အီစတာ သို့မဟုတ် သတိရအောက်မေ့ပွဲ—မည်သည့်ပွဲကို ကျင်းပရမည်နည်း
ဧပြီ ၇ ရက်၊ မိုးကုပ်စက်ဝိုင်းမှ အရုဏ်ဦးနေခြည်ဖြာဆင်းလာသည်နှင့်အမျှ သန်းပေါင်းများစွာသောသူတို့သည် တစ်နှစ်တာ၌ သူတို့အတွက် အသန့်ရှင်းဆုံးနေ့—အီစတာ—ကို ကြိုဆိုကြပေလိမ့်မည်။ တစ်ချိန်က ၎င်းနာမည်ကို စက်ချူအာဂျက်စီမာ ဟုခေါ်သည့် ပွဲနေ့မှစ၍ သုံးပါးတစ်ဆူနေ့ဟု ခေါ်သည့်နေ့၌အဆုံးသတ်သော ရက်ပေါင်း ၁၂၀ ကြာပွဲရက်များ သို့မဟုတ် ဥပုသ်နေ့များအတွက် အသုံးပြုခဲ့သည်။ ယနေ့ခေတ်အခါ၌ ယေရှုထမြောက်ခြင်းကို အထိမ်းအမှတ်အဖြစ် ပွဲခံသော အီစတာတနင်္ဂနွေနေ့ တစ်ခုတည်းအတွက်သာ ၎င်းနာမည်ကို အသုံးပြုလေတော့သည်။
သို့ရာတွင် ထိုရက်သတ္တပတ်၏အစပိုင်း ညနေခင်းချိန်ခါတစ်ခု၌ အခြားသန်းပေါင်းများစွာသောသူတို့သည် ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည့်ပွဲ၊ သခင့်ညစာစားပွဲဟုလည်း သိကြသော ပွဲနေ့ကို ကျင်းပရန် စုရုံးကြလိမ့်မည်။ ဤသည်မှာ ယေရှုကိုယ်တော်တိုင် မိမိ၏မြေကြီးအသက်တာနောက်ဆုံးညတွင် အစပြုတည်ထောင်ခဲ့သော အထိမ်းအမှတ်ပွဲပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်က “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့” ဟု မိမိ၏တပည့်တော်များကို မိန့်မှာတော်မူခဲ့သည်။—လုကာ ၂၂:၁၉။
မည်သည့်ပွဲကို ကျင်းပရမည်နည်း။
အီစတာ၏ မူလဇာစ်မြစ်
တိုင်းနိုင်ငံများစွာတို့တွင် အသုံးပြုနေကြသော အီစတာဟူသည့် အမည်နာမကို ကျမ်းစာထဲ၌ မတွေ့ရှိရချေ။ “ယင်းပွဲနေ့ကို အရုဏ်ဦးနှင့် နွေဦးနတ်သမီးဖြစ်သော အီအောစတာကို အစွဲပြု၍ အမည်ပေးခဲ့သည်” ဟု Medieval Holidays and Festivals စာအုပ်က ကျွန်ုပ်တို့အား ပြောပြ၏။ အဆိုပါနတ်သမီးမှာ မည်သူနည်း။ “ဒဏ္ဍာရီပုံပြင်အရ အီအောစတာသည် ဗောတာကို ဝင်ခွင့်ပြုရန် ဗဟာလာ၏ မုခ်များကိုဖွင့်ပေးသူဖြစ်သည်။ ဗောတာကို သူ၏သန့်စင်မှုကြောင့် ဖြူစင်သောဘုရားဟုခေါ်ကာ သူ၏နဖူးက လူသားများကို အလင်းပေးသောကြောင့် နေဘုရားဟုလည်းခေါ်သည်” ဟု The American Book of Days က အဖြေပေးသည်။ ချာ့ချ်သည် “ယင်း၏အစောပိုင်းကာလအတွင်းက ရှေးတိတ္ထိဓလေ့ထုံးစံများကို လက်ခံယူပြီး ခရစ်ယာန်မှုပြုခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အီအောစတာပွဲတော်သည် နွေဦးရာသီတွင် ဘဝသစ်လဲသည့်အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲဖြစ်သည့်အားလျော်စွာ ယင်းကို သူတို့ဟောပြောသော တရားဒေသနာအရှင် ယေရှု၏ သေရာမှထမြောက်ရာပွဲတော်ဖြစ်အောင် ပြုလုပ်လိုက်ရန် လွယ်ကူလှပေသည်” ဟု ယင်းက ထပ်ဖြည့်စွက်ဖော်ပြသည်။
