အကြီးအမှူးတစ်ဦး မိမိ၏အနာဂတ်ကိုသုံးသပ်ဆင်ခြင်
အနောက်အာဖရိကန်အကြီးအမှူးတစ်ဦးသည် သူ၏ရပ်နယ်တွင် အလွန်ချစ်ခင်လေးစားခံရသည်။ ၇၈ နှစ်မြောက် သူ၏မွေးနေ့တွင် မိမိ၏မိတ်ဆွေများ၊ မိသားစုနှင့် သူ၏ကောင်းကျိုးကိုလိုလားသောအခြားသူများသည် သူ့အားချီးကျူးဂုဏ်ပြုရန် စုဝေးခဲ့ကြသည်။ မိန့်မြွက်စကားတစ်ခုတွင် ဤအကြီးအမှူးသည် ဤအခါသမယမျိုး၌ သမားရိုးကျမဟုတ်သောအကြောင်းအရာတစ်ခုကို ရွေးချယ်ခဲ့သည်။ သူက တမလွန်ဘဝနှင့်ပတ်သက်၍ သူ၏အယူအဆကို ပြောခဲ့သည်။
သူက ဤသေဆုံးခြင်း၏အခြားတစ်ဖက်တွင် “လှည့်ဖြားလီဆယ်မှု၊ မနာလိုဝန်တိုမှုနှင့် လောဘကြီးမှုတို့ကင်းသော လောကအသစ်တစ်ခုရှိသည်” ဟုသူဆိုခဲ့သည်။ သူက ယင်းကိုဘုရားသခင်နှင့်အပြန်အလှန်အဆက်အသွယ်ရှိမည့် ဖြောင့်မတ်သောသူသာနေခွင့်ရှိသော “ဉာဏ်မမီနိုင်သည့်” လောကတစ်ခုအဖြစ်ဖော်ပြခဲ့သည်။
ဤကဲ့သို့သောယုံကြည်ချက်များသည် အာဖရိကတစ်ခွင်ရှိ လူများတွင် သမားရိုးကျဖြစ်နေသည်။ အာဖရိကန်ထုံးတမ်းဆိုင်ရာ ဘာသာတရားအဆိုအရ သေခြင်းသည် ဘဝ၏အဆုံးမဟုတ်ဘဲ နာမ်ဝိညာဉ်ဘောင်တွင် အသက်ရှင်ရန် ဘဝကူးပြောင်းခြင်းမျှသာဖြစ်သည်။ သေသည့်အခါ လူတစ်ဦးသည် ရူပလောကမှ အရူပလောကသို့ ပြောင်းသွားသည်ဟု ပြောကြသည်။ နာမ်ဝိညာဉ်သားတစ်ဦးအနေနှင့် ယခုသူတို့တစ်ယောက်စီသည် သူ (ဝါ) သူမ၏ဘိုးဘေးများနေထိုင်သည့် ပိုင်နက်နယ်ပယ်ထဲသို့ဝင်ရောက်သွားကြသည်။
အနောက်အာဖရိကန်လူမျိုးများစွာသည် ဘိုးဘေးများ သို့တည်းမဟုတ် ဘိုးဘေးများ၏ဝိညာဉ်များက မြေကြီးပေါ်တွင်ရှိ သူတို့၏မိသားစုများအား ကျိန်းသေကောင်းကျိုးပြုမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ အနောက်အာဖရိကန်ထုံးတမ်းဆိုင်ရာ ဘာသာတရား စာအုပ်က ဤသို့ဖော်ပြသည်– ဩဇာလွှမ်းမိုးခြင်းတွင် “ကမ္ဘာပေါ်တွင် ရှိနေသေးသည့်မိသားစုဝင်များနှင့် တမလွန်လောကရှိသူများကြား သိသိသာသာကွဲပြားမှုမရှိပါ။ ဤကမ္ဘာတွင် ရှိစဉ်အခါ [ဘိုးဘေးများ] သည် မိမိတို့မိသားစု၏အကြီးအကဲများဖြစ်ခဲ့ကြသည်။ ယခုတွင် သူတို့ကို ကျွန်ုပ်တို့မမြင်ရသည့်တိုင် သူတို့သည် နာမ်ဝိညာဉ်လောကတွင် အကြီးအကဲများဖြစ်နေကြတုန်းပင်။ သူတို့သည် မိမိတို့မိသားစု၏ကောင်းကျိုးအဝဝအတွက် သူတို့ကိုယ်တိုင်၏စိတ်ဝင်စားမှုကို မရပ်စဲကြပါ။”
သို့ဖြစ်သောကြောင့် အစပိုင်းတွင် ဖော်ပြခဲ့သည့် ဤအိုမင်းနေသောအကြီးအမှူးသည် မိမိ၏ဘိုးဘေးများနှင့်ပူးပေါင်းပြီး၊ နာမ်ဝိညာဉ်ဘောင်တွင် သူတို့နှင့်အတူ အလုပ်လုပ်ဖို့ မျှော်လင့်ခဲ့သည်။ သူဤသို့ဆိုခဲ့သည်– “ကျွန်ုပ်သည် ကွယ်လွန်ပြီးနောက်ပိုင်းအသက်တာ၌ပင် ဆက်လက်ထမ်းဆောင်မည့် ကျွန်ုပ်၏နောင်အလားအလာကို အခိုင်အမာယုံကြည်ထားသည်။”
သို့ရာတွင် အကြီးအမှူး၏နောက်ထပ်ပြောသည့် စကားကြောင့် ဆန်းဒေးတိုင်းမ်စ်သတင်းစာက သူသည် ဤသေဆုံးခြင်း၏အခြားတစ်ဖက်တွင်ရှိ အသက်တာနှင့်ပတ်သက်၍ “အကြွင်းမဲ့ယုံကြည်ပုံမပေါ်” ကြောင်း ဖော်ပြခဲ့သည်။ သူက စုဝေးနေသည့်လူအုပ်အား တမလွန်ဘဝကိုဆွေးနွေးထားသည့် စာအုပ်နှင့်ပတ်သက်၍ သူကြားဖူးကြောင်း ပြောပြခဲ့သည်။ ဤအကြီးအမှူးသည် ထိုစာအုပ်ကိုရှာဖွေလာခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ ဤစာအုပ်တစ်အုပ်ကိုယူလာမည့်သူ မည်သူကိုမဆို ဒေါ်လာ ၁,၅၀၀ နှင့်ညီမျှသည့်ငွေကို ပေးရန်ကမ်းလှမ်းသည်အထိ ယင်းကိုဖတ်ရန် သူအလွန်စိတ်ပြင်းပြခဲ့သည်။
ဤအကြီးအမှူးသည် ရှာတွေ့ရန်မခက်သည့် စာအုပ်တစ်အုပ်ကို ဆွေးနွေးနှီးနှောခြင်းအားဖြင့် စိတ်ဒုက္ခမှ မိမိကိုယ်ကိုကယ်တင်နိုင်သည်။ ယင်းစာအုပ်မှာ လူ့အားဖြင့်မဟုတ်ဘဲ လူသားအားလုံး၏ဖန်ဆင်းရှင်အားဖြင့် ထွက်ပေါ်လာသည့် အလွယ်တကူအသင့်ရနိုင်သော စာအုပ်တစ်အုပ်ဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၁၃) ထိုစာအုပ်သည် ကျမ်းစာဖြစ်သည်။ ယင်းက တမလွန်ဘဝနှင့်ပတ်သက်၍ ဘာပြောသနည်း။