သလစ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ခရစ်တော်ဟာ တမန်တော်အားလုံးကို ဦးစီးသူအဖြစ် စိန့်ပီတာကို ခန့်အပ်ခဲ့တယ်။” “ပေတရုပြီးတဲ့နောက် အဲဒီဦးစီးအရာကို အဆက်မပြတ် ဆက်ခံတဲ့သူတွေ ရှိထားသင့်တယ်လို့ ခရစ်တော် အခိုင်အမာပြောခဲ့တယ်။ အဲဒီဆက်ခံတဲ့သူတွေကတော့ ရိုမန်ဘိရှော့ပ်တွေ ဖြစ်ကြတယ်” လို့ ကက်သလစ်အသင်းတော်ကလည်း အခိုင်အမာပြောတယ်။—New Catholic Encyclopedia (၂၀၀၃)၊ အတွဲ ၁၁၊ စာမျက်နှာ ၄၉၅-၄၉၆။
အဲဒီအဆိုတွေက ပေါ့သေးသေး မဟုတ်ပါဘူး။ သူတို့ရဲ့ပြောဆိုချက်တွေက ခိုင်လုံမှုရှိမရှိ သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖူးသလား။ (၁) ပေတရုဟာ ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်တယ်ဆိုတဲ့ အဆိုကို သမ္မာကျမ်းစာက ထောက်ခံပါသလား။ (၂) ပုပ်ရဟန်းမင်းအရိုက်အရာ ဆက်ခံမှုရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်ပြီး သမိုင်းက ဘာပြောသလဲ။ (၃) ပုပ်ရဟန်းမင်းတွေရဲ့ အပြုအမူနဲ့ သွန်သင်ချက်တွေက သူတို့ဟာ ပေတရုရဲ့အရိုက်အရာကို ဆက်ခံသူတွေဖြစ်တယ်ဆိုတဲ့ အဆိုကို ထောက်ခံသလား။ ဒီမေးခွန်းသုံးခုရဲ့ အဖြေကို သုံးသပ်ကြည့်ရအောင်။
ပေတရုဟာ ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သလား
အသင်းတော်ကို ပေတရုအပေါ်မှာ တည်ထောင်ထားတယ်ဆိုတာကို သက်သေထူဖို့ ကက်သလစ်တွေက မဿဲ ၁၆:၁၈ မှာဖော်ပြထားတဲ့ ယေရှုရဲ့ ဒီစကားကို ထောက်ပြလာခဲ့ကြတယ်– “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ဆောင်ပေါ်တွင် ငါ၏အသင်းတော်ကို တည်ဆောက်မည်။” အဲဒီစကားကို ရောမမြို့မှာရှိတဲ့ စိန့်ပီတာဘုရားရှိခိုးကျောင်းရဲ့ အမိုးခုံး အတွင်းဘက်ပေါ်မှာတောင် လက်တင်ဘာသာစကားနဲ့ ကမ္ပည်းထိုးထားတယ်။
အသင်းတော်ကို ပေတရုအပေါ်မှာ တည်ထောင်ခဲ့တယ်လို့ ကြည်ညိုလေးစားခံရတဲ့ ခရစ်ယာန်အယူဝါဒ သွန်သင်သူတစ်ဦးဖြစ်တဲ့ ဩဂတ်စတင်း ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူမကွယ်လွန်ခင် ယေရှုပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားတယ်။ ခရစ်ယာန်အသင်းတော်ကို ပေတရုအပေါ်မှာမဟုတ်ဘဲ ယေရှုအပေါ်မှာ တည်ထောင်ထားတယ်ဆိုပြီး ဩဂတ်စတင်းက စာအုပ်တစ်အုပ် (Retractations) မှာ ထောက်ခံပြောဆိုထားတယ်။a