ဤသို့လက်ခံယူခဲ့ခြင်းကြောင့် အချို့တိုင်းနိုင်ငံများရှိ အီစတာဓလေ့ထုံးစံများဖြစ်သော အီစတာဥ၊ အီစတာယုန်နှင့် ဟော့ခရော့စ်ဘန်းမုန့်များကိုအသုံးပြုခြင်းသည် မည်သို့ဖြစ်လာကြောင်းသဘောပေါက်နားလည်စေသည်။ “လက်ဝါးကပ်တိုင် . . . အမှတ်အသားပါ အပေါ်ယံပိုင်း၌ အညိုရောင်တောက်နေသည့်” ဟော့ခရော့စ်ဘန်းမုန့်များကိုလုပ်သော ဓလေ့ထုံးစံနှင့်စပ်လျဉ်း၍ “လက်ဝါးကပ်တိုင်သည် ယင်း၏ထာဝရအနက်အဓိပ္ပာယ်ကိုရရှိသည့် ဦးဆုံးသော ရက်မြတ်သောကြာပွဲတော်မတိုင်မီအချိန်ကတည်းက တိတ္ထိသင်္ကေတတစ်ခုဖြစ်ခဲ့သည်။ ခရစ်ယာန်ခေတ်မတိုင်မီအချိန်က တစ်ခါတစ်ရံ၌ ပေါင်မုန့်နှင့် ကိတ်မုန့်များတွင် ယင်းအမှတ်အသားပါသည်” ဟု Easter and Its Customs စာအုပ်က ဖော်ပြသည်။
ကျမ်းစာတွင်း မည်သည့်နေရာ၌မျှ ဤအရာတို့ကိုဖော်ပြထားခြင်းမရှိသကဲ့သို့ ယေရှု၏အစောပိုင်းတပည့်တော်များသည် ယင်းတို့ကို ယုံကြည်ကြောင်း မည်သည့်အထောက်အထားမျှမရှိချေ။ အမှန်သော် တမန်တော်ပေတရုက “ကယ်တင်ခြင်းအလိုငှာ နှုတ်ကပါဌ်တရား၏နို့စစ် အားဖြင့် [ကျွန်ုပ်တို့သည်] ကြီးပွားမည်အကြောင်း . . . ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့” ဟု ကျွန်ုပ်တို့ကို မှာကြားခဲ့သည်။ (၁ ပေတရု ၂:၃) သို့ဆိုလျှင် ခရစ်ယာန်ဘောင်ချာ့ချ်များသည် တိတ္ထိသင်္ကေတများဖြစ်ကြောင်း သိသာထင်ရှားလှသည့်အရာများကို သူတို့၏ယုံကြည်ချက်နှင့် အကျင့်အကြံများတွင် အဘယ်ကြောင့်ထည့်သွင်းခံယူကြရသနည်း။
“ပယ်ရှားမရနိုင်သည့် ထိုကဲ့သို့သောတည်ရှိဆဲတိတ္ထိပွဲလမ်းများကို ခရစ်ယာန်အမှတ်သညာပေးခြင်းသည် အစောပိုင်းချာ့ချ်၏ မပြောင်းလဲနိုင်သောမူဝါဒပင်ဖြစ်သည်။ အီစတာနှင့်ပတ်သက်လျှင် ကူးပြောင်းခြင်းမှာ အထူးပင်လွယ်ကူလှပေသည်။ သဘာဝနေမင်းကြီး ပေါ်ထွက်လာခြင်းနှင့် ဟေမန်ဆုံး၍ သဘာဝလောကကြီးနိုးထလာခြင်းတို့၌ရွှင်လန်းမှုသည် ဖြောင့်မတ်ခြင်းနေမင်းကြီး ပေါ်ထွက်လာခြင်းနှင့် သင်္ချိုင်းမှ ခရစ်တော်ထမြောက်လာခြင်းတို့၌ ရွှင်လန်းမှု ဖြစ်သွားလေသည်။ မေ ၁ ရက်ခန့်၌ပြုလုပ်ကြသော တိတ္ထိထုံးတမ်းနည်းစနစ်အချို့သည်လည်း အီစတာပွဲနေ့သို့ ပြောင်းရွှေ့ခံခဲ့ရပြီ” ဟု Curiosities of Popular Customs စာအုပ်က အဖြေပေးသည်။ တိတ္ထိဓလေ့ထုံးစံနှင့် မှော်အတတ်ဆိုင်ရာထုံးတမ်းဓလေ့များကို ရှောင်ရှားမည့်အစား ဘာသာရေးခေါင်းဆောင်များသည် ယင်းတို့ကိုခွင့်ပြုကာ “ခရစ်ယာန်အမှတ်သညာ” ပေးကြလေသည်။
