အကျွန်ုပ်ဘဝကို အကောင်းဆုံးမြှုပ်နှံထားရန်အရာ
ဘော့ဘ်အဲန်ဒစင်ပြောပြသည်
လွန်ခဲ့သောဆယ်နှစ်ခန့်က မိတ်ဆွေအချို့ ကျွန်ုပ်အား ဤသို့မေးကြသည်– “ဘာကြောင့်ဒီလောက်ကြာကြာ ရှေ့ဆောင်လုပ်ခဲ့တာလဲ ဘော့ဘ်။”
“ရှေ့ဆောင်အလုပ်ထက်ကောင်းတဲ့အလုပ် ရှိနိုင်လို့လား” ဟုအပြုံးကလေးနှင့် ကျွန်တော်ဖြေဆိုခဲ့သည်။
ရှေ့ဆောင်လုပ်ငန်းကို ကျွန်တော်စလုပ်ကိုင်ချိန် ၁၉၃၁ ခုနှစ်မှာ ကျွန်တော် ၂၃ နှစ်သာရှိတယ်။ ယခု ၈၇ နှစ်ရှိပြီး ရှေ့ဆောင်လုပ်နေဆဲပါပဲ။ ဒီထက်ကောင်းတဲ့ဘဝ ကျွန်တော့်မှာ မရှိနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါရစေ။
၁၉၁၄ ခုနှစ်က ကျွန်တော်တို့အိမ်မှာ ဝေစာတစ်စောင်ထားရစ်ခဲ့တယ်။ ထိုစဉ်က အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများလို့ အမည်ရှိတဲ့ ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ ဝေစာဖြစ်တယ်။ အဲ့ဒီသက်သေခံပြန်လာတဲ့အခါ မီးငရဲအကြောင်း အမေက သူ့ကိုအသေအချာမေးတယ်။ စည်းကမ်းကြပ်မတ်တဲ့ ဝက်စလီယန်မက်သဒစ်ဂိုဏ်းဝင်တစ်ယောက်အဖြစ် သူမကြီးပြင်းလာပေမဲ့ ဒီထာဝရညှဉ်းဆဲခြင်းအယူအဆကို မေတ္တာရှင်ဘုရားသခင်နဲ့ လုံးလုံးစပ်ဟပ်လို့မရခဲ့ဘူး။ အမှန်တရားကို သူမသိလိုက်တယ်ဆိုရင်ပဲ သူမက “တစ်ခါမှ ဒီလောက်မပျော်ခဲ့ဖူးဘူး” လို့ပြောတယ်။
အမေဟာ မက်သဒစ်တနင်္ဂနွေကျောင်းမှာ သင်ပြပေးတာကို ချက်ချင်းရပ်ပစ်လိုက်ပြီး လူနည်းစုဖြစ်တဲ့ကျမ်းစာကျောင်းသားအုပ်စုနဲ့ ပူးပေါင်းလိုက်တယ်။ မာဆီမြစ်တစ်ဖက်ကမ်းရှိ လီဗာပူးလ်ဆိပ်ကမ်းနဲ့ မျက်နှာချင်းဆိုင်တဲ့ ကျွန်တော်တို့မွေးရပ် ဗာကင်ဟက်ဒ်မြို့ငယ်ကလေးမှာ သူစဟောပြောတော့တာပဲ။ မကြာခင်မှာ အနီးအနားမြို့ရွာတွေကို စက်ဘီးနဲ့ မှန်မှန်သွားဟောတယ်။ ဒီကျယ်ဝန်းတဲ့ရပ်ကွက်မှာ သူ့ကိုမသိသူရှားတဲ့အထိ ဟောပြောခဲ့လို့ သူ့သားသမီးတွေအတွက် ပုံသက်သေကောင်းဖြစ်ခဲ့တယ်။ ၁၉၇၁ ခုနှစ်၊ သူမသေဆုံးတဲ့အသက် ၉၇ နှစ်အရွယ်အထိ တက်တက်ကြွကြွသက်သေခံခဲ့သူဖြစ်တယ်။
