“အားနည်းသောလူတစ်ယောက်” သည် “အားကြီးသောလူမျိုး” ဖြစ်လာသည်ကို ကျွန်တော်မြင်ရ
ဝီလျံ ဒီမဲန်ပြောပြသည်
ခုနှစ်က ၁၉၃၆; နေရာက ယူ.အက်စ်.အေ၊ အော်ရီဂွန်ပြည်နယ် စေလမ်မြို့မှာပေါ့။ ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်နေတယ်။ “လူစုကြီးဘယ်မှာလဲ” (ဗျာဒိတ် ၇:၉၊ “ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း”) ဆိုတဲ့မေးခွန်းကို မေးလိုက်တယ်။ လူသစ်ဆိုလို့ ကျွန်တော်တစ်ယောက်တည်းဖြစ်တဲ့အတွက် သူတို့အားလုံး ကျွန်တော့်ကိုလက်ညှိုးထိုးပြီး “သူပဲ!” ဆိုပြီးဖြေခဲ့ကြတယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်လောက်တုန်းကဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ ကျမ်းစာမျှော်လင့်ချက်ရှိကြတဲ့ ယေဟောဝါသက်သေတွေ အတော်နည်းပါတယ်။ (ဆာလံ ၃၇:၂၉; လုကာ ၂၃:၄၃) အဲဒီအချိန်ကစပြီး အခြေအနေတွေ အကြီးအကျယ်ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ အော်ရီဂွန်ပြည်နယ် စေလမ်မြို့က အဲဒီအစည်းအဝေးကို ကျွန်တော်ဘယ်လိုရောက်သွားခဲ့တယ်ဆိုတာ ပြောပြပါရစေ။
ကျွန်တော့်အဖေက အရင်တုန်းက ရွှေခေတ်လို့ခေါ်တဲ့ နိုးလော့!မဂ္ဂဇင်းကို နှစ်စဉ်ကြေးပေးဖတ်ရှုသူတစ်ဦးဖြစ်တယ်။ ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာ အဲဒီစာစောင်တွေကို ဖတ်ရတာသိပ်သဘောကျမိပြီး အဲဒီထဲမှာ အရေးကြီးတဲ့ကျမ်းစာသမ္မာတရားပါတယ်ဆိုတာကို ကျွန်တော်သဘောပေါက်လာတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ရွှေခေတ်တစ်စောင်ရဲ့ နောက်ကျောမှာပါတဲ့ဖြတ်ပိုင်းကို ကျွန်တော်ပို့လိုက်တယ်။ အဲဒီဖြတ်ပိုင်းက ဖတ်ရှုသူများကို စာအုပ်ကလေး ၂၀၊ စာအုပ်တစ်အုပ်နဲ့ ယေဟောဝါသက်သေတွေရဲ့ အနီးဆုံးအသင်းတော်နာမည်တွေကို ကမ်းလှမ်းထားတယ်။ စာအုပ်စာတမ်းတွေကို ကျွန်တော်ရရှိတဲ့နောက် စာအုပ်ကလေးအားလုံးနဲ့အတူ စာအုပ်ကြီးကိုပါတစ်အိမ်မှတစ်အိမ် ဝေငှလိုက်တယ်။
အဲဒီအချိန်တုန်းက ဘယ်သူမှကျွန်တော့်ကို ကျမ်းစာမသင်ပေးသေးဘူး။ အမှန်ဆိုရင် ယေဟောဝါသက်သေတစ်ယောက်နဲ့ တစ်ခါမှကျွန်တော်စကားမပြောဖူးဘူး။ ဒါပေမဲ့ အခုလက်ထဲမှာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမလိပ်စာနဲ့ အစည်းအဝေးတက်ရောက်ဖို့ အော်ရီဂွန်ပြည်နယ် စေလမ်မြို့ကို ၂၅ မိုင်လောက် ကားမောင်းသွားလိုက်တယ်။ ကျွန်တော့်အသက် ၁၈ နှစ်ပဲရှိသေးတဲ့အချိန်၊ “လူစုကြီး” အဖြစ် ကျွန်တော်ရွေးထုတ်ခံရတာ အဲဒီနေရာမှာပဲပေါ့။
ကျွန်တော်ဟာ [ခရစ်ယာန်] ဓမ္မအမှုအတွက် လက်တွေ့ကျကျပြင်ဆင်မှုမရှိပေမဲ့ စေလမ်အသင်းတော်နဲ့ ကျွန်တော်စတင်ဟောပြောခဲ့တယ်။ ကျွန်တော်ရဲ့သက်သေခံခြင်းမှာ အခြေခံအကြောင်းရင်းသုံးခုကိုပါဝင်စေဖို့ အားပေးခဲ့တယ်။ ပထမအချက်က ယေဟောဝါဟာ ဘုရားသခင်ဖြစ်တယ်; ဒုတိယ၊ ယေရှုခရစ်ဟာ ကိုယ်တော်ရဲ့ခန့်အပ်ခံဘုရင်ဖြစ်ပြီး; တတိယ၊ လောကအတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီသတင်းကို အိမ်တိုင်းမှာ ကျွန်တော်ကြိုးစားပြီးဝေမျှတယ်။
