စာရှုသူများထံမှ မေးခွန်းလွှာ
ဟေဗြဲ ၄:၁၅၊ ၁၆ တွင်ပါသည့် ယဇ်ပုရောဟိတ်မင်းခရစ်တော်ယေရှု၏ အမှုထမ်းဆောင်ခြင်းမှရသောအကျိုးကျေးဇူးများသည် ယခု “အခြားသိုး” တို့နှင့် မည်သို့သက်ဆိုင်သနည်း။
ယေရှု၏ယဇ်ပုရောဟိတ်အခန်းကဏ္ဍသည် ကောင်းကင်တွင်ကိုယ်တော်နှင့်အတူရှိမည့်သူများနှင့် အထူးသက်ဆိုင်သော်လည်း မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိ ခရစ်ယာန်များသည်လည်း ယခုပင်လျှင် ယေရှု၏ယဇ်ပုရောဟိတ်လုပ်ငန်းမှ အကျိုးကျေးဇူးများခံစားကြရသည်။
အာဒံအချိန်မှစ၍ လူသားတို့သည် အပြစ်ဟူသောဝန်ထုပ်ကိုထမ်းခဲ့ကြရပြီ။ ဣသရေလလူမျိုးနည်းတူ ကျွန်ုပ်တို့လည်း မစုံလင်မှုကိုအမွေရထားသည်။ သူတို့သည် ကိုယ်ကိုယ်တိုင်၏အပြစ်များနှင့် လူအပေါင်းတို့၏အပြစ်များအတွက် ယဇ်ပူဇော်ခဲ့ကြရသော ယဇ်ပုရောဟိတ်မင်းဆက်နှင့် တွဲဖက်ယဇ်ပုရောဟိတ်များကို အားကိုးအားထားခဲ့ကြရသည်။ အချိန်တန်သော် ယေရှုသည် “မေလခိဇေဒက်နည်းတူ” ယဇ်ပုရောဟိတ်အရာကိုခံယူရန် ဘိသိက်ပေးခံခဲ့ရ၏။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်၏စုံလင်သောလူသားယဇ်၏တန်ဖိုးကိုဆက်သခြင်းငှာ ယေဟောဝါ၏ရှေ့တော်၌ကိုယ်ကိုပြတော်မူ၏။—ဆာလံ ၁၁၀:၁၊ ၄။
ယင်းက ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဟေဗြဲသြဝါဒစာတွင် ယေရှု၏ယဇ်ပုရောဟိတ်မင်းလုပ်ငန်းကို ပေါလုဆွေးနွေးတင်ပြထားသည်။ ဟေဗြဲ ၅:၁ တွင်ဤသို့ဖတ်ရသည်– “လူတို့တွင်ရွေးကောက်သောယဇ်ပုရောဟိတ်မင်းမည်သည်ကား ပူဇော်သကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်၍ လူတို့အတွက် ဘုရားဝတ်ကိုပြုစေခြင်းငှာ ခန့်ထားတော်မူသောသူဖြစ်၏။” ထို့နောက် ကျွန်ုပ်တို့အကျိုးခံစားရရန် ယေရှုသည် ယဇ်ပုရောဟိတ်မင်းဖြစ်လာတော်မူကြောင်း အခန်းငယ် ၅ နှင့် ၆ တွင်ပေါလုဖော်ပြသည်။
မည်သို့အားဖြင့်နည်း။ ပေါလုက ဤသို့ရေးသားသည်– “ဘုရားသခင်၏သားတော်မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူဖြစ်တော်မူ” ၏။ (ဟေဗြဲ ၅:၈၊ ၉) ပထမတွင် ဘုရားသခင်နှင့် ယေရှုကိုသစ္စာရှိသူတို့သည် အပြစ်ဖယ်ရှားခံရကာ ထာဝရအသက်ရကြမည်ဖြစ်သော ကမ္ဘာသစ်တွင်ကျွန်ုပ်တို့မည်သို့အကျိုးခံစားရမည်ကို ထိုအခန်းငယ်က ကျွန်ုပ်တို့အားစဉ်းစားစေပေမည်။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာနှင့် ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုတော်ထမ်းခြင်းအပေါ်အခြေပြုပြီး ထိုသို့မျှော်လင့်နိုင်သည့်ကား အမှန်ပင်။