ကျွန်တော်နဲ့ ညီမလေးကက်သလီးန်ကို မက်သဒစ်တနင်္ဂနွေကျောင်းကနေထုတ်ပြီး ကျမ်းစာကျောင်းသားများရဲ့အစည်းအဝေးများကို အမေနဲ့အတူတက်ဖို့ ခေါ်သွားတယ်။ နောက်ပိုင်းမှာ အဖေပါလိုက်လာတဲ့အခါ ဘုရားသခင်၏စောင်းတော်စာအုပ်နဲ့ မိသားစုလိုက်မှန်မှန်ကျမ်းစာလေ့လာဖို့ ကျွန်တော့်ရဲ့မိဘများက စီစဉ်လိုက်တယ်။ အဲ့ဒီအချိန်က ဒီလိုအစီအစဉ်မျိုးမရှိသေးပေမဲ့ အဲ့ဒီအစောပိုင်း ကျမ်းစာအခြေခံပညာက ကျွန်တော်နဲ့ကျွန်တော့်ညီမလေးကို အချိန်တန်တော့ ရှေ့ဆောင်ဝင်လုပ်ကြဖို့ အကျိုးဖြစ်ထွန်းစေခဲ့တယ်။
၁၉၂၀ ခုနှစ်မှာ “ဖန်ဆင်းခြင်းဓာတ်ပုံ-ပြဇာတ်” ကိုလီဗာပူးလ်မြို့မှာ ကြည့်ခဲ့ခြင်းဟာ ကျွန်တော်တို့ကလေးတွေအတွက် ဝိညာဏအလှည့်အပြောင်းဖြစ်တယ်လို့ အမေကသဘောထားတယ်။ သူမပြောတာ မှန်လည်းမှန်ပါတယ်။ ကျွန်တော်ဟာ အသက်ငယ်သေးပေမဲ့ အဲ့ဒီပြပွဲကိုကြည့်ပြီးတဲ့နောက် စိတ်ထဲစွဲကျန်သွားတော့တာပဲ။ ကျွန်တော်မှတ်မှတ်ရရဖြစ်တဲ့အပိုင်းက ယေရှုရဲ့ဘဝကိုဖော်ပြတဲ့အပိုင်းပဲ။ အထူးသဖြင့် အသတ်ခံရဖို့ သူလှမ်းသွားနေတဲ့ဇာတ်ကွက်ဖြစ်တယ်။ အဲ့ဒီအဖြစ်အပျက်တစ်ခုလုံးက ကျွန်တော့်ရဲ့ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းကို အာရုံပြုစေတယ်။
၁၉၂၀ ပြည့်လွန်နှစ်အစောပိုင်းဖြစ်တဲ့ တနင်္ဂနွေနေ့ မွန်းလွဲချိန်တွေမှာ အမေနဲ့အတူ ဝေစာများကို ကျွန်တော်စဝေငှလာတယ်။ အစပိုင်းမှာတော့ အိမ်တွေမှာ ချန်ထားခဲ့ဖို့ပဲ။ နောက်ပိုင်းကျတော့ အိမ်ရှင်ရဲ့လက်ထဲပေးထားပြီး စိတ်ဝင်စားတဲ့သူတွေဆီကို ပြန်သွားတယ်။ အဲ့ဒီအလုပ်ကို အခုအကြီးအကျယ် အကျိုးဖြစ်ထွန်းတဲ့ ပြန်လည်ပတ်မှုနဲ့ ကျမ်းစာသင်အံမှုလုပ်ငန်းရဲ့ အစောပိုင်းအုတ်မြစ်လို့ ကျွန်တော်အမြဲယူမှတ်တယ်။
ရှေ့ဆောင်လုပ်ငန်းကိုဝင်လုပ်ခြင်း!
၁၉၂၇ ခုနှစ်မှာ ကက်သလီးန်နဲ့ကျွန်တော် နှစ်ခြင်းခံကြတယ်။ ၁၉၃၁ ခုနှစ်က လီဗာပူးလ်မြို့မှာ ဓာတ်ခွဲဓာတုဗေဒပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေတုန်း ယေဟောဝါသက်သေများအမည်ကို လက်ခံကြမယ်ဆိုတဲ့ အဓိဋ္ဌာန်ပြုချက်ကို ကြားလိုက်ရတယ်။ အသင်းမရဲ့ ကော်လ်ပေါ်တီယာများ (ယနေ့ရှေ့ဆောင်ဟုခေါ်) လီဗာပူးလ်မြို့ရဲ့ စီးပွားရေးရပ်ကွက်တွေမှာ အမှုဆောင်ကြတာကို ကျွန်တော်မကြာခဏတွေ့ရတယ်။ သူတို့ရဲ့ပုံသက်သေကိုလည်း ကျွန်တော်တကယ်တန်ဖိုးထားတယ်။ လောကအပေါင်းအသင်းဖြတ်ပြီး ယေဟောဝါရဲ့လုပ်ငန်းမှာ ကျွန်တော့်ရဲ့ဘဝကို မြှုပ်နှံနိုင်ဖို့ တကယ်ပဲတမ်းတနေမိတယ်!
