မဟာကရုဏာတော်ကြောင့် လွတ်မြောက်
“သင်တို့သည် . . . မဟာကရုဏာတော်အောက်၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို အစိုးမရပါစေနှင့်။”—ရော. ၆:၁၄။
၁၊ ၂။ ရောမ ၅:၁၂ ကို ယေဟောဝါသက်သေတွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ။
ယေဟောဝါသက်သေတွေ သိကျွမ်းပြီး သုံးလေ့ရှိတဲ့ ကျမ်းချက်တွေကို သင် စာရင်းပြုစုနေတယ် ဆိုပါစို့။ ရောမ ၅:၁၂ က ထိပ်ဆုံးမှာ ပါမယ် မဟုတ်လား။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” ဆိုတဲ့ ကျမ်းချက်ကို ဘယ်နှစ်ကြိမ် သုံးခဲ့မှန်း စဉ်းစားကြည့်ပါ။
၂ အဲဒီကျမ်းချက်ကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ အကြိမ်ကြိမ် အသုံးပြုထားတယ်။ အခန်း ၃၊ ၅၊ ၆ တို့မှာပါတဲ့ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်၊ ရွေးနုတ်ဖိုး၊ လူသေတွေရဲ့ အခြေအနေတွေကို သားသမီးတွေနဲ့ဖြစ်စေ၊ တခြားသူတွေနဲ့ဖြစ်စေ လေ့လာတဲ့အခါ ရောမ ၅:၁၂ ကို ဖတ်ခဲ့မှာပဲ။ ဒါပေမဲ့ ယေဟောဝါရှေ့ သင့်အနေအထား၊ သင့်လုပ်ရပ်၊ အနာဂတ် အလားအလာနဲ့ဆက်စပ်ပြီး ရောမ ၅:၁၂ ကို ဘယ်နှစ်ကြိမ် စဉ်းစားမိသလဲ။
၃။ အပြစ်နဲ့ပတ်သက်ပြီး ဘယ်အချက်ကို လက်ခံရမလဲ။
၃ ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်ကြတယ်။ နေ့တိုင်း အမှားတွေ လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြေမှုန့်ဖြစ်မှန်း ဘုရားသခင် သတိရပြီး ကရုဏာပြချင်တယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ယေရှုရဲ့ နမူနာ ဆုတောင်းချက်မှာ ‘ကျွန်ုပ်တို့၏ အပြစ်များကို ဖြေလွှတ်တော်မူပါ’ ဆိုတဲ့အချက် ပါဝင်တယ်။ (လု. ၁၁:၂-၄) ဒါကြောင့် ဘုရားသခင် ခွင့်လွှတ်ပြီးသား အပြစ်တွေကို စဉ်းစားနေစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ဘုရားသခင် ဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင်တယ်ဆိုတာ စဉ်းစားခြင်းကနေ အကျိုးရရှိနိုင်တယ်။
မဟာကရုဏာတော်ကြောင့် ခွင့်လွှတ်ခံရ
၄၊ ၅။ (က) ရောမ ၅:၁၂ ကို ဘယ်လို အနက်ဖွင့်ဆိုကြသလဲ။ (ခ) ရောမ ၃:၂၄ မှာပါတဲ့ “မဟာကရုဏာတော်” ဆိုတာ ဘာလဲ။
၄ ရောမ ၅:၁၂ ရဲ့ ရှေ့နောက် အခန်းကြီးတွေ၊ အထူးသဖြင့် အခန်းကြီး ၆ မှာ အရေးကြီးတဲ့အချက်တွေ ပါရှိတယ်။ အဲဒါတွေက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင်တယ်ဆိုတာ နားလည်စေတယ်။ အခန်းကြီး ၃ မှာ ဒီလိုဖတ်ရတယ်– “လူအပေါင်းတို့သည် ပြစ်မှား . . . ကြ[၏]။ ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့် ဆုကျေးဇူးအဖြစ် ဖြောင့်မတ်ရာသို့ ရောက်၏။” (ရော. ၃:၂၃၊ ၂၄) “မဟာကရုဏာတော်” ဆိုတဲ့ အသုံးအနှုန်းက ဘာကို ဆိုလိုသလဲ။ စာအုပ်တစ်အုပ်အရ ပေါလု သုံးခဲ့တဲ့ ဂရိစကားလုံးက “တောင်းဆိုချက်၊ ပြန်ရဖို့ မျှော်လင့်ချက် မပါဘဲ စေတနာအပြည့်နဲ့ လုပ်ဆောင်ပေး” တဲ့သဘောကို ဆိုလိုတယ်။ မထိုက်တန်ဘဲ ရရှိတဲ့အရာဖြစ်တယ်။
