ထုံးတမ်းစဉ်လာနှင့် အမှန်တရားသည် ဆန့်ကျင်ဘက်ဖြစ်ရမည်လော
မာတင်လူသာက မိမိမှန်ကန်သည်ဟု စိတ်ချယုံကြည်၏။ သမ္မာကျမ်းစာက သူ့ကိုထောက်ခံသည်ဟု သူထင်သည်။ အခြားတစ်ဖက်တွင် ပိုလန်လူမျိုး နက္ခတ္တဗေဒပညာရှင် ဂိုပါနီဂပ်စ်က ထိုခေတ်၏ထုံးတမ်းစဉ်လာယုံကြည်ချက်သည် မှားသည်ဟု ယူမှတ်ခဲ့သည်။
အဘယ်ယုံကြည်ချက်နည်း။ ယင်းမှာ ကမ္ဘာမြေသည် စကြဝဠာ၏အလယ်ဗဟိုတွင်ရှိပြီး အရာအားလုံးက ယင်းကိုဝန်းရံလှည့်ပတ်နေသည်ဟူ၍ဖြစ်သည်။ အမှန်တရားမှာ ကမ္ဘာမြေကိုယ်နှိုက်က နေကိုဝန်းရံလှည့်ပတ်ခြင်းဖြစ်သည်ဟု ဂိုပါနီဂပ်စ်ပြောသည်။ လူသာက ယင်းကိုဖယ်ရှားလျက် ဤသို့ဆိုသည်– “လူတို့သည် ကမ္ဘာမြေကြီးကို မိုးကောင်းကင်၊ နေနှင့်လတို့က လှည့်ပတ်နေခြင်းမဟုတ်ဘဲ မြေကြီးကသာ လှည့်ပတ်နေသည်ဟု တင်ပြရန်အားထုတ်နေသူ မနေ့တစ်နေ့ကမှပေါ်လာသည့် နက္ခတ်ဗေဒင်ဆရာတစ်ဦးကို နားယောင်နေကြသည်။” —History of Western Philosophy.
ထုံးတမ်းစဉ်လာယုံကြည်ချက်များသည် ဖြစ်ရပ်မှန်၊ အမှန်တရားနှင့် မကြာခဏဆန့်ကျင်ဘက်ဖြစ်လေ့ရှိသည်။ ယင်းတို့သည် ထိခိုက်နစ်နာမှုကိုဖြစ်စေသည့်အရာများကိုပင် လူတို့အားပြုလုပ်စေနိုင်သည်။
ယင်းက ထုံးတမ်းစဉ်လာသည် အမှန်တရားနှင့် အမြဲဆန့်ကျင်ဘက်ဖြစ်သည်ဟု မဆိုလိုပါ။ အမှန်ဆိုရသော် တမန်တော်ပေါလုသည် မိမိခေတ်ရှိခရစ်ယာန်များကို သူလက်ဆင့်ကမ်းပေးခဲ့သော ထုံးတမ်းစဉ်လာများအား ဆက်လိုက်လျှောက်နေရန် ဤသို့အားပေးခဲ့သည်– “သင်တို့သည် . . . ငါအပ်ပေးသောနည်းဥပဒေသတို့ (“ထုံးတမ်းစဉ်လာများ၊” ကဘ) ကို စွဲလမ်းကြသည်ဖြစ်၍ သင်တို့ကိုငါချီးမွမ်း၏”—၁ ကောရိန္သု ၁၁:၂; ၂ သက်သာလောနိတ် ၂:၁၅; ၃:၆ ကိုလည်းရှု။
“ထုံးတမ်းစဉ်လာများ” ဟု ဆိုရာတွင် ပေါလုအဘယ်အရာကို ဆိုလိုသနည်း။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်)၊ အတွဲ ၂၊ စာမျက်နှာ ၁၁၁၈ တွင် “ထုံးတမ်းစဉ်လာ” အတွက် သူအသုံးပြုသော ဂရိစကားလုံး ပါရာဒိုစစ် သည် “နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း တစ်ဆင့်ပေးပို့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်စကားလုံးသည် “မိဘမှ ကလေးများထံသို့လက်ဆင့်ကမ်းပေးခဲ့သော သို့တည်းမဟုတ် ပြဋ္ဌာန်းထားသောစဉ်းစားတွေးခေါ်ခြင်း သို့မဟုတ်ပြုမူသည့်နည်းဖြစ်လာသော သတင်း၊ အယူဝါဒ၊ အလေ့အထများ” ကဲ့သို့ အရာတစ်ခုခုကို ဆိုလိုခြင်းဖြစ်သည်။a တမန်တော်ပေါလုလက်ဆင့်ကမ်းခဲ့သော ထုံးတမ်းစဉ်လာများသည် ကောင်းသောရင်းမြစ်မှလာသောကြောင့် ခရစ်ယာန်များ ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားခြင်းသည် ကောင်းပေ၏။
ထို့ကြောင့် ထုံးတမ်းစဉ်လာသည် မှန်နိုင် မှားနိုင်၊ ကောင်းနိုင် ဆိုးနိုင်သည်မှာ ရှင်းနေပါသည်။ ဥပမာအနေနှင့် ဗြိတိန်လူမျိုး တွေးခေါ်ပညာရှင် ဘာထရင် ရပ်စယ်လ်သည် ထုံးတမ်းစဉ်လာနှင့်ပတ်သက်၍ မေးမြန်းရန် ရိုးသားဖြောင့်မတ်မှုနှင့် ရဲရင့်မှုရှိသူများဖြစ်ကြသော ၁၆ ရာစုမှ ဂိုပါနီဂပ်စ်ကဲ့သို့သော ပုဂ္ဂိုလ်များကို ချီးမွမ်းခဲ့သည်။ “ရှေးအချိန်ကတည်းက ယုံကြည်ထားရာသည် မှားယွင်းနိုင်ကြောင်း အသိအမှတ်ပြုမှု” တစ်ခုကို သူတို့ကဖြစ်ပေါ်စေခဲ့သည်။ ထုံးတမ်းစဉ်လာကို မျက်ကန်းပမာမလိုက်လျှောက်သည့် ဉာဏ်ပညာကို အသင်လည်းတွေ့မြင်သလော။—မဿဲ ၁၅:၁-၉၊ ၁၄ နှိုင်းယှဉ်။
သို့ဆိုလျှင် ဘာသာရေးယုံကြည်ချက်များနှင့် ဓလေ့များကော အသို့နည်း။ ၎င်းတို့သည် မှန်ကန်၍ အန္တရာယ်မရှိဟု ယူမှတ်နိုင်မည်လော။ ကျွန်ုပ်တို့ မည်သို့သိရှိနိုင်မည်နည်း။ ဘာသာရေးထုံးတမ်းစဉ်လာများသည် အမှန်တရားနှင့် တကယ်ပင်ဆန့်ကျင်နေသည်ကို ကျွန်ုပ်တို့တွေ့ရှိရလျှင် ဘာလုပ်သင့်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည်။
[Picture Credit Line on page 2]
Cover: Jean-Leon Huens © National Geographic Society
[Picture Credit Line on page 3]
Universität Leipzig