အဘယ်ကြောင့်ဆုံးဖြတ်ရမည့်အချိန်ဖြစ်သနည်း
ဘီ.စီ.အီး. ၁၆ ရာစုနှစ်က ဘုရားသခင်သည် ဣသရေလလူမျိုးကို “အခြားသောလူမျိုးတကာတို့ထက် . . . ပိုင်ထိုက်သောဘဏ္ဍာတော်၊ . . . သန့်ရှင်းသောလူမျိုး” အဖြစ် ရွေးချယ်ခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) မကြာမီအတွင်း သူတို့၏သန့်ရှင်းမြင့်မြတ်မှုနှင့် ဘာသာတရားဆိုင်ရာစင်ကြယ်မှုများ ပျောက်ဆုံးကုန်ပြီး ဗာဗုလုန်ဝတ်ပြုရေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ယိုယွင်းသည့်အကျင့်ဓလေ့များအားဖြင့် မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြသည်။ သို့အားဖြင့် သူတို့သည် “လည်ပင်းခိုင်မာသောအမျိုး” ဖြစ်ကြောင်း မိမိတို့ကိုယ်ကိုတင်ပြကြသည်။ (တရားဟောရာ ၉:၆၊ ၁၃; ၁၀:၁၆; ၁ ကောရိန္သု ၁၀:၇-၁၁) ယောရှုသေဆုံးပြီးနောက် အနှစ်သုံးရာကျော်ကာလအတွင်း ယေဟောဝါသည် ဣသရေလလူမျိုးအား စစ်မှန်သောဝတ်ပြုရေးသို့ ပြန်လည်ခေါ်ဆောင်ပေးမည့် သစ္စာစောင့်လမ်းပြများဖြစ်သော တရားသူကြီးတို့ကို ပေါ်ထွန်းစေသည်။ သို့သော် ထိုလူမျိုးသည် “မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။”—တရားသူကြီး ၂:၁၇-၁၉။
ထိုနောက်ပိုင်းတွင် ဘုရားသခင်သည် လူများအား မှန်သောဝတ်ပြုရေးဘက်သို့ ပြန်လှည့်လာအောင်သွေးဆောင်ရန် သစ္စာရှိသောဘုရင်များနှင့် ပရောဖက်များကို ပေါ်ထွန်းစေခဲ့သည်။ ပရောဖက်အာဇရိသည် အာသမင်းနှင့် သူ၏တိုင်းသူပြည်သားများအား ယေဟောဝါကိုရှာရန် တိုက်တွန်းခဲ့သည်– “ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။” အာသသည် ယုဒနိုင်ငံတွင် ဘာသာရေးပြုပြင်ပြောင်းလဲမှုများကို အရေးယူလုပ်ဆောင်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၅:၁-၁၆) နောက်နောင်တွင် ဘုရားသခင်သည် မိမိ၏ပရောဖက်ယောလအားဖြင့် ထပ်မံဖိတ်ခေါ်ရပြန်သည်။ (ယောလ ၂:၁၂၊ ၁၃) ယင်းနောက်ပိုင်းတွင် ယုဒပြည်သားများအား ‘ယေဟောဝါကိုရှာ’ ရန် ဇေဖနိတိုက်တွန်းခဲ့ရပြန်သည်။ ငယ်ရွယ်သော ယောရှိမင်းသည် ဗာဗုလုန်ဝတ်ပြုရေးနှင့် ဖောက်ပြန်ယိုယွင်းမှုများကို ဖျက်ဆီးရန် ပြုပြင်ပြောင်းလဲရေးစီမံကိန်းတစ်ရပ်အားဖြင့် ယင်းသို့ပြုခဲ့သည်။—ဇေဖနိ ၂:၃; ၂ ရာဇဝင်ချုပ် ၃၄:၃-၇။
