ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၉/၁၅ စာ. ၁၆-၂၀
  • “ယေဟောဝါ၏နေ့” တွင် မည်သူကပ်ကျော်မည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါ၏နေ့” တွင် မည်သူကပ်ကျော်မည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာအရည်အချင်းများ မရှိမဖြစ်လိုအပ်
  • “ငါ့ဘက်မှာအဘယ်သူနေသနည်း။ အဘယ်သူ”
  • စစ်မှန်သောဝတ်ပြုရေးကို လှိုက်လှိုက်လှဲလှဲထောက်ခံခြင်း
  • ရှေ့နားလေးတွင် ထူးခြားသောအဖြစ်အပျက်များရှိ!
  • ဧလိရှဲ၏ဇွဲနှင့် အမှုတော်ဆောင်ခြင်း
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၉/၁၅ စာ. ၁၆-၂၀

“ယေဟောဝါ၏နေ့” တွင် မည်သူကပ်ကျော်မည်နည်း

“ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။”—၂ ပေတရု ၃:၁၁၊ ၁၂။

၁။ မည်သူတို့သည် ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက် အမှုတော်ဆောင်ရွက်ခဲ့ကြသနည်း။

ယေဟောဝါဘုရားသခင်သည် ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်အတူ တွဲဖက်အုပ်စိုးကြမည့်သူတို့ကို လူသားများအထဲမှ ရွေးချယ်တော်မူခဲ့ပြီ။ (ရောမ ၈:၁၆၊ ၁၇) ဘိသိက်ခံခရစ်ယာန်များသည် ကမ္ဘာပေါ်ရှိနေစဉ် ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက် အမှုတော်ဆောင်ရွက်ကြ၏။ (လုကာ ၁:၁၇) ရှေ့ဆောင်းပါးတွင် သူတို့၏လုပ်ငန်းနှင့် ပရောဖက်ဧလိယ၏လုပ်ငန်းဆင်တူချက်အချို့တို့ကို ကျွန်ုပ်တို့သတိပြုခဲ့ကြရပြီ။ သို့သော် ဧလိယ၏အရာကိုဆက်ခံသူ ပရောဖက်ဧလိရှဲ၏လုပ်ငန်းကော အသို့နည်း။—၃ ဓမ္မရာဇဝင် ၁၉:၁၅၊ ၁၆။

၂။ (က) ဧလိယ နောက်ဆုံးပြုခဲ့သော အံ့ဖွယ်အမှုနှင့် ဧလိရှဲပထမဆုံးပြုလုပ်သောအံ့ဖွယ်အမှုတို့ကား အဘယ်နည်း။ (ခ) ဧလိယသည် ကောင်းကင်သို့တက်မသွားကြောင်း အဘယ်သက်သေရှိပါသနည်း။

၂ ဧလိယ နောက်ဆုံးပြုခဲ့သော အံ့ဖွယ်ရာမှာ ယော်ဒန်မြစ်ကို မိမိ၏ဝတ်လုံနှင့်ရိုက်ပြီး ရေကိုတစ်ဖက်တစ်ချက်ကွဲစေခြင်းဖြစ်သည်။ ထိုအခါ ဧလိယနှင့်ဧလိရှဲတို့သည် မြေပေါ်မှာလျှောက်သွားနိုင်ခဲ့ကြ၏။ မြစ်၏အရှေ့ဘက်သို့ရောက်၍ လျှောက်သွားနေကြသောအခါ ဧလိယသည် လေဘွေအားဖြင့် ကမ္ဘာ့အခြားဒေသတစ်ခုသို့ ပို့ဆောင်ခံခဲ့ရ၏။ (“အဘယ်ကောင်းကင်သို့ ဧလိယ တက်ခဲ့သနည်း” ခေါင်းစဉ်ရှိ စာမျက်နှာ ၁၅ ပါလေးထောင့်ကွက်ရှု။) ဧလိယ၏ဝတ်လုံမူကား ကျကျန်ရစ်ခဲ့သည်။ ဧလိရှဲသည် ၎င်းကိုအသုံးပြုပြီး ယော်ဒန်မြစ်ကိုရိုက်လိုက်သောအခါ မြစ်ရေသည် တစ်ဖန်ပြန်၍ တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည် မြေပေါ်လျှောက်သွားနိုင်လေ၏။ ထိုအခါ ဣသရေလနိုင်ငံတွင် စစ်မှန်သောဝတ်ပြုရေးပြန့်ပွားစေရန် ဧလိယ၏အရာကို ဧလိရှဲဆက်ခံယူကြောင်း ဤအံ့ဖွယ်အမှုက ထင်ရှားစေပါသည်။ —၄ ဓမ္မရာဇဝင် ၂:၆-၁၅။

ဘုရားရေးရာအရည်အချင်းများ မရှိမဖြစ်လိုအပ်

၃။ ယေရှု၏ရောက်ရှိနေခြင်းနှင့် “ယေဟောဝါ၏နေ့” အကြောင်း တမန်တော်ပေါလုနှင့် ပေတရုတို့က အဘယ်သို့ပြောဆိုကြသနည်း။

