မိုက်ကယ်ဖာရာဒေး—သိပ္ပံပညာရှင်နှင့် ယုံကြည်ခြင်းရှိသူ
“လျှပ်စစ်၏ဖခင်။” “မပေါ်ဖူးသေးသည့် အတော်ဆုံးစမ်းသပ်မှုသိပ္ပံပညာရှင်။” ဂုဏ်ပုဒ်နှစ်မျိုးရ မိုက်ကယ်ဖာရာဒေးကို ၁၇၉၁ တွင် အင်္ဂလန်နိုင်ငံ၌ ဖွားမြင်ခဲ့သည်။ လျှပ်စစ်သံလိုက်ညှို့ခြင်းကို သူတွေ့ ရှိခြင်းကြောင့် လျှပ်စစ်မော်တာများနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု တိုးလာသည်။
ဖရာဒေးသည် လန်ဒန်ဘုရင့်တက္ကသိုလ်တွင် ဓာတုဗေဒနှင့် ရူပဗေဒပညာရပ်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ပို့ချခဲ့သည်။ သိပ္ပံပညာကို လူသာမန်နားလည်အောင်တင်ပြသည့် သူ၏ပို့ချချက်များသည် ခက်ခဲရှုပ်ထွေးသောသဘောတရားများကို လူငယ်ထုနားလည်သဘောပေါက်ရန် အထောက်အကူဖြစ်စေခဲ့သည်။ တက္ကသိုလ်ပေါင်းများစွာ၏ ချီးကျူးဂုဏ်ပြုခြင်းကိုခံခဲ့ရသည်။ သို့သော် သူသည် ထင်ထင်ပေါ်ပေါ်မနေခဲ့ပါ။ သူသည် ဘာသာရေးထက်သန်သူဖြစ်ပြီး သူပိုင်သုံးခန်းတွဲအဆောက်အအုံထဲတွင်နေခြင်း၊ မိသားစုနှင့် ယုံကြည်သူချင်းများနှင့် အတူနေခြင်းသည် သူ့အတွက်အပျော်ဆုံးဖြစ်သည်။ ဖာရာဒေးသည် “စယ်န်ဒမန်နီးယန်းများအဖြစ် . . . လူများသိထားကြသည့် အလွန်သေးငယ်ပြီး အထင်သေးခံရသော ခရစ်ယာန်ဂိုဏ်း” ဟု သူဖော်ပြသည့်ဂိုဏ်း၏ အသင်းဝင်တစ်ဦးဖြစ်သည်။ သူတို့ကား မည်သူများနည်း။ သူတို့သည် မည်သည့်အရာကို ယုံကြည်ကြသနည်း။ ယင်းသည် ဖာရာဒေးကို မည်သို့သြဇာသက်ရောက်ခဲ့သနည်း။
စယ်န်ဒမန်နီးယန်းများ
“ဖာရာဒေးမိသားစုနှင့် စယ်န်ဒမန်နီးယန်းချာ့ချ်တို့၏ ဆက်ဆံရေးအစမှာ မိုက်ကယ်ဖာရာဒေး၏အဖိုးအဖွားများကြောင့်ဖြစ်သည်မှာ မငြင်းနိုင်ပါ” ဟု မိုက်ကယ်ဖာရာဒေး– စယ်န်ဒမန်နီးယန်းနှင့် သိပ္ပံပညာရှင်အမည်ရှိစာအုပ်၏ စာရေးဆရာ ဂျက်ဖရီကန်တာက မှတ်ချက်ချထားသည်။ သူတို့သည် ချာ့ချ်အယူဝါဒအတိုင်းမလိုက်သော နယ်လှည့်ဓမ္မဆရာတစ်ယောက်၏တပည့်များနှင့် ပူးပေါင်းမိကြသည်။ ထိုသူ၏အပေါင်းအသင်းများသည် စယ်န်ဒမန်နီးယန်းယုံကြည်ချက်များကို ထောက်ခံသူများဖြစ်သည်။
