ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁ စာ. ၂၂-၂၅
  • ယေဟောဝါရထိုက်ရာကိုပေးအပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရထိုက်ရာကိုပေးအပ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်သိခဲ့ရာများကို လုပ်ဆောင်ခြင်း
  • အတားအဆီးများကြားမှ ဟောပြောခြင်း
  • အိုင်သိုနိုဟော့ရီရွာတွင်ကျွန်တော်တို့၏ [ခရစ်ယာန်] ဓမ္မအမှု
  • ရက်စက်ကြမ်းကြုတ်စွာနှိပ်စက်ညှဉ်းပန်းခြင်း
  • နှိပ်စက်ညှဉ်းပန်းမှုခံရငြား တိုးများခြင်း
  • ယေဟောဝါရှင်၏ မေတ္တာပါသော လက်တော်အောက်တွင် အမှုဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ရွှေကိုမတွေ့ဘဲ စိန်ကိုကျွန်တော်တွေ့ရှိခဲ့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စွန့်ပစ်ခံရသောမိဘမဲ့တစ်ဦး မေတ္တာရှင်ဖခင်ကိုရှာတွေ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁ စာ. ၂၂-၂၅

ယေဟောဝါရထိုက်ရာကိုပေးအပ်ခြင်း

တီမိုလီအောန် ဗားစီလီအိုးပြောပြသည်

ကျွန်တော်သည် အိုင်သိုနိုဟော့ရီရွာတွင် သမ္မာကျမ်းစာသွန်သင်ပေးသောကြောင့် အဖမ်းခံခဲ့ရသည်။ ရဲက ကျွန်တော့်ဖိနပ်ကို ဆွဲချွတ်ပြီး ခြေဖဝါးကိုစရိုက်ခဲ့သည်။ အဆက်မပြတ်ရိုက်နေစဉ် ကျွန်တော့်ခြေထောက်သည် ထုံလာပြီး နာကျင်မှုမခံစားရတော့ချေ။ ဂရိနိုင်ငံတွင် ထိုအချိန်က မထူးဆန်းတော့သည့် ဤမတရားမှုကိုဖြစ်ပေါ်စေသော အကြောင်းကိုမရှင်းပြမီ သမ္မာကျမ်းစာသွန်သင်သူတစ်ဦးဖြစ်လာပုံကို ကျွန်တော်ရှင်းပြပါရစေ။

၁၉၂၁ မှာကျွန်တော့်ကိုမွေးပြီးမကြာခင် ဂရိမြောက်ပိုင်း ရော့ဒေါ့လီဗော့စ်မြို့ကို မိသားစုလိုက်ပြောင်းရွှေ့ခဲ့တယ်။ ကျွန်တော်လူငယ်တုန်းက စည်းမဲ့ကမ်းမဲ့နေခဲ့တယ်။ အသက် ၁၁ နှစ်မှာ ဆေးလိပ်စသောက်ခဲ့တယ်။ နောက်ပိုင်း အရက်အလွန်အကျွံသောက်ပြီး လောင်းကစားသမားဖြစ်လာတဲ့အပြင် ညတိုင်းလိုလို ပေါက်လွှတ်ပဲစားပါတီပွဲတွေတက်ခဲ့တယ်။ တေးဂီတဝါသနာပါတဲ့အတွက် ရပ်ကွက်တီးဝိုင်းထဲဝင်ခဲ့တယ်။ တစ်နှစ်လောက်ကြာတော့ တီးဝိုင်းရဲ့တူရိယာတွေကို တီးမှုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ အလေးအနက်စာပေလေ့လာပြီး တရားမျှတမှုကိုမြတ်နိုးသူဖြစ်ခဲ့တယ်။

