မပြတ်မျိုးစေ့ကြဲလော့—ယေဟောဝါကြီးပွားစေတော်မူမည်
ဖရက်မက်ကတ်ခ် ပြောပြသည်
၁၉၄၈ ခုနှစ်စောစောပိုင်း၊ ကျွန်တော်တစ်အိမ်တက်ဆင်း အမှုဆောင်စဉ်တွင်ဖြစ်သည်။ ကျွန်တော်သည် အိုင်ယာလန်တောင်ပိုင်းကော့ခ်မြို့စွန်ရှိ တောင်ယာလေးတစ်ခုသို့ ရောက်ရှိသွားသည်။ ကျွန်တော်မည်သူဖြစ်ကြောင်း ယာသမားအားရှင်းပြသောအခါ သူ့မျက်နှာနီရဲလာသည်။ သူသည်ဒေါသပေါက်ကွဲသွားပြီး၊ ကျွန်တော်သည် ကွန်မြူနစ်ဖြစ်ကြောင်းသူကဟစ်အော်ပြောကာ သူ၏ကောက်ဆွခက်ရင်းကိုယူရန် ပြေးသွားသည်။ ကျွန်တော်လည်းနှစ်ခါမစဉ်းစားတော့ဘဲ တစ်ဟုန်ထိုးထွက်လာကာ လမ်းဘေးတွင်ထားရစ်ခဲ့သော စက်ဘီးအပေါ်လွှားကနဲခုန်တက်လိုက်သည်။ ထိုတွင်ရှိတောင်သည် အလွန်မတ်စောက်သော်လည်း လယ်သမားကသူ၏ကောက်ဆွကို လှံပမာကျွန်တော့်နောက်မှ တအားလွှဲပစ်လိုက်လေမလားဟုတွေးတောရင်း နောက်လှည့်မကြည့်ဘဲ မြန်နိုင်သမျှမြန်အောင် စက်ဘီးကိုနင်းခဲ့သည်။
ကျွန်တော်သည် ၁၉၄၆ ခုနှစ်တွင်အထူးရှေ့ဆောင်အဖြစ် အင်္ဂလန်မှအိုင်ယာလန်နိုင်ငံသို့ ရောက်လာပြီးနောက် နှစ်နှစ်အတွင်း ထိုသို့သောတွေ့ကြုံမှုမျိုးမှာ ရိုးနေပေပြီ။ ကျွန်တော်ပေါင်းသင်းနေသော ၂၄ ဦးသာရှိသည့်သတင်းကောင်းဟောပြောသူ အုပ်စုလေးသည် ရန်လိုမှုနှင့်ရှုတ်ချတိုက်ခိုက်မှု များစွာခံပြီးဖြစ်သည်။ သို့သော်ယေဟောဝါ၏ဝိညာဉ်တော်သည် အမှန်ပင်ရလဒ်ဖြစ်စေမည့်အကြောင်း ကျွန်တော်ယုံကြည်စိတ်ချသည်။—ဂလာတိ ၆:၈၊ ၉။
သို့သော်မည်သို့ဖြစ်ပျက်ခဲ့ပုံများမပြောပြမီ ကျွန်တော်၏စောစောပိုင်းအသက်တာနှင့် ထိုခက်ခဲသောအခြေအနေအောက်တွင် ရပ်တည်နိုင်ရန် ရရှိခဲ့သောလေ့ကျင့်မှုအကြောင်း အနည်းငယ်ပြောပြပါရစေ။
မိဘပုံသက်သေကောင်းနှင့် လေ့ကျင့်မှု
ကျွန်တော့်အဖေသည် ၁၉၁၄ ခုနှစ်စောစောပိုင်းတွင် သမ္မာတရားနှင့်ထိတွေ့ခဲ့သည်။ သူသည်အင်္ဂလန်၊ ရှက်ဖီးလ်ဒ်ဘောလုံးပွဲမှအပြန် လူသေများအခြေအနေကို ရှင်းပြထားသော သမ္မာကျမ်းဝေစာတစ်စောင်ကို ဖတ်ရှုခဲ့ရသည်။ သူသည်သူ့မေးခွန်းများ၏ အဖြေကိုရရန်အတွက် အသင်းအတော်များများကို သွားခဲ့သော်လည်းအရာမရောက်ခဲ့ချေ။ သို့သော်ထိုဝေစာတွင် သူဖတ်ခဲ့ရသည့်အကြောင်းသည် သူ့အားစိတ်လှုပ်ရှားစေခဲ့သည်။ ဝေစာတွင်ကြေညာထားသော Studies in the Scriptures စာအုပ်ခြောက်တွဲကို သူမှာယူခဲ့သည်။ ယင်းတို့ကိုစွဲစွဲလမ်းလမ်းဖတ်ရှုပြီး၊ မိုးလင်းခါနီးအထိဖတ်လေ့ရှိသည်။ သမ္မာတရားဖြစ်ကြောင်း ဖေဖေချက်ချင်းအသိအမှတ်ပြုလိုက်သည်။