ရောဘတ် စယ်န်ဒမန် (၁၇၁၈-၇၁) သည် အီဒင်ဘာ့ဂ်မြို့ရှိ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သင်္ချာ၊ ဂရိနှင့် အခြားဘာသာစကားများကို လေ့လာနေသူဖြစ်သည်။ တစ်နေ့သော် သူသည် ပရက်စ်ဘီတေးရီးယန်း ဓမ္မဆရာဟောင်း ဂျွန်ဂလပ်စ်၏ဟောပြောချက်ကို နားထောင်ခဲ့သည်။ သူကြားနာခဲ့သည့်အရာကြောင့် တက္ကသိုလ်ကျောင်းမှထွက်ပြီး နေရင်းမြို့ဖြစ်သော ပါ့သ်သို့ပြန်ကာ ဂလပ်စ်နှင့် သူ့အပေါင်းအပါတို့နှင့် ပူးပေါင်းလိုက်သည်။
၁၇၂၀ ပြည့်လွန်နှစ်များတွင် ဂျွန်ဂလပ်စ်သည် စကော့တလန်ချာ့ချ်၏ သွန်သင်ချက်တချို့ကို စ၍သံသယ ဝင်လာသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သူလေ့လာခြင်းကြောင့် ကျမ်းစာဆိုင်ရာ ဣသရေလနိုင်ငံဟူသည် လူမျိုးများစွာမှ နိုင်ငံသားဖြစ်လာသူများ၏ ဝိညာဏနိုင်ငံကို ကိုယ်စားပြုကြောင်း ကောက်ချက်ချလိုက်သည်။ နိုင်ငံတိုင်းအတွက် သီးခြားချာ့ချ်တစ်ခုစီရှိခြင်းသည် တော်သင့်လျောက်ပတ်သည်ဟူသည့်အချက်ကို မည်သည့်ကျမ်းချက်တွင်မျှ သူမတွေ့ခဲ့ပါ။
စကော့တလန်နိုင်ငံ ဒန်ဒီမြို့ပြင်ရှိ သူ၏တီးလင်းချာ့ချ်နှင့် အစေးမကပ်တော့ရကား ဂလပ်စ်သည် စကော့တလန်ချာ့ချ်မှ ထွက်လိုက်ပြီး သူကိုယ်တိုင်လုပ်သည့် အစည်းအဝေးများကို ဖွဲ့စည်းစီစဉ်လိုက်သည်။ တစ်ရာခန့်ရှိသောသူတို့သည် သူနှင့်လာရောက်ပူးပေါင်းကြသည်။ အစချီကတည်းက မိမိတို့အဖွဲ့များတွင် စည်းလုံးညီညွတ်မှုဆက်ရှိရန်လိုသည်ဟု သူတို့သဘောထားကြသည်။ ပေါ်လာနိုင်သည့် သဘောထားကွဲလွဲမှုများကို ပြေလည်စေရန် မဿဲအခန်းကြီး ၁၈၊ အခန်းငယ် ၁၅ မှ ၁၇ တွင် မှတ်တမ်းတင်ထားသည့် ခရစ်တော်၏သွန်သင်ချက်များကို လိုက်နာရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်ပိုင်းတွင် ဆုတောင်းဖို့နှင့် တိုက်တွန်းအားပေးဖို့အတွက် ယုံကြည်ချက်တူသူများစုဝေးကြသည့် အစည်းအဝေးများကို အပတ်စဉ်ကျင်းပကြသည်။
အရေအတွက် အတော်အတန်ရှိသောလူများသည် သီးခြားအုပ်စုအစည်းအဝေးများကို စတင်၍မှန်မှန်တက်ရောက်လာသောအခါ သူတို့၏ဝတ်ပြုမှုကို ကြီးကြပ်ပေးရန် တာဝန်ရှိအမျိုးသားများ လိုအပ်လာသည်။ မည်သူများသည် အရည်အချင်းပြည့်မီသနည်း။ ဂျွန်ဂလပ်စ်နှင့် သူ၏အပေါင်းအဖော်များသည် ဤအရေးနှင့်ပတ်သက်၍ တမန်တော်ပေါလုရေးသားခဲ့သည့်အရာကို အထူးအာရုံစိုက်ခဲ့ကြသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) တက္ကသိုလ်ပညာတတ်ဖို့လိုကြောင်းကိုသော်လည်းကောင်း၊ ဟေဗြဲနှင့် ဂရိစကားများကို