၁၉၄၀ ပြည့်နှစ်အစောပိုင်း ဒုတိယကမ္ဘာစစ်ပြင်းထန်နေချိန်မှာ မိန်းကလေးတစ်ယောက်ရဲ့အသုဘမှာတီးမှုတ်ပေးဖို့ ကျွန်တော်တို့တီးဝိုင်းကိုဖိတ်ခေါ်ခဲ့တယ်။ သင်္ချိုင်းမှာ ဆွေမျိုးတွေနဲ့မိတ်ဆွေတွေဟာ ဖြေမဆည်နိုင်အောင် အရမ်းကိုငိုကြွေးနေခဲ့ကြတယ်။ သူတို့ရဲ့မျှော်လင့်ချက်လုံးဝကင်းမဲ့နေပုံက ကျွန်တော့်အတွက် တကယ်စွဲမှတ်စရာဖြစ်သွားစေခဲ့တယ်။ ဒါနဲ့ ‘ဘာကြောင့်သေရတာလဲ။ တိုတောင်းတဲ့အသက်တာထက် ပိုရှည်တဲ့အသက်တာရှိဦးမလား။ ဘယ်မှာအဖြေတွေ့နိုင်မလဲ’ ဆိုပြီးသိချင်ခဲ့တယ်။

နောက်ရက်အနည်းငယ်အကြာမှာ အိမ်ကစင်တစ်ခုပေါ်က ဓမ္မသစ်ကျမ်းစာကို ကျွန်တော်သတိထားမိခဲ့တယ်။ လှမ်းယူပြီး စဖတ်တော့ ယေရှုရောက်ရှိနေတဲ့ နိမိတ်ထဲမှာ စစ်အကြီးအကျယ်ဖြစ်မယ်လို့ မဿဲ ၂၄:၇ ကကိုယ်တော့်စကားကို ဖတ်မိတဲ့အခါမှာ အဲဒါဟာ ကျွန်တော်တို့ခေတ်ကို ရည်ညွှန်းတယ်လို့ သဘောပေါက်ခဲ့တယ်။ နောက်အပတ်တွေမှာ ဒီခရစ်ယာန်ဂရိကျမ်းစာစောင်ကို အကြိမ်ကြိမ်ဖတ်ခဲ့တယ်။

နောက်တော့ ၁၉၄၀၊ ဒီဇင်ဘာလမှာ အိမ်အနီးက ကလေးငါးယောက်နဲ့မုဆိုးမတစ်ယောက်ရဲ့အိမ်ကို ကျွန်တော်သွားလည်ခဲ့တယ်။ သူတို့ရဲ့ထပ်ခိုးပေါ်မှာ စာအုပ်တစ်ပုံကြီးထဲကနေ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းကထုတ်ဝေတဲ့ နှစ်လိုဖွယ်အစိုးရ စာအုပ်ငယ်တစ်အုပ်ကိုတွေ့ခဲ့တယ်။ ထပ်ခိုးပေါ်မှာပဲ တစ်အုပ်လုံးပြီးအောင်ဖတ်ခဲ့တယ်။ ကျမ်းစာမှာပြောထားတဲ့ ‘နောက်ဆုံးကာလ’ မှာကျွန်တော်တို့ အမှန်တကယ်ပဲ အသက်ရှင်နေရတယ်ဆိုတာရယ်၊ မကြာခင်မှာ ယေဟောဝါဘုရားသခင်ဟာ ဒီစနစ်ကိုအဆုံးသတ်ပြီး ဖြောင့်မတ်တဲ့ကမ္ဘာသစ်နဲ့အစားထိုးတော့မယ်ဆိုတာကိုပါ ဖတ်ရတဲ့အကြောင်းကနေသိပြီး ကျွန်တော်အပြည့်အဝလက်ခံယုံကြည်ခဲ့တယ်။—၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၁၃။

အထူးသဖြင့် ကျွန်တော်သဘောကျခဲ့တာကတော့ သစ္စာရှိသူတွေဟာ မြေကြီးပရဒိသုမှာ ထာဝစဉ်နေထိုင်ရပြီး ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးအောက် ကမ္ဘာသစ်မှာ သေခြင်း၊ နာခြင်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့ ကျမ်းစာအထောက်အထားတွေပဲ။ (ဆာလံ ၃၇:၉-၁၁၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ဒါကိုဖတ်နေတုန်းမှာ ဘုရားသခင်ကိုဆုတောင်းပြီး ဒီအကြောင်းတွေကိုသိရလို့ ကျေးဇူးတင်ခဲ့တယ်၊ နောက်တော့ ကိုယ်တော်ဘာတွေတောင်းဆိုထားတယ်ဆိုတာကို ဖော်ပြပေးဖို့တောင်းလျှောက်ခဲ့တယ်။ ယေဟောဝါဘုရားသခင်ကို စိုးလ်အကြွင်းမဲ့ ကျွန်တော့်ကိုယ်ကိုအပ်နှံထိုက်တယ်လို့ ရှင်းရှင်းသဘောပေါက်ခဲ့တယ်။—မဿဲ ၂၂:၃၇။