အဲ့ဒီနှစ် နွေအချိန်မှာ ကျွန်တော်ရဲ့သူငယ်ချင်း ဂျဲရီဂဲရတ်က ကင်းမျှော်စင်အသင်းရဲ့ ဒုတိယဥက္ကဋ္ဌပေးတဲ့ အိန္ဒိယနိုင်ငံမှာ ဟောပြောရမဲ့တာဝန်ကို လက်ခံခဲ့တဲ့အကြောင်း ပြောပြတယ်။ သင်္ဘောခရီးနဲ့ မထွက်ခွာခင် ကျွန်တော့်ဆီသူအလည်လာပြီး အချိန်ပြည့်လုပ်ငန်းမှာပါရတဲ့အခွင့်အရေးအကြောင်းကို ပြောပြတယ်။ ကျွန်တော့်ကိုသူနှုတ်ဆက်သွားတဲ့အချိန်မှာ “ဘော့ဘ်၊ မင်းလဲ မကြာခင်ရှေ့ဆောင်ဖြစ်မှာပါ” လို့အားပေးသွားတယ်။ အဲ့ဒီအတိုင်းဖြစ်ခဲ့တယ်။ အဲ့ဒီနှစ် အောက်တိုဘာလမှာပဲ ကျွန်တော့်နာမည်ကို စာရင်းသွင်းလိုက်တယ်။ ကျေးလက်လမ်းကြားများပေါ် စက်ဘီးစီးပြီး သီးခြားရပ်ကွက်များမှာ သွားဟောပြောတာဟာ လွတ်လွတ်လပ်လပ်နဲ့ တကယ်ပဲပျော်စရာကောင်းတယ်။ ကျွန်တော်လုပ်ကိုင်နိုင်တဲ့ အရေးအကြီးဆုံးအလုပ်ကို စတင်လိုက်ပြီလို့ အဲ့ဒီအချိန်ကစပြီး သဘောပေါက်ခဲ့တယ်။
ရှေ့ဆောင်အဖြစ် ကျွန်တော်ရရှိတဲ့ ပထမဦးဆုံးတာဝန်ဟာ ဝေးလ်စ်တောင်ပိုင်းမှာဖြစ်တယ်။ အဲ့ဒီမှာ စစ်ရယ်လ်စတဲန်တီဖော့ဒ်နဲ့အတူ တွဲခဲ့ရတယ်။ နောက်ပိုင်းကျတော့ စစ်ရယ်လ်နဲ့ကက်သလီးန်တို့ လက်ထပ်လိုက်ပြီး နှစ်အတော်ကြာ ရှေ့ဆောင်ခဲ့ကြတယ်။ သူတို့ရဲ့သမီး ရုသ်လည်း နောက်ပိုင်းမှာ ရှေ့ဆောင်ဖြစ်လာတယ်။ ၁၉၃၇ ခုနှစ်ကျတော့ ဖလိတဝဒ်၊ လဲန်ကရှာခရိုင်မှာ အဲရစ်ခ်ကွတ်ခ်နဲ့အတူ ရှေ့ဆောင်လုပ်ခဲ့တယ်။ အဲ့ဒီအချိန်အထိ ရှေ့ဆောင်တွေက ဗြိတိသျှနိုင်ငံရဲ့ကျေးလက်တောရွာပိုင်း၊ အသင်းတော်ရပ်ကွက်ရဲ့ပြင်ပမှာပဲ အမှုဆောင်ရကြတယ်။ ဒါပေမဲ့ ဟိုစဉ်က အသင်းမလန်ဒန်မြို့ဌာနခွဲရုံးရဲ့တာဝန်ခံ အဲလဘတ် ဒီ. ရှရိုဒါက ကျွန်တော်တို့ကို ရောက်ရှားပြည်နယ်၊ ဘရက်ဒဖော့ဒ်မြို့ကို ပြောင်းရွှေ့ပေးဖို့ ဆုံးဖြတ်တယ်။ အဲ့ဒါဟာ ဗြိတိသျှနိုင်ငံရဲ့ရှေ့ဆောင်များကို အသင်းတော်တစ်ခုခုမှာ သွားအကူအညီပေးဖို့ တာဝန်ပေးတာ ပထမဦးဆုံးအကြိမ်ပဲ။
၁၉၄၆ ခုနှစ်မှာ အဲရစ်ခ်က ကင်းမျှော်စင်အသင်းရဲ့ဂိလဒ်ကျောင်းကိုသွားတက်ပြီး အခုဇင်ဘာဘွေလို့ခေါ်တဲ့ တောင်ပိုင်းရိုဒီးရှားနိုင်ငံမှာ တာဝန်ကျတယ်။ အခုသူနဲ့သူ့ဇနီးဟာ ဒါဗင်မြို့၊ တောင်အာဖရိကမှာ သစ္စာရှိရှိနဲ့ သာသနာပြုနေကြတုန်းပဲ။