မကြာမီပင်သူသည်နယ်ခံ ယေဟောဝါသက်သေများအသင်းတော်နှင့် စတင်ပူးပေါင်းပြီး၊ သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်သော ထိုအသင်းတော်တွင် အများအားဖြင့်သူသည် ဦးစီးကြီးကြပ်ရေးမှူးဖြစ်ခဲ့သည်။ သူ၏ညီအစ်ကိုနှစ်ဦးနှင့် သူ၏ညီအစ်မသုံးဦးစလုံး သမ္မာတရားကိုလက်ခံခဲ့သောအခါ ဖေဖေဝမ်းမြောက်ခဲ့သည်။ သူ၏ညီအစ်ကိုများထဲမှတစ်ဦးသည် လူငယ်လက်ထောက်ဆိုင်တာဝန်ခံတစ်ဦးအား သက်သေခံခဲ့ရာ သူမနှင့်သူမညီအစ်မနှစ်ဦးစလုံး ဆက်ကပ်ထားသော ခရစ်ယာန်ဘိသိက်ခံများဖြစ်လာကြသည်။ ကျွန်တော့်ဖခင်နှင့် သူ၏ညီသည် ဤအမျိုးသမီးငယ်နှစ်ဦးအား ထိမ်းမြားခဲ့ကြသည်။
ကျွန်ုပ်တို့၏မိသားစုတွင်၊ ကျွန်တော်သည် “သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို” ခံရသူ သားငယ်လေးဦးမှ တစ်ဦးဖြစ်သည်။ (ဧဖက် ၆:၄) ကျွန်တော့်မိဘများသည် ကျွန်ုပ်တို့တွင်သမ္မာတရားစိုက်ပျိုးရန် အလျော့မပေးသည့်အတွက် ကျွန်တော်ဝမ်းသာပါသည်။ ထိုစဉ်ကမိဘများကလေးများကို သမ္မာတရားသွန်သင်ရာ၌ ကူညီပေးရန် အထူးစီစဉ်ထားသော စာအုပ်များမရှိခဲ့ချေ။ သို့သော်ကျွန်ုပ်တို့သည် နေ့စဉ်ကျမ်းချက်မှန်မှန်ဖတ်ခြင်းအပါအဝင် The Harp of God စာအုပ်ကိုတစ်ပတ်လျှင်နှစ်ကြိမ် မှန်မှန်မိသားစုကျမ်းစာသင်အံမှု ရှိခဲ့သည်။—တရားဟောရာ ၆:၆၊ ၇။ ၂ တိမောသေ ၃:၁၄၊ ၁၅။
ကျွန်တော်၏မိခင်နှင့်ဖခင်သည် စည်းဝေးများအပေါ်သူတို့၏လေးမြတ်မှုနှင့် အမှုဆောင်တွင်သူတို့၏ဇွဲသည်လည်း ထူးခြားလှသောပုံသက်သေဖြစ်သည်။ ထို့ပြင်၊ သူ၏ဝိညာဏအရည်အချင်းကောင်းများအပြင် ကျွန်တော့်အဖေသည် ပျော်ပျော်လည်းနေတတ်ပြီး၊ သားသမီးများပါ ယင်းကိုဆက်ခံခဲ့သည်။ ကျွန်တော့်မိဘများ၏ ကြိုးပမ်းမှုသည် ရလဒ်ကောင်းကိုဖြစ်ပေါ်စေသည်။ ယခုအသက် ၆၀ ကျော်ဖြစ်နေပြီဖြစ်သော သူ၏သားလေးဦးစလုံး ပျော်ရွှင်စွာဖြင့် ယေဟောဝါ၏အမှုတော်ထမ်းရွက်လျက် ရှိနေတုံးပင်။
ရှေ့ဆောင်လုပ်ငန်းသို့
၁၉၃၉၊ ဧပြီလ၊ ကျွန်တော်အသက် ၁၆ နှစ်တွင်ကျွန်တော်ကျောင်းပြီးသွား၍ မှန်မှန်ရှေ့ဆောင်ဖြစ်လာခဲ့သည်။ ကျွန်တော့်ဖခင်သည် ကျွန်တော်နှင့်အတူ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်လာခဲ့ပြီး၊ ကျွန်တော့်အား ပထမတန်းစား လေ့ကျင့်မှုပေးခဲ့သည်။ စက်ဘီးနှင့်သွားကြရာ ကျွန်ုပ်တို့၏အိမ်မှခုနစ်မိုင်အတွင်း ရပ်ကွက်အားလုံးကို ကျွန်တော်တို့စေ့စပ်စွာပြီးစီးခဲ့သည်။ နေ့စဉ်ကျွန်တော်တို့နှစ်ယောက်စလုံး စာအုပ်ကလေး ၅၀ ယူသွားခဲ့ပြီး၊ ထိုစာအုပ်များမကုန်မချင်း ကျွန်တော်တို့အိမ်မပြန်ကြချေ။