တတ်ဖို့လိုကြောင်းကိုသော်လည်း ဖော်ပြထားသည်ကို သူတို့မတွေ့ရကြပါ။ စကော့တလန်ချာ့ချ်ကို သစ္စာစောင့်သိသူများက ပညာမတတ်သည့် “အုတ်ကြားမြက်ပေါက်များ” ကို ကျမ်းစာ နားလည်သယောင်ယောင်နှင့် ယင်း၏သတင်းတရားကို ဟောသည့်အတွက် “ဘုရားသခင်ကို လုံးလုံးပြစ်မှားခြင်း” ဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ ၁၇၃၃ ခုနှစ်တွင် ဂလပ်စ်နှင့် ယုံကြည်သူအဖွဲ့သားများသည် ပါ့သ်မြို့တွင် ကိုယ်ပိုင်အစည်းအဝေးခန်းမကို ဆောက်လုပ်ကြသောအခါ နယ်ခံဓမ္မဆရာများက သူတို့ကို ထိုမြို့မှ မောင်းထုတ်ရန် တရားသူကြီးများကို အပြင်းအထန်ဖိအားပေးခဲ့ကြသည်။ သူတို့မအောင်မြင်ဘဲ လှုပ်ရှားမှု ကြီးထွားလာသည်။
ရောဘတ်စယ်န်ဒမန်သည် ဂလပ်စ်၏အကြီးဆုံးသမီးကို လက်ထပ်လိုက်ပြီး အသက် ၂၆ နှစ်အရွယ်တွင် ဂလပ်စ်နောက်လိုက်များ၏ ပါ့သ်အသင်းတော်၌ အကြီးအကဲတစ်ဦးဖြစ်လာသည်။ အကြီးအကဲတစ်ဦးအနေနှင့် သူ၏တာဝန်များသည် အလွန်ကြီးလေးရကား ပါစတာအလုပ်ကို သေတစ်ပန်သက်တစ်ဆုံးနှစ်မြှုပ်လုပ်ဆောင်ရန် ဆုံးဖြတ်သည့်အထိဖြစ်သည်။ နောက်ပိုင်းတွင် ဇနီးဖြစ်သူသေဆုံးပြီးနောက် ရောဘတ်သည် “မည်သည့်အခန်းကဏ္ဍ၌မဆို သခင်အရှင်ကိုအမှုဆောင်ရန် ဝမ်းသာအယ်လဲသဘောတူထားသည်” ဟု အတ္ထုပ္ပတ္တိအကျဉ်းချုပ်တစ်ခုက မှတ်တမ်းတင်ထားသည်။
စယ်န်ဒမန်နီးယန်းအယူဝါဒပျံ့နှံ့
စယ်န်ဒမန်သည် သူ၏ဓမ္မအမှုကို စကော့တလန်မှ အင်္ဂလန်တွင်းသို့ ဇွဲနပဲနှင့် တိုးချဲ့ခဲ့သည်။ ဤတွင် ယုံကြည်သူအုပ်စုသစ်များ တိုးပွားလာသည်။ ထိုအချိန်တွင် အင်္ဂလိပ်လူမျိုး ကယ်လဗင်၏အယူဝါဒကိုလိုက်သူများအလယ်တွင် အငြင်းပွားမှု လွှမ်းမိုးပျံ့နှံ့နေသည်။ သူတို့ထဲမှအချို့က မိမိတို့သည် ကယ်တင်ခြင်းအတွက် တင်ကူးသတ်မှတ်ထားခြင်းခံရကြောင်း ယုံကြည်ကြသည်။ စယ်န်ဒမန်ကမူ ယုံကြည်ခြင်းသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်ဟု ယုံကြည်သူများဘက်တွင် ရပ်တည်သည်။ ဤသဘောတရားကိုထောက်ခံသည့်အနေနှင့် သူသည် လေးကြိမ်ပြန်ပုံနှိပ်ရပြီး နှစ်ကြိမ်အမေရိကန်တည်းဖြတ်မှုဖြင့်လည်း ထွက်လာသည့် စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဂျက်ဖရီ ကန်တာအဆိုအရ ဤစာအုပ်တွဲကိုထုတ်ဝေခြင်းသည် “[စယ်န်ဒမန်နီးယန်း] ဂိုဏ်းကို ယင်းအစပြုသည့်စကော့တလန်တွင်သာ အကန့်အသတ်ဖြစ်မနေဘဲ တိုးပွားကျယ်ပြန့်စေသည့် အရေးအပါဆုံးသောဖြစ်ရပ်တစ်ခု” ဖြစ်ခဲ့သည်။