၅ ကျမ်းပညာရှင် ဂျောန် ပါခ်ဟတ်က “[ဒီဂရိစကားလုံးဟာ] ဘုရားသခင် ဒါမှမဟုတ် ခရစ်တော်နဲ့ပတ်သက်တဲ့အခါ လူသားတွေကို ကယ်တင်ရွေးနုတ်ဖို့ သူတို့ပြတဲ့ မဟာကျေးဇူးကရုဏာကို ဆိုလိုခြင်း ဖြစ်တယ်” လို့ဆိုတယ်။ ဒါကြောင့် ကမ္ဘာသစ် ဘာသာပြန်ကျမ်းမှာ “မဟာကရုဏာတော်” လို့ သုံးထားတာ သင့်လျော်ပါတယ်။ မဟာကရုဏာတော်ကို ဘုရားသခင် ဘယ်လို ပြသလဲ။ အဲဒါက သင့်မျှော်လင့်ချက်၊ ဘုရားသခင်နဲ့ သင့်ဆက်ဆံရေးနဲ့ ဘယ်လို သက်ဆိုင်သလဲ။ သုံးသပ်ကြည့်ကြစို့။
၆။ ဘုရားသခင့် မဟာကရုဏာတော်ကနေ ဘယ်လောက် အကျိုးရရှိနိုင်သလဲ။
၆ “တစ်ယောက်သောသူ” အာဒံအားဖြင့် အပြစ်နဲ့ သေခြင်း “လောကသို့ ဝင်လာ” တယ်။ “တစ်ယောက်သောသူ၏ အပြစ်ကြောင့် သေခြင်းတရားသည် အစိုးရ” တယ်။ ဒါပေမဲ့ “တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့်” “ကြွယ်ဝ” တဲ့ “မဟာကရုဏာတော်” ကို ခံစားကြရတယ်။ (ရော. ၅:၁၂၊ ၁၅၊ ၁၇) အဲဒီမဟာကရုဏာတော်က လူသားအားလုံးကို အကျိုးပြုတယ်။ “တစ်ယောက်သောသူ နာခံသောကြောင့် လူအများသည် ဖြောင့်မတ်ရာသို့ ရောက်” ကြရတယ်။ တကယ်တော့ ဘုရားသခင့် မဟာကရုဏာတော်က “ယေရှုခရစ်ကြောင့် . . . ထာဝရအသက် ရ” စေနိုင်တယ်။—ရော. ၅:၁၉၊ ၂၁။
၇။ ဘုရားသခင် ပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးဟာ ဘာကြောင့် မခံစားထိုက်တဲ့ မဟာကရုဏာတော် ဖြစ်သလဲ။
၇ ရွေးနုတ်ဖိုးအဖြစ် သားတော်ကို မြေကြီးပေါ် စေလွှတ်ဖို့ ယေဟောဝါမှာ တာဝန်မရှိပါဘူး။ မစုံလင်တဲ့အပြစ်ရှိ လူသားတွေဟာ ဘုရားသခင်နဲ့ ယေရှု ပြင်ဆင်ပေးတဲ့၊ ခွင့်လွှတ်မှု ခံရစေနိုင်တဲ့ ရွေးနုတ်ဖိုးနဲ့လည်း မထိုက်တန်ကြပါဘူး။ ဒါကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီး ထာဝရအသက် အလားအလာ ရရှိတာဟာ တကယ့်ကို မခံစားထိုက်တဲ့ မဟာကရုဏာတော်ပါပဲ။ ဘုရားသခင့် မဟာကရုဏာ လက်ဆောင်ကို အလွန်တန်ဖိုးထားသင့်ပြီး နေ့စဉ်အသက်တာမှာ အကျိုးသက်ရောက်စေသင့်တယ်။
ဘုရားသခင့် မဟာကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်ခြင်း
၈။ အပြစ်နဲ့ပတ်သက်ပြီး လူတချို့မှာ ဘယ်မှားယွင်းတဲ့ အယူအဆ ရှိနေနိုင်သလဲ။