အမှန်သော်ကား ယဇ်ပုရောဟိတ်မင်းအဖြစ် ကိုယ်တော်အမှုတော်ထမ်းခြင်းကြောင့် ယခုပင်လျှင် ကျွန်ုပ်တို့အကျိုးခံစားနိုင်သည်။ ဟေဗြဲ ၄:၁၅၊ ၁၆ (ကဘ) ကိုသတိပြုပါ– “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစမ်းသပ်ခြင်းများကိုခံခဲ့ဖူးသောအရှင်ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။ ထိုကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောအချိန်၌ မခံစားထိုက်သောကြင်နာမှုဖြင့် မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ လွတ်လပ်စွာပြောခွင့်နှင့်ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” “တော်လျော်သောအချိန်” သည် အဘယ်အချိန်ဖြစ်မည်နည်း။ ယင်းသည် သနားခြင်းကရုဏာနှင့် မခံစားထိုက်သောကြင်နာမှုကို ကျွန်ုပ်တို့လိုအပ်သည့်အချိန်တွင်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး မစုံလင်ကြသည့်အတွက် ယခုပင် ယင်းကိုလိုအပ်နေကြသည်။
ယခုကောင်းကင်တွင် ယဇ်ပုရောဟိတ်ဖြစ်နေတော်မူသောယေရှုသည် လူသားတစ်ဦးဖြစ်ခဲ့ဖူးသောကြောင့် ကိုယ်ချင်းစာနာနိုင်ကြောင်း ဟေဗြဲ ၄:၁၅၊ ၁၆ (ကဘ) ကဖော်ပြသည်။ မည်သူ့ကိုနည်း။ ကျွန်ုပ်တို့ကိုဖြစ်သည်။ အဘယ်အချိန်တွင်နည်း။ ယခုပင်ဖြစ်သည်။ ယေရှုသည် လူသားဘဝတွင်ရှိစဉ်က လူတို့အများအားဖြင့် တွေ့ကြုံသောအကျပ်အတည်းများနှင့် ဖိစီးမှုများကို ခံစားတော်မူခဲ့သည်။ တစ်ခါတွင် ယေရှုသည် ဆာလောင်မွတ်သိပ်တော်မူခဲ့သည်။ စုံလင်သည်မှန်သော်လည်း ကိုယ်တော်သည်မောပန်းတတ်သည်။ ယင်းအချက်က ကျွန်ုပ်တို့ကိုအားရှိစေသင့်သည်။ အဘယ်ကြောင့်နည်း။ ယေရှုကိုယ်တော်တိုင် မောပန်းတတ်သောကြောင့် ကျွန်ုပ်တို့မကြာခဏဖြစ်တတ်သောခံစားချက်ကို ကိုယ်တော်သိနားလည်တော်မူသည်။ တမန်တော်များအချင်းချင်း မနာလိုဖြစ်ကြပြီး အငြင်းပွားခဲ့ခြင်းကိုယေရှုခံရပ်ခဲ့ရကြောင်းကိုလည်း သတိရပါ။ (မာကု ၉:၃၃-၃၇; လုကာ ၂၂:၂၄) မှန်ပါသည်၊ ကိုယ်တော်သည် စိတ်ဓာတ်ကျခဲ့ရသောအခါများရှိခဲ့သည်။ ယင်းကြောင့် ကျွန်ုပ်တို့စိတ်ပျက်မည်၊ စိတ်ဓာတ်ကျမည်ဆိုလျှင် ကိုယ်တော်နားလည်လိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ချသင့်သည်မဟုတ်လော။ အမှန်တကယ်ပင် စိတ်ချနိုင်သည်။
အသင်စိတ်ဓာတ်ကျမည်ဆိုလျှင် မည်သို့ပြုလုပ်နိုင်မည်နည်း။ သင်၏ယဇ်ပုရောဟိတ်မင်းကြီးယေရှုသည် သင့်အား ကမ္ဘာသစ်တွင် ကိုယ်စိတ်နှစ်ဖြာစုံလင်စေမည့်အချိန်အထိ စောင့်ဆိုင်းနေပါဟု ပေါလုပြောဆိုသလော။ ထိုသို့မပြောပါ။ ပေါလုက “ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောအချိန်၌ မခံစားထိုက်သောကြင်နာမှုဖြင့် မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်” ဟုပြောဆိုထားသောကြောင့် ထိုတွင်မျက်မှောက်အချိန်လည်းပါဝင်သည်။ ထို့ပြင်ယေရှုသည် လူသားဘဝတွင်ရှိစဉ်က “ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစမ်းသပ်ခြင်းများကိုခံခဲ့ဖူးသော” အရှင်ဖြစ်တော်မူသည့်အတွက် ဆင်းရဲဒုက္ခနှင့်အခက်အခဲများကိုကြုံတွေ့ခဲ့ရသည်။ ထိုကြောင့်ယင်းတို့ကိုကျွန်ုပ်တို့ကြုံတွေ့ကြရသည့်အခါ ကျွန်ုပ်တို့ခံစားချက်ကိုသဘောပေါက်နားလည်စွာဖြင့် ကူညီမစမှုပေးရန် ကိုယ်တော်အသင့်ရှိတော်မူသည်။ ယင်းက ကိုယ်တော်ထံတိုးဝင်ချဉ်းကပ်ရန် မဆွဲဆောင်ပေလော။
ယခုအခန်းငယ် ၁၆ ကိုသတိပြုပါ။ ပေါလုက ဘိသိက်ခံနှင့် အခြားသိုးပါအပါအဝင် ကျွန်ုပ်တို့သည်လွတ်လပ်စွာပြောဆိုခွင့်နှင့် ဘုရားသခင့်အထံတော်သို့တိုးဝင်ချဉ်းကပ်နိုင်သည်ဟုဆိုသည်။ (ယောဟန် ၁၀:၁၆) ဤတွင် ကျွန်ုပ်တို့ဆုတောင်းရာ၌ အမျက်ထွက်စကားများ၊ မရိုမသေစကားများပါအပါအဝင် မိမိကြိုက်ရာကိုပြောဆိုနိုင်သည်ဟု တမန်တော်ကဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းအစား ယေရှု၏ပူဇော်သကာနှင့် ယဇ်ပုရောဟိတ်မင်းအခန်းကဏ္ဍကြောင့် အပြစ်သားများဖြစ်လျက်ပင် ဘုရားသခင့်အထံတော်သို့ ကျွန်ုပ်တို့တိုးဝင်ချဉ်းကပ်နိုင်ခြင်းကို ဆိုလိုနေခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းယေရှုခရစ် ဆောင်ရွက်သောအမှုမှ ယခုပင်လျှင် ကျွန်ုပ်တို့အကျိုးကျေးဇူးခံစားနိုင်သည့် အခြားနည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အပြစ်များ၊ အမှားများနှင့်ပတ်သက်သည်။ ယေရှုသည် မျက်မှောက်စနစ်တွင် ကိုယ်တော်၏ယဇ်သကာအကျိုးကျေးဇူးအပြည့်အဝကို ကျွန်ုပ်တို့အားခံစားစေမည်ဟု မမျှော်လင့်သည်ကား အမှန်ပင်။ ကျွန်ုပ်တို့အားခံစားစေဦးတော့ ထာဝရအသက်ရနိုင်ဦးမည်မဟုတ်ပါ။ လုကာ ၅:၁၈-၂၆ တွင်မှတ်တမ်းတင်ထားသည့် အိမ်အမိုးကိုဖောက်ပြီး အိပ်ရာနှင့်တကွ လျှောချခံခဲ့ရသော ခြေလက်သေသောသူတစ်ယောက်၏အဖြစ်အပျက်ကိုသတိရပါ။ သူ့အား ယေရှုက “အချင်းလူ၊ သင်၏အပြစ်ကိုလွတ်စေပြီ” ဟုမိန့်တော်မူခဲ့သည်။ ယင်းကြောင့် ခြေလက်သေစေခဲ့သော အပြစ်တစ်ခုခုကိုဆိုလိုနေခြင်းမဟုတ်ပါ။ ယေဘုယျအားဖြင့်ဖြစ်သော ထိုသူ၏အပြစ်များကိုရည်ညွှန်း၍ ဝေဒနာများဖြစ်ပေါ်စေသည့် ထိုသူ၏မွေးရာပါမစုံလင်မှုလည်းပါဝင်မည်ဖြစ်သည်။
