၁၀၁ ကြိမ်မြောက်ဂိလဒ်သင်တန်းကျောင်း—ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီးခြင်း
ယဟောဝါဘုရားသခင်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကောင်းသောအလုပ်၌ စိတ်အားကြီးတော်မူ၏၊ ကိုယ်တော်၏သားတော် ယေရှုခရစ်လည်းထိုနည်းတူပင်။ “ကောင်းသောအကျင့်ဘက်၌စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဖို့စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူ” ခြင်းပါဝင်သည့် မိမိ၏ဘုရားပေးတာဝန်ကိုဆောင်ရွက်ခြင်းအားဖြင့် ယေရှုသည် ကျွန်ုပ်တို့၏စံနမူနာရှင်အဖြစ် စိတ်အားထက်သန်မှုကိုပြသခဲ့သည်။ (တိတု ၂:၁၄) မိမိတို့၏ကောင်းသောအလုပ်၌ စိတ်အားထက်သန်ခြင်းကို ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ၁၀၁ ကြိမ်မြောက်သင်တန်းမှအဖွဲ့ဝင် ၄၈ ဦးကအမှန်ပင်တင်ပြခဲ့ကြသည်။ ၁၉၉၆၊ စက်တင်ဘာ ၇ ရက်၌ နယူးယောက်မြို့၊ ပက်တာစင်တွင်ရှိသော ကင်းမျှော်စင်ပညာပေးဌာန၌ ထိုသာသနာပြုများအတွက် ကျောင်းဆင်းပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။
စိတ်အားထက်သန်နေစေရန် လက်တွေ့ကျသြဝါဒ
ကျောင်းဆင်းပွဲအစီအစဉ်၏သဘာပတိမှာ နှစ်ပေါင်း ၇၀ ကျော် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခဲ့သော အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကယ်ရီ ဘာဘာ ဖြစ်သည်။ သူ၏အဖွင့်အမှာစကားတွင် ညီအစ်ကိုဘာဘာသည် “ဤလောက၏အလင်း” ဖြစ်သောယေရှု၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းဆောင်ရွက်မှုကို အာရုံစိုက်စေသည်။ (ယောဟန် ၈:၁၂) ယေရှုခရစ်သည် ထိုဂုဏ်ရှိသောကဏ္ဍကိုမိမိအတွက်မထားဘဲ တပည့်တော်များကိုလည်း သူတို့၏အလင်းကိုကောင်းစွာထွန်းလင်းရန် တိုက်တွန်းခဲ့ကြောင်းသူညွှန်ပြသည်။ (မဿဲ ၅:၁၄-၁၆) ဤလုပ်ငန်းတော်အခွင့်ထူးသည် ခရစ်ယာန်အသက်တာကိုအဓိပ္ပာယ်ရှိစေပြီး “အလင်း၏သားကဲ့သို့ ကျင့်နေကြ” သူများအတွက် အရေးပါသောတာဝန်တစ်ရပ်ဖြစ်သည်။—ဧဖက် ၅:၈။
ထိုအဖွင့်အမှာစကားပြီးနောက် ဘရွက်ကလင်ဌာနချုပ်ရှိ စီမံခန့်ခွဲရေးရုံးများမှ ဒေါန် အာဒမ်စ်ကို မိတ်ဆက်ပေးသည်။ သူက “နောက်သို့မဆုတ်နှင့်၊ ရှေ့သို့ချီတက်လေ” ဟူသည့် အကြောင်းကိုပြောသွားသည်။ ညီအစ်ကိုအာဒမ်စ်က ဂိလဒ်ကျောင်းနှင့် ယင်း၏ရည်ရွယ်ချက်ဖြစ်သော နယ်မြေရပ်ခြားဒေသများတွင် သတင်းကောင်းဟောပြောခြင်းကိုတိုးချဲ့ရန် အာရုံစိုက်စေသည်။ သူက ကမ္ဘာတစ်လွှားတွင် ဘာသာစကားပေါင်း ၃၀၀ ကျော်ဖြင့် သမ္မာကျမ်းစာဆိုင်ရာစာအုပ်စာတမ်းများ ထုတ်ဝေလျက်ရှိသော ဘုရားသခင့်အဖွဲ့အစည်း၏တိုးတက်မှုကို ပြောပြခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ထာဝရအသက်ရစေသောအသိပညာစာအုပ်ကို ဘာသာစကားပေါင်း ၁၁၁ မျိုးနှင့်ရရှိနိုင်ကာ ထပ်၍ပုံနှိပ်ရန်အစီအစဉ်ရှိသေးသည်။ ယင်းသည် ယေရှု၏တပည့်အသစ်များကို လအနည်းငယ်အတွင်း ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းခံခြင်းအဆင့်ရောက်အောင် ထောက်ကူပေးသောကိရိယာဖြစ်ခဲ့လေပြီ။ ထို့ကြောင့် သာသနာပြုအသစ်များသည် သူတို့၏အလုပ်အတွက် နောက်ဆုံးထုတ်ကျမ်းစာသင်အံမှုအထောက်အကူတို့ကို ရရှိခဲ့ပေမည်။
ထို့နောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော လိုင်မယ်န် စွင်ဂယ်လ်က ဗျာဒိတ် ၇:၁၅ ကိုအခြေခံကာ “ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတော်ကို ဆက်၍လုပ်ကိုင်လေ” ဟူသည့်အကြောင်းကိုမူတည်၍ပြောခဲ့သည်။ ယေဟောဝါကိုယ်တော်တိုင်သည် ပျော်ရွှင်သောဘုရားသခင်ဖြစ်သောကြောင့် ကိုယ်တော်ကိုဆက်လက်ဝတ်ပြုနေခြင်းသည် ပျော်ရွှင်ခြင်းအကြောင်းဖြစ်စေသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ဤရွှင်လန်းဖွယ်ရာလုပ်ငန်းတော်၏ ရလဒ်အနေနှင့် ကမ္ဘာ့ဒေသအသီးသီးရှိလူအုပ်ကြီးသည် ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်လာကြသည်။ နှစ်ကာလတစ်လျှောက် ဂိလဒ်ကျောင်းဆင်းများသည် သူတို့ထဲမှအများစုကို သမ္မာတရား၏တိကျသောအသိပညာကိုရရှိဖို့ ကူညီခြင်းတွင်ပါဝင်ခဲ့ကြပြီ။ ထိုကြောင့် တိုးချဲ့နေသောလူအုပ်ကြီးအဖွဲ့ဝင်ပိုများလာရန်စုဆောင်းဖို့ စေလွှတ်ထားသူများကိုယေဟောဝါရှင်သည် ဆက်လက်၍ကောင်းချီးမင်္ဂလာပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အမှန်တကယ်ပင်ယုံကြည်နိုင်ပါသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သော ဒယ်နီယယ် ဆစ်ဒလစ်စ်က “ယေဟောဝါ၏ရွှင်လန်းမှုကိုထင်ဟပ်ပြခြင်း” ဟူသည့်အဓိကအချက်ကိုပေါ်လွင်စေခဲ့သည်။ သူက သာသနာပြုအသစ်များအပါအဝင် ဘုရားသခင်၏ကျေးကျွန်အားလုံးတို့သည် လူတို့ကိုထာဝရအသက်လမ်းနှင့် ယခုအချိန်တွင်အကောင်းဆုံးနည်းဖြင့်အသက်ရှင်ရကျိုးနပ်ဖို့ သင်ကြားပေးရသည့် အခွင့်ထူးရရှိထားကြောင်း ဖော်ပြခဲ့သည်။ ညီအစ်ကိုဆစ်ဒလစ်စ်က “သင်ကြားခြင်း” သည် “ကျေနပ်မှုပေးသောအလုပ်တစ်ခုဖြစ်သည်။ ယင်းက သင်ကြားပေးသူ၏မျက်နှာများနှင့် သင်ကြားခံရသူ၏မျက်နှာများတွင် ထင်ဟပ်ပြသည်” ဟုပြောဆိုခဲ့သည်။ (ဆာလံ ၁၆:၈-၁၁) “ကမ္ဘာ့မျက်နှာပြင်တွင် အကောင်းဆုံးသောသတင်းကို ကျွန်ုပ်တို့ရရှိထားပြီ၊ ကျွန်ုပ်တို့ရဲ့မျက်နှာက ယင်းကို ပြသသည်” ဟူသည့်အက်စ်တိုးနီးယားမှ သာသနာပြုတစ်ဦးပြောခဲ့သောစကားကို သူကကိုးကားခဲ့သည်။ ကျွန်ုပ်တို့၏မျက်နှာထားက လူတို့၏နှလုံးတံခါးကိုပွင့်စေ၍ စိတ်ဝင်စားမှုကိုနှိုးဆွပေးသည်။ ယေဟောဝါ၏ကျေးကျွန်များကို မည်သည့်အရာက ပျော်ရွှင်စေကြောင်းလူအများသိလိုကြသည်။ “ထိုကြောင့် သင်တို့၏မျက်နှာထားကိုဂရုစိုက်ပါ” ဟုညီအစ်ကိုဆစ်ဒလစ်စ်က သွန်သင်ခဲ့သည်။ “လူတို့သည် ပျော်ရွှင်သောသူများအားမြင်တွေ့ရခြင်းကို မွေ့လျော်ကြသည်။”
၁၉၄၉ ခုနှစ် ၁၂ ကြိမ်မြောက်သင်တန်းကတည်းကပင် ဂိလဒ်သင်တန်းသားများကို သွန်သင်ပို့ချခြင်းတွင်ပါဝင်ခဲ့သော ယူလီစက်စ် ဂလပ်စ်က “စိတ်ရှည်စွာဖြင့် သင်တို့၏စိုးလ်များကိုစောင့်ရှောက်လော့” ဟူသည့်အကြောင်း ပရိသတ်ကိုဟောပြောခဲ့သည်။ စိတ်ရှည်ခြင်းကား အဘယ်နည်း။ ယင်းသည် တစ်စုံတစ်ခုကို ငြိမ်သက်စွာစောင့်မျှော်ခြင်း စိတ်သဘောထားမျိုးသက်ရောက်စေ၍ အမျက်ဒေါသ သို့မဟုတ် ဖိစီးမှုအောက်တွင်စိတ်ရှည်ခြင်းကို တင်ပြခြင်းဖြစ်သည်။ စိတ်ရှည်သောသူသည် တည်တည်ငြိမ်ငြိမ်ရှိသည်; စိတ်တိုသောသူမူကား ကမူးရှူးထိုးနှင့် မခံချိမခံသာဖြစ်နေပေမည်။ “စိတ်ရှည်ခြင်းသည် မပြတ်သားခြင်း သို့မဟုတ် အားနည်းခြင်းကိုဖော်ပြခြင်းဖြစ်ကြောင်း လူများစွာတို့ကထင်မှတ်ကြသည်” သို့သော် “ယေဟောဝါအတွက်မူ ယင်းသည် ခွန်အားနှင့်ရည်ရွယ်ချက်၏အမှတ်လက္ခဏာဖြစ်သည်” ဟုညီအစ်ကိုဂလပ်စ်ကပြောခဲ့သည်။ (သု ၁၆:၃၂) စိတ်ရှည်ခြင်းတင်ပြသောကြောင့် အဘယ်အကျိုးရလဒ်ရရှိမည်နည်း။ တရုတ်စကားပုံတစ်ခုက “ဒေါသထွက်ချိန်၌ သည်းခံခြင်းသည် ပြင်းထန်စွာပူပင်သောကရောက်ရမည့် ရက်ပေါင်းတစ်ရာမှ သင့်ကိုလွတ်မြောက်စေသည်” ဟုဆိုထားသည်။ “စိတ်ရှည်ခြင်းသည် တစ်ဦးတစ်ယောက်၏ဥပဓိရုပ်ကို မြှင့်တင်ပေးသည်” ဟုညီအစ်ကိုဂလပ်စ်ကထောက်ခံပြောဆိုခဲ့သည်။ “အမှန်တွင် အခြားအရည်အချင်းကောင်းများကို စွဲမြဲခိုင်ခံ့မှုဖြင့်အရောင်တင်ပေးမည်။ ယင်းက ယုံကြည်ခြင်းကိုနှစ်သက်ဖွယ်ဖြစ်စေပြီး ငြိမ်သက်ခြင်းကိုကြာရှည်ခံစေကာ မေတ္တာကို မယိမ်းယိုင်အောင်ဖြစ်စေသည်။”