နှစ်နှစ်ကြာသောအခါ ကျွန်တော်သည်ဗြိတိန်တွင်ခန့်အပ်ခံရသော ပထမဦးဆုံးအထူးရှေ့ဆောင်များတွင် ပါဝင်ခွင့်ရရှိခဲ့သည်။ ဤကောင်းချီးကိုခံစားရခြင်းသည် ရွှင်လန်းဖွယ်ပင်။ သို့သော်ပျော်ရွှင်လုံခြုံသော သီအိုကရက်တစ်အိမ်ကို စွန့်ခွာခဲ့ရခြင်းသည် စိတ်ထိခိုက်မှုကြီးတရပ်ပင်ဖြစ်ခဲ့သည်။ အချိန်တန်သော်ယေဟောဝါ၏ထောက်မမှုဖြင့် ကျွန်တော်နေသားကျလာခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ကြားနေရေးကိစ္စကြောင့် အခြားလူငယ်များနှင့်အတူ ကျွန်တော်ထောင်ကျခဲ့စဉ် ကျွန်တော်၏ရှေ့ဆောင်လုပ်ငန်း ဝင်စွက်ခံခဲ့ရသည်။ ဒူဟမ်ထောင်တွင် ကျွန်တော့်အားဝိုင်ပီ (လူငယ်အကျဉ်းသား) အဖြစ်သတ်မှတ်ခဲ့သည်။ ထို့ကြောင့်ကျွန်တော်သည် ဘောင်းဘီတိုဝတ်ရသဖြင့် အေးသောရာသီတွင် မလွယ်ကူလှချေ။ အားလုံးခြောက်ပေခန့်ရှည်သော ဝင့်လ်ခ်ဂုချ် (ယခုဗြိတိန်တွင် ဌာနခွဲညှိနှိုင်းရေးမှူး)၊ ပီတာအဲလစ် (ဗြိတိန်ဌာနခွဲကော်မတီဝင်)၊ ဖရက်ဒ်အေဒံနှင့်ကျွန်တော်တို့သည် အတူရပ်နေကြပြီး၊ ကျောင်းသားလေးများကဲ့သို့ ဘောင်းဘီတိုများဝတ်ထားသည်ကို စဉ်းစားကြည့်ပါလေ။
ခန့်အပ်ခြင်း—အိုင်ယာလန်
ထောင်မှလွတ်ပြီးနောက် ကျွန်တော်သည်သုံးနှစ်လုံးလုံး အင်္ဂလန်အရပ်ရပ်တွင် ရှေ့ဆောင်လုပ်ငန်းလုပ်သည်။ သို့နှင့်ကျွန်တော်သည် စမ်းသပ်မှုလည်းဖြစ်၊ အလွန်ကျေနပ်ဖွယ်လည်းဖြစ်သော အိုင်ယာလန်တွင် ခန့်အပ်ခြင်းရရှိသည်။ အိုင်ယာလန်တောင်ပိုင်းအကြောင်း ကျွန်တော်သိသလောက်အကုန်မှာ ထိုတွင်ရှိသူအားလုံးသည် ရိုမင်ကက်သလစ်များဖြစ်ခြင်းပင်ဖြစ်သည်။ သို့သော်ကျွန်တော်သည် အချို့၏အပြုသဘောမဆောင်သည့် ပြောဆိုချက်များကို လျစ်လျူရှုပြီး၊ ခန့်အပ်ခြင်းကိုလက်ခံရန် တွန့်ဆုတ်ခြင်းမရှိခဲ့ချေ။ ဤအချိန်သည် စစ်မှန်သောဝတ်ပြုရေး တိုးချဲ့ရမည့်အချိန်ဖြစ်ပြီး၊ ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်အားဖြင့် ကျွန်တော်အားကူညီမည်ဖြစ်ကြောင်း ကျွန်တော်စိတ်ချခဲ့သည်။
အိုင်ယာလန်တွင်ရှိသက်သေခံအများသည် မြို့တော်ဒူဘလင်တွင်ရှိကြပြီး၊ တစ်ဦး၊ နှစ်ဦးမျှလောက်သာ အခြားတွင်ပျံ့နှံ့နေသည်။ ထို့ကြောင့်၊ အများသည် ယေဟောဝါသက်သေတစ်ဦးကိုပင် မမြင်ဘူးကြသေးချေ။ အခြားအထူးရှေ့ဆောင်သုံးဦးနှင့်အတူ ကျွန်တော်သည်ကော့ခ်မြို့တွင် စတင်လုပ်ဆောင်သည်။ နားထောင်သူတစ်ဦးတွေ့ရန် မလွယ်ကူလှချေ။ သူတို့၏မတ်စ်ဝတ်ပြုပွဲတွင် ဘုန်းကြီးသည်ကျွန်တော်တို့အား “ကွန်မြူနစ်မာရ်နတ်များ” ဟုခေါ်ကာ ကျွန်တော်တို့အားသတိထားရန် အဆက်မပြတ်ပြောသည်။ သတင်းစာများကလည်း ကျွန်တော်တို့လုပ်ငန်းများအကြောင်း သတိပေးခဲ့သည်။