၁၉၃၈ ခုနှစ်ကျတော့ တခြားတာဝန်တစ်ခုကို ကျွန်တော်ရတယ်။ ဒီတစ်ခါတော့ အနောက်မြောက်ပိုင်း လဲန်ကရှာခရိုင်နဲ့ တကယ့်ကိုလှပတဲ့ လိပ်ခ် ခရိုင်ရဲ့ ဇုန်အမှုထမ်း (ယခုတိုက်နယ်ကြီးကြပ်မှူးဟုခေါ်) တာဝန်ဖြစ်တယ်။ အဲ့ဒီမှာ ဩလစ်ဗ်ဒတ်ကက်နဲ့ဆုံဆည်းခဲ့တယ်။ ကျွန်တော်တို့လက်ထပ်ပြီးတာနဲ့ တိုက်နယ်လုပ်ငန်းကိုဆက်လုပ်ကြတယ်။
စစ်ဖြစ်စဉ် အိုင်ယာလန်နိုင်ငံတွင်
၁၉၃၉ ခုနှစ် စက်တင်ဘာမှာ ဗြိတိန်နိုင်ငံက ဂျာမနီနိုင်ငံကိုစစ်ကြေညာပြီးနောက် မကြာခင်မှာ ကျွန်တော့်ကိုအိုင်ယာလန်နိုင်ငံမှာ တာဝန်လွှဲပြောင်းခဲ့တယ်။ ဗြိတိန်နိုင်ငံမှာ ဥပဒေအရ စစ်မှုထမ်းရပေမဲ့ စစ်ဖြစ်ချိန်မှာ တောင်ပိုင်းအိုင်ယာလန်သမ္မတနိုင်ငံက ဘက်မလိုက်နိုင်ငံဖြစ်တဲ့အတွက် စစ်မှုမထမ်းခဲ့ရဘူး။ အိုင်ယာလန်သမ္မတနိုင်ငံနဲ့ မြောက်ပိုင်းအိုင်ယာလန်ဟာ တိုက်နယ်တစ်ခုဖြစ်လာတယ်။ ဒါပေမဲ့ကန့်သတ်ချက်များရှိတဲ့အတွက် ဗြိတိန်နိုင်ငံကနေ အိုင်ယာလန်နိုင်ငံ ဘယ်အပိုင်းကိုသွားသွား ခရီးသွား ခွင့်ပြုမိန့်ကိုလျှောက်ရတယ်။ အာဏာပိုင်များက ကျွန်တော့်ကိုသွားခွင့်ပြုပေမဲ့ စစ်မှုထမ်းရမဲ့အရွယ်ရောက်တဲ့အခါ အင်္ဂလန်နိုင်ငံကို ချက်ချင်းပြန်လာရမယ်လို့ သဘောတူရမယ်ဆိုပြီးပြောတယ်။ နှုတ်နဲ့တော့ကျွန်တော်သဘောတူဝန်ခံခဲ့ပေမဲ့ ကျွန်တော့်ခရီးသွား ခွင့်ပြုမိန့်ကျလာတဲ့အခါ ဘာစည်းကမ်းသတ်မှတ်ချက်မှ မပါဘူး။
အဲ့ဒီတုန်းက အိုင်ယာလန်နိုင်ငံတစ်နိုင်ငံလုံးမှာ သက်သေခံ ၁၀၀ ကျော်ကလေးပဲရှိသေးတယ်။ ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာမှာ ဒပ်ဘလင်မြို့ကို ကျွန်တော်တို့ရောက်တဲ့အခါ ရှေ့ဆောင်သက်တမ်းကြာတဲ့ ဂျက်ခ်ကောက လာကြိုတယ်။ အနီးအနားမြို့ရွာတစ်ခုမှာ နောက်ထပ်ရှေ့ဆောင်နှစ်ယောက်နဲ့ ဒပ်ဘလင်မြို့မှာ စိတ်ဝင်စားသူစုစုပေါင်း ၂၀ လောက်ရှိတဲ့အကြောင်း သူပြောပြတယ်။ ဂျက်ခ်က စည်းဝေးလုပ်ဖို့အတွက် ဒပ်ဘလင်မြို့မှာ အခန်းတစ်ခုကို ငှားလိုက်တယ်။ အဲ့ဒီမှာ တနင်္ဂနွေနေ့တိုင်း မှန်မှန်အစည်းအဝေးတက်မယ်လို့ အားလုံးသဘောတူခဲ့ကြတယ်။ ဒီအစီအစဉ်ကို အသင်းတော်တည်ထောင်တဲ့ ၁၉၄၀ ပြည့်နှစ်အထိ ဆက်လုပ်ခဲ့ကြတယ်။