၃ ဧလိယနှင့်ဧလိရှဲတို့၏ခေတ်နောက်ပိုင်း ရာစုနှစ်များစွာအကြာတွင် တမန်တော်ပေါလုနှင့် ပေတရုတို့က လာလတ္တံ့သော “ယေဟောဝါ၏နေ့” ကို ယေရှုခရစ်ရောက်ရှိနေခြင်းနှင့် ထိုစဉ်ကအနာဂတ်ဖြစ်သော “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” တို့နှင့်ဆက်စပ်၍ ဖော်ပြခဲ့ပါသည်။ (၂ သက်သာလောနိတ် ၂:၁၊ ၂; ၂ ပေတရု ၃:၁၀-၁၃) ယေဟောဝါသည် ရန်သူများကိုဖျက်ဆီးပြီး မိမိ၏လူတို့ကို ကယ်တင်မည့် ကိုယ်တော်၏နေ့ကြီးတွင် ကျွန်ုပ်တို့ကပ်ကျော်နိုင်ရန် ယေဟောဝါအားရှာကြရမည်ဖြစ်သည်။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း တင်ပြကြရပေမည်။ (ဇေဖနိ ၂:၁-၃) သို့သော် ပရောဖက်ဧလိရှဲနှင့်ပတ်သက်သော အဖြစ်အပျက်များကို ဆင်ခြင်သုံးသပ်ကြည့်ကြရာတွင် အရည်အချင်းအချို့တို့သည် ထပ်ဆင့်ထင်ရှားလာပါသည်။

၄။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ဇွဲလုံ့လသည် အဘယ်ကဏ္ဍတွင်ပါဝင်သနည်း။

၄ “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်လိုလျှင် ဘုရားသခင်၏လုပ်ငန်းတော်၌ ဇွဲရှိဖို့အရေးကြီးပါသည်။ ဧလိယနှင့်ဧလိရှဲတို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ဇွဲရှိခဲ့ကြသည်။ ထပ်တူဇွဲမျိုးဖြင့် ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်သည် ယနေ့ ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းဆောင်ကာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ဦးစီးဦးဆောင်ခဲ့ကြသည်။a ဘုရားသခင့်နိုင်ငံတော်သတင်းကိုလက်ခံပြီး ကမ္ဘာမြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်ရန် မျှော်လင့်သူတို့အား မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံ၍ နှစ်ခြင်းယူကြရန် ၁၉၃၀ ပြည့်လွန်နှစ် အလယ်ပိုင်းကတည်းက သူတို့ အားပေးတိုက်တွန်းခဲ့ကြပြီ။ (မာကု ၈:၃၄; ၁ ပေတရု ၃:၂၁) ဤအားပေးမှုကို သန်းပေါင်းများစွာသောသူတို့က လက်သင့်ခံခဲ့ကြပြီ။ သူတို့သည် တစ်ချိန်က ဝိညာဉ်ရေးဘက်တွင် မှောင်မိုက်အောက်ရှိခဲ့ကြပြီး အပြစ်ကြောင့် အသေဖြစ်နေကြ၏။ သို့သော် ယခု သူတို့သည် ဘုရားသခင်၏သမ္မာတရားကို သိလာကြပြီဖြစ်၍ ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ထားကြပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် ဇွဲလုံ့လတင်ပြနေကြပါသည်။ (ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃-၅) သူတို့၏ဇွဲ၊ ဝိုင်းဝန်းကူညီမှု၊ ဧည့်ဝတ်ပျူငှာမှုနှင့် အခြားကောင်းမှုများအားဖြင့် သူတို့သည် မြေကြီးပေါ်တွင်ရှိနေကြသေးသည့် ခရစ်တော်၏ဝိညာဉ်ရေးညီတော်များအား လန်းဆန်းမှုများစွာရရှိစေပါသည်။—မဿဲ ၂၅:၃၁-၄၆။

၅။ ယေရှု၏ ‘ညီတော်များ’ ကိုကောင်းမှုပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ဧလိရှဲခေတ်မှ အဘယ်ပုံနမူနာရှိသနည်း။

၅ ယေရှု၏ ‘ညီတော်များ’ ဖြစ်သော ဤဘိသိက်ခံများသည် ကိုယ်တော်၏တပည့်နောက်လိုက်များဖြစ်ကြသောကြောင့် သူတို့အတွက် ကောင်းမှုပြုသူတို့သည် “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ရန်မျှော်လင့်နိုင်၏။ ရှုနင်မြို့မှမောင်နှံစုံတစ်စုံသည် ဧလိရှဲနှင့်သူ၏လက်ထောက်ကို ကြင်နာစွာဖြင့် ဧည့်ဝတ်ပြုခဲ့ကြသောကြောင့် ကောင်းချီးများစွာ ခံစားခဲ့ရသည်။ ဤမောင်နှံစုံ၌သားသမီးမရှိ၊ ခင်ပွန်းသည်လည်း အိုမင်းနေပြီဖြစ်၏။ သို့သော် ဧလိရှဲက ဤရှုနင်အမျိုးသမီးကို သားတစ်ယောက်ရမည်ဟု ကတိပေးသည့်အတိုင်းဖြစ်လေသည်။ ဤတစ်ဦးတည်းသောသားသည် နှစ်အနည်းငယ်အကြာတွင် သေဆုံးသောအခါ ဧလိရှဲသည် ရှုနင်မြို့သို့သွားပြီး သူ့ကိုရှင်ပြန်ထမြောက်စေခဲ့၏။ (၄ ဓမ္မရာဇဝင် ၄:၈-၁၇၊ ၃၂-၃၇) ဧလိရှဲအား ဧည့်ဝတ်ပြုခြင်းသည် အကျိုးကြီးမားပါသည်တကား!