၁၇၆၄ ခုနှစ်တွင် စယ်န်ဒမန်သည် ဂလပ်စ်နောက်လိုက်များမှ အခြားအကြီးအကဲများနှင့်အတူ အမေရိကသို့ ခရီးဆန့်ခဲ့ရာ အငြင်းပွားမှုနှင့် အတိုက်အခံပြုမှု အကြီးအကျယ်ဖြစ်စေသည့် လည်ပတ်မှုဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အကျိုးရလဒ်အနေနှင့် ကိုနက်တီကပ်ပြည်နယ် ဒန်ဘာရီမြို့တွင် စိတ်တူသဘောတူခရစ်ယာန်အုပ်စုတစ်စုပေါ်ထွက်လာသည်။a ၁၇၇၁ ၌ ထိုဒေသတွင်ပင် စယ်န်ဒမန် ကွယ်လွန်ခဲ့သည်။
ဖာရာဒေး၏ ဘာသာရေးယုံကြည်ချက်များ
လူငယ်လေးမိုက်ကယ်သည် သူ့မိဘများ၏ စယ်န်ဒမန်နီးယန်းသွန်သင်ချက်များကို လက်ခံယူခဲ့သည်။ စယ်န်ဒမန်နီးယန်းတို့သည် ကျမ်းစာသွန်သင်ချက်ကို မလိုက်လျှောက်သူများနှင့် မိမိတို့ကိုယ်ကို သီးခြားဖြစ်စေကြကြောင်း သူသိရှိခဲ့သည်။ ဥပမာ၊ သူတို့၏လက်ထပ်မင်္ဂလာအခမ်းအနားများကို တရားဥပဒေအရလိုအပ်ချက်လောက်သာ လုပ်ဆောင်ကြသည်။ . . . ။
အစိုးရကို လက်အောက်ခံသော်လည်း နိုင်ငံရေးတွင် ကြားနေခြင်းက စယ်န်ဒမန်နီးယန်းများကို ထူးခြားထင်ရှားစေသည်။ လူမှုအသိုင်းအဝိုင်းတွင် လေးစားခံရကြသော်လည်း မြို့ပြရာထူးများကို လက်ခံခဲသည်။ ကိစ္စအနည်းငယ်တွင် လက်ခံကြသော်လည်း ပါတီနိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေကြသည်။ ဤသို့ဆက်၍ရပ်တည်သောကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ (ယောဟန် ၁၇:၁၄ နှိုင်းယှဉ်။) ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သည် အုပ်ချုပ်မှုအတွက် ပြည့်ဝစုံလင်သောအစီအစဉ်ဖြစ်သည်ဟူသည့်အချက်ကို စယ်န်ဒမန်နီးယန်းတို့က လက်ကိုင်ပြုထားကြသည်။
အခြားသူများနှင့် သီးခြားနေသော်လည်း ဖာရိရှဲများကဲ့သို့ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟူသည့် သဘောထားမျိုး မရှိကြပါ။ သူတို့က “အပြစ်များ သို့မဟုတ် တာဝန်များကို ကျမ်းစာထက်ပို၍ ထုတ်ပြန်သော; လူ့ထုံးတမ်းစဉ်လာများအားဖြင့် သို့မဟုတ် ယုတ္တိရှိရှိလှည့်ပတ်ပြောဆိုခြင်းအားဖြင့် ဘုရားပေးပညတ်များကို ပျက်ပြယ်စေသော ရှေးဖာရိရှဲများ၏ စိတ်ထားနှင့် အကျင့်တို့ကို ရှောင်ဖို့ လုံးဝလိုအပ်သည်ဟု ကျွန်ုပ်တို့ခံယူထားကြသည်။”