ယင်းသို့သော နောင်တယူသည့်အဖြစ်အပျက်များကြားမှ ထိုလူများ၏ ဘာသာရေးအခြေအနေသည် တိုး၍ဆိုးဝါးလာသည်။ (ယေရမိ ၂:၁၃; ၄၄:၄၊ ၅) ဗာဗုလုန်အကျင့်အကြံများနှင့် ညစ်ညမ်းနေသော ဘာသာတရားကို ယေရမိကပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းကို ပြုပြင်ပြောင်းလဲ၍မရနိုင်သောအရာအဖြစ် ဖော်ပြခဲ့သည်– “အဲသရောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။” (ယေရမိ ၁၃:၂၃) ဤအကြောင်းကြောင့် ဘုရားသခင်သည် ယုဒနိုင်ငံအပေါ် ပြင်းထန်သည့်ဒဏ်စီရင်ချက်ချခဲ့သည်။ ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဖျက်ဆီးခံလိုက်ရပြီး အသက်ရှင်ကျန်ခဲ့သူများသည် ကျွန်များအဖြစ် အနှစ် ၇၀ ကြာ ဗာဗုလုန်နိုင်ငံသို့ နှင်ထုတ်ခံခဲ့ကြရသည်။
ထိုအချိန်ကာလလွန်ပြီးနောက် ဘုရားသခင်သည် ကရုဏာပြတော်မူသည်။ ဣသရေလအကြွင်းအကျန်တို့ကို ယေရုရှလင်သို့ပြန်လွှတ်လိုက်ပြီး ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခွင့်ပြုရန် ကုရုမင်းကို ယေဟောဝါသွေးဆောင်ခဲ့သည်။ ဖြစ်ခဲ့သမျှကို သင်ခန်းစာယူမည့်အစား စစ်မှန်သောဝတ်ပြုရေးမှနောက်တစ်ဖန် သွေဖည်သွားကြပြန်ပြီး ယေဟောဝါဘုရားသခင်၏ ထပ်မံဖိတ်ခေါ်စရာ ဖြစ်စေခဲ့သည်– “ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်။”—မာလခိ ၃:၇။
ဣသရေလလူမျိုးငြင်းပယ်ခံရသည့်အကြောင်း
ယေရှုအချိန်က ဣသရေလလူမျိုး၏ ဘာသာတရားဆိုင်ရာအခြေအနေကား မည်သို့နည်း။ အရေခြုံဘာသာရေးခေါင်းဆောင်များသည် “လူကန်းတို့အားလမ်းပြသောလူကန်း” များဖြစ်ကြပြီး “လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေး” ကြသည်။ ‘သူတို့သည် အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို လွန်ကျူးကြသည်။’ ဘုရားသခင်အား “နှုတ်ခမ်းနှင့်” ချီးမွမ်းသော်လည်း သူတို့၏နှလုံးမူကား ကိုယ်တော်နှင့်ဝေးကွာလှသည်။ (မဿဲ ၁၅:၃၊ ၄၊ ၈၊ ၉၊ ၁၄) သူတို့သည် နောင်တရရန် အခွင့်အရေးထပ်မံရဦးမည့် လူမျိုးလော။ မဟုတ်ပါ။ ယေရှုဤသို့မိန့်တော်မူသည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကို သီးအံ့သောလူမျိုးအား ပေးရလတ္တံ့။” ကိုယ်တော်ဤသို့ ထပ်၍မိန့်တော်မူသေးသည်– “သင်တို့နေသောအိမ်”၊ ယေရုရှလင်မြို့ရှိ ဗိမာန်တော်သည် “လူဆိတ်ညံလျက်ကျန်ရစ်ရ၏။” (မဿဲ ၂၁:၄၃; ၂၃:၃၈) သူတို့၏အပြစ်ကား အလွန်ကြီးလေးလှသည်။ ယေရှုအား မေရှိယအဖြစ်မှ ငြင်းပယ်ပြီး ကိုယ်တော်အား သေခြင်းသို့ရောက်အောင်ပို့ဆောင်ကာ ဖိနှိပ်သည့်ရောမဘုရင်ကဲသာအား သူတို့၏မင်းအဖြစ် ရွေးချယ်ခဲ့ကြသည်။—မဿဲ ၂၇:၂၅; ယောဟန် ၁၉:၁၅။