တစ်နေ့တွင်ဆံသ,သမားတစ်ဦးသည် သင်တုန်းဓားသုံးလျက် ကျွန်တော့်ဆံပင်ကို ညှိပေးလျက်ရှိသည်။ စကားပြောရင်း၊ သူကကျွန်တော် ကော့ခ်မြို့တွင်ဘာလုပ်ကိုင်ကြောင်းမေးခဲ့သည်။ ကျွန်တော်သူ့ကိုပြောပြသောအခါ သူဒေါသပေါက်ကွဲပြီး၊ ကျွန်တော်အားကျိန်ဆဲခဲ့သည်။ ဒေါသကြောင့် သူ့လက်များတုန်နေခဲ့ပြီး၊ ကျွန်တော်သည်ဆိုင်ထဲမှ ကိုယ့်ဦးခေါင်းကိုလက်မောင်းကြားတွင်ညှပ်လျက် ထွက်လာရလေမလား မြင်ယောင်မိသည်။ ဆိုင်ထဲမှ လည်ပင်းအဖြတ်မခံရဘဲ ထွက်လာခဲ့ရသောအခါ မည်မျှစိတ်သက်သာမိပါသည်တကား။a
သမ္မာတရားမျိုးစေ့ အညှောင့်ထွက်
ထိုသို့သောအခြေအနေအောက်တွင် သမ္မာတရားမျိုးစေ့ကြဲခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ထင်မြင်ရန်လွယ်သည်။ ထိုတွင်ဤတွင် သမ္မာတရားအပင်ပေါက်လာသည်ကို မြင်တွေ့ရသောအခါ ကျွန်ပ်တို့အား ယေဟောဝါ၏ကြီးပွားစေနိုင်သောတန်ခိုး၌ စိတ်ချစေသည်။ ဥပမာ၊ တစ်ခါကအသင်းမက ဘုရားသခင်၏သစ္စာတော်တည်စေသတည်း စာအုပ်ကိုစာရေး၍တောင်းခဲ့သောသူ၏ အမည်နှင့်လိပ်စာကိုပို့လိုက်သည်။ လိပ်စာကား ကော့ခ်မြို့မှ ၂၂ မိုင်ဝေးသော ဖဲမွှိုင်းမြို့လေးတွင်ဖြစ်သည်။ သို့နှင့်တစ်ခုသော တနင်္ဂနွေနေ့နံနက်ခင်းတွင် ဤသူအားရှာရန် ကျွန်တော်စက်ဘီးဖြင့်ထွက်လာခဲ့သည်။
ကျွန်တော်ဖဲမွှိုင်းသို့ရောက်သောအခါ၊ လူတစ်ယောက်အား လမ်းညွှန်ရန်မေးခဲ့သည်။ သူက “အိုး၊ ဒီလမ်းအတိုင်း နောက်ထပ်ကိုးမိုင်လိုသေးတယ်” ဟုဆိုသည်။ ကျွန်တော်ဆက်သွားပြန်ရာ နောက်ဆုံးတွင်တောင်ယာတစ်ခုသို့ ရောက်လာခဲ့သည်။ တောင်ယာဂိတ်ဝတွင် စာအုပ်မှာသောလူငယ်မှာ ရပ်နေသည်။ ကျွန်တော့်ကိုယ်ကိုမိတ်ဆက်သောအခါသူက “အဲ့ဒီစာအုပ်ဟာ ရွှေနဲ့တစ်မျှတန်ဖိုးရှိတယ်” ဟုဆိုခဲ့သည်။ ကောင်းကောင်းဆွေးနွေးခဲ့ရပြီး၊ အိမ်အပြန်မိုင် ၃၀ စက်ဘီးခရီးကိုပင် သတိမမူမိဘဲဖြစ်ခဲ့သည်။ အနှစ် ၄၀ ကြာပြီးနောက်၊ ယခုအထိပင် ထိုလူ “ငယ်” ချားလ်ရင်:ကို နှစ်စဉ်စည်းဝေးပွဲကြီးများတွင်တွေ့သောအခါ ကျွန်တော်အထူးဝမ်းမြောက်မှု ခံစားရတုံးပင်။ ယနေ့တွင်၊ ကော့ခ်နယ်မြေတွင် အသင်းတော်ဆယ်ခုရှိနေသည်။
၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ကယ်ရိုလိုင်းနှင့်ကျွန်တော်သည် အိုင်ယာလန်အလယ်ပိုင်းတွင် သမ္မာတရားမျိုးစေ့များကြဲခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် “ဖွားဖွား” ဟမ်မင်တန်နှင့် သူမ၏ချွေးမကဲ့သို့သော စိတ်နူးညံ့သူများ မြန်မြန်တုံ့ပြန်သောအခါ စွဲမြဲရန်အားပေးမှုရရှိခဲ့သည်။ “ဖွားဖွား” ဟမ်မင်တန်သည် ကောင်တီလောန်ဖို့ဒ်တွင် ဦးဆုံးနှစ်ခြင်းခံသော ကြေညာသူဖြစ်လာခဲ့သည်။—၁ သက်သာလောနိတ် ၂:၁၃။
နေရန်အိမ်သည် ပြဿနာဖြစ်ခဲ့သည်။ အိမ်ရှင်သည် ဖိအားပေးခံရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့အားထွက်သွားခိုင်းသည်။ ထို့ကြောင့်၊ နေထိုင်ရာနေရာသုံးခုမှ အမြန်ထွက်ခဲ့ရပြီးနောက် ကျွန်ုပ်တို့သည်တဲရှင်တစ်ခု၊ အိပ်ရာခင်းနှင့် စွပ်အိပ်၍ရသောအိတ်များကို ဝယ်ပြီးနောက် ဝိုင်မိုဒယ်ဖို့ဒ်ကားတွင် သယ်ဆောင်သွားခဲ့သည်။ နေ့စဉ်သက်သေခံခြင်းအဆုံး၌ ဖြစ်နိုင်သည့်နေရာတိုင်း၌ တဲရှင်ထိုးလိုက်သည်။ နောက်ပိုင်းတွင်၊ ကျွန်ုပ်တို့သည် ၁၃ ပေရှည်သောနောက်တွဲကို ရရှိခဲ့သည်။ ယင်းသည်ငယ်ပြီး၊ ခေတ်မီပစ္စည်းအနည်းငယ်သာ တပ်ဆင်ထားသည်။ သောက်ရေအတွက် နှစ်ဖာလုံလမ်းလျှောက်ရသည်။ ယင်းသည်ပိုင်းခြားထားခြင်းမရှိသော်လည်း ကျွန်ုပ်တို့အတွက် စည်းစိမ်ဖြစ်သည်။ တစ်ခါကစွတ်စိုနေသော သစ်ပင်အမြစ်အပေါ်ချော်သွားရာ ကျဉ်းမြောင်း၊ ရှည်လျားသော်လည်း သိပ်မနက်လှသည့် ရေတွင်းထဲသို့ ကျွန်တော်နောက်ပြန်လဲကျသွားခဲ့ရ၍ ဟာသဖြစ်ခဲ့ရသေးသည်။ တိုက်နယ်ကြီးကြပ်ရေးမှူးနှင့်သူ၏ဇနီး ကျွန်ုပ်တို့ထံလည်ပတ်ခဲ့စဉ် ထိုတွဲတွင်သူတို့အားနေရာချပေးခဲ့ရသေးသည်။
တစ်ခါတစ်ရံနှလုံးကောင်းရှိသူများသည် မမျှော်လင့်သောကြင်နာမှု ပြသခဲ့ကြသည်။ ဥပမာ၊ အိုင်ယာလန်အနောက်ပိုင်းရှိစလီဂိုမြို့မှ ရှေ့ဆောင်ဇနီးမောင်နှံမောင်းထုတ်ခံရပြီးနောက် ရှစ်နှစ်ကြာပြီဖြစ်သော ၁၉၅၈ တွင်ထိုမြို့သို့ကျွန်ုပ်တို့သွားခဲ့သည်။ ကျွန်ုပ်တို့သည်ကားနှင့်နောက်တွဲထားရန် နေရာတွေ့နိုင်ဖို့ ယေဟောဝါအကူအညီကို တောင်းလျှောက်ခဲ့သည်။ နာရီပေါင်းများစွာရှာပြီးနောက် အသုံးမပြုတော့သော ကြီးမားသည့်ကျောက်ကျင်းတစ်ခုကိုတွေ့ခဲ့သည်။ လမ်းဘေးတွင်နွားကျောင်းနေသူက ထိုကျောက်ကျင်းကိုသူ၏မိသားစုက ပိုင်ဆိုင်ကြောင်းကျွန်ုပ်တို့အားပြောသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအသင်းမှကိုယ်စားလှယ်များဖြစ်ကြောင်း သူ့အားပြောပြီးနောက် “အဲ့ဒါကိုသုံးလို့ရမလား” ဟုကျွန်ုပ်တို့ကမေးလိုက်သည်။ ရပါတယ်ဟုသူကပြောသည်။