၆၊ ၇။ နေမန်သည် အဘယ်ပုံနမူနာကိုတင်ပြခဲ့သနည်း။ ယင်းသည် “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။

၆ ယေဟောဝါ၏နေ့တွင် ကပ်ကျော်ရန်မျှော်လင့်သောအားဖြင့် ခရစ်တော်၏ “ညီတော်များ” ထံမှလာသော ကျမ်းစာအခြေပြုသော ညွှန်ကြားချက်ကို လက်ခံနာယူရန် နှိမ့်ချမှုရှိဖို့လိုပါသည်။ နူနာစွဲသော ရှုရိဗိုလ်ချုပ်မင်းနေမန်သည် ဣသရေလသုံ့ပန်း မိန်းမငယ်တစ်ယောက်၏ အကြံပေးချက်ကိုလိုက်နာပြီး ရောဂါကုသဖို့အတွက် ဣသရေလပြည်သို့သွားကာ ဧလိရှဲကိုရှာယူဖို့ရန် နှိမ့်ချမှုတင်ပြဖို့လိုအပ်ခဲ့သည်။ ဧလိရှဲသည် အိမ်ထဲကထွက်၍ နေမန်နှင့်တွေ့ဆုံမည့်အစား “သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်” ဟုလူကိုစေလွှတ်ပြီး ပြောဆိုစေသည်။ (၄ ဓမ္မရာဇဝင် ၅:၁၀) နေမန်သည် သူ၏မာနအချိုးခံရသည့်အတွက် အမျက်ထွက်လေ၏။ သို့သော် သူသည် နှိမ့်ချမှုပြပြီး ယော်ဒန်မြစ်၌ ကိုယ်ကို ခုနစ်ကြိမ်နှစ်သဖြင့်၊ “သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏။” (၄ ဓမ္မရာဇဝင် ၅:၁၄) နေမန်သည် အိမ်မပြန်မီ ယေဟောဝါ၏ပရောဖက်ကို ကျေးဇူးတင်ခြင်းငှာ ဝေးလံသည့် ရှမာရိပြည်အထိ ခရီးပြန်သွားလေသည်။ ဘုရားသခင်ပေးသည့်အစွမ်းတန်ခိုးများမှ အမြတ်မထုတ်လိုသော ဧလိရှဲသည် နေမန်ကိုထွက်တွေ့သော်လည်း အဘယ်လက်ဆောင်ကိုမျှ မခံမယူခဲ့ပါ။ ထိုအခါ ဧလိရှဲအား နေမန်က “ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန်မပူဇော်ပါ” ဟုနှိမ့်ချစွာပြောဆိုလေသည်။—၄ ဓမ္မရာဇဝင် ၅:၁၇။

၇ ဘိသိက်ခံများ၏ ကျမ်းစာအခြေခံသောဆုံးမစကားကို နှိမ့်ချစွာ လိုက်နာကျင့်သုံးခြင်းအားဖြင့် ယနေ့ သန်းပေါင်းများစွာသောသူတို့သည် ကြွယ်ဝစွာ ကောင်းချီးများခံစားနေကြရသည်။ ထို့ပြင် ယေရှု၏ရွေးဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် ဤစိတ်နှလုံးရိုးဖြောင့်သူများသည် ဝိညာဉ်ရေးဘက် သန့်ရှင်းစင်ကြယ်လာကြပြီ။ ယခု သူတို့သည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်၏ မိတ်ဆွေများဖြစ်ခွင့် ရရှိထားကြ၏။ (ဆာလံ ၁၅:၁၊ ၂; လုကာ ၁၆:၉) ထို့ပြင် ဘုရားသခင်နှင့် ကိုယ်တော်၏လုပ်ငန်းတော်ကို သူတို့လေးမြတ်ခြင်းကြောင့် အလျင်အမြန်ချဉ်းကပ်လာနေသော “ယေဟောဝါ၏နေ့” တွင် မာနထောင်လွှားပြီး နောင်တမယူသော အပြစ်ပြုသူများခံရတော့မည့် ထာဝရဖျက်ဆီးခြင်းဘေးမှ လွတ်မြောက်ခွင့်ကို ရကြလိမ့်မည်ဖြစ်သည်။—လုကာ ၁၃:၂၄; ၁ ယောဟန် ၁:၇။

“ငါ့ဘက်မှာအဘယ်သူနေသနည်း။ အဘယ်သူ”