၈ ကျွန်တော်တို့ဟာ အာဒံရဲ့ မစုံလင်တဲ့ သားစဉ်မြေးဆက်တွေပီပီ အပြစ်အမှားတွေ လုပ်တတ်ကြတယ်။ ဒါပေမဲ့ ‘ဘုရားသခင့် အမြင်မှာ အပြစ်ဖြစ်တဲ့ အမှားတစ်ခုခုကို လုပ်မိရင်လည်း စိုးရိမ်စရာ မလိုပါဘူး။ ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်’ လို့ စဉ်းစားပြီး မဟာကရုဏာတော်ကို အခွင့်ကောင်း ယူတာဟာ ကြီးလေးတဲ့အမှားဖြစ်တယ်။ တမန်တော်တွေ အသက်ရှင်ချိန်မှာတောင် ခရစ်ယာန်တချို့ အဲဒီလို ယူဆခဲ့ကြတယ်။ (ယုဒ ၄ ကိုဖတ်ပါ။) ကျွန်တော်တို့ အဲဒီလို ဘယ်တော့မှ မယူဆသင့်ဘူး။ ဒါပေမဲ့ အဲဒီမှားယွင်းတဲ့ အယူအဆဟာ ကျွန်တော်တို့အထဲမှာ ရှိနေနိုင်ပြီး တဖြည်းဖြည်း ကြီးထွားလာနိုင်တယ်။
၉၊ ၁၀။ ပေါလုနဲ့ တခြားသူတွေဟာ အပြစ်နဲ့ သေခြင်းအောက်ကနေ ဘယ်လို လွတ်မြောက်ခဲ့သလဲ။
၉ ‘ဘုရားသခင် နားလည်မှု ရှိပါတယ်။ အမှားတွေကို လျစ်လျူရှုပေးမှာပါ’ ဆိုတဲ့ သဘောထားကို ခိုင်ခိုင်မာမာ ငြင်းပယ်ရမယ်ဆိုပြီး ပေါလု အလေးပေးပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်တွေဟာ “အပြစ်တရား၌ သေခဲ့” ပြီဖြစ်လို့ပဲ။ (ရောမ ၆:၁၊ ၂ ကိုဖတ်ပါ။) မြေကြီးပေါ် အသက်ရှင်နေလျက်နဲ့ “အပြစ်တရား၌ သေခဲ့” ပြီလို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၀ ပေါလုနဲ့ တခြားသူတွေကို ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင် ခွင့်လွှတ်ခဲ့တယ်။ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးပြီး သားတွေအဖြစ် မွေးစားခဲ့တယ်။ ဒီလိုနဲ့ ကောင်းကင်မျှော်လင့်ချက် ရရှိလာကြတယ်။ အဆုံးထိ သစ္စာရှိမယ်ဆိုရင် ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ကြရမယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ အသက်ရှင်ပြီး အမှုဆောင်နေလျက်နဲ့ “အပြစ်တရား၌ သေခဲ့” ပြီလို့ ပေါလု ပြောခဲ့တယ်။ လူသားတစ်ယောက်အဖြစ် သေဆုံးပြီး မသေနိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ကောင်းကင်ကို ထမြောက်သွားခဲ့တဲ့ ယေရှုကို နမူနာ ပြခဲ့တယ်။ သေခြင်းက ယေရှုကို အစိုးမရတော့ဘူး။ ဘိသိက်ခံ ခရစ်ယာန်တွေလည်း အဲဒီလိုပဲ “အပြစ်တရား၌ အသေဖြစ်သော်လည်း ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်အတွက် အသက်ရှင်လျက်ရှိ” တယ်လို့ ယူဆနိုင်တယ်။ (ရော. ၆:၉၊ ၁၁) သူတို့ရဲ့ ဘဝပုံစံ ပြောင်းလဲသွားပြီး အပြစ်ရှိတဲ့ ဆန္ဒတွေရဲ့ ထိန်းချုပ်မှု၊ လှုံ့ဆော်မှုကို မခံကြတော့ဘူး။ သူတို့ရဲ့ ဘဝလမ်းစဉ်ဟောင်း သေသွားပြီ။
၁၁။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေလည်း ဘယ်သဘောနဲ့ “အပြစ်တရား၌ သေခဲ့” ကြသလဲ။
