သေလွန်သူများ ကျွန်ုပ်တို့ကိုမြင်နိုင်သလော
အမျိုးသမီးတစ်ဦးသည် မိမိ၏လင်ယောက်ျားကို သတ်ပစ်ခဲ့သည်။ နောင်ခုနစ်နှစ်အကြာတွင် ကွယ်လွန်သူ လင်သားအမျက်ဒေါသနိမိတ်လက္ခဏာဟူ၍ သူမယူမှတ်သည့် အိပ်မက်တစ်ခုကြောင့် သူမထိတ်လန့်ချောက်ချားခဲ့ရသည်။ သူ၏ “ဝိညာဉ်” အား အမျက်ပြေစေရန် သူ့သင်္ချိုင်းအပေါ်တွင် သေရည်သေရက်ကို ပူဇော်ပသပေးဖို့ သမီးဖြစ်သူအား စေလွှတ်သည်။
အဖေ့ကိုသတ်ခဲ့သော အမေ၏ ပူဇော်ပသမှုဖြစ်သောကြောင့် သမီးဖြစ်သူက အဖေ့ဝိညာဉ်အား အဘယ်စကားများပြောဆိုရမည်ကို မသိချေ။ သူမ၏မောင်လေးသည် ခိုးကြည့်နေရာမှ ထွက်လာပြီး မောင်နှမနှစ်ယောက်တို့သည် လူသတ်မှုကို လက်စားချေနိုင်ရန် ဖခင်ထံ အကူအညီတောင်းဆိုကြသည်။
ဤဇာတ်ကွက်သည် နှစ်ပေါင်း ၂,၄၀၀ ကျော်က ရေးသားခဲ့သော ပူဇော်ပသပွဲ သယ်ဆောင်သူများ အမည်ရှိ ဂရိပြဇာတ်တစ်ကွက်ဖြစ်သည်။ ကမ္ဘာ့ဒေသအချို့တွင် အထူးသဖြင့် အာဖရိကတွင် ယနေ့ထိတိုင် သင်္ချိုင်း၌ ထပ်တူပူဇော်ပသပွဲများ ပြုလုပ်ဆဲရှိသည်။
ဥပမာ၊ နိုင်ဂျီးရီးယားပြည်သား အီဘေ၏ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ သားသမီးသုံးယောက် သေဆုံးခဲ့သဖြင့် ရိုးရာဗိန္ဒောဆရာထံသွား မေးမြန်းလေသော် ထိုသို့သေဆုံးမှုများသည် အကြောင်းမဲ့မဟုတ်ရကြောင်း၊ အီဘေ၏ သေလွန်သောဖခင်၏ အသုဘကိစ္စကို နည်းမှန်လမ်းကျ မပြုလုပ်ပေးခဲ့သဖြင့် အမျက်ထွက်ခြင်းဖြစ်ကြောင်း အဖြေရခဲ့သည်။
ထိုဗိန္ဒောဆရာအကြံပေးသည့်အတိုင်း အီဘေသည် ဆိတ်တစ်ကောင်ကိုပူဇော်ပြီး ဖခင်၏ သင်္ချိုင်းဂူပေါ် ဂျင်အရက်နှင့် ဝိုင်ကိုသွန်းလောင်း၍ ပူဇော်ပသလေသည်။ ဖခင်၏ဝိညာဉ်ကို ခေါ်ဆောင်ပြီးနောက် ခွင့်လွှတ်ပါရန်၊ မိမိသည် သူ့အပေါ် မေတ္တာမပျက်ကြောင်းအာမခံလျက် ကောင်းချီးပေးပါရန် အသနားခံလေသည်။
ဖခင်ဖြစ်သူသည် မိမိအား မြင်သည်၊ ကြားသည်ကို အီဘေသံသယမရှိပါ။ ဖခင်သည် သက်မဲ့သူမဟုတ်၊ သေဆုံးချိန်တွင် မျက်မြင်ရလောကမှ မျက်မြင်မရလောကသို့ “ကူးပြောင်းသွားသည်” ဟုသူယုံကြည်သည်။ မိမိ၏ဖခင်သည် အသွေးအသားလူ့ဘုံမှ ဘိုးဘေးများနယ်ပယ်၊ နာမ်ဝိညာဉ်ဘုံသို့ သွားလေပြီဟု အီဘေယုံကြည်သည်။