အရက်ချိုး၊ အဓမ္မငွေညစ်သူ၊ မတရားမေထုန်ပြုသူ သို့မဟုတ် အခြားကြီးလေးသောအပြစ်များလုပ်သူ မည်သူ့ကိုမဆို နှင်ထုတ်သည့် ကျမ်းဆိုင်ရာအပြုအမူကို သူတို့လက်ခံကျင့်သုံးကြသည်။ အပြစ်ပြုသူသည် အမှန်တကယ်နောင်တရပါက ထိုသူအား နဂိုအတိုင်းပြန်ဖြစ်ရန် ကြိုးစားလုပ်ဆောင်ပေးကြသည်။ နောင်တမယူပါမူ “ထိုဆိုးညစ်သောသူကို . . . နှင်ထုတ်လော့” ဟူသည့် ကျမ်းအမိန့်ကို သူတို့လိုက်နာကြသည်။—၁ ကောရိန္သု ၅:၅၊ ၁၁၊ ၁၃။
စယ်န်ဒမန်နီးယန်းတို့သည် သွေးကို ရှောင်လော့ဟူသည့် ကျမ်းစာအမိန့်ကို နာခံကြသည်။ (တမန်တော် ၁၅:၂၉) ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို ယူစားခြင်းကိုရှောင်ဖို့ ဘုရားသခင်က ပထမလူသားတို့ကို မိန့်မှာတော်မူခဲ့သကဲ့သို့ ဘုရားသခင့်လူမျိုးတော်သည် သွေးနှင့်ပတ်သက်သောကန့်သတ်ချက်ကို နာခံဖို့တာဝန်ရှိကြောင်း ဂျွန်ဂလပ်စ်က သုံးသပ်ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) သွေးနှင့်ပတ်သက်သည့် မိန့်မှာချက်ကို မနာခံခြင်းသည် ခရစ်တော်၏အသွေးတော်ကို သင့်လျော်သောနည်းဖြင့်အသုံးပြုခြင်း၊ တစ်နည်းဆိုရလျှင် အပြစ်လွှတ်ပေးခြင်းကို ငြင်းပယ်ခြင်းနှင့် တစ်ထပ်တည်းဖြစ်သည်။ သွေးစားခြင်းနှင့်ပတ်သက်သည့် ဤတားမြစ်ချက်သည် အမြဲထာဝရဖြစ်ပြီး အရေးအကြီးဆုံးကိစ္စဖြစ်မြဲဖြစ်နေသည်” ဟု ဂလပ်စ်က ကောက်ချက်ချသည်။
စယ်န်ဒမန်နီးယန်းတို့သည် ကျမ်းစာကို ဆင်ခြင်သုံးသပ်ခြင်းကြောင့် ထောင်ချောက်များစွာကို ရှောင်ရှားဖို့ အထောက်အကူပြုခဲ့သည်။ ဥပမာ အပန်းဖြေခြင်းကိစ္စတွင် လမ်းညွှန်ချက်များအဖြစ် ခရစ်တော်၏သွန်သင်ချက်များကို သူတို့အားထားကြသည်။ “ခရစ်တော် မထုတ်သည့်ဥပဒေများကို ကျွန်ုပ်တို့မထုတ်ဝံ့ပါ၊ ကိုယ်တော်ထုတ်ထားသော မည်သည့်ဥပဒေကိုမဆို မပယ်ရှားဝံ့ပါ။ ထို့ကြောင့် အများနှင့်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အပန်းဖြေပျော်ရွှင်ခြင်းကို တားမြစ်ထားကြောင်း မတွေ့ရသည့်အတွက်; အမှန်တကယ်အပြစ်ရှိသည့် အခြေအနေများနှင့် မပတ်သက်သော မည်သည့်အပန်းဖြေပျော်ရွှင်မှုကိုမဆို ဥပဒေနှင့်ညီညွတ်သည်ဟု ကျွန်ုပ်တို့ယူမှတ်သည်” ဟု သူတို့ပြောခဲ့သည်။