ယေရှု၏ဓမ္မအမှုဆောင်သောအချိန်သည် တရားစီရင်ရာကာလဖြစ်ကြောင်းကို ဣသရေလလူမျိုးသည် နားမလည်လိုကြချေ။ သစ္စာမရှိသော ယေရုရှလင်မြို့သားများအား ယေရှုဤသို့မိန့်တော်မူသည်– “သင့်အား စစ်ဆေးသည့်အချိန်ကာလကို သင်သည်မသိမမှတ်။”—လုကာ ၁၉:၄၄၊ ကဘ။
စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင်သည် လူမျိုးသစ်တစ်မျိုး သို့မဟုတ် လူအမျိုးအနွယ်အားလုံးတို့အထဲမှ ရွေးချယ်ခံရကြမည့် မိမိ၏သားတော်ယေရှုခရစ်၏ ဝိညာဏဘိသိက်ခံတပည့်တော်များကို ဖွဲ့စည်းလိုက်သည်။ (တမန်တော် ၁၀:၃၄၊ ၃၅; ၁၅:၁၄) နောက်ဆုံးတွင် ဂျူးဘာသာရေးစနစ်သည် ပြန်လည်ထူထောင်ခြင်းခံရမည့် မျှော်လင့်ချက်ရှိပါသလော။ စီ.အီး. ၇၀ ခုနှစ်တွင် ရောမစစ်တပ်က ယေရုရှလင်ကို ပြားပြားဝပ်သွားအောင် မြေလှန်ဖျက်ဆီးပစ်ခြင်းအားဖြင့် အဖြေပေးခဲ့သည်။ ထိုဘာသာရေးစနစ်ကို ဘုရားသခင်လုံးဝဥဿုံ ငြင်းပယ်ခဲ့သည်။—လုကာ ၂၁:၅၊ ၆။
ခရစ်ယာန်ဘောင်၏ အယူဖောက်ပြန်မှုကြီး
ဝိညာဏဘိသိက်ခံခရစ်ယာန်များသည်လည်း “သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်တော်မူရာ” အဖြစ် ဖွဲ့စည်းခံရကြသည်။ (၁ ပေတရု ၂:၉၊ ကဘ; ဂလာတိ ၆:၁၆) သို့သော် ရှေးကျသောခရစ်ယာန်အသင်းတော်ပင်လျှင် ဘာသာရေးသန့်စင်မှုကို ကြာရှည်စွာမထိန်းသိမ်းထားပါ။
ကျမ်းစာက ကြီးစွာသောအယူဖောက်ပြန်ခြင်း သို့မဟုတ် စစ်မှန်သောယုံကြည်ခြင်းကို စွန့်ပယ်ခြင်းအကြောင်း ကြိုတင်ပြောထားသည်။ ယေရှု၏ပုံဥပမာပါ ပုံဆောင်တောပင်များတည်းဟူသော ခရစ်ယာန်အတုအယောင်များသည် ပုံဆောင်ဂျုံပင်များ သို့မဟုတ် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသော ခရစ်ယာန်စစ်များကို ဆီးတားနှောင့်ယှက်မည်ဖြစ်သည်။ ပုံဥပမာက ဘုရားသခင်၏ မဟာရန်သူကြီးစာတန်မာရ်နတ် မြေတောင်မြှောက်ပေးသည့် မှောက်မှားသောခရစ်ယာန်အယူဝါဒ၏ ပျံ့နှံ့ခြင်းသည် “လူတို့သည် အိပ်ပျော်သောအခါ” ဖြစ်စပြုလာသည်။ ယင်းသည် ခရစ်တော်၏ သစ္စာရှိတမန်တော်များ သေဆုံးပြီးနောက်ပိုင်း ဝိညာဏငိုက်မြည်းခြင်းကာလတွင် ဖြစ်လာသည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃; ၂ သက်သာလောနိတ် ၂:၆-၈) တမန်တော်များ ကြိုပြောထားသည့်အတိုင်း ခရစ်ယာန်အတုအယောင်များစွာတို့သည် သိုးခြံထဲသို့ မသိမသာလျှိုဝင်လာကြသည်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၁ တိမောသေ ၄:၁-၃; ၂ တိမောသေ ၂:၁၆-၁၈; ၂ ပေတရု ၂:၁-၃) ယောဟန်သည် နောက်ဆုံးသေဆုံးသည့် တမန်တော်ဖြစ်သည်။ စီ.အီး. ၉၈ ခုနှစ်လောက်တွင် “နောက်ဆုံးသောကာလ”၊ တမန်တော်များအချိန်၏ နောက်ဆုံးအပိုင်းသည် စတင်နေပြီဖြစ်ကြောင်း သူရေးခဲ့သည်။—၁ ယောဟန် ၂:၁၈၊ ၁၉။
ရောမဘုရင်ကွန်စတင်တိုင်း သဘောတူထောက်ခံသော ဝတ်ပြုရေးနှင့် နိုင်ငံရေးဆိုင်ရာ မဟာမိတ်ဖွဲ့မှုဖြင့် ခရစ်ယာန်ဘောင်၏ ဝိညာဏ၊ အယူဝါဒနှင့် စာရိတ္တပိုင်းဆိုင်ရာ အခြေအနေများသည် တစ်ဟုန်ထိုးကျဆင်းလာသည်။ “လေးရာစုအတွင်းက ချာ့ချ်၏ အောင်ပွဲ” သည် ခရစ်ယာန်ရှုထောင့်ကကြည့်လျှင် “ကပ်ဘေးတစ်ခု” ဖြစ်ကြောင်း သမိုင်းဆရာများစွာတို့က သဘောတူညီကြသည်။ ‘ခရစ်ယာန်ဘောင်သည် သူမ၏မြင့်မားသည့်စာရိတ္တအဆင့်အတန်း ဆုံးရှုံးသွား’ ပြီး “မာရိကိုစွဲလမ်းကြည်ညိုခြင်း” နှင့် “သန့်ရှင်းသူများ” ကို ကိုးကွယ်ခြင်းအပြင် သုံးပါးပေါင်းတစ်ဆူစသည့် ဗာဗုလုန်အယူဝါဒ၏ အကျင့်အကြံနှင့် အတွေးအခေါ်များကို လက်ခံလာခဲ့သည်။
ခရစ်ယာန်ဘောင်၏ မှောက်မှားသည့်အောင်ပွဲပြီးနောက်တွင် သူမသည် အခြေအနေယိုယွင်းကျဆင်းလာသည်။ ဘာသာရေးခုံရုံးများအပြင် ပုပ်ရဟန်းမင်းများနှင့် အကြံပေးအဖွဲ့များက ထုတ်ပြန်သော အမိန့်များနှင့် အယူဝါဒဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ခရူးဆိတ်စစ်ပွဲများ၊ ကက်သလစ်နှင့် ပရိုတက်စတင့်တို့ဖြစ်ပွားသည့် “သန့်ရှင်းသော” စစ်ပွဲများက ပြုပြင်ပြောင်းလဲ၍မရသည့် ဝတ်ပြုရေးစနစ်ကို ဖြစ်ပေါ်စေသည်။
ဝီလျန်မန်ချက်စ်တာက A World Lit Only by Fire အမည်ရှိ သူ၏စာအုပ်တွင် ဤသို့ရေးသားထားသည်– “ဆယ့်ငါးရာစုနှင့် ဆယ့်ခြောက်ရာစုနှစ်များအတွင်းက ပုပ်ရဟန်းမင်းများသည် ရောမဧကရာဇ်များကဲ့သို့ နေထိုင်ကြသည်။ သူတို့သည် ကမ္ဘာတွင် အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်ကြပြီး သူတို့နှင့် သူတို့၏ဂိုဏ်းချုပ်များသည် မြင့်မြတ်သောရာထူးကို အမြတ်ထုတ်ကြခြင်းအားဖြင့် မိမိတို့ကိုယ်ကို သာ၍ကြွယ်ဝချမ်းသာစေကြသည်။” ကြီးကျယ်သောအယူဖောက်ပြန်မှုကာလအတွင်း