၈။ (က) “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်မည့်သူများသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ် အဘယ်စိတ်ထားရှိကြသနည်း။ (ခ) ယေဟုသည် အဘယ်တာဝန်အပ်နှင်းခံရသနည်း။ (ဂ) ယေဇဗေလသည် အဘယ်အဖြစ်ဆိုးနှင့် ကြုံဖို့ဖြစ်သနည်း။

၈ “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ရန်မျှော်လင့်သူများသည် ဘုရားသခင့်အလိုတော်ကို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုပါသည်။ လူ့အသက်သတ်ပြီး ဗာလကိုဝတ်ပြုကြသော အာဟပ်မင်း၏ မိသားစုသည် ဖျက်ဆီးခံကြရမည်ဟု ဧလိယက ရဲရင့်စွာကြိုတင်ဟောပြောခဲ့သည်။ (၃ ဓမ္မရာဇဝင် ၂၁:၁၇-၂၆) သို့ရာတွင် ဤစီရင်ချက်မကျရောက်မီ ဧလိယ၏အရာကိုဆက်ခံသူ ဧလိရှဲသည် လုပ်ငန်းတစ်ခုကို အပြီးဆောင်ရွက်ရ၏။ (၃ ဓမ္မရာဇဝင် ၁၉:၁၅-၁၇) ယေဟောဝါသတ်မှတ်ထားသည့်အချိန် ရောက်လာသောအခါ ဧလိရှဲသည် ဗိုလ်ချုပ်ယေဟုအား ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ခန့်အပ်ရန် မိမိ၏လက်ထောက်တစ်ဦးကိုစေလွှတ်ခဲ့၏။ ယေဟု၏ခေါင်းပေါ်၌ ဆီကိုလောင်းပြီးနောက် စေတမန်က သူ့အား ဤသို့ပြောဆိုသည်– “ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ‘ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်အပ်၍ ဘိသိက်ပေး၏။ ငါ့ကျွန် ပရောဖက်တို့ကိုသတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သောအပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည်အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။ အာဟပ်အမျိုးရှိသမျှတို့ကို ပျက်စီးစေ’” ရမည်။ ယုတ်မာသော မိဖုရားယေဇဗေလမူကား ခွေးစာအဖြစ် မြေပေါ်ပစ်ချခံရပြီး လျောက်ပတ်စွာ သင်္ဂြိုဟ်ခံရလိမ့်မည်မဟုတ်ပါ။—၄ ဓမ္မရာဇဝင် ၉:၁-၁၀။

၉၊ ၁၀။ ယေဇဗေလ၏အဖြစ်၌ ဧလိယ၏စကားသည် မည်သို့ပြည့်စုံလာသနည်း။

၉ ယေဟု၏လူတို့သည် သူ၏ဘိသိက်ခံအဖြစ်ကို အသိအမှတ်ပြုပြီး သူ့အား ဣသရေလမင်းသစ်အဖြစ် ကြွေးကြော်ကြလေသည်။ ယေဟုသည် တိကျပြတ်သားစွာဆုံးဖြတ်ပြီး ယုံကြည်ခြင်းဖောက်ပြန်သူ ဗာလဝတ်ပြုရေး၏ခေါင်းဆောင်တို့ကို အဆုံးစီရင်ပစ်ရန် ယေဇရေလမြို့သို့ အလျင်အမြန်ရထားမောင်းနှင်သွားလေသည်။ ယေဟု၏တရားစီရင်ရာမြားဒဏ်ကို ဦးဆုံးခံရသူမှာ အာဟပ်၏သား ယောရံမင်းဖြစ်သည်။ သူသည် ငြိမ်သက်ခြင်းရှိသလောဟု ယေဟုအားမေးဖို့ရန် မြို့ထဲမှ ရထားစီး၍ထွက်လာခဲ့၏။ ယေဟုက “သင့်အမိ ယေဇဗေလပြုသောအဓမ္မမေထုန်အမှု၊ ပြုစားသောအမှုများသော ကာလအတွင်းတွင်၊ အဘယ်သို့သောငြိမ်သက်ခြင်းရှိလိမ့်မည်နည်း” ဟုပြန်ပြော၏။ သို့နှင့်ပင် ယေဟု၏မြားသည် ယောရံ၏နှလုံးကို ထုတ်ချင်းဖောက်လေ၏။—၄ ဓမ္မရာဇဝင် ၉:၂၂-၂၄။