အီဘေက ဤသို့တွေးတောဆင်ခြင်သည်– ‘ဒီလောကမှာ အဖေမရှိတော့ပေမယ့် ငါ့ကို သူသတိရပြီး ငါ့အကျိုးကို စိတ်ဝင်စားနေတုန်းပဲ။ အခု သူဟာ တန်ခိုးပိုကြီးတဲ့ နာမ်ဝိညာဉ်ဖြစ်နေတော့ ကမ္ဘာပေါ်မှာ လူဖြစ်စဉ်ကထက် ငါ့ကို ပိုအကူအညီပေးနိုင်မယ်။ ဒါ့အပြင် ဘုရားသခင်လဲ နာမ်ဝိညာဉ်ဖြစ်တဲ့အတွက် ငါ့အရေးကို ဘုရားသခင်ဆီမှာ သူတိုက်ရိုက်တင်ပြလိမ့်မယ်။ အခုတော့ အဖေ စိတ်ဆိုးနေပေမယ့် သူ့ကို အရိုအသေပေးမယ်ဆိုရင် ငါ့ကို ခွင့်လွှတ်ပြီး ကောင်းချီးပေးမှာပါ။’
လူသေတို့သည် ကမ္ဘာသားများကို မြင်သည်၊ သူတို့၏ဘဝအသက်တာပေါ် ဩဇာလွှမ်းမိုးသည်ဟု ရိုးရာဘာသာတရားကို ကျင့်သုံးသူ အာဖရိကသားအများက လက်ခံယုံကြည်ကြသည်။ အမည်ခံခရစ်ယာန်များလည်း ထပ်တူပင် ယုံကြည်ကြသည်။ ဥပမာ၊ ချာ့ချ်ထဲတွင် လက်ထပ်မင်္ဂလာပြုပြီးသည့်နောက် အမျိုးသမီးတစ်ဦးသည် မိဘများအိမ်သို့သွား၍ ရိုးရာထုံးစံရှိသည့်အတိုင်း ကောင်းချီးခံယူခြင်းသည် မထူးဆန်းပါ။ ထိုတွင် ဘိုးဘေးများကို တောင်းပန်ခြင်း အရက်သေစာသွန်းလောင်းပသခြင်းပြုကြသည်။ ယင်းသို့မပြုလုပ်ပါမူ အိမ်ထောင်သာယာလိမ့်မည်မဟုတ်ဟု လူအများက ယုံကြည်ကြသည်။
မိမိတို့မိသားစုမှ ကျန်ကြွင်းသူတို့၏ တည်တံ့ကြီးပွားရေးကို ဘိုးဘေးများ သို့မဟုတ် ဘိုးဘေးတို့၏နာမ်ဝိညာဉ်များက ဆောင်ရွက်ပေးနိုင်သည်ဟု ယူမှတ်ကြသည်။ ဤအယူအဆအတိုင်းဆိုလျှင် ယင်းတို့သည် တန်ခိုးကြီးသော မဟာမိတ်များဖြစ်၍ စိုက်ပျိုးရေး၌ အောင်မြင်စေနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးရန်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ လူ့အကျိုးကို သူတို့ကြားဝင်ဆောင်ရွက်ပေး၏။ သို့ရာတွင် သူတို့အား ဥပေက္ခာပြုမည်၊ သို့မဟုတ် အမျက်နှိုးဆွမည်ဆိုလျှင် ဘေး—ဖျားခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ သေခြင်းပင်—သင့်စေမည်ဖြစ်သည်။ ယင်းကြောင့် ပူဇော်ပသခြင်း၊ ဓလေ့ထုံးစံအတိုင်းဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် လူသေတို့နှင့် ပြေပြေလည်လည်ရှိရန် ကြိုးစားတတ်ကြသည်။
လူသေသည် အသက်ရှင်သူများ၏ဘဝတွင် ထိရောက်စွာပါဝင်ဆောင်ရွက်ပေးသည်ဟု သင်ယုံကြည်ပါသလော။ ချစ်မြတ်နိုးရသူ၏ သင်္ချိုင်းဂူရှေ့ရပ်ကာ သူကြားကောင်းကြားပါစေတော့ ဟူသောသဘောမျိုးဖြင့် စကားပြောဆိုမိပါသလော။ ကွယ်လွန်သောသူသည် ကျွန်ုပ်တို့အား မြင်ရသည်၊ ကြားရသည် သို့မဟုတ် မမြင်ရ မကြားရ ဟူသည့်အချက်သည် သေဆုံးချိန်တွင် အဘယ်သို့ဖြစ်ပျက်သွားကြောင်း အပေါ်အခြေပြုသည်။ ဤအရေးကြီးသောအကြောင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားကြောင်း စစ်ဆေးကြည့်ကြစို့။