အပြစ်ဖြေရာနေ့တွင် လွတ်လပ်လဟာအဖို့ဆိတ်သည် ဣသရေလလူမျိုး၏အပြစ်များကို သယ်ဆောင်သည့်နည်းတူ ယေရှုပူဇော်မည့်ယဇ်သကာသည် လူသား၏အပြစ်များကိုပယ်ဖျက်နိုင်မည်ဖြစ်သည်။ (ဝတ်ပြုရာ ၁၆:၇-၁၀) သို့တိုင် ခြေလက်သေသူသည် လူသားမျှဖြစ်နေသေး၍ တစ်ဖန်ပြန်ပြစ်မှားဦးမည်ဖြစ်ပြီး အပြစ်သားများနည်းတူအတန်ကြာသော် သေဆုံးခဲ့ရသည်။ (ရောမ ၅:၁၂; ၆:၂၃) ယေရှုမိန့်တော်မူသောစကားကြောင့် ထိုသူသည် ထိုခဏချင်းတွင်ပင် ထာဝရအသက်ရသည်ဟု မဆိုလိုပါ။ သို့သော် ထိုအချိန်တွင် ခွင့်လွှတ်ခြင်းကောင်းချီးကို ထိုသူသည် အကန့်အသတ်အားဖြင့်ခံစားခဲ့ရသည်။
ဤတွင် ကျွန်ုပ်တို့၏အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မစုံလင်သူများဖြစ်ကြရာ ကျွန်ုပ်တို့သည် နေ့စဉ်ပြစ်မှားတတ်ကြသည်။ (ယာကုပ် ၃:၂) ယင်းအတွက် ကျွန်ုပ်တို့မည်သို့ပြုမူနိုင်သနည်း။ ယေဟောဝါထံတော်သို့ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ချဉ်းကပ်နိုင်ရန် သနားခြင်းကရုဏာရှိတော်မူသော ကောင်းကင်ယဇ်ပုရောဟိတ်မင်းတစ်ပါး ကျွန်ုပ်တို့တွင်ရှိသည်။ မှန်ပါသည်၊ ပေါလုရေးသားခဲ့သည့်အတိုင်း ကျွန်ုပ်တို့အားလုံးသည် “သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောအချိန်၌ မခံစားထိုက်သောကြင်နာမှုဖြင့် မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ လွတ်လပ်စွာပြောခွင့်နှင့်ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်” နိုင်ကြသည်။ ယင်းကြောင့် ယနေ့အခြားသိုးများဖြစ်သူအားလုံးတို့သည် ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုတော်ထမ်းခြင်းမှ ကြည်လင်သောသြတ္တပ္ပစိတ်ပါအပါအဝင် အံ့ချီးဖွယ်အကျိုးကျေးဇူးများကို အမှန်တကယ်ပင်ခံစားနေကြရသည်။
မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသော ခရစ်ယာန်အပေါင်းတို့သည် နီးသည်ထက်နီးလာနေသောကမ္ဘာသစ်တွင် ကြီးမြတ်တော်မူသောအကျိုးကျေးဇူးများကိုခံစားရန် စောင့်မျှော်နေနိုင်ကြသည်။ ထိုအခါ ကောင်းကင်ယဇ်ပုရောဟိတ်မင်းသည် ကိုယ်တော်၏ယဇ်သကာအကျိုးကို အပြည့်အဝခံစားစေမည်ဖြစ်ရာ ကျွန်ုပ်တို့သည် လုံးလုံးလျားလျားအပြစ်လွှတ်ခြင်းခံရမည်ဖြစ်သည်။ လူတို့၏ ကာယနှင့်ဝိညာဏကျန်းခံ့ရေးကို ဂရုစိုက်တော်မူခြင်းအားဖြင့်လည်း သာ၍ကြီးမားသောအကျိုးကျေးဇူးများကို ခံစားစေမည်ဖြစ်သည်။ ဣသရေလနိုင်ငံတွင် ယဇ်ပုရောဟိတ်များ၏အဓိကတာဝန်မှာ ပညတ်တရားကိုသွန်သင်ပေးခြင်းဖြစ်သည့်အတွက် ယေရှုသည် ကမ္ဘာပေါ်ရှိဘုရားသခင့်လူတို့ကို များပြားစွာ သွန်သင်ပေးတော်မူလိမ့်မည်။ (ဝတ်ပြုရာ ၁၀:၈-၁၁; တရားဟောရာ ၂၄:၈; ၃၃:၈၊ ၁၀) သို့ဖြစ်သောကြောင့် ယဇ်ပုရောဟိတ်မင်းအဖြစ် ယေရှုအမှုထမ်းတော်မူခြင်းမှ ကျွန်ုပ်တို့ယခုပင်အကျိုးခံစားနေရသည်မှန်သော်လည်း ဤထက်မကအကျိုးခံစားရရန် စောင့်မျှော်စရာများစွာရှိပါသေးသည်!