သို့နှင့်မကြာမီသူက “ခင်ဗျားတို့ဘယ်ကျမ်းစာအသင်းကလဲ” ဟုစုံစမ်းသည်။ ထိုအချိန်ကား စိုးရိမ်ဖွယ်အချိန်ပင်။ ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများဖြစ်ကြောင်း သူ့အားပြောပြသည်။ သူ့ခင်မင်မှုမပျက်သည်ကိုတွေ့ရ၍ ကျွန်ုပ်တို့အလွန်သက်သာရာရခဲ့ပါသည်။ အပတ်အနည်းငယ်ကြာသောအခါ ထိုနေရာကိုတစ်နှစ်အတွက် ငှားရမ်းသည့်ပြေစာကို ပေးလေသည်။ “ကျွန်တော်တို့ ငွေတော့တစ်ပြားမှမလိုချင်ဘူး” ဟုသူကဆိုသည်။ “ဒါပေမယ့်ခင်ဗျားတို့ရင်ဆိုင်နေရတဲ့ အတိုက်အခံကိုကျွန်တော်တို့သိတယ်။ ဒါကြောင့်ခင်ဗျားတို့ ဒီမှာဘယ်သူ့အခွင့်နဲ့နေတာလဲလို့မေးလာရင် ဒီပြေစာဟာအထောက်အထားပဲ။”
စလီဂိုမြို့တွင်ရှိစဉ်၊ ယခင်ရှေ့ဆောင်များရှိခဲ့စဉ်က စိတ်ဝင်စားမှုပြခဲ့သော လူသိများသည့်ဆိုင်ပိုင်ရှင်နှင့် ဘောလုံးသမားတစ်ဦးဖြစ်သူအကြောင်း ကျွန်ုပ်တို့ကြားသိရသည်။ သူသည်ရှစ်နှစ်လုံးလုံး ဆက်သွယ်မှုအနည်းငယ်သာရရှိသောကြောင့် ယခုသူမည်သို့များနေမည်နည်းဟု ကျွန်ုပ်တို့တွေးမိခဲ့သည်။ ကျွန်တော့်ကိုယ်ကိုမိတ်ဆက်သောအခါ မက်တီဘန်းစ်၏မျက်နှာမှ ဝေဆာနေသောအပြုံးက အဖြေပေးခဲ့သည်။ ယခင်နှစ်ပေါင်းများစွာက စိုက်ပျိုးခဲ့သော သမ္မာတရားမျိုးစေ့သည် မသေဆုံးခဲ့ချေ။ သူသည်ယခုထိတိုင် စလီဂိုရှိတက်ကြွသောအသင်းတော်လေး၏ အသင်းသားတစ်ဦးဖြစ်နေတုံးပင်။
သဘောထားပြောင်းလဲခြင်း
ကျွန်ုပ်တို့အပေါ် လူအများ၏ရန်လိုမှုပြသောနေရာတစ်ခုမှာ အက်သ်လုံးမြို့တွင်ဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် သက်သေခံခြင်းကို ထိုတွင်အာရုံစိုက်စဉ် ဓမ္မဆရာများသည် မြို့တစ်ပိုင်းရှိလူများကို ယေဟောဝါသက်သေများသူတို့တံခါးဝသို့လာရန် မလိုလားကြောင်းကန့်ကွက်စာကို လက်မှတ်ထိုးစေခဲ့သည်။ ယင်းကိုသူတို့အစိုးရထံပို့လိုက်ပြီး၊ အက်သ်လုံးမြို့ရှိလုပ်ငန်းကို နှစ်အတန်ကြာခက်ခဲစေခဲ့သည်။ တစ်ခါကလူငယ်တစ်စုသည် ကျွန်တော့်အားသက်သေခံမှန်း မှတ်မိကြကာ၊ ခဲများနှင့်စပေါက်ကြသည်။ ကျွန်တော်သည် ဆိုင်မှန်ပြတင်းပေါက်ရှေ့တွင်ရပ်နေရာ ဆိုင်ရှင်ကကျွန်တော်ကိုကာကွယ်ရန်ထက် သူ့ပြတင်းပေါက်ကိုကာကွယ်ရန်အတွက် ကျွန်တော့်အားသူ၏ဆိုင်ထဲဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ နောက်ဘက်မှထွက်သွားစေခဲ့သည်။
သို့သော်မကြာသေးမီက၊ ၁၉၈၉ ဩဂုတ်လတွင် အက်သ်လုံးရှိသစ္စာရှိညီအစ်ကိုတစ်ဦးအတွက် ကျွန်တော်အသုဘကျင်းပစဉ် ယေဟောဝါသည်ထိုတွင်မည်သို့ကြီးပွားစေခဲ့ပုံကို ကျွန်တော်မအံ့သြဘဲမနေနိုင်ခဲ့ချေ။ ညီအစ်ကိုများဆောက်ထားသော ကောင်းမွန်သည့်နိုင်ငံတော်ခန်းမတွင် အသင်းသားများအပြင် ပြင်ပမှလူ ၅၀ ခန့်အသုဘအစီအစဉ်ကို လေးစားစွာဖြင့် နားထောင်ခဲ့ကြသည်။