‘ဒါပေမဲ့ ဒီလိုလုပ်တာ အန္တရာယ်ရှိလို့လား’ ဟု သင်သိလိုပေမည်။ အချို့က မရှိဟုထင်မှတ်ကြသည်။ “ခရစ်ယာန်ဘာသာကဲ့သို့သော ဘာသာတရားတစ်ခုသည် ပြင်ပမှနေ၍ လူမျိုးတစ်မျိုးထံသို့ရောက်လာသောအခါ ၎င်းသည် ရှေးဘာသာများမှဆင်းသက်လာသော ရိုးရာဓလေ့အချို့ကို မွေးစားကာ ‘ခံယူ’ လိုက်သည်” ဟု အီပီစ်ကိုပါလ်ဓမ္မဆရာတစ်ဦးဖြစ်သော အဲလဲန် ဒဗလျူ. ဝါ့တ်စ်က သူ၏ Easter—Its Story and Meaning စာအုပ်၌ ပြောဆိုထားသည်။ “၎င်းသည် ချာ့ချ်ကသွန်သင်သော ထာဝရမူများနှင့်တူဟန်ရှိသည့် ရိုးရာထုံးတမ်းနည်းစနစ်များကိုရွေးချယ်၍ ခရစ်ယာန်အခမ်းအနားအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။” အများသောသူတို့အတွက် သူတို့၏ချာ့ချ်က ဤထုံးတမ်းနည်းစနစ်များကိုခံယူ၍ မွန်မြတ်သောအရာအဖြစ် သဘောထားခြင်းသည် ယင်းတို့ကို လက်ခံရန်အတွက် ကျိုးကြောင်းခိုင်လုံမှုရှိနေသည်။ သို့သော် အရေးကြီးမေးခွန်းများကို သတိမမူမိဘဲဖြစ်နေလေသည်။ ဤဓလေ့ထုံးစံများကို ဘုရားသခင် မည်သို့ယူမှတ်တော်မူသနည်း။ ဤကိစ္စ၌ ကျွန်ုပ်တို့လိုက်လျှောက်ရန်အတွက် လမ်းညွှန်ချက်တစ်စုံတစ်ခုများ ပေးထားတော်မူပါသလော။
ဘုရားသခင်၏ရှုထောင့်ကို ရယူခြင်း
“ကျွန်ုပ်တို့သခင်၏ ထမြောက်ခြင်းဆိုင်ရာပွဲတော်ဖြစ်သော အီစတာနေ့သည် ခရစ်ယာန်ချာ့ချ်၏ အားလုံးသောပွဲများတွင် အမြင့်မြတ်ဆုံးဖြစ်သည်” ဟု ခရစ္စတီးနား ဟိုလ်က သူမ၏ Easter and Its Customs စာအုပ်တွင် ပြောဆိုထား၏။ အခြားစာရေးဆရာများကလည်း သဘောတူကြ၏။ “ခရစ်ယာန်နှစ်အတွင်းရှိ မည်သည့်မြင့်မြတ်သောနေ့၊ မည်သည့်မြင့်မြတ်သောပွဲကမျှ အီစတာတနင်္ဂနွေ၏ အရေးကြီးမှုနှင့် နှိုင်းယှဉ်၍မရနိုင်ပါ” ဟု ရောဘတ် ဂျေ. မိုင်ယာစ်က Celebrations စာအုပ်တွင် ဖော်ပြထားသည်။ သို့ရာတွင် ဤသည်တို့က မေးစရာမေးခွန်းအချို့ကို ပေါ်ပေါက်စေ၏။ အီစတာပွဲကျင်းပခြင်းသည် ထိုမျှအရေးကြီးသည်ဆိုပါက ထိုသို့ကျင်းပဖို့ရန်အတွက် ကျမ်းစာ၌ တိကျသည့်ပညတ်ချက် အဘယ့်ကြောင့်မရှိရသနည်း။ ယေရှု၏အစောပိုင်းတပည့်တော်များ အီစတာတနင်္ဂနွေကို ကျင်းပခဲ့သည့်မှတ်တမ်းရှိသလော။