မြောက်ပိုင်းအိုင်ယာလန်က ဗြိတိသျှနိုင်ငံအဝင်ဖြစ်တဲ့အတွက် ဂျာမနီနိုင်ငံနဲ့စစ်ဖြစ်နေတယ်။ ဒါကြောင့် မြောက်ဘက်ဘဲလဖတ်စ်မြို့ကို ကျွန်တော်တို့ပြောင်းရွှေ့သွားကြတဲ့အခါ ခွဲတမ်းကုန်ဝယ်စာအုပ်တွေ၊ ညအမှောင်ချချိန်တွေနဲ့ ကြုံခဲ့ရတယ်။ နာဇီလေယာဉ်ပျံများဟာ သူတို့ရဲ့ဥရောပစစ်စခန်းကနေ ဘဲလဖတ်စ်မြို့အထိလာဖို့ မိုင် ၁,၀၀၀ ကျော်ပျံသန်းရပေမဲ့ လာဖြစ်အောင်လာပြီး ဗုံးကြဲခဲ့ကြတယ်။ ပထမအကြိမ် ရုတ်တရက်ဝင်တိုက်ခိုက်ချိန်မှာ ကျွန်တော်တို့ရဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမနဲ့ ကျွန်တော်တို့အိမ်ခန်း ပျက်စီးသွားတယ်။ အဲ့ဒီအချိန်မှာ မြို့တစ်ဖက်ခြမ်းမှာနေတဲ့ ညီအစ်ကိုများအိမ်ကို အလည်အပတ်သွားနေလို့ လွတ်သွားတာ။ အဲ့ဒီညမှာပဲ သက်သေခံမိသားစုတစ်စုက ဗုံးခိုကျင်းတစ်ခုဆီပြေးသွားတဲ့အခါ လူပြည့်နေလို့ အိမ်ကိုပြန်ပြေးကြရတယ်။ ဗုံးခိုကျင်းပေါ် ဗုံးကျလို့ အားလုံးသေသွားပေမဲ့ ကျွန်တော်တို့ရဲ့ညီအစ်ကိုများကတော့ ထိခိုက်ဒဏ်ရာနည်းနည်းပဲရတယ်။ စစ်အတွင်း ခဲယဉ်းတဲ့နှစ်တစ်လျှောက် ညီအစ်ကိုတစ်ယောက်မှ အကြီးအကျယ်မထိခိုက်တဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်မိတယ်။
ဝိညာဏအစာထောက်ပံ့မှုများ
စစ်ဆက်ဖြစ်လေလေ စည်းကမ်းသတ်မှတ်ချက်များလည်း တင်းကျပ်လာလေလေပဲ။ အဲ့ဒါကြောင့် ကင်းမျှော်စင် ကိုကြားဖြတ်သိမ်းယူပြီး နိုင်ငံထဲသွင်းခွင့်မပေးတော့ဘူး။ ဘာလုပ်ကြရင်ကောင်းမလဲလို့ စဉ်းစားနေပေမဲ့ ယေဟောဝါရဲ့လက်တော်မတိုပါဘူး။ တစ်မနက်ကျတော့ ကနေဒါနိုင်ငံက “ဝမ်းကွဲ” တစ်ယောက်ဆီကနေ စာရခဲ့တယ်။ သူက ကျွန်တော်တို့မိသားစုအကြောင်း စာရေးလိုက်တယ်။ ဘယ်သူမှန်းမသိရပေမဲ့ ကျွန်တော်ဖတ်ဖို့ “စိတ်ဝင်စားစရာကောင်းတဲ့ ကျမ်းစာဆောင်းပါးတစ်ခု” ကိုထည့်ပို့လိုက်တယ်လို့ ဖြည့်စွက်ရေးသားထားတယ်။ အဲ့ဒါကတော့ ကင်းမျှော်စင် တစ်စောင်ဖြစ်တယ်။ ဒါပေမဲ့ ဗြောင်အဖုံးဖြစ်တဲ့အတွက် ဆင်ဆာအစစ်မခံလိုက်ရဘူး။
ချက်ချင်းပဲ ကျွန်တော်တို့လင်မယားဟာ “ဓာတ်ပုံ–ပြဇာတ်” လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ မက်ဂီကူပါနဲ့ အခြားဒေသခံသက်သေခံများရဲ့ အကူအညီနဲ့ မိတ္တူများကူးယူကြတယ်။ နောက်ပြီး ကနေဒါ၊ ဩစတြေးလျနဲ့ အမေရိကန်မှ မိတ်ဆွေအသစ်တွေဆီက ဗြောင်အဖုံးကင်းမျှော်စင်များ မှန်မှန်ရောက်လာတိုင်း စောင်ရေ ၁၂၀ ကိုနိုင်ငံအနှံ့ပေးပို့ဖို့ ဖွဲ့စည်းစီစဉ်ကြတယ်။ သူတို့ရဲ့ကြိုးစားမှုနဲ့ ကရုဏာကြောင့် စစ်အတွင်း တစ်စောင်မှမပြတ်ခဲ့ဘူး။