ကျွန်တော်သိခဲ့ရာများကို လုပ်ဆောင်ခြင်း

အဲဒီအချိန်ကစပြီး ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ လောင်းကစားတာတွေကို ရပ်ပစ်လိုက်တယ်။ မုဆိုးမရဲ့ကလေးငါးယောက်နဲ့ ကျွန်တော့်မောင်နှမသုံးယောက်ကိုခေါ်လိုက်ပြီး အဲဒီစာအုပ်ထဲကနေ ကျွန်တော်သိခဲ့တာတွေကို သူတို့ကိုရှင်းပြခဲ့တယ်။ မကြာခင်မှာ ကျွန်တော်တို့အားလုံး သိထားတာလေးတွေကို စပြီးပြောပြခဲ့ကြတယ်။ သက်သေခံတွေကို တစ်ခါမှမတွေ့ဖူးပေမဲ့ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ကို ယေဟောဝါသက်သေတွေဆိုပြီး လူသိများလာခဲ့ကြတယ်။ အဲဒီကတည်းက ကျွန်တော်သိလာတဲ့ တကယ်ကောင်းတဲ့အကြောင်းတွေကိုပြောပြတာ လတိုင်းနာရီတစ်ရာကျော်တယ်။

ဒေသခံသြသဒေါက်စ်က ကျွန်တော်တို့အကြောင်းကို မြို့တော်ဝန်ဆီမှာ သွားတိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီမတိုင်ခင် လေးငါးရက်က ပျောက်သွားတဲ့မြင်းတစ်ကောင်ကို သက်သေခံလူငယ်တစ်ယောက်က တွေ့ပြီးပိုင်ရှင်ဆီပြန်ပေးခဲ့တာကို ကျွန်တော်တို့မသိလိုက်ဘူး။ အဲဒီရိုးသားမှုကြောင့် သက်သေခံတွေကို မြို့တော်ဝန်က လေးစားခဲ့တဲ့အတွက် ဆရာရဲ့တိုင်ကြားချက်ကို နားမထောင်ခဲ့ဘူး။

၁၉၄၁၊ အောက်တိုဘာလလောက်က ဈေးထဲမှာ ကျွန်တော်သက်သေခံနေတဲ့ ရက်တစ်ရက်မှာ လူတစ်ယောက်က အနီးအနားကမြို့တစ်မြို့မှာ သက်သေခံတစ်ယောက်နေတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူဟာ အရင်တုန်းက ရဲတစ်ယောက်ဖြစ်ခဲ့တဲ့ ခရီစ်တော့စ် တရီအန္တာဖီလူးလို့ခေါ်တဲ့သူဖြစ်တယ်။ သူကိုသွားတွေ့တော့ သူဟာ ၁၉၃၂ ကတည်းက သက်သေခံတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ သူဆီကနေ ကင်းမျှော်စင်စာပေအဟောင်းတွေရတဲ့အခါ တကယ့်ကိုပဲပျော်ရွှင်ခဲ့ရတယ်! အဲဒါတွေက ကျွန်တော့်ရဲ့ဝိညာဉ်ရေးတိုးတက်မှုကို ထောက်ကူပေးခဲ့တာအမှန်ပဲ။

၁၉၄၃ မှာရေမှာနှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတာကိုပြသခဲ့တယ်။ အဲဒီအချိန်တုန်းက အနီးကရွာသုံးရွာ ဒရာဗီစ်ကော့စ်၊ ပါလီယိုကော့မီ၊ မာဗရော့လိုဖော့စ်တို့မှာ ကျမ်းစာသင်အံမှုတွေလုပ်နေခဲ့တယ်။ ကျမ်းစာသင်အံမှုအတွက် အထောက်အကူဖြစ်တဲ့ ဘုရားသခင်၏စောင်းတော် စာအုပ်ကိုအသုံးပြုခဲ့တယ်။ နောက်ဆုံး ဒီဒေသမှာ ယေဟောဝါသက်သေတွေရဲ့အသင်းတော် လေးခုဖြစ်လာတာကို ကျွန်တော်မြင်ခွင့်ရခဲ့တယ်။