စယ်န်ဒမန်နီးယန်းတို့သည် ကျမ်းစာပေါ်တွင် အတိအကျအခြေပြုသည့် သဘောတရားများစွာကို လက်ကိုင်ပြုထားကြသော်လည်း ခရစ်ယာန်စစ်များဖြစ်ကြောင်း သိသာထင်ရှားစေသည့် လုပ်ငန်း၏အရေးကြီးမှု၊ တစ်နည်းအားဖြင့် ယောက်တိုင်းတို့သည် အခြားသူများကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာသင့်သည်ဟူသောအချက်ကို သဘောမပေါက်ခဲ့ကြပါ။ (မဿဲ ၂၄:၁၄) သို့တစေ သူတို့၏အစည်းအဝေးများကို လူအားလုံးအတွက် ဖွင့်ပေးထားပြီး သူတို့အားမေးမြန်းလာသူအားလုံးကို သူတို့မျှော်လင့်ချက်အခြေအမြစ်ကို ကြိုးစားပမ်းစားပြောပြကြသည်။—၁ ပေတရု ၃:၁၅။
ယုံကြည်ချက်များ၏ဤပုံစံသည် သိပ္ပံပညာရှင် မိုက်ကယ်ဖာရာဒေးကို မည်သို့ထိမိစွဲငြိသွားစေသနည်း။
စယ်န်ဒမန်နီးယန်းအဖွဲ့ဝင်ဖာရာဒေး
ထူးခြားဆန်းကြယ်သည့် ရှာဖွေတွေ့ရှိမှုများကြောင့် အခမ်းအနားနှင့်အကြီးအကျယ်ဂုဏ်ပြုခံရသော မိုက်ကယ်ဖာရာဒေးသည် ရိုးရိုးလေးနေထိုင်သည်။ နာမည်ကျော်ပုဂ္ဂိုလ်များသေဆုံးသောအခါ သက်ရှိထင်ရှားနေသူများသည် ထိုသူတို့၏ဈာပနသို့ တက်ရောက်ရန် မျှော်လင့်ထားခြင်းခံကြရသည်။ ဖာရာဒေးမူ ထိုပွဲမျိုးကိုတက်ရောက်ရန် ထူးထူးခြားခြား ပျက်ကွက်သူတစ်ဦးဖြစ်သည်။ . . . ။
သိပ္ပံပညာရှင်တစ်ယောက်အနေနှင့် ဖာရာဒေးသည် မှန်ကန်သည့်အချက်များဖြစ်ကြောင်း သူတင်ပြနိုင်သည့်အချက်များကို ဖက်တွယ်ထားသည်။ ထို့ကြောင့် ကိုယ့်အယူအဆကို ရှေ့တန်းတင်ကာ ပြဿနာဖြစ်လျှင် ဘက်လိုက်တတ်သည့်ပညာရှိများနှင့် တရင်းတနှီးပေါင်းသင်းခြင်းကို ရှောင်သည်။ တစ်ကြိမ်တွင် ပရိသတ်ကို သူက ‘အခြေခံအမှန်တရားတစ်ခုဟူသည် ဘယ်တော့မျှ ပျက်ပြားသွားခြင်းမရှိ၊ ယင်း၏အထောက်အထားသည် အမြဲပင်မှန်ကန်သည်’ ဟုပြောခဲ့သည်။ သိပ္ပံပညာသည် ‘ဂရုတစိုက်ကြည့်ရှုမှတ်သားထားသော အဖြစ်မှန်များပေါ်တွင်’ အမှီပြုနေသောအရာဖြစ်ကြောင်း သူရုပ်လုံးဖော်ခဲ့သည်။ ဖာရာဒေးသည် အခြေခံသဘာဝစွမ်းအားစုများအကြောင်း တင်ပြချက်တစ်ခုကို နိဂုံးချုပ်ရာတွင် “ယင်းတို့ကိုဖန်ဆင်းခဲ့သည့်အရှင်” ကို ထည့်သွင်းစဉ်းစားကြရန် ပရိသတ်ကို အားပေးတိုက်တွန်းခဲ့သည်။ ထို့နောက် သူသည် ခရစ်ယာန်တမန်တော်ပေါလုကို ဤသို့ကိုးကားခဲ့သည်– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀။