၁၁ ကျွန်တော်တို့ကော။ ခရစ်ယာန် မဖြစ်ခင်က အပြစ်လုပ်လေ့ရှိကြတယ်။ ဘုရားရှေ့မှာ ဘယ်လောက် အပြစ်ကြီးမှန်း မသိဘဲ လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ “ညစ်ညူးမှုနှင့် မတရားမှုတို့၏ ကျွန်” တွေလို ဖြစ်ခဲ့ကြတယ်။ “အပြစ်တရား၏ ကျွန်” လို့ ဆိုနိုင်တယ်။ (ရော. ၆:၁၉၊ ၂၀) အဲဒီနောက် ကျမ်းစာအမှန်တရားကို သိလာပြီး ဘဝပုံစံကို ပြောင်းလဲ၊ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင့် သွန်သင်ချက်တွေနဲ့ စံနှုန်းတွေကို “စိတ်နှလုံးထဲမှ နာခံ” ချင်စိတ် ရှိကြတယ်။ “အပြစ်တရား၏လက်မှ လွတ်” ပြီး ဖြောင့်မတ်ခြင်းတရား၏ ကျွန် ဖြစ်လာကြ” တယ်။ (ရော. ၆:၁၇၊ ၁၈) ဒါကြောင့် “အပြစ်တရား၌ သေခဲ့” ပြီလို့ ပြောနိုင်ပါတယ်။
၁၂။ ကျွန်တော်တို့တစ်ယောက်စီ ဘာရွေးချယ်ရမလဲ။
၁၂ “သင်တို့၏ သေတတ်သော ခန္ဓာကိုယ်၏ အလိုဆန္ဒသို့ လိုက်စေရန် အပြစ်တရားသည် ခန္ဓာကိုယ်၌ အစိုးရလျက် မနေစေနှင့်” ဆိုတဲ့ ပေါလုရဲ့ စကားတွေကို စဉ်းစားကြည့်ပါ။ (ရော. ၆:၁၂) မစုံလင်တဲ့ သွေးသားလှုံ့ဆော်မှုအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် ‘အပြစ်တရား အစိုးရ’ မှုကို ခံယူမိနိုင်တယ်။ အပြစ်တရားရဲ့ အစိုးရမှု ခံယူနိုင်သလို ငြင်းပယ်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာ ဘာကို တကယ်ဖြစ်ချင်သလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘မစုံလင်တဲ့ သွေးသား စေညွှန်ရာဘက် လိုက်သွားလေ့ရှိသလား။ အပြစ်တရားမှာ သေခဲ့ပြီလား။ ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်အတွက် အသက်ရှင်နေသလား။’ ကျွန်တော်တို့ကို ခွင့်လွှတ်ခဲ့တဲ့ ဘုရားသခင့် မဟာကရုဏာတော်ကို တကယ်ကျေးဇူးတင်လေးမြတ်မယ်ဆိုရင် ဘုရားနှစ်သက်ရာကို အတတ်နိုင်ဆုံး လုပ်ဆောင်ပါလိမ့်မယ်။
အောင်မြင်နိုင်တဲ့ တိုက်ပွဲ
၁၃။ အပြစ်တွေ ဆက်မလုပ်ဘဲ နေနိုင်မှန်း ဘာအထောက်အထား ရှိသလဲ။
၁၃ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ကိုယ်တော့်ကို မသိကျွမ်းခင်၊ မချစ်တတ်ခင်၊ အမှုမဆောင်ခင်က လုပ်ရပ်တွေကို ဆက်မလုပ်ကြတော့ဘူး။ အဲဒီလုပ်ရပ်တွေထဲမှာ “ယခု [သူ]တို့ ရှက်ကြောက်သောအရာများ၊” သေထိုက်တဲ့ လုပ်ရပ်တွေ ပါဝင်နိုင်တယ်။ (ရော. ၆:၂၁) အခုတော့ ပြောင်းလဲခဲ့ကြပါပြီ။ ပေါလု စာရေးခဲ့တဲ့ ကောရိန္သု ခရစ်ယာန်များစွာလည်း အဲဒီလိုပါပဲ။ တချို့က ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေး ဖောက်ပြန်သူ၊ ယောက်ျားချင်း မေထုန်ပြုသူ၊ သူ့ဥစ္စာကို ခိုးသူ၊ သောက်ကြူးသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ “ဆေးကြောသန့်စင်ခြင်း ခံရ” ကြတယ်။ (၁ ကော. ၆:၉-၁၁) ရောမအသင်းတော်က တချို့လည်း အဲဒီလိုပဲ။ “သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား ဆက်သလျက်မနေကြနှင့်။ သေခြင်းမှ အသက်ပြန်ရှင်သူကဲ့သို့ ဘုရားသခင်အား ကိုယ်ကိုဆက်သကြလော့။ ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်အဖြစ် ဘုရားသခင်အား ဆက်သကြလော့” လို့ ပေါလု ရေးခဲ့တယ်။ (ရော. ၆:၁၃) ဝတ်ပြုရေးပိုင်းမှာ သူတို့ သန့်ရှင်းနေနိုင်ပြီး ဘုရားသခင့် မဟာကရုဏာတော်ကနေ ဆက်အကျိုးရရှိနိုင်တယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချတယ်။
၁၄၊ ၁၅။ “စိတ်နှလုံးထဲမှ နာခံ” ခြင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘာမေးရမလဲ။
၁၄ ဒီနေ့လည်း အလားတူပဲ။ ညီအစ်ကို/မတချို့ဟာ တစ်ချိန်က ကောရိန္သု ခရစ်ယာန်တွေလို ဖြစ်ခဲ့ကြပေမဲ့ ပြောင်းလဲခဲ့ကြတယ်။ အပြစ်လုပ်ခဲ့တဲ့ အတိတ်ကို ထားခဲ့ပြီး “ဆေးကြောသန့်စင်ခြင်း ခံရ” ကြတယ်။ သင့်အခြေအနေ ဘယ်လောက်ပဲ ဆိုးခဲ့ပါစေ လောလောဆယ် ဘုရားရှေ့မှာ ဘယ်အနေအထား ရှိနေသလဲ။ ဘုရားသခင့် မဟာကရုဏာတော်နဲ့ ခွင့်လွှတ်မှု ရရှိနိုင်တဲ့အတွက် ‘သင့်ကိုယ်အင်္ဂါများကို အပြစ်တရားအား မဆက်သ’ တော့ဖို့ ဆုံးဖြတ်ထားသလား။ ‘သေခြင်းမှ အသက်ပြန်ရှင်သူအဖြစ် ဘုရားသခင်အား ကိုယ်ကိုဆက်သ’ မလား။
၁၅ အဲဒီလို ဆက်သနိုင်ဖို့ ကောရိန္သု ခရစ်ယာန်တချို့ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့အပြစ်တွေကို ရှောင်ကြဉ်ရမယ်။ အဲဒီလို ရှောင်ကြဉ်မှပဲ ဘုရားသခင့် မဟာကရုဏာတော်ကို လက်ခံပါတယ်၊ ‘အပြစ်တရားသည် ကျွန်တော်တို့ကို အစိုးမရ’ ဘူးလို့ ပြောနိုင်မယ်။ ဒါပေမဲ့ သိပ်မကြီးလေးတဲ့ အပြစ်တွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ခြင်းအားဖြင့် “စိတ်နှလုံးထဲမှ နာခံ” ဖို့ သင်ဆုံးဖြတ်ထားသလား။—ရော. ၆:၁၄၊ ၁၇။
၁၆။ ခရစ်ယာန်တစ်ယောက်ဟာ ကြီးလေးတဲ့ အပြစ်တွေကိုသာမက ဘာတွေကိုလည်း ရှောင်ရမလဲ။
၁၆ တမန်တော်ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ ၁ ကောရိန္သု ၆:၉-၁၁ မှာ ဖော်ပြထားတဲ့ ကြီးလေးတဲ့ အပြစ်တွေကို ပေါလု မလုပ်ခဲ့တာ သေချာတယ်။ ဒါပေမဲ့ အပြစ်ရှိနေတုန်းပဲလို့ ဝန်ခံခဲ့တယ်။ “ငါမူကား လူ့ဇာတိသဘောရှိသူ၊ အပြစ်တရားလက်သို့ ရောင်းချခံရသူ ဖြစ်၏။ အကြောင်းမူကား ငါသည် ကိုယ်ပြုနေသောအရာကို ကိုယ်မသိ။ ကျင့်ချင်သောအကျင့်ကို မကျင့်ဘဲ မုန်းသောအကျင့်ကို ကျင့်မိလေ့ရှိ၏” လို့ပြောတယ်။ (ရော. ၇:၁၄၊ ၁၅) ဒါက အပြစ်လို့ ပေါလု ယူမှတ်တဲ့ တခြားအရာတွေ ရှိသေးမှန်း၊ အဲဒါတွေကို တိုက်လှန်ခဲ့မှန်း ဖော်ပြတယ်။ (ရောမ ၇:၂၁–၂၃ ကိုဖတ်ပါ။) ကျွန်တော်တို့လည်း “စိတ်နှလုံးထဲမှ နာခံ” ဖို့ ကြိုးစားရင်း ပေါလုလို လုပ်ဆောင်ကြပါစို့။