စည်းဝေးကြီးများလည်း ကျင်းပနိုင်ခဲ့တယ်။ ထူးခြားတဲ့စည်းဝေးကြီးကတော့ ၁၉၄၁ ခုနှစ်ပဲ။ အဲ့ဒီတုန်းက ကလေးသူငယ်များ စာအုပ်အသစ်ကို ထုတ်ဝေတယ်။ ကလေးများနဲ့ပတ်သက်တဲ့စာအုပ်လို့ ဆင်ဆာအဖွဲ့က အထင်ရှိတဲ့စာအုပ်ဖြစ်နေတော့ နိုင်ငံထဲ အခက်အခဲမရှိပဲ စောင်ရေအနည်းငယ် တင်သွင်းနိုင်ခဲ့တယ်။ နောက်တစ်ကြိမ်မှာ ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော စာအုပ်ငယ်ကို လန်ဒန်မြို့ကနေ တင်သွင်းခွင့်မရတဲ့အတွက် ကျွန်တော်တို့ဒေသမှာပဲ ပုံနှိပ်ခဲ့တယ်။ ကန့်သတ်ချက်များကြားမှာပဲ ဝိညာဉ်ရေးအရ ကောင်းကောင်းစောင့်ရှောက်ခြင်းခံကြရပါတယ်။
အတိုက်အခံပြုမှုကို ကျော်လွှားခြင်း
ယေဟောဝါသက်သေတစ်ဦးပိုင် ဗဲလဖတ်စ်ပြုစုရေးဂေဟာတစ်ခုမှာနေထိုင်တဲ့ ဓမ္မဆရာတစ်ယောက်က အင်္ဂလန်နိုင်ငံမှာရှိတဲ့ သူ့ဇနီးဆီကို စည်းစိမ်ဥစ္စာဆိုတဲ့စာအုပ်တစ်အုပ်ကို ပို့ပေးလိုက်တယ်။ သူမက သမ္မာတရားကိုဆန့်ကျင်ပြီး သူမရဲ့ပြန်စာထဲမှာ အဲ့ဒီအချက်ကို ရှင်းရှင်းဖော်ပြတယ်။ ကျွန်တော်တို့ဟာ “မျိုးချစ်စိတ်မရှိတဲ့အဖွဲ့” ဖြစ်တယ်လို့လဲ သူမကစွပ်စွဲတယ်။ ချောစာများကိုဆင်ဆာလုပ်သူက အဲ့ဒါကိုဖတ်ပြီး မှုခင်းထောက်လှမ်းရေးဌာနကို တိုင်ကြားလိုက်တယ်။ အဲ့ဒါနဲ့ ရှင်းလင်းချက်တင်ပြဖို့ ရဲစခန်းက ကျွန်တော့်ကိုမှာတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့စာအုပ်တစ်အုပ်ကို ယူလာခဲ့ခိုင်းတယ်။ စိတ်ဝင်စားစရာက စာအုပ်ကိုကျွန်တော်ပြန်ရတဲ့အခါ မျဉ်းသားထားတဲ့အပိုင်းတွေက ရိုမန်ကက်သလစ်ချာ့ချ်နဲ့ဆိုင်တဲ့အကြောင်းတွေပဲဖြစ်နေတယ်။ အဲ့ဒါဟာထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ အိုင်အာရ်အေ (အိုင်ယာလန်လွတ်မြောက်ရေးတပ်) လှုပ်ရှားမှုကို ရဲတပ်ဖွဲ့က စောင့်ကြပ်နေတယ်ဆိုတာ ကျွန်တော်သိထားလို့ဘဲ။