ဘုရားသခင့်မှုတ်သွင်းခံစာအုပ်မှသာမက သဘာဝတရားစာအုပ်မှလည်း သင်ယူလိုသည့် ဖာရာဒေး၏စိတ်ဆန္ဒသည် သူ့ကိုအခြားသိပ္ပံပညာရှင်များစွာနှင့် အလွန်ကွာခြားစေသည့်အချက်ဖြစ်သည်။ “သူ၏စယ်န်ဒမန်နီးယန်းအယူဝါဒမှတစ်ဆင့် စာရိတ္တဆိုင်ရာ ဘုရားသခင့်ပညတ်တော်၊ ထာဝရအသက်ကတိတော်တို့နှင့်အညီ နာခံမှုရှိရှိနေထိုင်နည်းကို သူတွေ့ရှိခဲ့သည်။ သူ၏သိပ္ပံပညာမှတစ်ဆင့် စကြဝဠာကို ထိန်းချုပ်ရန် ဘုရားသခင့်ရွေးချယ်တော်မူခဲ့သည့် ရူပနိယာမများနှင့် အကျွမ်းတဝင်ဆက်သွယ်မိခဲ့သည်” ဟု ကန်တာ သတိပြုမိသည်။ “ကျမ်းစာ၏အကြွင်းမဲ့အာဏာသည် သိပ္ပံပညာအားဖြင့် ယုတ်လျော့သွားခြင်းမရှိနိုင်ပါ။ ယင်းအစား သိပ္ပံပညာကို စစ်မှန်သောခရစ်ယာန်လမ်းစဉ်အတိုင်း ကျင့်သုံးပါက ဘုရားသခင်၏အခြားစာအုပ်ကို ထင်ပေါ်ကျော်ကြားစေနိုင်သည်” ဟုဖာရာဒေး ယုံကြည်သည်။
ဖာရာဒေးသည် အခြားသူများက သူ့အားချီးမြှင့်ပေးလိုသည့် ဂုဏ်ထူးဘွဲ့ထူးများစွာကို နှိမ့်ချစွာငြင်းပယ်ခဲ့သည်။ သူရဲကောင်းဆာဘွဲ့ကို သူစိတ်မဝင်စားကြောင်း မပြတ်ဖော်ပြခဲ့သည်။ ‘သာမန်မစ္စတာဖာရာဒေး’ အဖြစ်နှင့်သာ ဆက်နေလိုသည်။ မြို့တော်မှ နော်ဖော့စီရင်စုကျေးလက်သို့ မှန်မှန်သွားကာ ဤတွင်နေထိုင်သော စိတ်တူသဘောတူယုံကြည်သူအုပ်စုငယ်လေးကို ဂရုစိုက်စောင့်ရှောက်ခြင်းအပါအဝင် အကြီးအကဲတစ်ဦးအနေနှင့် သူ၏လုပ်ဆောင်မှုများတွင် အချိန်များစွာစိုက်ထုတ်မြှုပ်နှံခဲ့သည်။
မိုက်ကယ်ဖာရာဒေးသည် ၁၈၆၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကွယ်လွန်ပြီး လန်ဒန်မြို့ မြောက်ပိုင်းရှိ ဟိုက်ဂိတ်သုသာန်တွင် မြှုပ်နှံခံရသည်။ ဖာရာဒေးသည် “အခြားမည်သည့် ရုပ်ပိုင်းသိပ္ပံပညာရှင်ထက်မဆို စစ်မှန်သည့် သိပ္ပံနည်းကျထမြောက်မှုတစ်ပုံတစ်ပင်ကြီးကို နောင်လာနောက်သားများအတွက် အမွေပေးခဲ့ပြီး သူ့တွေ့ရှိမှုများ၏ လက်တွေ့အကျိုးဆက်များသည် ယဉ်ကျေးသိမ်မွေ့သော ဘဝအသက်တာ၏ပင်ကိုသဘာဝအပေါ် နက်နက်ရှိုင်းရှိုင်းသြဇာသက်ရောက်ခဲ့” ကြောင်း အတ္ထုပ္ပတ္တိပညာရှင် ဂျွန်သောမတ်စ်က ကျွန်ုပ်တို့အား ပြောပြသည်။ ဖာရာဒေး၏မုဆိုးမ စယ်ရာက ဤသို့ရေးသားခဲ့သည်– “သူ့ရဲ့လမ်းညွှန်နဲ့ ကျင့်စဉ်အဖြစ် ဓမ္မသစ်ကျမ်းကိုပဲ ကျွန်မထောက်ပြနိုင်ပါတယ်; အဲ့ဒါ ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်တယ် . . . ရေးသားချိန်ကလိုပါပဲ အခုအချိန်မှာလည်း ခရစ်ယာန်များကို တပေါင်းတစည်းတည်းဖြစ်စေတယ်လို့ သူယူမှတ်ထားတဲ့အတွက်ကြောင့်ပါပဲ”—ယင်းသည် မိမိယုံကြည်ချက်အတိုင်း ဘဝကိုမြှုပ်နှံအသက်ရှင်ခဲ့သော ကျော်ကြားသည့် သိပ္ပံပညာရှင်တစ်ဦးအတွက် ထင်ရှားသော သက်သေအထောက်အထားပင်ဖြစ်ပေသတည်း။