ကင်ညာတွင် သာသနာပြုတစ်ဦးအနေဖြင့် ၁၁ နှစ်ကြာအမှုထမ်းခဲ့ပြီ ယခု ဂိလဒ်ကျောင်းတွင်သွန်သင်သူတစ်ဦးဖြစ်သည့် မာ့ခ် နူမားက “ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် ယေဟောဝါဘုရားသခင်ထံမှ တာဝန်တစ်ခုလက်ခံရရှိခြင်းသည် အခွင့်အရေးပင်ဖြစ်သည်” ဟုပြောဆိုခဲ့သည်။ ညီအစ်ကိုနူမားက “သင်၌ယုံကြည်ခြင်းမရှိလျှင် ကြာရှည်ခံမည်မဟုတ်” ဟူသည့်အဓိကအချက်ကိုထင်ရှားစေ၍ ယုဒဘုရင်အာခတ်၏ဥပမာကို အာရုံစိုက်စေခဲ့သည်။ ယေဟောဝါရှင်၏ထောက်မမှုကို မိမိရရှိထားကြောင်းစိတ်ချရန် ဟေရှာယကပြောပြသော်လည်း အာခတ်သည်သူ့ကိုယုံကြည်ရန်ပျက်ကွက်ခဲ့သည်။ (ဟေရှာယ ၇:၂-၉) ထိုနောက် ညီအစ်ကိုနူမားက သာသနာပြုများအားလုံး မိမိတို့၏သီအိုကရက်တစ်တာဝန်များတွင် ရေရှည်ရှိနေရန် ယုံကြည်ခြင်းရှိဖို့လိုကြောင်း ညွှန်ပြခဲ့သည်။ သာသနာပြုတာဝန်ဆိုင်ရာစိန်ခေါ်ချက်များကိုရင်ဆိုင်နိုင်ရန် ခိုင်ခံ့သောယုံကြည်ခြင်းမရှိမဖြစ်လိုအပ်သည်။ “ဤအစီအစဉ်စနစ်၌ စုံလင်သောအခြေအနေရှိမည်မဟုတ်ကြောင်း စိတ်တွင်အမြဲထားပါ” ဟုညီအစ်ကိုနူမားကပြောခဲ့သည်။
ဇွဲရှိရှိလုပ်ကိုင်ရန် အားပေးသည့်တွေ့ ကြုံမှုများ
သူတို့၏ဂိလဒ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွင်း သင်တန်းသားများသည်ရက်သတ္တပတ်အဆုံးတိုင်း၌ သူတို့၏သာသနာပြုလုပ်ငန်းတာဝန်တွင် အဓိကပါဝင်သော လူအများရှေ့ဓမ္မအမှုအတွက် အချိန်ကိုအသုံးပြုခဲ့ကြသည်။ ဂိလဒ်ကျောင်းဆရာအဝင်တစ်ဦးဖြစ်သော ဝေါလ်လင်စ် လစ်ဗာရိန်စ်က သူတို့၏တွေ့ ကြုံမှုကိုဖော်ပြခဲ့သော သင်တန်းသား ၁၅ ဦးကိုခေါ်ယူမေးမြန်းခဲ့သည်။ ထိုနောက် ဝန်ဆောင်ဌာနကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီယွန် ဝီဗာနှင့် ဗေသလစီမံခန့်ခွဲရေးကော်မတီဝင် လော်န် ရှီလင်တို့က ကျောင်းဆင်းသာသနာပြုများအတွက် သာသနာပြုလယ်ကွင်းမှတွေ့ကြုံမှုများနှင့် အချို့သောအကြံပြုချက်ကောင်းများကို အာဖရိကနှင့် လက်တင်အမေရိကမှ ဌာနခွဲကော်မတီဝင်များကို လူတွေ့မေးမြန်းခဲ့သည်။ ဆီအယ်ရာလီအုန်း၌ ၁၉၉၅ လုပ်ငန်းတော်နှစ်တွင် နှစ်ခြင်းခံသူ ၉၀ ရာခိုင်နှုန်းခန့်သည် သာသနာပြုများ၏ကူညီမှုအားဖြင့်ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ ဇွဲရှိရှိဆောင်ရွက်မှု၏ ကောင်းမွန်သောမှတ်တမ်းပါတကား!