အတားအဆီးများကြားမှ ဟောပြောခြင်း

၁၉၄၄ မှာဂျာမနီလက်အောက်ကနေ ဂရိလွတ်မြောက်ခဲ့ပြီး နောက်ပိုင်းတစ်ချိန်မှာ အေသင်မြို့က ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးနဲ့ အဆက်အသွယ်ရရှိခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဘယ်သူမှမကြားဖူးသေးတဲ့ရပ်ကွက်တစ်ခုမှာ ဟောပြောဖို့ ကျွန်တော့်ကို ဌာနခွဲရုံးကကမ်းလှမ်းခဲ့တယ်။ အဲဒီကိုပြောင်းရွှေ့ပြီးနောက် ယာတောတစ်ခုမှာ သုံးလလောက်အလုပ်လုပ်ခဲ့ပြီး ကျန်တဲ့လတွေကျတော့ [ခရစ်ယာန်] ဓမ္မအမှုမှာပါဝင်ခဲ့တယ်။

အဲဒီနှစ်မှာပဲ ကျွန်တော့်အမေရယ်၊ မုဆိုးမနဲ့ ၁၉၄၃ မှာနှစ်ခြင်းခံခဲ့တဲ့ သမီးအငယ်ဆုံးမာရီအာန်သီကလွဲလို့ သူ့ကလေးတွေ နှစ်ခြင်းခံတာကို မြင်တွေ့ရတဲ့ကောင်းချီးရရှိခဲ့ပြီး အဲဒီနှစ်နိုဝင်ဘာလမှာ မာရီအာန်သီဟာ ကျွန်တော့်ချစ်ဇနီးဖြစ်လာခဲ့တယ်။ နောက်နှစ်ပေါင်းသုံးဆယ်ကြာတဲ့ ၁၉၇၄ မှာကျွန်တော့်အဖေလည်း နှစ်ခြင်းခံပြီးတဲ့သက်သေခံတစ်ယောက်ဖြစ်လာခဲ့တယ်။

၁၉၄၅ အစောပိုင်းမှာ ဌာနခွဲရုံးကနေ ဖယောင်းမိတ္တူကူးထားတဲ့ ဦးဆုံးကင်းမျှော်စင်ကို ကျွန်တော်တို့ရရှိခဲ့တယ်။ အထူးဆောင်းပါးမှာ “လူမျိုးတကာကို တပည့်ဖြစ်စေခြင်းငှာသွားလော့” လို့ခေါင်းစဉ်တပ်ထားတယ်။ (မဿဲ ၂၈:၁၉၊ Emphatic Diaglott) ဒါနဲ့ပဲ စထရီမာန်မြစ်အရှေ့ဘက် ဝေးလံတဲ့ရပ်ကွက်တွေမှာ သွားလုပ်ဆောင်ဖို့ မာရီအာန်သီနဲ့ကျွန်တော် အိမ်ကနေ ချက်ချင်းထွက်ခွာခဲ့ကြတယ်။ နောက်ပိုင်းမှ တခြားသက်သေခံတွေ ကျွန်တော်တို့နဲ့ လာပေါင်းခဲ့ကြတယ်။

မကြာခဏပဲ လျှိုမြောင်တွေကိုဖြတ်၊ တောင်တွေပေါ်တက်ပြီး ရွာရောက်တဲ့အထိ ဖိနပ်မစီးဘဲလမ်းလျှောက်သွားခဲ့တယ်။ ဒီဖိနပ်ပျက်သွားရင် နောက်ထပ်စီးစရာဖိနပ်မရှိတဲ့အတွက် အဲဒီလိုလုပ်ခဲ့ကြရတာပါ။ ၁၉၄၆ ကနေ ၁၉၄၉ အတွင်းမှာ ပြည်တွင်းစစ်ကြောင့် ဂရိနိုင်ငံဟာ အကြီးအကျယ်ပျက်စီးခဲ့တဲ့အတွက် ခရီးသွားဖို့ အန္တရာယ်အရမ်းများတယ်။ လမ်းဘေးမှာ လူသေအလောင်းတွေကို မြင်ရတာမဆန်းတော့ပါဘူး။