၁၀ ဘုရားဝတ်၌မွေ့လျော်သော အမျိုးသမီးများသည် ယေဇဗေလနှင့်မတူရန်၊ သို့မဟုတ် သူမကဲ့သို့သောမည်သူနှင့်မျှမတူရန် ကြိုးစားရှောင်ကြဉ်ကြသည်။ (ဗျာဒိတ် ၂:၁၈-၂၃) ယေဟုသည် ယေဇရေလမြို့သို့ရောက်လေသော် ယေဇဗေလသည် မိမိကိုယ်ကိုလှပစွာ ပြင်ဆင်ထားနှင့်ပြီဖြစ်သည်။ ပြတင်းပေါက်မှ သူမငုံ့ကြည့်၍ သွယ်ဝိုက်စကားဖြင့် ခြိမ်းခြောက်ကာ နှုတ်ဆက်လိုက်လေသည်။ ယေဟုက သူမ၏အစောင့်များကို “ငါ့ဘက်မှာ အဘယ်သူနေသနည်း။ အဘယ်သူ” ဟုမေးလေသော်၊ မိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်မှ ငုံ့ကြည့်ကြ၏။ သူတို့သည် ယေဟုဘက်မှာရှိကြပါသလော။ “သူ့ကိုတွန်းချလိုက်” ဟုတိုက်တွန်းသည့်အတိုင်း သူတို့သည် ဆိုးယုတ်သော ယေဇဗေလကို ပြတင်းပေါက်မှ တွန်းချခြင်းဖြင့် ပြတ်သားစွာပြုမူခဲ့ကြပါသည်။ သူမသည် မြင်းနင်းခံခဲ့ရပုံရှိ၏။ သူမကိုသင်္ဂြိုဟ်ဖို့ရန် လူတို့ရောက်လာကြသောအခါ၊ ‘သူမ၏ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာတွေ့’ ကြလေသည်။ “ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်” ဟုဧလိယဟောသည်အတိုင်း ထူးခြားစွာဖြစ်ပျက်ခဲ့ခြင်းပါတကား!—၄ ဓမ္မရာဇဝင် ၉:၃၀-၃၇။

စစ်မှန်သောဝတ်ပြုရေးကို လှိုက်လှိုက်လှဲလှဲထောက်ခံခြင်း

၁၁။ ယောနဒပ်ကား မည်သူနည်း။ သူသည် စစ်မှန်သောဝတ်ပြုရေးကို ထောက်ခံကြောင်း မည်သို့တင်ပြသနည်း။

၁၁ “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ပြီး ကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်သူများသည် စစ်မှန်သောဝတ်ပြုရေးကို စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံကြရမည်။ သူတို့သည် ဣသရေလလူမျိုးမဟုတ်သော ယေဟောဝါအားဝတ်ပြုသူ ယောနဒပ်နှင့်တူရမည်။ ယေဟုသည် မိမိ၏တာဝန်ကို ဇွဲလုံ့လနှင့် ကျေပွန်စွာဆောင်ရွက်နေစဉ် ယောနဒပ်သည် မိမိ၏သဘောတူညီမှုနှင့် ထောက်ခံအားပေးမှုကို တင်ပြလိုခဲ့သည်။ ထိုအခါ ကျန်ကြွင်းသမျှ အာဟပ်အမျိုးအကုန်အစင်ကို သုတ်သင်စီရင်ဖို့ရန် ရှမာရိမြို့သို့ ဦးတည်သွားနေသော ဣသရေလမင်းသစ်ကို ခရီးဦးကြိုပြုဖို့အတွက် သူထွက်လာပါသည်။ ယောနဒပ်ကိုတွေ့သောအခါ ယေဟုက “ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့်သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့်သလော” ဟုမေးသည်။ ယောနဒပ်၏တိကျသောအဖြေက ယေဟုအား သူ၏လက်ကိုပေး၍ ယောနဒပ်ကို ရထားပေါ်သို့ဆွဲတင်၍ ဤသို့ပြောဆိုရန် လှုံ့ဆော်ခဲ့သည်– “ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့။” ယောနဒပ်သည် ယေဟောဝါ၏ဘိသိက်ခံ တရားစီရင်သူကို ထောက်ခံကြောင်းတင်ပြခွင့်ကို မဆိုင်းမတွလက်ခံလိုက်လေသည်။—၄ ဓမ္မရာဇဝင် ၁၀:၁၅-၁၇။

၁၂။ ယေဟောဝါသည် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းကို အဘယ်ကြောင့်ထိုက်တန်စွာ တောင်းဆိုတော်မူသနည်း။

၁၂ စစ်မှန်သောဝတ်ပြုရေးကို လှိုက်လှိုက်လှဲလှဲထောက်ခံခြင်းသည် အမှန်လျောက်ပတ်ပေသည်။ အကြောင်းမူကား ယေဟောဝါသည် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းကို ရသင့်ရထိုက်၍ တောင်းဆိုတော်မူသော ဖန်ဆင်းရှင်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်တော်မူ၏။ ဣသရေလလူမျိုးကို ကိုယ်တော်က ဤသို့မိန့်တော်မူ၏– . . . “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် အဘယ်ရုပ်တုကိုမျှ ကိုယ့်အဖို့မလုပ်နှင့်၊ ဦးချဝတ်ပြုဖို့ သွေးဆောင်ခြင်းကိုမခံစေနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါယေဟောဝါသည် အကြွင်းမဲ့စိတ်နှလုံးဖြင့် ဆည်းကပ်ဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသောဘုရား ဖြစ်သောကြောင့်တည်း။” (ထွက်မြောက်ရာ ၂၀:၄၊ ၅) “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ရန် မျှော်လင့်သူများသည် ကိုယ်တော်အား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်ကြရမည်။ (ယောဟန် ၄:၂၃၊ ၂၄၊ ကဘ) သူတို့သည် ဧလိယ၊ ဧလိရှဲနှင့် ယောနဒပ်တို့နည်းတူ စစ်မှန်သောဝတ်ပြုရေးဘက် မြဲမြံတည်ကြည်ကြရမည်။