၁၇။ သင် ဘာကြောင့် ရိုးသားချင်သလဲ။
၁၇ ဥပမာ၊ ရိုးသားခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ရိုးသားမှုဆိုတာ ခရစ်ယာန်လမ်းစဉ်ရဲ့ အခြေခံပဲ။ (သုတ္တံ ၁၄:၅ နဲ့ ဧဖက် ၄:၂၅ တို့ကိုဖတ်ပါ။) စာတန်ဟာ “မုသာ၏အဖ” ဖြစ်တယ်။ အာနနိနဲ့ ဇနီးဟာ လိမ်ပြောလို့ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့လို ကျွန်တော်တို့ မဖြစ်ချင်လို့ လိမ်မပြောကြဘူး။ (ယော. ၈:၄၄။ တ. ၅:၁-၁၁) ရိုးသားမှုဆိုတာ အဲဒီလောက်ပဲလား။ ဘုရားသခင့် မဟာကရုဏာတော်ကို တကယ်ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် တခြားနည်းလမ်းတွေမှာလည်း ရိုးသားကြရပါမယ်။
၁၈၊ ၁၉။ ရိုးသားမှုဆိုတာ ဘာလဲ။
၁၈ လိမ်ပြောတယ်ဆိုတာ မဟုတ်မမှန် ပြောတာဖြစ်တယ်။ ယေဟောဝါက ဗြောင်လိမ်တာကိုပဲ ရှောင်စေချင်တာ မဟုတ်ဘူး။ ‘ငါယေဟောဝါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းခြင်း ရှိကြလော့’ လို့ အစ္စရေးတွေကို မိန့်မှာခဲ့တယ်။ အဲဒီနောက် သန့်ရှင်းခြင်း နမူနာတွေကို ဖော်ပြခဲ့တယ်။ အဲဒီထဲမှာ “သူ့ဥစ္စာကို မခိုးရ။ သူတစ်ပါးကို မလှည့်စားရ။ တစ်ယောက်ကိုတစ်ယောက် မုသာစကား မပြောရ” ဆိုတာတွေလည်း ပါဝင်တယ်။ (ဝတ်. ၁၉:၂၊ ၁၁) ဗြောင်လိမ်တာ မဟုတ်ပေမဲ့ တခြားသူတွေကို လှည့်စားတာလည်း မရိုးသားမှုပါပဲ။
လိမ်လည်ခြင်း၊ လှည့်စားခြင်းကို ရှောင်ကြဉ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသလား (အပိုဒ် ၁၉ ကိုကြည့်ပါ)
၁၉ လူတစ်ယောက်က “ဆေးခန်းပြ” ရမှာမို့ အလုပ် မလာနိုင်ဘူး၊ စောစောပြန်ရမယ်လို့ အလုပ်ရှင် ဒါမှမဟုတ် အလုပ်ဖော်တွေကို ပြောတယ်ဆိုပါစို့။ တကယ်တော့ “ဆေးခန်းပြ” မယ်ဆိုတာ ဆေးဝယ်တာ၊ ဆေးဖိုးဝင်ပေးတာလောက်ပဲ။ အလုပ်မလာရတဲ့ တကယ့်အကြောင်းရင်းက ခရီးသွားဖို့၊ မိသားစုကို ကမ်းခြေခေါ်သွားဖို့ပဲ။ “ဆေးခန်းပြ” မယ်ဆိုတဲ့ စကားဟာ တစ်ဝက် မှန်ပေမဲ့ ရိုးသားတယ်လို့ ပြောလို့ရမလား။ ဒါမှမဟုတ် လှည့်စားနေတာလား။ တခြားသူတွေကို တမင်တကာ လှည့်စားတဲ့ အလားတူ ဖြစ်ရပ်တွေကို သင်သိပါလိမ့်မယ်။ ပြစ်ဒဏ် မခံရဖို့၊ အကျိုးအမြတ်ရဖို့ လှည့်စားတာ ဖြစ်နိုင်တယ်။ ဗြောင်လိမ်တာ မဟုတ်ပေမဲ့ “သူတစ်ပါးကို မလှည့်စားရ” ဆိုတဲ့ ဘုရားသခင့် မိန့်မှာချက်ကို လိုက်နာရမယ်။ ရောမ ၆:၁၉ မှာလည်း “သန့်ရှင်းသောအကျင့်ကို ကျင့်ရန် ဖြောင့်မတ်ခြင်း၏ ကျွန်အဖြစ် သင်တို့၏ ကိုယ်အင်္ဂါများကို ဆက်သကြလော့” လို့ပြောထားတယ်။