ကျွန်တော်တို့ဟာ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျမယ့်အစား ဇွဲနပဲနဲ့ဆက်အမှုဆောင်ခဲ့ကြတယ်။ “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကိုချမ်းသာစေပါ၏” လို့ရေးခဲ့တဲ့ ဆာလံဆရာခံစားရသလို ကျွန်တော်လည်း အကြိမ်ကြိမ်ခံစားခဲ့ရတယ်။ (ဆာလံ ၂၃:၄) အဲဒီအချိန်အတွင်းမှာ အပတ်အတော်ကြာကြာ ခရီးဝေးထွက်ခဲ့ကြပြီး တစ်ခါတလေ တစ်လတည်းမှာ အမှုဆောင်နာရီ ၂၅၀ သွင်းခဲ့တယ်။

အိုင်သိုနိုဟော့ရီရွာတွင်ကျွန်တော်တို့၏ [ခရစ်ယာန်] ဓမ္မအမှု

၁၉၄၆ မှာကျွန်တော်တို့လည်ပတ်ခဲ့တဲ့ရွာတစ်ရွာကတော့ တောင်ပေါ်မှာရှိတဲ့ အိုင်သိုနိုဟော့ရီရွာဖြစ်ခဲ့တယ်။ အဲဒီရွာမှာ ကျမ်းစာသတင်းတရားကြားချင်တဲ့ လူနှစ်ယောက်ရှိတယ်လို့ပြောပြတဲ့သူနဲ့တွေ့ခဲ့တယ်။ ဒါပေမဲ့ သူ့အိမ်နီးချင်းတွေကို ကြောက်တဲ့အတွက် သူတို့ဆီကို လမ်းမညွှန်ပြလိုခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့အိမ်တွေကိုတွေ့ခဲ့ပြီး လှိုက်လှိုက်လှဲလှဲပဲကြိုဆိုခံခဲ့ရတယ်။ ဒါတင်မကဘူး၊ မိနစ်အနည်းငယ်မှာပဲ ဧည့်ခန်းထဲလူပြည့်သွားခဲ့တယ်! ဆွေမျိုးသားချင်းတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်မယ်။ သူတို့ဂရုစိုက်နားထောင်တာကိုတွေ့ပြီး အရမ်းအံ့သြမိခဲ့တယ်။ သူတို့ဟာ ယေဟောဝါသက်သေတွေနဲ့အဆက်အသွယ်ရဖို့ ထက်သန်စွာစောင့်မျှော်ခဲ့ကြပေမဲ့ ဂျာမန်သိမ်းပိုက်ထားချိန်အတွင်း အဲဒီဒေသမှာ တစ်ယောက်မှမရှိခဲ့တဲ့အကြောင်း မကြာခင်သိလာခဲ့ရတယ်။ သူတို့ရဲ့စိတ်ဝင်စားမှုကို ဘာကလှုံ့ဆော်ပေးခဲ့သလဲ။

အဲဒီအိမ်ထောင်ဦးစီးနှစ်ယောက်ဟာ ဒေသခံကွန်မြူနစ်ပါတီမှာ ခေါင်းဆောင်တွေဖြစ်ခဲ့ပြီး လူတွေကို ကွန်မြူနစ်ဝါဒသွင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကင်းမျှော်စင်အသင်းကထုတ်ဝေတဲ့ အစိုးရဆိုတဲ့စာအုပ်ကို မထင်မမှတ်ဘဲ ရလိုက်တယ်။ အဲဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ စုံလင်ပြီး ဖြောင့်မတ်တဲ့အစိုးရအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်ဆိုတာကို သူတို့ယုံကြည်ခဲ့ကြတယ်။