ခရစ်ဝင်ကျမ်းတွေမှာ တမန်တော်ပေတရုအကြောင်းကို တခြားသူတွေထက် ပိုပြီးအသားပေး ဖော်ပြထားတာ မှန်ပါတယ်။ ထူးခြားတဲ့ ဖြစ်ရပ်တချို့မှာ မိမိနဲ့အတူ ရှိနေစေဖို့ တမန်တော်တွေထဲက ယောဟန်၊ ယာကုပ်နဲ့ ပေတရုတို့ကိုပဲ ယေရှု ခေါ်သွားခဲ့တယ်။ (မာကု ၅:၃၇၊ ၃၈; ၉:၂; ၁၄:၃၃) ယေရှုဟာ ပေတရုကို “ကောင်းကင်နိုင်ငံတော်၏ သော့များ” အပ်နှင်းခဲ့တယ်။ ပေတရုကလည်း အဲဒီသော့တွေကို အသုံးပြုပြီး ဦးဆုံး ဂျူးနဲ့ ဂျူးဘာသာဝင်တွေ၊ နောက် ရှမာရိလူတွေ၊ နောက်ဆုံး လူမျိုးခြားတွေ ဘုရားသခင့်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တယ်။ (မဿဲ ၁၆:၁၉; တမန်တော် ၂:၅၊ ၄၁; ၈:၁၄-၁၇; ၁၀:၄၅) ပေတရုမှာ သွက်လက်ချက်ချာတဲ့ ပင်ကိုစရိုက်ရှိတဲ့အတွက် တစ်ခါတလေ တမန်တော်အားလုံးရဲ့ကိုယ်စား စကားပြောဆိုခဲ့တယ်။ (တမန်တော် ၁:၁၅; ၂:၁၄) အဲဒီအချက်တွေကြောင့် ပေတရုက ကနဦးအသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ရောလား။
“အရေဖျားလှီးခြင်း ခံသူတို့အတွက် တမန်တော်အခွင့်အရာ” ကို ပေတရု ရရှိခဲ့တယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (ဂလာတိ ၂:၈) ဒါပေမဲ့ အသင်းတော်ကို ပေတရု ညွှန်ကြားခဲ့တယ်ဆိုပြီး ပေါလုပြောနေတာမဟုတ်ဘူးဆိုတာ သူ့ရဲ့ ရှေ့နောက်စကားက ဖော်ပြတယ်။ ပေတရုရဲ့တာဝန်က ဂျူးတွေကို ဟောပြောဖို့ဖြစ်တယ်လို့ ပေါလုပြောနေတာပါ။
ပေတရုဟာ ကြီးလေးတဲ့တာဝန် အပ်နှင်းခံရပေမဲ့ သူဟာ အသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်တယ်၊ တပည့်တွေအတွက် ဆုံးဖြတ်ချက်တွေ ချပေးရတယ်လို့ ကျမ်းစာရဲ့ ဘယ်နေရာမှာမှ မဖော်ပြထားပါဘူး။ သူ့ရဲ့စာထဲမှာ သူ့ကိုယ်သူ “တမန်တော်” နဲ့ “အသက်ကြီးသူ” လို့ပဲ ဖော်ပြထားပါတယ်။—၁ ပေတရု ၁:၁; ၅:၁။
ပုပ်ရဟန်းမင်းအရိုက်အရာ ဆက်ခံမှုရဲ့ မူလဇာစ်မြစ်နဲ့ ပတ်သက်ပြီး သမိုင်းက ဘာပြောသလဲ
ပုပ်ရဟန်းမင်းအရိုက်အရာက ဘယ်အချိန်မှာ ဘယ်လိုစတင် ပေါ်ပေါက်ခဲ့သလဲ။ လူတစ်ယောက်ဟာ ယုံကြည်သူချင်းတွေထက် ပိုပြီး ထင်ပေါ်ကျော်ကြားဖို့ ကြိုးစားလို့ရတယ်ဆိုတဲ့ အယူအဆက တမန်တော်တွေ သက်ရှိထင်ရှား ရှိနေဆဲအချိန်မှာ ပေါ်ပေါက်ခဲ့တယ်။ အဲလိုအယူအဆကို တမန်တော်တွေ ဘယ်လိုရှုမြင်ခဲ့သလဲ။