ဂိလဒ်ကျောင်းတွင် အထူးလေ့ကျင့်မှု
၁၉၆၁ တွင်၊ ကျွန်တော့်ကို ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းတွင် ဆယ်လသင်တန်းတက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤအထူးအစီအစဉ်သည် ညီအစ်ကိုများအတွက်သာဖြစ်သည်။ ထို့ကြောင့်ကယ်ရိုလိုင်းနှင့်ကျွန်တော်သည် ဖိတ်ခေါ်ချက်ကို ဆုတောင်းလျက်သုံးသပ်ရသည်။ ကျွန်တော်တို့သည် ၁၂ နှစ်လုံးလုံးနေ့ရောညပါ အမြဲအတူတကွနေခဲ့သည်။ ထို့ပြင်၊ ကျွန်တော်၏ဇနီးသည် ဂိလဒ်ကျောင်းကိုတက်၍ သာသနာပြုဖြစ်ရန် စိတ်ပြင်းပြခဲ့သောကြောင့် သူမသည်ဖိတ်ခေါ်မခံရသောအခါ အထူးစိတ်ဓာတ်ကျခဲ့သည်။ သို့သော်၊ သူမသည်စိတ်ထားမြင့်မြတ်သောကြောင့်၊ နိုင်ငံတော်ကိုရှေ့ဦးထားကါ ကျွန်တော်သွားသင့်ကြောင်းသဘောတူခဲ့သည်။ သင်တန်းသည် ထူးမြတ်လှသောအခွင့်အရေးကြီးပင်။ သို့သော်အိမ်သို့ပြန်ရောက်လာပြီး၊ အသင်းမ၏ဌာနခွဲရုံးတွင်လုပ်ဆောင်ကာ ၁၉၆၀ ပြည့်လွန်နှစ်များစောစောပိုင်းတွင် အိုင်ယာလန်၌စိုက်ပျိုးရေလောင်းနေသောသက်သေခံ ၂၀၀ သို့မဟုတ် ထိုထက်များသောသူများကို အားပေးရခြင်းသည် ရွှင်လန်းဖွယ်ပင်ဖြစ်သည်။
နှစ်အနည်းငယ်ကြာပြီးနောက် ၁၉၇၉ တွင်၊ ကျွန်တော့်အား ဌာနခွဲကော်မတီဝင်များအတွက် အထူးဂိလဒ်ကျောင်းသင်တန်းတက်ရန် ဖိတ်ခေါ်ခံရသောအခါ ကယ်ရိုလိုင်းသည်နယူးယောက်ရှိ ယေဟောဝါသက်သေများ၏ ဌာနချုပ်သို့သွားခဲ့ရသည်။ ယင်းသည်သူမ၏နောက်ဆုံးအသက်တာအတွက် ပေါ်လွင်သောအချက်ဖြစ်ခဲ့ရသည်။ နှစ်နှစ်ကြာပြီးနောက်၊ သူမသေဆုံးခဲ့ရသည်။ ၃၂ နှစ်လုံးလုံးကျွန်တော်တို့အတူတကွ အမှုထမ်းခဲ့သော အချိန်ပြည့်အမှုဆောင်ခြင်းလုပ်ငန်းတွင် ကယ်ရိုလိုင်းသည် ယေဟောဝါအတွက် သူမ၏ဇွဲတစ်ခါမျှမကျခဲ့၊ ကိုယ်တော်သည် ကြီးပွားစေမည်အပေါ်လည်း စိတ်ချမှုမပျောက်ခဲ့ချေ။
ကျွန်တော်သူမကို အလွန်ပင်သတိရသည်။ ကျွန်တော့်ကိုခံသာအောင် ကူညီပေးသောအရာမှာ ထိုအချိန်ကထွက်လာသော “သင့်ချစ်မြတ်နိုးသူမရှိဘဲ နေတတ်ရန်သင်ယူခြင်း” ခေါင်းစဉ်ပါသည့် နိုးလော့ မဂ္ဂဇင်းဖြစ်သည်။ (ဖေဖော်ဝါရီ ၈၊ ၁၉၈၁) ကျွန်တော်၏ပျောက်ဆုံးသွားသောအဖော်ကို စဉ်းစားမိလေတိုင်း ကျွန်တော်မျက်ရည်ကျခဲ့ရသည်။ သို့သော်ကျွန်တော်သည် ဆောင်းပါးတွင်တိုက်တွန်းသည့်အတိုင်း လုပ်ဆောင်ပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များလျက်ရှိသည်။