လူအုပ်စုငယ်ကလေး သို့မဟုတ် လူတစ်ဦးစီတို့သည် စစ်မှန်သောခရစ်ယာန်ဘာသာကို ပြန်လည်တွေ့ရှိရန် ရှာဖွေကြခြင်းအားဖြင့် ပုံဆောင်ဂျုံစပါး၏ စရိုက်လက္ခဏာများကို တင်ပြကြသည်။ သူတို့သည် အပြင်းအထန်ညှဉ်းဆဲခံရလေ့ရှိသည်။ အထက်ပါစာအုပ်က ဤသို့ပြောသည်– “တစ်ခါတစ်ရံ ပရိုတက်စတင့်နှင့် ကက်သလစ်များရှိ ခရစ်ယာန်ဘာသာ၏ သန့်ရှင်းသူအစစ်အမှန်များသည် မဲတူးသွားအောင် မီးကျွမ်းလောင်ခြင်းခံရသော အာဇာနည်များဖြစ်သွားကြရသည်။” မာတင်လူသာနှင့် ဂျွန်ကယ်လ်ဗင်းတို့ကဲ့သို့သော အမည်ခံပြုပြင်ပြောင်းလဲရေးသမားတို့က ချာ့ချ်နှင့်ကွဲပြားသော ရေရှည်ခံမည့်ဝတ်ပြုရေးစနစ်ကို ဖန်တီးရန် ကြိုးစားခဲ့ကြသော်လည်း ယင်း၏အခြေခံအယူဝါဒများကိုသာ ပြန်ယူထားသည်။ သူတို့သည် နိုင်ငံရေးရာများတွင်လည်း အတွင်းကျကျပါဝင်ကြသည်။
ပရိုတက်စတင့်များ၏ဘောင်တွင် ဘာသာရေးပြန်လည်နိုးကြားမှုဟုခေါ်သော အစီအစဉ်ကို အကျိုးသက်ရောက်အောင် ကြိုးစားကြသည်။ ဥပမာ၊ ၁၈ နှင့် ၁၉ ရာစုနှစ်များအတွင်း ဤကြိုးစားမှုက အားသွန်ခွန်စိုက်နိုင်ငံခြားသာသနာပြုလှုပ်ရှားမှုကို ပေါ်ပေါက်စေသည်။ သို့သော် သိုးထိန်းများကိုယ်တိုင်၏ဝန်ခံချက်အရ ယနေ့ ပရိုတက်စတင့်သိုးစုသည် လုံးဝအားရစရာမရှိချေ။ ပရိုတက်စတင့်ဓမ္မပညာဆရာ အော်စကာကူလ်မန်က “ချာ့ချ်များအတွင်းတွင်ပင် ယုံကြည်ခြင်းဆိုင်ရာအကျပ်ရိုက်မှုများရှိသည်” ဟု များမကြာမီက ဝန်ခံပြောဆိုထားသည်။
ပြုပြင်ပြောင်းလဲရေးနှင့် တန်ပြန်ပြုပြင်ပြောင်းလဲရေးများသည် ချာ့ချ်တွင်လည်း ပေါ်ပေါက်ခဲ့သည်။ ၁၁ မှ ၁၃ ရာစုအတွင်း ဓမ္မဆရာများဘောင်တွင် ပျံ့နှံ့နေသော စာရိတ္တယိုယွင်းမှုနှင့် အချမ်းသာကြီးချမ်းသာကြွယ်ဝမှုတို့ကြောင့် ဆင်းရဲခြင်းဆိုင်ရာခံဝန်ကတိကို တိတိကျကျလိုက်နာသော ဓမ္မဆရာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ကျမ်းပညာရှင်များ၏အဆိုအရ ထိုအဖွဲ့သည် နာယကဦးဆောင်အဖွဲ့၏ အနီးကပ်စောင့်ကြည့်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရသည်။ သို့နှင့် ၁၆ ရာစုနှစ်ရောက်သော် ထရဲ့န်ကောင်စီက တန်ပြန်ပြုပြင်ပြောင်းလဲရေးကို ပေါ်ပေါက်စေပြီး ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ်ဆန့်ကျင်ခြင်းသို့ ဦးတည်သည်။