အဲဒီလူတွေရယ်နဲ့ သူတို့ရဲ့မိတ်ဆွေတွေကို ညဉ့်သန်းခေါင်အထိ ကျွန်တော်တို့စကားထိုင်ပြောခဲ့ကြတယ်။ သူတို့ရဲ့မေးခွန်းတွေကို ကျမ်းစာအခြေခံပြီးဖြေဆိုပေးခဲ့တဲ့အတွက် အရမ်းသဘောကျခဲ့ကြတယ်။ ဒါပေမဲ့ နောက်မကြာခင် ရွာကကွန်မြူနစ်တွေက သူတို့ရဲ့အရင်ခေါင်းဆောင်တွေ ကျွန်တော့်ကြောင့် ဘာသာပြောင်းသွားကြတာဆိုပြီး ကျွန်တော့်ကိုလုပ်ကြံဖို့ကြံစည်ခဲ့ကြတယ်။ စကားမစပ်ပြောရရင် ပထမညမှာရောက်ရှိနေတဲ့သူတွေထဲမှာ ရွာထဲကစိတ်ဝင်စားတဲ့သူတွေအကြောင်း ကျွန်တော့်ကိုပြောပြခဲ့တဲ့သူလည်းရှိခဲ့တယ်။ နောက်ဆုံးကြတော့ အဲဒီလူဟာ ကျမ်းစာအသိပညာတိုးတက်လာပြီး နှစ်ခြင်းခံပြီးနောက်ပိုင်းမှာ ခရစ်ယာန်အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့တယ်။

ရက်စက်ကြမ်းကြုတ်စွာနှိပ်စက်ညှဉ်းပန်းခြင်း

တစ်ချိန်ကကွန်မြူနစ်တွေဖြစ်ခဲ့တဲ့ အဲဒီလူတွေနဲ့တွေ့ပြီး မကြာခင်မှာ ကျွန်တော်တို့စည်းဝေးလုပ်နေတဲ့အိမ်ထဲကို ရဲနှစ်ဦး ဝုန်းဒိုင်းကြဲပြီးဝင်လာခဲ့တယ်။ ကျွန်တော်တို့လေးယောက်ကို သေနတ်နဲ့ချိန်ပြီး၊ အစောင့်အကြပ်နဲ့ ရဲဌာနကိုခေါ်သွားခဲ့တယ်။ အဲဒီမှာ ဂရိသြသဒေါက်စ်ဆရာတွေနဲ့ရင်းနှီးတဲ့ ရဲမှူးကြီးက ကျွန်တော်တို့ကိုကြိမ်းမောင်းခဲ့တယ်။ နောက်ဆုံးမှာ “ကောင်းပြီ၊ မင်းတို့ကို ငါဘာလုပ်ရမလဲ” ဆိုပြီးမေးခဲ့တယ်။

ကျွန်တော်တို့နောက်က တခြားရဲတွေက “သူတို့ကိုကောင်းကောင်းရိုက်မယ်” ဆိုပြီး သံပြိုင်ထအော်ခဲ့ကြတယ်။

အဲဒီအချိန်မှာ ညဉ့်နက်နေပြီ။ ရဲတွေက ကျွန်တော်တို့ကို မြေအောက်ခန်းမှာ သော့ခတ်ထားပြီး ဘေးနားကအရက်ဆိုင်ထဲဝင်သွားတယ်။ အတော်မူးပြီး ပြန်လာတဲ့အခါ ကျွန်တော့်ကိုအပေါ်ထပ်ခေါ်သွားတယ်။

သူတို့ရဲ့အခြေအနေကိုမြင်တာနဲ့ ကျွန်တော့်ကို အချိန်မရွေးသတ်နိုင်တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ခံရမယ့်ဒုက္ခတွေကိုခံနိုင်ဖို့ ခွန်အားပေးပါလို့ ဘုရားသခင်ဆီမှာဆုတောင်းခဲ့တယ်။ သစ်ချောင်းတွေကိုယူလာပြီး အစမှာကျွန်တော်ပြောတဲ့အတိုင်း ကျွန်တော့်ရဲ့ခြေဖဝါးကို သူတို့စရိုက်ခဲ့တယ်။ နောက်တော့ တစ်ကိုယ်လုံးကိုရိုက်ပြီး မြေအောက်ခန်းထဲမှာ ပြန်ပစ်ချထားခဲ့တယ်။ ပြီးတော့ နောက်တစ်ယောက်ကိုခေါ်လာပြန်ပြီး သူ့ကိုစရိုက်ပါရော။