စစ်ဖြစ်ချိန်မှာ ကျွန်တော်တို့ရဲ့ဘက်မလိုက်မှုအကြောင်း စစ်ဆေးမေးမြန်းခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ရပ်တည်မှုကို ရဲတပ်ဖွဲ့အနေနဲ့ သဘောမပေါက်နိုင်ကြဘူး။ ဒါပေမဲ့လည်း အာဏာပိုင်များက ကျွန်တော်တို့ကို အရေးမယူခဲ့ဘူး။ နောက်ပိုင်းမှာ စည်းဝေးပွဲကြီးကျင်းပဖို့ အခွင့်တောင်းတဲ့အခါ ရဲတပ်ဖွဲ့ကနေ ရဲသတင်းထောက်နှစ်ယောက် လွှတ်လိုက်မယ်လို့ ပြောတယ်။ ကျွန်တော်က “သူတို့ကိုကြိုဆိုပါတယ်” လို့ပြန်ဖြေတယ်။ ဒါနဲ့ မွန်းလွဲပိုင်းအစီအစဉ်တစ်ခုလုံးကို ထိုင်နားထောင်ပြီး လက်ရေးတိုနဲ့ မှတ်စုတွေယူကြတယ်။ စည်းဝေးပြီးတော့ သူတို့က “ငါတို့ကိုဘာကြောင့် ဒီနေရာလွှတ်လိုက်တာလဲ။ ပျော်စရာကြီးပဲ!” ဟုဆိုကြသည်။ နောက်နေ့လည်း သူတို့ပြန်လာကြပြီး ကျွန်တော်တို့အခမဲ့ပေးတဲ့ ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော စာအုပ်ငယ်ကိုယူကြတယ်။ စည်းဝေးကြီးတစ်လျှောက်လုံး ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး။
စစ်ပြီးတာနဲ့ ခရီးသွားလာဖို့ ကန့်သတ်ချက်များလျော့နည်းသွားတယ်။ လန်ဒန်ဗေသလက ပရိုက်စ်ဟယူးစ်ဟာ ဗဲလဖတ်စ်မြို့ကိုရောက်လာတယ်။ သူနဲ့အတူ နောက်ပိုင်းမှာ သာသနာပြုအဖြစ် တရုတ်ပြည်ကိုစေလွှတ်ခံရတဲ့ ဟယ်ရာလ်ဒ်ကဲင်းပါလိုက်လာတယ်။ လန်ဒန်ဌာနခွဲရုံးနဲ့ ခြောက်နှစ်လုံးလုံးအဆက်ပြတ်ပြီးနောက် အခုဒီညီအစ်ကိုများရဲ့ဟောပြောချက်တွေက ကျွန်တော်တို့အားလုံးအတွက် တကယ်အားရှိစရာဖြစ်ခဲ့တယ်။ နောက်မကြာခင်မှာ သစ္စာရှိတဲ့ရှေ့ဆောင် ဟယ်ရာလ်ဒ်ဒယူးဒင်ကို ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းခိုင်ခံ့စေဖို့ အင်္ဂလန်ကနေ ဗဲလဖတ်စ်မြို့ကိုစေလွှတ်လိုက်တယ်။
အင်္ဂလန်နိုင်ငံသို့ ပြန်သွားခြင်း
အိုင်ယာလန်ညီအစ်ကိုညီအစ်မတွေကို တကယ်ချစ်ခင်တဲ့အတွက် အင်္ဂလန်ပြန်ရမှာ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဇနီးမောင်နှံ မင်ချက်စတာအရပ်မှာ ပြန်တာဝန်ကျပြီး နောက်ပိုင်းမှာ နျူတင်လီဝီလိုးစ်မြို့ဖြစ်တဲ့ လင်ကရှာရှိမြို့ကလေးကိုပြောင်းရွှေ့ရတယ်။ အဲ့ဒီနေရာမှာ အကူအညီပိုလိုအပ်နေတယ်။ ကျွန်တော်တို့သမီး လိုးအစ္စက ၁၉၅၃ ခုနှစ်မှာမွေးတယ်။ အသက် ၁၆ နှစ်အရွယ်မှာ သူလည်းရှေ့ဆောင်လုပ်ငန်းဝင်လုပ်တဲ့အတွက် ဝမ်းသာအားရဖြစ်မိတယ်။ ဒေးဗစ်ပါကင်စင်ကို သူလက်ထပ်ပြီးနောက် အိုင်ယာလန်မြောက်ပိုင်းမှာ ဩလစ်ဗ်နဲ့ကျွန်တော်တို့ရဲ့ခြေရာကို နည်းအမျိုးမျိုးနဲ့ပြန်နင်းပြီး သူတို့အချိန်ပြည့်လုပ်ငန်းကို ဆက်လုပ်ကြတယ်။ အခုသူတို့သားသမီးများနဲ့အတူ အင်္ဂလန်ပြန်ရောက်နေကြပြီ။ ကျွန်တော်တို့အားလုံး အသင်းတော်တစ်ခုထဲမှာပဲ အမှုဆောင်နေကြတယ်။