၁၉ ရာစု၏ ပထမရာစုဝက်၊ သာသနာ့အဖွဲ့ပြန်လည်ထူထောင်ရေးကာလအတွင်း ချာ့ချ်သည် အာဏာရှင်ဆန်ပြီး ရှေးရိုးစွဲကျသော အနေအထားကို ရယူထားသည်။ သို့ဖြစ်လင့်ကစား အမှန်တကယ်ပြုပြင်ပြောင်းလဲမှုများကိုပင် စစ်မှန်သောခရစ်ယာန်ဝတ်ပြုရေး ပြန်လည်ဖော်ထုတ်ပေးနိုင်ရန်အတွက် လုပ်သည်ဟု မဆိုနိုင်ချေ။ ထို့ထက် ယင်းတို့သည် ကမ္ဘာ့ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှုရေးအပြောင်းအလဲများကြားမှ ဓမ္မဆရာများ၏ အာဏာတည်မြဲရေးအတွက် ကြိုးစားအားထုတ်မှုသက်သက်သာလျှင်ဖြစ်သည်။
၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ချာ့ချ်သည် အသင်းတော်များကောင်စီ ဗက်တီကင် ၂ အား အမြစ်လှန်ပြောင်းလဲသည့်အစီအစဉ်ကို စတင်လိုဟန်ရှိသည်။ သို့သော် လက်ရှိပုပ်က ချာ့ချ်အသင်းသားတိုးတက်ရေးသဘောထားကို ထိန်းချုပ်ရန် ထိုကောင်စီဆိုင်ရာပြန်လည်ဆန်းသစ်မှုကို ချက်ချင်းရပ်တန့်ဖို့ အမိန့်ထုတ်ပြန်သည်။ ဗော်အီတီဝါး၏ပြန်လည်ထူထောင်ရေးဟု လူအချို့ကခေါ်သော ထိုဖြစ်စဉ်ကို ကက်သလစ်အုပ်စုတစ်ခုက “ကွန်စတင်တိုင်းဝါဒပုံစံသစ်” ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ La Civiltà Cattolica ခေါ် ဂျက်ဇူအစ်ဂျာနယ်၏ ထောက်ပြချက်အရ အခြားဝတ်ပြုရေးများနည်းတူ ချာ့ချ်ရင်ဆိုင်နေရသည့်အရာမှာ “အခြေအမြစ်နှင့်ဆိုင်သော ကဏ္ဍအဖက်ဖက်ဆိုင်ရာအကျပ်ရိုက်ခြင်းဖြစ်သည်– အခြေအမြစ်ဖြစ်ရခြင်းမှာ ယုံကြည်ခြင်းနှင့် ခရစ်ယာန်အသက်တာဆိုင်ရာ အခြေအမြစ်များ ပါဝင်ပတ်သက်နေသောကြောင့်ဖြစ်သည်; ကဏ္ဍအဖက်ဖက်နှင့်ဆိုင်ရခြင်းမှာ ခရစ်ယာန်ဘာသာ၏ အခန်းကဏ္ဍအားလုံးပါဝင်ပတ်သက်သောကြောင့်ဖြစ်သည်။”
ခရစ်ယာန်ဘောင်ဝတ်ပြုရေးများသည် အမှန်အားဖြင့် ပြုပြင်ပြောင်းလဲရေးနည်းစနစ်အတိုင်း သွားနေခြင်းမဟုတ်၊ သွားလည်းသွားနိုင်မည်မဟုတ်။ အကြောင်းမှာ စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် “ရိတ်သိမ်း” ချိန်ရောက်မှသာလျှင် တစ်ခုတည်းသော စင်ကြယ်သည့်အသင်းတော်ထဲသို့ ပုံဆောင်ဂျုံစပါးများကို စုသိမ်းခြင်းနှင့်အတူ ပြန်လည်တည်ထောင်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။ (မဿဲ ၁၃:၃၀၊ ၃၉) ခရစ်ယာန်အမည်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘာသာရေးအခွင့်အာဏာဖြင့်ပြုသည့် ရာဇဝတ်မှုနှင့် မတော်မတရားမှု တသီတတန်းကြီးက စစ်မှန်သောပြုပြင်ပြောင်းလဲခြင်းကို ခရစ်ယာန်ဘောင်ထံမှ အမှန်ပင်မျှော်လင့်နိုင်သလော ဟူသောမေးခွန်းကို ပေါ်ပေါက်စေသည်။