အသင်းတော်ကို ဦးဆောင်နေတဲ့ အမျိုးသားတွေဟာ “ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရ” ပြုဖို့မဟုတ်ဘဲ အချင်းချင်း ဆက်ဆံတဲ့နေရာမှာ နှိမ့်ချမှု ပြရမယ်လို့ တမန်တော်ပေတရုကိုယ်တိုင် ပြောခဲ့တယ်။ (၁ ပေတရု ၅:၁-၅) “မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များကို ဟောပြော” သူတွေ အသင်းတော်အတွင်းကနေ ပေါ်လာကြမယ်လို့ တမန်တော်ပေါလု သတိပေးခဲ့တယ်။ (တမန်တော် ၂၀:၃၀) စီအီး ပထမရာစုကုန်ခါနီးမှာ တမန်တော်ယောဟန်ဟာ စာတစ်စောင် ရေးခဲ့ပြီး အဲဒီစာထဲမှာ ဒယောတရပ်ဆိုတဲ့ တပည့်တစ်ဦးကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမထားတယ်။ ဘာကြောင့် သူ့ကို ပြစ်တင်ဆုံးမရတာလဲ။ အကြောင်းရင်းတစ်ခုက သူဟာ “အသင်းတော်တွင် ထိပ်ဆုံးနေရာ ရ” ချင်လို့ဖြစ်တယ်။ (၃ ယောဟန် ၉) တမန်တော်တွေရဲ့ အဲလိုဆုံးမစကားတွေက ထင်ပေါ်ကျော်ကြားဖို့ ကြိုးစားနေတဲ့သူတွေရဲ့ ရည်မှန်းချက်ကြီးမှုတွေကို ဟန့်တားလိုက်သလို ဖြစ်ခဲ့တယ်။—၂ သက်သာလောနိတ် ၂:၃-၈။
တမန်တော်တွေထဲမှာ နောက်ဆုံးအသက်ရှင် ကျန်ရစ်ခဲ့တဲ့ တမန်တော် သေဆုံးပြီး မကြာခင်မှာပဲ လူတွေဟာ ထင်ပေါ်ကျော်ကြားမှုရဖို့ စတင်ကြိုးပမ်းလာကြတယ်။ “ဒုတိယရာစု အလယ်ခေတ်မရောက်ခင်က ရောမမှာ ‘အာဏာရှင်’ ဘိရှော့ပ်ဆိုတာ တစ်ယောက်တလေတောင် မရှိနိုင်ဘူး” လို့စာအုပ်တစ်အုပ် (The Cambridge History of Christianity) မှာ ဖော်ပြထားတယ်။ တတိယရာစုကို ရောက်လာတဲ့အခါ ရောမမြို့က ဘိရှော့ပ်ဟာ အနည်းဆုံး ခရစ်ယာန်အသင်းတော်တချို့ရဲ့ အမြင့်ဆုံးအာဏာရှင်အဖြစ် သူ့ကိုယ်သူ သတ်မှတ်လိုက်တယ်။b ရောမမြို့က ဘိရှော့ပ်မှာ အခွင့်အာဏာပိုရှိတယ်ဆိုတဲ့ အဆိုကို ခိုင်မာစေဖို့ ပေတရုရဲ့အရိုက်အရာကို ဆက်ခံသူတွေရဲ့ စာရင်းတစ်ခုကို တချို့က ပြုစုပေးခဲ့တယ်။
ဒါပေမဲ့ ဒီပြုစုထားတဲ့စာရင်းက အဲဒီဘိရှော့ပ်ရဲ့အဆိုကို အမှန်တကယ် မထောက်ခံပါဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုက စာရင်းထဲမှာပါတဲ့ အမည်တချို့က ခိုင်လုံတယ်ဆိုပြီး အထောက်အထားမပြနိုင်လို့ပါပဲ။ အဲဒါထက် ပိုအရေးကြီးတာက အဲဒီစာရင်းရဲ့ မူလအခြေခံက မပြည့်စုံဘူး။ ဘယ်လိုအားဖြင့်လဲ။ ပေတရုဟာ ရောမမြို့မှာ ဟောပြောခဲ့ပေမဲ့ သူဟာ အဲဒီကအသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ပထမရာစုနဲ့ ဒုတိယရာစုက လောကစာပေတချို့မှာ ဖော်ပြထားတယ်။