ယေဟောဝါဆက်ကောင်းချီးပေး
ထိုနှစ်မတိုင်မီ၊ ၁၉၈၀ ဧပြီလတွင်အုပ်ချုပ်ရေးအဖွဲ့မှ ညီအစ်ကိုလိုင်မင်ဆွင်ဂယ်သည် ဒူဘလင်ရှိဌာနခွဲ အဆောက်အဦသစ်ကို အပ်နှံသောအခါ ကျွန်တော်ရှိခဲ့သည်။ ထိုအချိန်တွင် အိုင်ယာလန်မြောက်ပိုင်းအပါဝင် လယ်ကွင်းတွင်ကြေညာသူ ၁၈၅၄ ဦးတွေ့ရခြင်းသည် မည်မျှစိတ်လှုပ်ရှားဖွယ်ပါတကား။ ယခု၊ ဆယ်နှစ်ကြာပြီးနောက်၊ Yearbook စာအုပ်က ၁၉၉၀ တွင်အများဆုံးကြေညာသူ ၃၄၅၁ ဦးမှတ်တမ်းဖော်ပြထားသည်။
ကျွန်တော်သည် ထပ်ဆင့်ကောင်းချီးများ ခံစားခဲ့ရပါသေးသည်။ နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်း သင်တန်းမှူးအဖြစ်ကျွန်တော်ထမ်းဆောင်စဉ် လိုအပ်သောနေရာတွင် အမှုဆောင်ရန်အတွက် အိုင်ယာလန်သို့ပြောင်းရွှေ့လာသော ဆွဲဆောင်မှုရှိ၍ ထက်သန်သောညီအစ်မအီးဟတ်လ်ခ်ဖို့ဒ်နှင့် ဆုံခဲ့သည်။ ကျွန်တော်တို့သည် ၁၉၈၆ မေလတွင်လက်ထပ်လိုက်ကြပြီး၊ သူမသည် ကျွန်တော်၏သီအိုကရက်တစ်လုပ်ငန်းအားလုံးတွင် တကယ့်ကိုထောက်မမှု ဖြစ်ခဲ့သည်။
ကျောင်းမှထွက်ကတည်းက ကျွန်တော်၏ ၅၁ နှစ်သောအချိန်ပြည့်အမှုဆောင်ခြင်းလုပ်ငန်းတွင် ၄၄ နှစ်ကိုအိုင်ယာလန်တွင်သုံးခဲ့သည်။ ကျွန်တော်ကူညီပေးခဲ့သော သူအများသည် ယေဟောဝါအားဆက်လက်အမှုဆောင်နေကြောင်းနှင့် အချို့သည်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအဖြစ်တွေ့ရသောအခါ နှလုံးချမ်းမြေ့ဖွယ်ဖြစ်သည်။ မတွန့်ဆုတ်ဘဲကျွန်တော်ပြောနိုင်သည်ကား မည်သူမဆိုခံစားနိုင်သော အကြီးမားဆုံးရွှင်လန်းမှုများကား အခြားသူတစ်ဦးအား အသက်လမ်းပေါ်သို့ ကူညီပေးခြင်းပင်ဖြစ်သည်။
ပြင်းထန်သောအတိုက်အခံကြားတွင် စစ်မှန်သောဝတ်ပြုရေးသည် အိုင်ယာလန်တွင်တစ်နေရာပြီးတစ်နေရာ ဖူးပွင့်လာသည်ကိုတွေ့ရသောအခါ ယုံကြည်ခြင်းကိုခိုင်ခံ့မှုဖြစ်စေခဲ့သည်။ ယခု၊ ကြေညာသူ ၃,၅၀၀ သည်နိုင်ငံတစ်ဝန်းတွင်ရှိ အသင်းတော်ပေါင်း ၉၀ နှင့်ပေါင်းသင်းလျက်ရှိသည်။ အမှန်ပင်၊ ယေဟောဝါလုပ်ဆောင်နိုင်မှုသည် အကန့်အသတ်မရှိချေ။ ကျွန်ုပ်တို့သည်အားတက်သရော စိုက်ပျိုး၊ ရေလောင်းလျှင် ကိုယ်တော်သည်ကြီးပွားစေတော်မူမည်။ (၁ ကောရိန္သု ၃:၆၊ ၇) ယင်းသည်မှန်ကန်ကြောင်း ကျွန်တော်သိသည်။ အိုင်ယာလန်တွင်ထိုသို့ဖြစ်ခဲ့ကြောင်း ကျွန်တော်တွေ့ခဲ့ရပြီ။
[အောက်ခြေမှတ်ချက်များ]
a အုပ်စုလိုက်တိုက်ခိုက်ခံရခြင်းအကြောင်းတစ်ချို့သည် ၁၉၈၈၊ Yearbook စာမျက်နှာ ၉၀၊ ၉၁ တွင်ပါသည်။