အဲဒီအချိန်အတွင်းမှာ အခွင့်အရေးယူပြီး ကျန်တဲ့သက်သေခံလူငယ်နှစ်ယောက်ကိုလည်း လာမယ့်စမ်းသပ်ခြင်းကိုရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပေးခဲ့တယ်။ ဒါပေမဲ့ ရဲတွေက သူတို့ကိုမခေါ်ဘဲ ကျွန်တော့်ကို အပေါ်ထပ်ပြန်ခေါ်သွားခဲ့တယ်။ ကျွန်တော့်အဝတ်အစားတွေကိုချွတ်ပြီး တစ်နာရီကြာ ရဲငါးယောက်ကရိုက်တဲ့အပြင် သူတို့ရဲ့စစ်ဘွတ်ဖိနပ်တွေနဲ့ ခေါင်းကိုတက်နင်းခဲ့ကြတယ်။ အဲဒီနောက် လှေကားပေါ်ကနေ ပစ်ချပြီး အဲဒီနေရာမှာ ၁၂ နာရီကြာသတိလစ်နေခဲ့တယ်။

နောက်ဆုံး ကျွန်တော်တို့ကို လွှတ်လိုက်တဲ့အခါ ရွာထဲကမိသားစုတစ်စုက ညအိပ်ဖို့နေရာပေးပြီး ကျွန်တော်တို့ကိုပြုစုခဲ့တယ်။ နောက်တစ်နေ့ အဲဒီကနေ ကျွန်တော်တို့အိမ်ပြန်ခဲ့ကြတယ်။ ကျွန်တော်တို့အရမ်းမောပန်းနွမ်းနယ်နေကြတဲ့အတွက် သာမန်နှစ်နာရီလျှောက်ရတဲ့ခရီးစဉ်ကို ရှစ်နာရီကြာလျှောက်ခဲ့ရတယ်။ ကျွန်တော့်ကို မာရီအာန်သီ မမှတ်မိနိုင်လောက်အောင် အရမ်းရောင်ကိုင်းနေခဲ့တယ်။

နှိပ်စက်ညှဉ်းပန်းမှုခံရငြား တိုးများခြင်း

ပြည်တွင်းစစ်ဖြစ်ပွားချိန် ၁၉၄၉ မှာကျွန်တော်တို့ သက်စလိုနီကာမြို့ကို ပြောင်းခဲ့ကြတယ်။ အဲဒီမြို့ကအသင်းတော်လေးခုထဲကတစ်ခုမှာ လက်ထောက်အသင်းတော်အမှုထမ်းတာဝန်ရရှိခဲ့တယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ အသင်းတော်နောက်တစ်ခုကို တည်ထောင်နိုင်တဲ့အထိတိုးတက်ခဲ့တယ်၊ ဒါနဲ့ အသင်းတော်အမှုထမ်း ဒါမှမဟုတ် ဦးစီးကြီးကြပ်မှူးတာဝန်ကို ကျွန်တော်ရရှိခဲ့တယ်။ နောက်တစ်နှစ်လည်းကြာရော အသင်းတော်အသစ်က နှစ်ဆနီးပါးဖြစ်လာပြီး နောက်ထပ်အသင်းတော်တစ်ခုကိုလည်း တည်ထောင်ခဲ့ရတယ်!

သက်စလိုနီကာမြို့မှာ ယေဟောဝါသက်သေတွေ တိုးများလာတာကို အတိုက်အခံသမားတွေက ဒေါသထွက်ခဲ့ကြတယ်။ ၁၉၅၂ ရဲ့တစ်နေ့မှာ ကျွန်တော်အလုပ်ကနေ အိမ်ပြန်ရောက်တော့ ကျွန်တော်တို့အိမ် ပြာပုံဖြစ်နေတာကိုတွေ့ခဲ့ရတယ်။ မာရီအာန်သီခမျာ အသက်လွတ်ရုံကလေးထွက်ပြေးခဲ့ရတယ်။ ကျွန်တော်တို့မှာ ဘာမှမကျန်တော့တဲ့အတွက် အဲဒီညစည်းဝေးကို ညစ်ပေနေတဲ့အဝတ်အစားတွေနဲ့ ဘာကြောင့်တက်ရောက်ရတဲ့အကြောင်း ရှင်းပြခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကိုတွေက အရမ်းကိုကရုဏာသက်မိကြပြီး ထောက်ပံ့ကူညီပေးခဲ့ကြတယ်။