[အောက်ခြေမှတ်ချက်များ]
a အမေရိကန်ပြည်ထောင်စုရှိ နောက်ဆုံးလက်ကျန် စယ်န်ဒမန်နီးယန်း သို့မဟုတ် ဂလပ်စ်နောက်လိုက်အုပ်စုသည် ဤရာစု၏အစပိုင်းလောက်တွင် ပျောက်ကွယ်သွားကြသည်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
ဗြိတိန်ဘုရင့်တက္ကသိုလ်တွင် ကထိကရာထူးရထားသည့် မိုက်ကယ်ဖာရာဒေးသည် ကလေးငယ်များပင် နားလည်နိုင်သည့်နည်းဖြင့် သိပ္ပံပညာကို လူသာမန်နားလည်အောင်လုပ်ခဲ့သည်။ ကထိကချင်းတို့အား သူပေးသည့်အကြံဉာဏ်တွင် လူသိရှင်ကြားသွန်သင်ပေးနေသည့် ယနေ့ခေတ်ရှိခရစ်ယာန်များ စဉ်းစားသုံးသပ်ထိုက်သည့် လက်တွေ့ကျသော အကြံပြုချက်များပါဝင်သည်။
◻ “မြန်မြန်နှင့် အလောသုံးဆယ်မပြောသင့်၊ နားမလည်နိုင်ဘဲဖြစ်သွားတတ်သည်၊ ဖြည်းဖြည်းနှင့် မှန်မှန်ပြောပါ။”
◻ ဟောပြောသူသည် မိမိပရိသတ်၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် ကြိုးစားသင့်ပြီး “စပို့ချကတည်းက အကြောင်းအရာက ပရိသတ်သတိမပြုမိလိုက်ဘဲ မသိမသာအဆင့်ဆင့်ပြောင်းသွားခြင်းနည်းကို တောင်းဆိုနေသ၍ ထိုနည်းဖြင့် ပရိသတ်စိတ်ဝင်စားမှုကို ဆက်ထိန်းထားသင့်သည်။”
◻ “ပို့ချသူသည် ဩဘာပေးခြင်းနှင့် ချီးမွမ်းခြင်းခံရရန်အတွက် အလွန့်အလွန်ခယလျှော့ချပြောဆိုမည်ဆိုလျှင် သူ၏အပြုအမူကြောင့် အကြီးအကျယ်သိက္ခာကျသွားသည်။”
◻ အောက်လိုင်းတစ်ခုကို အသုံးပြုသောအခါ– “[အကြောင်းအရာ] အစီအစဉ်ကို စာရွက်ပေါ်တွင် ရေးဆွဲပြီး ဆက်စပ်စဉ်းစားခြင်းအားဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ စိတ်ထဲပြန်ပေါ်လာရန်လုပ်ခြင်းအားဖြင့် ထိုကဏ္ဍများတွင်ဖြည့်စွက်ရန် . . . မဖြစ်မနေလိုအပ်ကြောင်း အမြဲတွေ့ရသည်။ . . . အဓိကနှင့် သာမညခေါင်းစဉ်များကို လိုက်သည်၊ ယင်းတို့မှ ကျွန်ုပ်၏ဦးတည်သောအကြောင်းအရာကို တင်ပြသွားသည်။”
[Picture Credit Line on page 26]
နှစ်ပုံစလုံး–By courtesy of the Royal Institution