ပေတရုဟာ ရောမအသင်းတော်ရဲ့ ခေါင်းဆောင်မဟုတ်ဘူးဆိုတဲ့ အထောက်အထားတစ်ခုကတော့ ရောမမြို့သားတွေဆီ တမန်တော်ပေါလု ရေးခဲ့တဲ့စာတစ်စောင် ဖြစ်တယ်။ အဲဒီစာထဲမှာ ရောမမြို့က ခရစ်ယာန်တွေရဲ့ အမည်စာရင်းရှည်ကြီးတစ်ခု ပါရှိတယ်။ ဒါပေမဲ့ အဲဒီစာရင်းရှည်ကြီးထဲမှာ ပေတရုရဲ့နာမည် မပါဘူး။ (ရောမ ၁၆:၁-၂၃) ပေတရုသာ ရောမအသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုရင် ပေါလုက ပေတရုရဲ့နာမည်ကို ချန်ထားပါ့မလား ဒါမှမဟုတ် သူ့ကို အလေးမထားဘဲ နေပါ့မလား။
ပေတရုဟာ သူ့ရဲ့ပထမဆုံးစာစောင်ကို ရေးသားခဲ့ချိန်လောက်မှာ ပေါလုက တိမောသေဆီ ဒုတိယစာစောင် ရေးပို့ခဲ့တယ်ဆိုတာကိုလည်း သတိပြုပါ။ အဲဒီစာထဲမှာ ပေါလုဟာ ရောမမြို့အကြောင်း ဖော်ပြမှာသေချာပေမဲ့ ပေတရုအကြောင်းကိုတော့ မဖော်ပြထားဘူး။ တကယ်ဆိုရင် ပေါလုဟာ ရောမမြို့ကနေ စာခြောက်စောင် ရေးပို့ခဲ့ပေမဲ့ ဘယ်စာထဲမှာမှ ပေတရုအကြောင်း မဖော်ပြထားဘူး။
ပေါလုဟာ သူ့ရဲ့စာတွေကို ရေးသားပြီးတဲ့နောက် အနှစ် ၃၀ လောက်ကြာမှ တမန်တော်ယောဟန်က စာသုံးစောင်နဲ့ သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစာစောင်ကို ရေးသားခဲ့တယ်။ သူ့ရဲ့စာတွေထဲမှာ ရောမအသင်းတော်ဟာ ထင်ပေါ်ကျော်ကြားတဲ့ အသင်းတော်တစ်ခု ဖြစ်တယ်လို့ မဖော်ပြထားတဲ့အပြင် ပေတရုရဲ့ အရိုက်အရာကို ဆက်ခံပြီး အသင်းတော်ကို ဦးစီးနေတဲ့သူ တစ်ယောက်အကြောင်းလည်း မဖော်ပြထားဘူး။ ပေတရုဟာ ရောမအသင်းတော်ရဲ့ ပထမဆုံး ဘိရှော့ပ်အဖြစ် သူ့ကိုယ်သူ သတ်မှတ်တယ်ဆိုတဲ့ အဆိုကို သမ္မာကျမ်းစာမှာလည်း မတွေ့ရသလို သမိုင်းအထောက်အထားလည်း မရှိဘူး။
ပုပ်ရဟန်းမင်းတွေရဲ့ အပြုအမူနဲ့ သွန်သင်ချက်တွေက သူတို့ရဲ့အဆိုကို ထောက်ခံသလား
“ခရစ်တော်ရဲ့ကိုယ်စားလှယ်” နဲ့ “စိန့်ပီတာရဲ့အရိုက်အရာကို ဆက်ခံသူ” လို့ပြောတဲ့သူတစ်ဦးဦးကို ခရစ်တော်နဲ့ ပေတရုတို့ရဲ့ အပြုအမူနဲ့ သွန်သင်ချက်တွေကို လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ အမှန်တကယ် မျှော်လင့်ကြမှာဖြစ်တယ်။ ဥပမာ၊ ပေတရုဟာ ယုံကြည်သူချင်းတွေဆီကနေ သူ့ကို အလေးပေးဆက်ဆံဖို့ မျှော်လင့်ခဲ့သလား။ မမျှော်လင့်ခဲ့ပါဘူး။ သူ့ကို ကြည်ညိုလေးစားတဲ့အပြုအမူ လုပ်ပြတာကိုတောင် သူလက်မခံခဲ့ပါဘူး။ (တမန်တော် ၁၀:၂၅၊ ၂၆) ယေရှုကော ဘယ်လိုလဲ။ ယေရှုဟာ သူတစ်ပါးကို စေစားဖို့မဟုတ်ဘဲ သူတစ်ပါးအစေကိုခံဖို့ လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့တယ်။ (မဿဲ ၂၀:၂၈) ပုပ်ရဟန်းမင်းတွေနဲ့ပတ်သက်ပြီးတော့ကော ဘာမှတ်တမ်းတွေရှိသလဲ။ ထင်ပေါ်ကျော်ကြားမှုကို ရှောင်သလား။ ဘွဲ့ထူးဂုဏ်ထူးတွေကို ငြင်းပယ်သလား။ ချမ်းသာကြွယ်ဝပြီး အာဏာရှိတယ်ဆိုတာကို ပြသတဲ့ ဂုဏ်ပကာသနတွေကို ရှောင်ကြဉ်သလား။