၁၉၆၁ မှာညီအစ်ကိုတွေကို ဝိညာဉ်ရေးဘက်အားပေးဖို့ တစ်ပတ်ကို အသင်းတော်တစ်ခုလည်ပတ်ရတဲ့ နယ်လှည့်လုပ်ငန်းတာဝန်ကိုရခဲ့တယ်။ နောက် ၂၇ ခုနှစ်အထိ မက်စီဒိုးနီးယား၊ သရေးစ်နဲ့ သက်စလီက တိုက်နယ်တွေနဲ့ခရိုင်တွေမှာ မာရီအာန်သီနဲ့ကျွန်တော်လည်ပတ်ခဲ့ကြရတယ်။ ကျွန်တော်ချစ်ရတဲ့မာရီအာန်သီဟာ ၁၉၄၈ ခုကတည်းက မျက်မမြင်ဘဝရောက်ခဲ့ရပေမဲ့လည်း ယုံကြည်ခြင်းစမ်းသပ်ခြင်းအမျိုးမျိုးကိုခံရပ်ပြီး ကျွန်တော်နဲ့အတူ ရဲရဲရင့်ရင့်အမှုဆောင်ခဲ့တယ်။ သူလည်းပဲ အကြိမ်ကြိမ်အဖမ်းခံရ၊ ရုံးတင်ခံရ၊ ထောင်ချခံခဲ့ရတယ်။ တဖြည်းဖြည်း သူ့ကျန်းမာရေးစချူချာလာပြီး ကင်ဆာရောဂါကို တော်တော်ကြာကြာတိုက်ဖျက်ရင်း ၁၉၈၈ မှာကွယ်လွန်ခဲ့တယ်။

အဲဒီနှစ်ထဲမှာပဲ သက်စလိုနီကာမြို့မှာ ကျွန်တော့်ကို အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခဲ့တယ်။ အခု ယေဟောဝါရဲ့လုပ်ငန်းတော်ကို ၅၆ နှစ်ကျော်လုပ်ကိုင်ပြီးတာတောင်မှ အခုထိ အလုပ်ကိုကြိုးစားလုပ်ကိုင်နိုင်တုန်းပဲ၊ [ခရစ်ယာန်] ဓမ္မအမှုကဏ္ဍအားလုံးမှာလည်းပါဝင်နိုင်တုန်းပဲ။ တစ်ခါတလေ စိတ်ဝင်စားသူတွေနဲ့ အပတ်တိုင်း ကျမ်းစာသင်အံမှု ၂၀ အထိကျင်းပခဲ့ရတယ်။

ယေဟောဝါရဲ့ကမ္ဘာသစ်၊ အနှစ်တစ်ထောင်တစ်လျှောက် ဆက်ရှိသွားမယ့် မဟာသွန်သင်ခြင်းအစီအစဉ်ရဲ့အစမှာ ကျွန်တော်တို့ရှိနေကြတယ်ဆိုတာကို သဘောပေါက်လာတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အေးအေးဆေးဆေးနေဖို့၊ အချိန်ဆွဲဖို့၊ ကျွန်တော်တို့ရဲ့အသွေးအသားဆန္ဒဖြည့်ဆည်းဖို့ အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့စိုးလ်အကြွင်းမဲ့ဆက်ကပ်အပ်နှံပြီး ဝတ်ပြုကိုးကွယ်တာကို တကယ်ပဲရထိုက်တဲ့အတွက်ကြောင့် အစကတည်းက ကျွန်တော်ပေးခဲ့တဲ့ကတိတည်ဖို့အတွက် ကျွန်တော့်ကို ဘုရားသခင်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဟောပြောခြင်းလုပ်ငန်းပိတ်ပင်ခံရစဉ် ဟောပြောချက်ပေးနေခြင်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီးမာရီအာန်သီနှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