၁၃။ ယောနဒပ်၏စိတ်နှလုံးသည် ယေဟုနှင့်သင့်သကဲ့သို့ မည်သူတို့သည် မေရှိယဘုရင်ကို အသိအမှတ်ပြုပြီး ယင်းကို မည်သို့တင်ပြကြသနည်း။

၁၃ အာဟပ်၏အမျိုးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက် ယေဟုမင်းသည် အခြားနည်းလမ်းများဖြင့် ဗာလကိုးကွယ်သူများကိုဖော်ထုတ်ပြီး ဗာဗုလုန်ဘာသာကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေသည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၈-၂၈) ယနေ့ ကောင်းကင်ဘုရင် ယေရှုခရစ်အား ယေဟောဝါ၏ရန်သူများကို သုတ်သင်ရှင်းလင်းပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုအပေါ် သင်္ကာယနကင်းရှင်းစေရန်တာဝန် အပ်နှင်းထားတော်မူပြီ။ ယောနဒပ်၏စိတ်နှလုံးသည် ယေဟုနှင့်သင့်သကဲ့သို့ ယေရှု၏ “အခြားသိုး” ဖြစ်သောလူအုပ်ကြီးသည် ခရစ်တော်အား မေရှိယဘုရင်အဖြစ် ယနေ့ စိတ်နှလုံးအကြွင်းမဲ့ အသိအမှတ်ပြုပြီး မြေကြီးပေါ်ရှိ ကိုယ်တော်၏ဝိညာဉ်ရေးညီတော်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါသည်။ (ဗျာဒိတ် ၇:၉၊ ၁၀; ယောဟန် ၁၀:၁၆) စစ်မှန်သောဘာသာကို သူတို့ကျင့်သုံးပြီး ခရစ်ယာန်ဓမ္မအမှုတွင် ဇွဲနပဲနှင့်ပါဝင်ခြင်း၊ အလျင်အမြန် နီးကပ်လာနေသော “ယေဟောဝါ၏နေ့” အကြောင်း ဘုရားသခင်၏ရန်သူများအား သတိပေးခြင်းဖြင့် ယင်းကို သက်သေထူနေကြပါသည်။—မဿဲ ၁၀:၃၂၊ ၃၃; ရောမ ၁၀:၉၊ ၁၀။

ရှေ့နားလေးတွင် ထူးခြားသောအဖြစ်အပျက်များရှိ!

၁၄။ ဗာဗုလုန်ဘာသာသည် မည်သို့ဖြစ်သွားမည်နည်း။

၁၄ ဣသရေလပြည်မှ ဗာလဝတ်ပြုရေးကို ပယ်ရှင်းပစ်ရန် ယေဟုအရေးယူဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင် သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်သည့် ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်သည် ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပိုင်ယာ မဟာဗာဗုလုန်ကို ဖျက်ဆီးပစ်တော်မူမည်။ တမန်တော်ယောဟန်အား ကောင်းကင်တမန်မြွက်ဆိုခဲ့သော ဤစကားများ ပြည့်စုံသည်ကို ကျွန်ုပ်တို့မကြာမီ တွေ့ရှိကြရတော့မည်– “ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာ [မဟာဗာဗုလုန်] ကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏အလိုကိုပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပါဌ်တော် မပြည့်စုံမီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌အပ်ပေးခြင်းငှာလည်းကောင်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။” (ဗျာဒိတ် ၁၇:၁၆၊ ၁၇; ၁၈:၂-၅) “ချိုဆယ်ချောင်း” သည်ကမ္ဘာကိုစိုးမိုးနေသော စစ်ဘက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများကို ပုံဆောင်ပါသည်။ ယခု ယင်းတို့သည် မဟာဗာဗုလုန်နှင့် ဝိညာဉ်ရေးအရ မတရားမေထုန်ပြုနေကြသော်လည်း သူမ၏အချိန်သည် အလွန်တိုတောင်းပါသည်။ ဤလောက၏နိုင်ငံရေးအင်အားစုက ဗာဗုလုန်ဘာသာကို ဖျက်ဆီးလိမ့်မည်ဖြစ်၍ သူမကိုဖျက်ဆီးရာတွင် “ချိုဆယ်ချောင်း” နှင့်အတူ “သားရဲ”—ယူအဲန်—ကအဓိကကဏ္ဍတွင် ပါဝင်ဆောင်ရွက်လိမ့်မည်။b ယေဟောဝါအားချီးမွမ်းရန် တကယ်အခွင့်ကောင်းသည်တကား!—ဗျာဒိတ် ၁၉:၁-၆။

၁၅။ ဘုရားသခင့်မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ဖျက်ဆီးရန် အားထုတ်မှုပေါ်ပေါက်လာသည့်အခါ မည်သို့ဖြစ်မည်နည်း။