နောက်ဆုံး၌ အသင်း၏ဥက္ကဋ္ဌ မီလ်တင် ဟင်ရှယ်လ်က ပရိသတ် ၂,၇၃၄ ဦးကို “ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းသည် ထူးခြား၏” ဟူသည့်အကြောင်းကိုဟောပြောခဲ့သည်။ အဘယ်အရာက ဘုရားသခင့်အဖွဲ့အစည်းကို တုနှိုင်း၍မရအောင်ဖြစ်စေသနည်း။ ယင်း၏အရွယ်အစားနှင့် စွမ်းပကားကမဟုတ်ဘဲ ဘုရားသခင့်ဖြောင့်မတ်သောစည်းမျဉ်းဥပဒေသနှင့် တရားရေးဆုံးဖြတ်ချက်များအားဖြင့် လမ်းညွှန်ခံရခြင်းကဖြစ်စေသည်။ ရှေးအချိန်က ယေဟောဝါ၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးများသည် ၎င်းတို့ကိုထူးခြားသောလူမျိုးဖြစ်စေသည့် ကိုယ်တော်၏မြင့်မြတ်သောမိန့်မြွက်ချက်များကို ပေးအပ်ခြင်းခံခဲ့ရသည်။ (ရောမ ၃:၁၊ ၂) ယနေ့လည်း ယေဟောဝါ၏အဖွဲ့အစည်းသည် ယေရှုခရစ်၏လမ်းညွှန်မှုအောက်၌ ဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်မှုရှိကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယင်းက တိုးတက်ကြီးပွားမှုကိုဖြစ်စေသည်။ အရေးကြီးသောဆုံးဖြတ်ချက်များမချမီ ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာမှ အကြံဉာဏ်ယူသည့်အုပ်ချုပ်ရေးအဖွဲ့ရှိသော အခြားအဖွဲ့အစည်းကမ္ဘာပေါ်တွင်ရှိသလော။ ယင်းတို့နှင့် အခြားနည်းလမ်းများက ယေဟောဝါရှင်၏အဖွဲ့အစည်းကို အမှန်ပင်ထူးခြားစေတော်မူသည်။ နှစ်လိုဖွယ်အစီအစဉ်ကို ဒီပလိုမာဘွဲ့များပေးအပ်ခြင်းနှင့် အထူးလေ့ကျင့်မှုအတွက် တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြသည့် သင်တန်းမှစာများကိုဖတ်ပြခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ–
ကိုယ်စားပြု နိုင်ငံအရေအတွက်– ၉
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၂
ကျောင်းသား/သူအရေအတွက်– ၄၈
ပျမ်းမျှအသက်– ၃၁.၇
ပျမ်းမျှသမ္မာတရားတွင်းသက်တမ်း– ၁၃.၈
ပျမ်းမျှအချိန်ပြည့် ဓမ္မအမှုဆောင်သက်တမ်း– ၉.၈
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၀၁ ကြိမ်မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှနောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှလက်ယာဘက်သို့ စီထားသည်။
(1) Swint, H.; Zezenski, A.; L.; S.; Diehl, A.; Chavez, V.; Smith, J.; S.
(2) D.; Clark, C.; J.; Mortensen, W.; Bromiley, A.; Toikka, L.; Marten, A.; Smith, D.
(3) Zezenski, D.; Bjerregaard, L.; Garafalo, B.; Kaldal, L.; Chavez, E.; Fröding, S.; Khan, R.; Selenius, R.
(4) Swint, B.; Bjerregaard, M.; Garafalo, P.; Holmblad, L.; Keyzer, M.; Fröding, T.; Palfreyman, J.; Palfreyman, D.
(5) Minguez, L.; Leisborn, M.; Mercado, M.; Kurtz, M.; Diehl, H.; Toikka, J.; Clark, S.; Khan, A.
(6) Minguez, F.; Marten, B.; Highfield, L.; Holmblad, B.; Bromiley, K.; Kaldal, H.; Mortensen, P.; Keyzer, R.