ပြုပြင်ပြောင်းလဲခြင်းမဖြစ်နိုင်သလော
ဗျာဒိတ်ကျမ်းသို့မဟုတ် ပေါ်ထွန်းခြင်းစာစောင်က “မဟာဗာဗုလုန်” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ခံထားသည့် ပုံဆောင်ပြည့်တန်ဆာကြီးအကြောင်း ပြောထားသည်။ (ဗျာဒိတ် ၁၇:၁၊ ၅၊ ကဘ) ကျမ်းစာဖတ်သူများသည် ရာစုနှစ်ပေါင်းများစွာကတည်းက ဤပုံဆောင်ချက်၏နက်နဲမှုကို ရှင်းလင်းပြနိုင်ရန် ကြိုးစားလာခဲ့ကြသည်။ လူများစွာတို့သည် ဓမ္မဆရာအတန်းအစား၏ စည်းစိမ်ချမ်းသာနှင့် စာရိတ္တယိုယွင်းမှုတို့ ရွံမုန်းကြသည်။ အချို့တို့က မဟာဗာဗုလုန်သည် ခရစ်ယာန်အသင်းတော်အားလုံးဆိုင်ရာ နာယကဦးဆောင်အဖွဲ့ကို ပုံဆောင်သည်ဟု ထင်ကြသည်။ ထိုသူများအထဲတွင် ၁၄၁၅ ခုနှစ်က မီးရှို့သတ်ခြင်းခံရသော ဘိုဟီမင်းဓမ္မဆရာ ယန်းဟတ်စ်နှင့် ၁၅၇၀ ခုနှစ်က ကြိုးဆွဲပြီးမီးရှို့သတ်ခြင်းခံရသော အီတာလျန်လူမျိုးလူသာပဓာနဝါဒီ အာဝိုနီယိုပါလေယာရီယိုတို့ ပါဝင်သည်။ သူတို့နှစ်ဦးလုံးသည် ချာ့ချ်၏ “မူလဂုဏ်သိက္ခာ” ပြန်လည်တည်ရှိရေးမျှော်လင့်ချက်ဖြင့် ချာ့ချ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားကြသော်လည်း အောင်မြင်မှုမရကြချေ။
ဆန့်ကျင်ဘက်အနေနှင့် ဗျာဒိတ်ကျမ်းအခန်းကြီး ၁၇ နှင့် ၁၈ တို့က မဟာဗာဗုလုန်သည် မှောက်မှားသောဝတ်ပြုရေး၏ ကမ္ဘာ့အင်ပါယာ တစ်ခုလုံး ကို ပုံဆောင်ကြောင်း ဖော်ပြသည်။a ဤစုပေါင်းထားသော “ပြည့်တန်ဆာကြီး” ကို ပြုပြင်ပြောင်းလဲ၍မရနိုင်ပါ။ အကြောင်းမှာ “သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင်မီ” သောကြောင့်ဖြစ်သည်။ အမှန်အားဖြင့် ဤ ၂၀ ရာစုတွင် ခရစ်ယာန်ဘောင်သာမက စင်စစ် ဝတ်ပြုရေးအားလုံးတို့သည် သွေးစီးချောင်းမပြတ်စေသည့် စစ်ပွဲများနှင့် လူသားများအား အတိဒုက္ခရောက်စေသည့် ဆိုးဆိုးဝါးဝါးစာရိတ္တကျဆင်းခြင်းတို့အတွက် တာဝန်မကင်းကြချေ။ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် “ဗာဗုလုန်၏” ပျက်စီးခြင်းကို စီရင်ချက်ချခဲ့သည်။—ဗျာဒိတ် ၁၈:၅၊ ၈။
ယခုပင် “သူ၏အထဲကထွက်” ရမည့်အချိန်ဖြစ်
ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းက ကျွန်ုပ်တို့၏အချိန်သည် ဤဆိုးညစ်သော “စနစ်” ၏ “ဆုံးခန်း” နှင့် ဆက်စပ်နေကြောင်း ထင်ရှားပြသည်။ (မဿဲ ၂၄:၃၊ ကဘ) ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့်ကိုးကွယ်လိုသူတစ်ဦးသည် မိမိ၏ကိုယ်ပိုင်အယူအဆနှင့် အကြိုက်များအတိုင်း လိုက်၍မဖြစ်ပါ။ သူသည် ‘တွေ့နိုင်သည်ကာလတွင် ယေဟောဝါကိုရှာ’ ရမည်၊ မှန်၏၊ ယခုအချိန်ပင်ဖြစ်သည်။ အကြောင်းမှာ ယေရှုကြိုတင်ပြောထားသည့် “ကြီးစွာသောဒုက္ခ” သည် အလွန်နီးနေသောကြောင့်ဖြစ်သည်။ (ဟေရှာယ ၅၅:၆; မဿဲ ၂၄:၂၁) ဣသရေလလူမျိုးကိစ္စတွင်ကဲ့သို့ ဝတ်ပြုရေးတရားတစ်ခုသည် ယင်း၏ရှေးကျခြင်းကို ဝါကြွားနိုင်ရုံမျှဖြင့် ထိုဝတ်ပြုရေး၏ဖောက်ပြန်ယိုယွင်းမှုကို ဘုရားသခင်သည်းခံမည်မဟုတ်ချေ။ ဘုရားသခင်၏ မျက်နှာသာတော်နှင့် ကယ်တင်ခြင်းရလိုသူများသည် နစ်မြုပ်လုနီးနေသောသင်္ဘောကို ပြုပြင်ရန်ကြိုးစားနေမည့်အစား ဗျာဒိတ် ၁၈:၄ ပါ မှုတ်သွင်းခံအမိန့်ကို မဆိုင်းမတွလိုက်လျှောက်ရမည်– “ငါ၏လူမျိုးတို့ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ [မဟာဗာဗုလုန်] အထဲကထွက်ကြလော့။”
သို့သော် “ထွက်” ပြီး မည်သည့်နေရာသို့သွားရမည်နည်း။ အခြားမည်သည့်နေရာတွင် ကယ်တင်ခြင်းတွေ့နိုင်သေးသနည်း။ မမှန်သောနေရာတွင် ခိုလှုံရာရှာခြင်းသည် အန္တရာယ်ရှိသည်မဟုတ်လော။ ဘုရားသခင်နှစ်သက်သောဝတ်ပြုရေးကို မည်သို့ခွဲခြားသိမှတ်နိုင်မည်နည်း။ ယုံကြည်စိတ်ချနိုင်သောအဖြေများကို ဘုရားသခင်၏နှုတ်ကပါဌ်တော်တွင်သာ တွေ့ရှိနိုင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာကို သာ၍ဂဃနဏလေ့လာရန် ယေဟောဝါသက်သေများက သင့်အားခေါ်ဖိတ်ပါသည်။ ဘုရားသခင်သည် ကျရောက်အံ့ဆဲဆဲ မိမိ၏အမျက်ထွက်ရာနေ့တွင် ကယ်တင်မည့် “မိမိနာမတော်အတွက် လူတစ်မျိုး” အဖြစ် မည်သူများကိုရွေးချယ်ကြောင်း သင်သိနားလည်လာရမည်။—တမန်တော် ၁၅:၁၄; ဇေဖနိ ၂:၃; ဗျာဒိတ် ၁၆:၁၄-၁၆။
[အောက်ခြေမှတ်ချက်များ]
a ပုံဆောင်မဟာဗာဗုလုန်ကို ကျမ်းစာနှင့်အညီ နည်းမှန်လမ်းမှန် ခွဲခြားသိမှတ်နိုင်ရန် ၁၉၈၈ ခုနှစ်က နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်၊ အခန်း ၃၃ မှ ၃၇ ကိုကြည့်ပါ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သင့်ဝတ်ပြုရေးသင်္ဘောသည် နစ်မြုပ်နေလျှင် စစ်မှန်သောခရစ်ယာန်ဝတ်ပြုရေးဆိုင်ရာ ကယ်ဆယ်ရေးသင်္ဘောသို့ သွားပါ