၁၅ ဗာလဝတ်ပြုမှုကို ယေဟုမင်း တိုက်ခိုက်ပြီးနောက် သူ၏မင်းမျိုးသည် ဣသရေလနိုင်ငံ၏နိုင်ငံရေးရန်သူများကို အာရုံစိုက်လေသည်။ ဘုရင်ယေရှုခရစ်လည်း ထိုနည်းထပ်တူပြုတော်မူလိမ့်မည်။ ဗာလကဲ့သို့ဗာဗုလုန်ဘာသာ ပျက်စီးပြီးနောက် နိုင်ငံရေးအင်အားစုတို့ ကျန်ကြွင်းနေပါလိမ့်မည်။ ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ရန်ဘက်ပြု၍ စာတန်မာရ်နတ်၏ ဩဇာလွှမ်းမိုးမှုကိုခံသော ဤသူတို့သည် ဘုရားသခင်၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ဖျက်ဆီးပစ်ရန် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြလိမ့်မည်။ (ယေဇကျေလ ၃၈:၁၄-၁၆) သို့သော် ယေဟောဝါသည် ဘုရင်ယေရှုခရစ်အား “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး [အာမဂေဒုန်] ၌ စစ်တိုက်” စေတော်မူပြီး သူတို့ကို ဖျက်ဆီးပစ်မည်။ သို့ဖြင့် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုသည် သင်္ကာယနကင်းရှင်းသွားလိမ့်မည်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၂၁; ယေဇကျေလ ၃၈:၁၈-၂၃။

ဧလိရှဲ၏ဇွဲနှင့် အမှုတော်ဆောင်ခြင်း

၁၆၊ ၁၇။ (က) ဧလိရှဲသည် သေသည်တိုင် ဇွဲလုံ့လရှိခဲ့ကြောင်း မည်သို့သိနိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် သမ္မာတရားမြားတို့ကို မည်သို့အသုံးပြုသင့်သနည်း။

၁၆ “ယေဟောဝါ၏နေ့” သည်စာတန်၏အစီအစဉ်စနစ်ဆိုးတစ်ခုလုံးကို အဆုံးမစီရင်မချင်း ဘုရားသခင်၏ကျေးကျွန်များသည် ဧလိရှဲနည်းတူပင် ရဲရင့်ပြီး ဇွဲလုံ့လရှိကြပါလိမ့်မည်။ ဧလိရှဲသည် ဧလိယ၏လက်ထောက်အဖြစ် အမှုထမ်းသည့်အပြင် နှစ်ပေါင်း ၅၀ ကျော်တိုင် ယေဟောဝါ၏ပရောဖက်အဖြစ် တစ်ဦးတည်းသာ အမှုဆောင်ခဲ့ပါသည်တကား! ထိုထက်မက အသက်ရှည်သော ဧလိရှဲသည် သေသည်တိုင်အောင် ဇွဲလုံ့လတင်ပြခဲ့သည်။ သူမသေဆုံးမီကလေးတွင် ယေဟု၏မြေး၊ ဘုရင်ယဟောရှသည် သူ့ထံလာ၏။ ပြတင်းပေါက်ကိုဖွင့်ပြီး လေးကိုတင်၍ပစ်ရန် သူ့ကို ဧလိရှဲမှာကြားလေ၏။ မြားကို ပစ်မှတ်သို့ပစ်လွှတ်ရာ ဧလိရှဲက “ထာဝရဘုရား ကယ်တင်တော်မူရာမြား၊ ရှုရိမင်းလက်မှ ကယ်နုတ်ရာမြားဖြစ်၏။ အာဖက်မြို့၌ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်” ဟုဆို၏။ ဧလိရှဲမှာကြားသည့်အတိုင်း ယဟောရှသည် မြားတို့ကိုယူပြီး မြေကိုရိုက်လေသည်။ သို့သော် ဇွဲမပါဘဲ သုံးကြိမ်သာရိုက်ခဲ့သည်။ ထိုအခါ ဧလိရှဲက ယင်းကြောင့် ယဟောရှသည် ရှုရိလူတို့ကို သုံးကြိမ်သာ စစ်နိုင်ရလိမ့်မည်ဟုဆိုသည်အတိုင်း ဖြစ်ပျက်ခဲ့လေသည်။ (၄ ဓမ္မရာဇဝင် ၁၃:၁၄-၁၉၊ ၂၅) ယဟောရှမင်းသည် ရှုရိလူတို့ကို “အကုန်အစင်” လုပ်ကြံခွင့်မရရှိခဲ့ပါ။

၁၇ ဘိသိက်ခံအကြွင်းအကျန်မူကား ဧလိရှဲ၏ဇွဲလုံ့လဖြင့် မှောက်မှားသောဝတ်ပြုရေးကို ဆက်လက်တိုက်ခိုက်နေကြပါသည်။ မြေကြီးဆိုင်ရာ မျှော်လင့်ချက်ရှိသော သူတို့၏အပေါင်းအဖော်များသည်လည်း ထိုနည်းထပ်တူပင် ပြုလုပ်နေကြပါသည်။ ထို့ပြင် “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ရန်မျှော်လင့်သူ အားလုံးတို့သည် မြေကိုရိုက်ခြင်းနှင့်ပတ်သက်၍ ဇွဲရှိသောဧလိရှဲ၏စကားကို သတိရအောက်မေ့သင့်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားမြားတို့ကိုယူကာ ဇွဲရှိရှိဖြင့် ထပ်ခါတလဲ—မှန်ပါသည်၊ ယေဟောဝါက အလုပ်ပြီးပြီဟုမိန့်တော်မူသည်အထိ—ရိုက်ကြစို့လေ။