ကျွန်တော်တို့ရဲ့အခြေအနေ ပြောင်းလဲလာပေမဲ့ ရှေ့ဆောင်အလုပ်ကနေ တစ်ခါမှမနားခဲ့ဘူး။ ဩလစ်ဗ်ရော ကျွန်တော်ပါ နားဖို့မစဉ်းစားဘူး။ ကျွန်တော့်မိန်းမရဲ့ အားပေးမှုသာမပါရင် အချိန်ပြည့်လုပ်ငန်းကို ကျွန်တော်ဆက်လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ကျွန်တော်ရဲ့ရှေ့ဆောင်သက်တမ်းအတွက် သူ့ကိုပါဂုဏ်ပြုရမယ်။ အခုဆိုရင် ခဏလေးနဲ့မောပန်းလာကြတယ်။ ဒါပေမဲ့လည်း သက်သေခံရတာ ပျော်ရွှင်စရာဖြစ်တုန်းပဲ။ အထူးသဖြင့် ကျွန်တော်တို့အတူတူတွဲပြီး အိမ်နီးချင်းတို့နဲ့ ကျမ်းစာသင်အံမှုကျင်းပပေးတဲ့အခါဖြစ်တယ်။ အခုထိဆိုရင် ကျွန်တော်တို့လူတစ်ရာလောက်ကို ယေဟောဝါရဲ့ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား ကျေးကျွန်များဖြစ်လာအောင် ကူညီပေးခွင့်ရခဲ့ပြီ။ တကယ်ဝမ်းသာစရာပါပဲ! အခုလောက်ဆိုရင် အဲ့ဒီမိသားစုတွေဟာ တတိယ၊ စတုတ္ထမျိုးဆက်အထိ တိုးလာပြီးသက်သေခံတွေလည်းဖြစ်လာတော့ ဒီအရေအတွက်ဟာ အတော်ပဲတိုးလာပြီထင်ပါရဲ့။
အနှစ်နှစ်အလလ ဩလစ်ဗ်နဲ့ကျွန်တော် ခံစားခဲ့ရတဲ့ အခွင့်အရေးများနဲ့ တွေ့ကြုံမှုတွေအကြောင်းကို မကြာခဏပြန်ပြောကြတယ်။ တကယ်ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကလည်း ကုန်မြန်လိုက်တာ! အဲ့ဒီအချိန်တစ်လျှောက်လုံး ရှေ့ဆောင်အဖြစ် ကျွန်တော့်ဘုရားသခင်၊ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခဲ့ရတာထက် သာတဲ့အရာဘာမှ ရှိနိုင်မှာမဟုတ်တာ သေချာတယ်။ အခုဆိုရင် ကျေးဇူးတင်စိတ်နဲ့ နောက်ကြောင်းကိုပဲပြန်ကြည့်ကြည့်၊ မျှော်လင့်တကြီးနဲ့ ရှေ့ရေးကိုပဲမျှော်မျှော်၊ ယေရမိရဲ့စကားများဟာ တကယ်အဓိပ္ပာယ်ရှိတယ်လို့ယူမှတ်နိုင်တယ်။ “ယေဟောဝါသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကိုခံရကြ၏။ . . . ထိုကြောင့် ကိုယ်တော်ကို ငါစောင့်မျှော်နေပါမည်။”—မြည်တမ်းစကား ၃:၂၂-၂၄၊ ကဘ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဘော့ဘ်နှင့်သြလစ်ဗ်အဲန်ဒါစင်