ပေတရုနဲ့ ခရစ်တော်တို့ဟာ အေးဆေးငြိမ်သက်မှုကို အားပေးတဲ့ ကိုယ်ကျင့်တရားဘက်မှာ ဖြောင့်မတ်သူတွေ ဖြစ်တယ်။ သူတို့ရဲ့မှတ်တမ်းကို ကက်သလစ်စွယ်စုံကျမ်းတစ်ကျမ်း (Lexicon for Theology and Church) မှာ ပုပ်ရဟန်းမင်း ဆယ်ယောက်မြောက် လီယိုအကြောင်း ဖော်ပြထားရာနဲ့ နှိုင်းယှဉ်ကြည့်ပါ– “ပုပ်ရဟန်းမင်း ဆယ်ယောက်မြောက် လီယိုဟာ ဘာသာရေးကိစ္စတွေကို အရေးတကြီး လုပ်ဆောင်မယ့်အစား နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး ဆွေမျိုးတွေကောင်းစားဖို့ စီးပွားရေးလုပ်ငန်းတွေ ထောင်ပေးတတ်တဲ့အပြင် အလွန်အကျွံ အပျော်အပါးလိုက်စားတယ်။” ပုပ်ရဟန်းမင်း ခြောက်ယောက်မြောက် အလက်ဇန္ဒားနဲ့ပတ်သက်ပြီး “မတရားမှု၊ အခွင့်အာဏာ အလွဲသုံးစားလုပ်မှု၊ ရာထူးအရောင်းအဝယ်လုပ်မှုနဲ့ အကျင့်ယိုယွင်းမှုတွေ” ကိုဖော်ပြတဲ့ မှတ်တမ်းတွေက မှန်ကန်တယ်ဆိုပြီး ကက်သလစ်ဘုန်းတော်ကြီးနဲ့ ချာ့ချ်သမိုင်းပါမောက္ခဖြစ်သူ ကားလ် အာမွန်က ပြောတယ်။
ပုပ်ရဟန်းမင်းတွေရဲ့ သွန်သင်ချက်တွေကကော။ သူတို့ရဲ့သွန်သင်ချက်တွေကို ပေတရုနဲ့ခရစ်တော်တို့ရဲ့ သွန်သင်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ်မလဲ။ လူကောင်းအားလုံး ကောင်းကင်သွားတယ်လို့ ပေတရု မယုံကြည်ခဲ့ဘူး။ ဒါဝိဒ်လို့ခေါ်တဲ့ ရှေးခေတ် အစ္စရေးဘုရင်ကောင်းနဲ့ပတ်သက်ပြီး ပေတရု ရှင်းရှင်းလင်းလင်း ဒီလိုပြောခဲ့တယ်– “ဒါဝိဒ်သည် ကောင်းကင်သို့ တက်သည်မဟုတ်။” (တမန်တော် ၂:၃၄) မွေးကင်းစကလေးတွေကို နှစ်ခြင်းပေးသင့်တယ်လို့လည်း ပေတရု မသွန်သင်ခဲ့ဘူး။ နှစ်ခြင်းဆိုတာ ယုံကြည်သူတစ်ဦးအနေနဲ့ အသိစိတ်ရှိရှိ လုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ခုဖြစ်တယ်လို့ သူသွန်သင်ခဲ့တယ်။—၁ ပေတရု ၃:၂၁။
တပည့်တွေဟာ တခြားသူတွေထက် ပိုပြီးထင်ပေါ်ကျော်ကြားဖို့ မကြိုးစားသင့်ဘူးလို့ ယေရှု သွန်သင်ခဲ့တယ်။ “မည်သူမဆို အလျင်အဦးဖြစ်လိုလျှင် အားလုံး၏နောက်ဆုံး ဖြစ်ရမည်” လို့ကိုယ်တော် ပြောခဲ့တယ်။ (မာကု ၉:၃၅) ယေရှု မသေခင်မှာ နောက်လိုက်တွေကို ရှင်းလင်းတိကျတဲ့ မိန့်မှာချက်တစ်ခု ဒီလိုပေးခဲ့တယ်– ‘သင်တို့မူကား ရဗ္ဗိဟု အခေါ်မခံကြနှင့်။ အကြောင်းမှာ သင်တို့၌ ဆရာတစ်ဦးတည်းရှိ၍ သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏။ ထို့ပြင် မြေကြီးပေါ်ရှိ မည်သူ့ကိုမျှ အဖဟူ၍ မခေါ်ကြနှင့်။ သင်တို့၌ ကောင်းကင်ဘုံရှင်အဖ တစ်ဦးတည်းရှိတော်မူ၏။ “ခေါင်းဆောင်” ဟူ၍လည်း အခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ဦးတည်းရှိ၏။’ (မဿဲ ၂၃:၁၊ ၈-၁၀) ပုပ်ရဟန်းမင်းတွေဟာ ပေတရုနဲ့ခရစ်တော်တို့ရဲ့ သွန်သင်ချက်တွေကို စွဲကိုင်ခဲ့ကြတယ်လို့ သင်ထင်သလား။
အသင်းအမှုဆောင်တစ်ယောက်ဟာ ခရစ်ယာန်လမ်းစဉ်အတိုင်း အသက်မရှင်နေရင်တောင် ပုပ်ရဟန်းမင်းအရိုက်အရာကို ဆက်ခံနိုင်တယ်လို့ တချို့က ပြောကြတယ်။ အဲဒီလိုပြောတာက အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ သင် ထင်သလား။ ယေရှု ဒီလိုပြောခဲ့ပါတယ်– “ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။” သက်သေအထောက်အထားတွေအရ ပုပ်ရဟန်းမင်းတွေရဲ့ ပုံဆောင်အသီးတွေဖြစ်တဲ့ မကောင်းတဲ့အကျင့်တွေကို ပေတရု ဒါမှမဟုတ် ခရစ်တော်က ထောက်ခံလိမ့်မယ်လို့ သင် ထင်သလား။—မဿဲ ၇:၁၇၊ ၁၈၊ ၂၁-၂၃။
[အောက်ခြေမှတ်ချက်]
a ပေတရုကို ယေရှုပြောခဲ့တဲ့စကားက ပေတရု လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကိုမဟုတ်ဘဲ ခရစ်တော်နဲ့ ကိုယ်တော့်အခန်းကဏ္ဍကို ပိုင်းခြားသိမြင်စေခြင်းအပေါ် အာရုံစိုက်စေတယ်။ (မဿဲ ၁၆:၁၃-၁၇) ယေရှုဟာ ကျောက်ဖြစ်ပြီး အဲဒီကျောက်ပေါ်မှာ အသင်းတော်ကို တည်ဆောက်ထားတယ်ဆိုပြီး နောက်ပိုင်းမှာ ပေတရုကိုယ်တိုင် ဖော်ပြခဲ့တယ်။ (၁ ပေတရု ၂:၄-၈) ခရစ်ယာန်အသင်းတော်ရဲ့ “အုတ်မြစ်ကျောက်” က ပေတရုမဟုတ်ပဲ ယေရှုဖြစ်တယ်ဆိုတာကို တမန်တော်ပေါလုလည်း အတည်ပြုခဲ့တယ်။—ဧဖက် ၂:၂၀။
b ခရစ်ယာန်အသင်းတော်ထဲမှာ မှားယွင်းတဲ့ အယူဝါဒတွေကို သွန်သင်ပေးတဲ့သူတွေ အများကြီး ပေါ်လာလိမ့်မယ်လို့ ယေရှုနဲ့တမန်တော်တွေ သတိပေးခဲ့ကြတယ်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃; ၂ တိမောသေ ၄:၃; ၂ ပေတရု ၂:၁; ၁ ယောဟန် ၂:၁၈) ဒုတိယရာစုခေတ်မှာ အသင်းတော်က အယူမှားဓလေ့ထုံးစံတွေကို လက်ခံလာပြီး ကျမ်းစာအယူဝါဒကို ဂရိအတွေးအခေါ်နဲ့ ရောစပ်လိုက်တဲ့အခါ ကျမ်းစာသတိပေးချက်အတိုင်း ဖြစ်လာခဲ့တယ်။
[စာမျက်နှာ ၂၅ ပါရုပ်ပုံ]
ပေတရုရဲ့ စံနမူနာကို ပုပ်ရဟန်းမင်းတွေ လိုက်လျှောက်ကြတယ်ဆိုတဲ့ အထောက်အထားရှိသလား