၁၈။ ကျွန်ုပ်တို့သည် ၂ ပေတရု ၃:၁၁၊ ၁၂ ပါစကားများကို မည်သို့တုံ့ပြန်သင့်သနည်း။

၁၈ “ယေဟောဝါ၏နေ့” သည် လက်ရှိအစီအစဉ်စနစ်ဆိုးကို မကြာမီ အဆုံးတိုင်စေတော့မည်။ ထို့ကြောင့် တမန်တော်ပေတရု၏ အားရှိစေသော ဤစကားများဖြင့် လှုံ့ဆော်တိုက်တွန်းခံကြပါစို့။ “သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ . . . ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။” (၂ ပေတရု ၃:၁၁၊ ၁၂) ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်၏အမျက်တော်မီးကျသဖြင့် ဤအစီအစဉ်၏အစိတ်အပိုင်းအားလုံး လောင်ကျွမ်းသွားသည့်အခါ ဖြောင့်မတ်သောအကျင့်ကျင့်ပြီး ဘုရားဝတ်၌မွေ့လျော်သည်ဟု မှတ်တမ်းတင်ပြနိုင်သူများသာလျှင် လွတ်မြောက်ကြမည်ဖြစ်သည်။ အကျင့်နှင့် ဝိညာဉ်ရေးစင်ကြယ်မှုသည် အလွန်အရေးကြီးသည်။ ထိုနည်းတူ လူသားချင်းအပေါ် မေတ္တာမရှိမဖြစ်ပါ။ ယင်းကို အထူးသဖြင့် ခရစ်ယာန်ဓမ္မအမှုဆောင်၍ ဝိညာဉ်ရေးနည်းလမ်းအရ လူတို့၏လိုအပ်ရာများကို ဖြည့်စွက်ပေးခြင်းအားဖြင့် တင်ပြနိုင်ကြပါသည်။

၁၉။ “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်နိုင်ဖို့ရန် အဘယ်အမှုကိုပြုလုပ်သင့်သနည်း။

၁၉ သင့်အပြောအဆိုအပြုအမူက သင့်အား ဘုရားသခင်၏သစ္စာရှိ၊ ဇွဲလုံ့လပြည့် ကျေးကျွန်တစ်ဦးအဖြစ် သတ်မှတ်ပေးပါသလော။ ထိုသို့ဖြစ်လျှင် သင်သည် “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ပြီး ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်ထဲဝင်ရန် မျှော်လင့်နိုင်သည်။ မှန်သည်၊ ဧလိရှဲကို ရှုနင်မောင်နှံစုံက ဧည့်ဝတ်ပြုခဲ့သည်နည်းတူ ခရစ်တော်၏တပည့်နောက်လိုက်များဖြစ်ကြသောကြောင့် ကိုယ်တော်၏ဝိညာဉ်ရေးညီတော်များအား ကောင်းမှုပြုကြမည်ဆိုလျှင် ကပ်ကျော်သည့်အဖြစ်ကို တွေ့ကြုံခံစားကြရမည်။ ကပ်ကျော်ရန် ဘုရားသခင့်ညွှန်ကြားချက်ကို နှိမ့်ချစွာလက်ခံပြီး ယေဟောဝါအား ကိုးကွယ်သူတစ်ဦး ဖြစ်လာသည့် နေမန်နှင့်တူရန်လည်းလိုပါသည်။ သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် တမ်းတမည်ဆိုလျှင် ယောနဒပ်နည်းတူ စစ်မှန်သောဝတ်ပြုရေးကို လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်း တင်ပြရမည်ဖြစ်သည်။ ထိုသို့ပြုပါက “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြ” ဟု ယေရှုမိန့်မြွက်တော်မူခဲ့သည့်အတိုင်း မကြာမီတွေ့ကြုံခံစားကြရမည့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များတွင် သင်သည်လည်း ပါဝင်ခွင့်ရရှိနိုင်သည်။—မဿဲ ၂၅:၃၄။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည့် “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော” (လိပ်) စာအုပ် အခန်း ၁၈ နှင့် ၁၉ ရှု။

b ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှ ပုံနှိပ်ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာမျက်နှာ ၂၅၄-၆ ရှု။

သင်မည်သို့တုံ့ပြန်မည်နည်း

◻ “ယေဟောဝါ၏နေ့” တွင်ကပ်ကျော်ရန် အဘယ်အရည်အချင်းများရှိဖို့လိုသနည်း။

◻ ဧလိရှဲခေတ်က ရှုနင်မောင်နှံစုံသည် အဘယ်ပုံနမူနာတင်ပြခဲ့သနည်း။

◻ နေမန်မှ အဘယ်သင်ခန်းစာ ရယူနိုင်သနည်း။

◻ ယောနဒပ်၏ပုံသက်သေကို မည်သို့လိုက်နိုင်မည်နည်း။

◻ ၂ ပေတရု ၃:၁၁၊ ၁၂ ကကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