၂၀၊ ၂၁။ ဘုရားသခင့် မဟာကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် ဘာတွေကိုလည်း ရှောင်ရမလဲ။
၂၀ ဘုရားသခင့် မဟာကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်ခြင်းမှာ ကောရိန္သု ခရစ်ယာန်တချို့ ကျူးလွန်ခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ သောက်ကြူးခြင်း၊ တခြားအပြစ်တွေကို ရှောင်ကြဉ်ခြင်းထက်မက ပါဝင်တယ်။ ဘုရားသခင့် မဟာကရုဏာတော်ကို လက်ခံခြင်းဆိုတာ လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ခြင်းသာမက ညစ်ညမ်းတဲ့ ဖျော်ဖြေရေးကို မနှစ်သက်ခြင်းပါပဲ။ ဖြောင့်မတ်ခြင်းရဲ့ ကျွန်အဖြစ် ကိုယ်အင်္ဂါတွေကို ဆက်သခြင်းက မူးယစ်ခြင်းကို ရှောင်ကြဉ်ရုံသာမက မူးခါနီးအထိ မသောက်ဖို့လည်း ကူညီပေးပါလိမ့်မယ်။ အဲဒီလို မှားယွင်းတဲ့ အကျင့်တွေကို တိုက်လှန်ဖို့ အတော်အတန် ကြိုးစားရမှာ ဖြစ်ပေမဲ့ အောင်မြင်နိုင်ပါတယ်။
၂၁ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကြီးလေးတဲ့ အပြစ်တွေသာမက မသိသာတဲ့ အမှားတွေကိုလည်း ရှောင်ဖို့ဖြစ်တယ်။ အပြည့်အဝတော့ မလုပ်ဆောင်နိုင်ပေမဲ့ ပေါလုလို အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ “သင်တို့၏ သေတတ်သော ခန္ဓာကိုယ်၏ အလိုဆန္ဒသို့ လိုက်စေရန် အပြစ်တရားသည် ခန္ဓာကိုယ်၌ အစိုးရလျက်မနေစေနှင့်” လို့ ပေါလု တိုက်တွန်းခဲ့တယ်။ (ရော. ၆:၁၂။ ၇:၁၈-၂၀) အပြစ်အမျိုးမျိုးကို တိုက်လှန်မယ်ဆိုရင် ခရစ်တော်အားဖြင့် ဘုရားသခင့် မဟာကရုဏာတော်ကို အမှန်တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်ပါတယ်။
၂၂။ ဘုရားသခင့် မဟာကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်သူတွေ ဘာဆု ရမလဲ။
၂၂ ဘုရားသခင့် မဟာကရုဏာတော်ကြောင့် အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရပြီး ဆက်ခွင့်လွှတ်ခံရနိုင်တယ်။ ဒါကြောင့် သေးငယ်တယ်လို့ ယူဆရတဲ့ အပြစ်တွေကို မလုပ်မိအောင် ကြိုးစားကြပါစို့။ ကြိုးစားရင် ရရှိမယ့် ဆုကျေးဇူးအကြောင်း ပေါလု အခုလို ပြောတယ်– “ယခုမူကား သင်တို့သည် အပြစ်တရား၏လက်မှ လွတ်၍ ဘုရားသခင်၏ကျွန် ဖြစ်လာသဖြင့် သန့်ရှင်းခြင်းနှင့်ဆိုင်သော အကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရလိမ့်မည်။”—ရော. ၆:၂၂။