ချို့တဲ့သူများ အဘယ်အချိန်တိုင် စောင့်လင့်ကြရမည်နည်း
“လွတ်လပ်သောအဖွဲ့အစည်းသည် သူဆင်းရဲများစွာကို မကူညီနိုင်လျှင် သူကြွယ် လူနည်းစုကို မကယ်နိုင်ပါ။”—ဂျောန် အက်ဖ်. ကနေဒီ။
“လူတိုင်းကို သာယာပျော်ရွှင်တဲ့အနာဂတ် ရစေချင်တယ်။ ဆင်းရဲဒုက္ခမရှိ၊ အိုးအိမ်မဲ့တဲ့လူမရှိဘဲ ပရဒိသုကြီးတစ်ခုဖြစ်စေချင်တယ်!” ဟုဆောပေါလိုမြို့မှ ၁၂ သားကလေးတစ်ဦး ပြောခဲ့သည်။ သို့သော် ဆင်းရဲခြင်းကို ပပျောက်စေနိုင်မည်လော။ ဆင်းရဲချို့တဲ့သူများသည် အဘယ်အချိန်တိုင်အောင် စောင့်လင့်နေကြရမည်နည်း။
အချို့သူများက မိမိလိုချင်သောအရာများကို မဝယ်နိုင်သဖြင့် မိမိကိုယ်ကို ဆင်းရဲသည်ဟု ယူမှတ်ကြသည်။ သို့တစေ အမှန်တကယ်ပင် ဆင်းရဲမွဲပြာကျသူတို့၏ အဖြစ်ဆိုးကို ထည့်စဉ်းစားကြည့်ပါ။ ဤသူတို့၏ ကြပ်တည်းခက်ခဲမှုနှင့် စိတ်မချမ်းသာမှုကို တွေးတောကြည့်နိုင်ပါသလော။ ဥပမာ၊ အချို့ဆိုလျှင် စင်ရော်ငှက်များ၊ ကြွက်များနှင့် အပြိုင်အဆိုင် အမှိုက်ပုံမှ ရှာဖွေစားကြရသည်! ဤမွဲတေဆင်းရဲခြင်းအဖြစ်ကို လူသားသည် အဘယ်အချိန်အထိ ခံစားရမည်နည်း။ ယူနက်စကို (ကမ္ဘာ့ကုလသမဂ္ဂပညာလောကဓာတ်နှင့် ယဉ်ကျေးမှုအဖွဲ့) ညွှန်ကြားရေးမှူးချုပ် ဖက်ဒရီကိုမာရော၏ မေတ္တာရပ်ခံချက်သည် လျောက်ပတ်ပေသည်– “မခံမရပ်နိုင်သော သန်းပေါင်းများစွာတို့၏ ချို့တဲ့မှု၊ အစာခေါင်းပါးမှု၊ ဆင်းရဲဒုက္ခကို သည်းခံနေစေသည့် ဤယုံမှားဖွယ်ရှိ သည်းခံစိတ်ကို ဖယ်ရှားပစ်ကြစို့။”
တစ်လောကလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းဟူသည့်စိတ်ကူးသည် ပြည့်စုံလိမ့်မည်လော။ ဆင်းရဲချို့တဲ့သူများ၌ အဘယ်မျှော်လင့်ချက်ရှိသနည်း။
ဆင်းရဲချို့တဲ့သူများအတွက် အဘယ်အခွင့်အလမ်းများရှိသနည်း
စိတ်ရင်းကောင်းသော ခေါင်းဆောင်များသည် လုပ်ငန်းကိုင်ငန်းများလာစေရန်၊ လခတိုးလာစေရန်၊ လူမှုဖူလုံရေးအစီအစဉ်များ တိုးတက်လာစေရန်မက မြေယာစနစ် ပြုပြင်ပြောင်းလဲရေးများကိုပါ အဆိုပြုကြသည်။ သူတို့သည် ယခင်အမေရိကန်သမ္မတ ဂျောန် အက်ဖ်. ကနေဒီနှင့် သဘောတိုက်ဆိုင်မည်– “လွတ်လပ်သောအဖွဲ့အစည်းသည် သူဆင်းရဲများစွာကို မကူညီနိုင်လျှင် သူကြွယ် လူနည်းစုကို မကယ်နိုင်ပါ။” စိတ်ရင်းစေတနာကောင်းရုံဖြင့် ဆင်းရဲချို့တဲ့ခြင်းကို ဖျောက်ဖျက်မပစ်နိုင်ပါ။ ဥပမာ၊ စီးပွားရေးတိုးပွားမှုက သူဆင်းရဲအများစုကို အကူအညီပေးပါမည်လော။ ထိုသို့မဆိုနိုင်ပေ။ ယခင်အိန္ဒိယခေါင်းဆောင် ဂျာဝါဟာလာရ်နေရူးက ဤသို့ဆိုသည်– “အရင်းရှင်အဖွဲ့အစည်း၏ အင်အားစုများကို မထိန်းသိမ်းဘဲ လွှတ်ထားမည်ဆိုလျှင် သူဌေးအား ပိုကြွယ်ဝစေပြီး သူဆင်းရဲကို ပိုမွဲစေသည်။” အခက်အခဲဒုက္ခနှင့် ဆင်းရဲချို့တဲ့မှုအပြင် မိမိကိုယ်ကိုတန်ဖိုးမရှိဟုခံစားခြင်းကလည်း သူဆင်းရဲတို့၏ဝန်ကို ပိုလေးပင်စေသည်။ လူ့ခေါင်းဆောင်များသည် သူဆင်းရဲတို့၏ အားငယ်စိတ်နှင့် မျှော်လင့်ချက်ကင်းမဲ့သောသဘောကို ဖျောက်ဖျက်ပေးနိုင်မည်လော။
အမှန်မှာ၊ ဆင်းရဲမွဲပြာကျသူများစွာတို့သည် ဆင်းရဲနွမ်းပါးရသည့်ဘဝတွင် နေထိုင်တတ်လာကြပြီး ငွေဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဖြစ်မှု အစရှိသည့်အခက်အခဲမျိုးကို ကြုံတွေ့နေရလျက်ပင် သိမ်ငယ်သောစိတ်ထားကို နိုင်နင်းချိုးနှိမ်နိုင်ကြပြီ။ ထို့ပြင် ငတ်မွတ်ခေါင်းပါးခြင်း၊ အိုးအိမ်မဲ့ခြင်း၊ စိတ်ဆင်းရဲခြင်းတို့သည် အမှန်တကယ်ပင် အမြစ်မကျန်မြေလှန်ပစ်ခံရတော့မည်။ အံ့အားသင့်သွားသလော။ “မကြာမီ မည်သူမျှဆင်းရဲတော့မည်မဟုတ်!” ဟူသည့် နောက်ဆောင်းပါးကို ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့အသင့်အားဖိတ်ခေါ်ပါသည်။