အဘယ်ပွဲကို ကျင်းပသင့်သည်၊ မကျင်းပသင့်သည်နှင့်ပတ်သက်၍ ကျမ်းစာက လမ်းညွှန်ချက်ပေးရန် ပျက်ကွက်ခဲ့ခြင်းမဟုတ်ရပါ။ ဤကိစ္စ၌ ဘုရားသခင်သည် ရှေးဣသရေလလူမျိုးကို အလွန်တိကျစွာဖော်ပြပေးခဲ့သည်။ ထို့ ပြင် အစောပိုင်း၌ သတိမူခဲ့ကြရသကဲ့သို့ ခရစ်တော်သေခြင်းကို သတိရအောက်မေ့ပွဲ ဆက်လက်ကျင်းပရန် ခရစ်ယာန်များအား ရှင်းလင်းပြတ်သားသည့်ညွှန်ကြားချက်များကို ပေးထားသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆; ကောလောသဲ ၂:၁၆၊ ၁၇) “အီစတာပွဲ၏ထုံးတမ်းနည်းစနစ်နှင့်ပတ်သက်သော ရည်ညွှန်းချက်များ ဓမ္မသစ်ကျမ်းအတွင်း၌မရှိသကဲ့သို့ တမန်တော်ခေတ်နောက်ပိုင်းဖခင်များ၏အရေးအသားများတွင်လည်း မရှိပါ။ အထူးအချိန်အခါ၏ သန့်ရှင်းမှုဟူသည့် သဘောထားသည် ကနဦးခရစ်ယာန်များ၏စိတ်ထဲ၌ မရှိခဲ့ပေ။ . . . သခင်ကိုယ်တော်တိုင်ဖြစ်စေ၊ ကိုယ်တော်၏တမန်တော်များဖြစ်စေ ယင်းပွဲ၌လည်းကောင်း၊ အခြားသောပွဲများ၌လည်းကောင်း ပါဝင်ခဲ့ခြင်းမရှိကြချေ” ဟု အစောပိုင်းထုတ် The Encyclopœdia Britannica က ကျွန်ုပ်တို့အား ပြောပြသည်။
ထိုကဲ့သို့သောပွဲများမှရသော ရွှင်လန်းမှုနှင့် ပျော်ရွှင်မှုတို့က ၎င်းတို့ကို ကျင်းပရခြင်းအတွက် သင့်မြတ်လျော်ကန်သည့်အကြောင်းပင်ဖြစ်ကြောင်း အချို့တို့က ယူမှတ်ကြသည်။ သို့ရာတွင် ဣသရေလလူမျိုးများသည် အီဂျစ်ဘာသာရေးအမူအကျင့်တစ်ရပ်ကို ခံယူပြီး ယင်းကို “ထာဝရဘုရားအဖို့ပွဲ” ဟု အမည်သစ်ပေးသည့်အချိန်အခါမှ ကျွန်ုပ်တို့သင်ယူနိုင်သည်။ သူတို့သည်လည်း “စားသောက်လျက်ထိုင်နေကြ” ကာ “ကခုန်မြူးထူးခြင်းငှာထကြ၏။” သို့သော် သူတို့၏အပြုအမူက ယေဟောဝါဘုရားသခင်ကို အကြီးအကျယ်ဒေါသထွက်စေပြီး သူတို့ကို ကိုယ်တော်ပြင်းထန်စွာဒဏ်ခတ်ခဲ့သည်။—ထွက်မြောက်ရာ ၃၂:၁-၁၀၊ ၂၅-၂၈၊ ၃၅။
ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အလွန်ရှင်းလင်းပြတ်သားလှပေသည်။ စစ်မှန်သောယုံကြည်ချက်များ၏ “အလင်း” နှင့် စာတန့်လောက၏ “မှောင်မိုက်” တို့အကြား ဆက်ဆံမှုမရှိနိုင်; ခရစ်တော်နှင့် တိတ္ထိကိုးကွယ်မှုအကြား၌လည်း “သင့်တင့်” မှုမရှိနိုင်ပေ။ “ထိုကြောင့် . . . ‘သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်’ . . . ဟု . . . ထာဝရဘုရားမိန့်တော်မူ၏” ဟူ၍ ကျွန်ုပ်တို့အား မိန့်မှာထားသည်။—၂ ကောရိန္သု ၆:၁၄-၁၈။
ခရစ်ယာန်များသည် အီစတာမဟုတ်ဘဲ သတိရအောက်မေ့ပွဲတစ်ခုတည်းကိုသာ ကျင်းပရန် ကျမ်းစာတွင်း မိန့်မှာထားသောကြောင့် ၎င်းကို ကျင်းပသင့်ပါသည်။ သို့ဖြစ်လျှင် ယင်းကို ထိုက်သင့်လျော်ကန်စွာ မည်သို့ကျင်းပနိုင်မည်နည်း။