စေလမ်မြို့မှာ ယေဟောဝါသက်သေတွေနဲ့ နှစ်နှစ်လောက်ပူးပေါင်းပြီးတဲ့နောက် ၁၉၃၈ ခုနှစ်၊ ဧပြီ ၃ ရက်နေ့မှာ ကျွန်တော်နှစ်ခြင်းခံလိုက်တယ်။ “လူစုကြီး” ဖြစ်တဲ့ ကျွန်တော်တို့အတော်များများ နှစ်ခြင်းခံကြတာကိုမြင်တော့ စေလမ်မြို့ကမိတ်ဆွေတွေက ဝမ်းသာအားရဖြစ်ကြတယ်။ ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်တော်ဟာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦး ဖြစ်လာပါတယ်။ အဲဒီနှစ်ဒီဇင်ဘာလမှာပဲ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ ပိုပြီးလိုအပ်တဲ့နေရာဖြစ်တဲ့ အရီဇိုးနားကိုပြောင်းရွှေ့ဖို့ဖိတ်ခေါ်ချက်ကို ကျွန်တော်လက်ခံခဲ့တယ်။
အရီဇိုးနားတွင် ရှေ့ဆောင်ခြင်း
ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းက အရီဇိုးနားမှာ ဖွားသစ်စအခြေအနေဖြစ်ပြီး ကျွန်တော်တို့နဲ့ပတ်သက်လို့ အထင်အမြင်လွဲမှားမှုတွေ အများကြီးပါပဲ၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်ထဲပါဝင်လာတဲ့အခါ နှိပ်စက်ညှဉ်းပန်းမှုအတော်များများ ကျွန်တော်တို့တွေ့ ကြုံရပါတယ်။ ဥပမာအနေနဲ့ ၁၉၄၂ ခုနှစ်၊ အရီဇိုးနားပြည်နယ် စတဲဖက်မြို့မှာ ကျွန်တော်အမှုဆောင်နေတဲ့အချိန် မော်မဲန်အုပ်စုတစ်စုဟာ လူအုပ်ဖွဲ့ပြီး ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ပြောဆိုကြတယ်။ ကျွန်တော့်တွဲဖက်ရှေ့ဆောင်နဲ့ ကျွန်တော်ဟာ ကျွန်တော်တို့ကိုလေးစားပြီး “မော်မဲန်သာသနာပြုတွေသာ သက်သေခံတွေလို တက်ကြွလှုပ်ရှားမယ်ဆိုရင် မော်မဲန်ချာ့ချ်ဟာ အရမ်းကိုတိုးတက်လာမယ်” လို့ပြောတဲ့ မော်မဲန်ဘိရှော့တစ်ဦးရဲ့အိမ်နားမှာ နေမိလျက်သားဖြစ်နေတယ်။ ဒါကြောင့် ချာ့ချ်မှာသူက “သက်သေခံကောင်လေးတွေကို အုပ်စုဖွဲ့တိုက်ခိုက်ဖို့ပြောတာကို ကျုပ်ကြားတယ်။ ကျုပ်က အဲဒီကောင်လေးတွေအိမ်နားမှာ နေတယ်ဆိုတော့ တကယ်လို့ လူစုလူဝေးနဲ့လှုပ်ရှားလာရင် ကျုပ်သေနတ်ကို ခြံစည်းရိုးဖက်ချိန်လိုက်မယ်။ သက်သေခံတွေကိုချိန်တာတော့ မဟုတ်ဘူး။ အုပ်စုဖွဲ့ပြီးလှုပ်ရှားသူတွေအတွက်ပဲ။ အဲဒီတော့ အုပ်စုဖွဲ့ပြီးသောင်းကျန်းချင်ရင် ဘာဖြစ်လာမယ်ဆိုတာ မင်းတို့သိပါတယ်” ဆိုပြီး အသံကျယ်ကျယ်နဲ့ပြောတယ်။ အုပ်စုသည် တစ်ခါမှမလာခဲ့ပါ။
အရီဇိုးနားမှာ ကျွန်တော်နေတဲ့သုံးနှစ်အတောအတွင်း ကျွန်တော်တို့ဟာ အကြိမ်အတော်များများအဖမ်းခံရပြီး ထောင်ချခံရတယ်။ တစ်ခါတုန်းက ကျွန်တော်ရက်ပေါင်း ၃၀ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့အမှုဆောင်ခြင်းမှာ ပလိပ်တွေရဲ့အနှောင့်အယှက်ပေးမှုကို တွန်းလှန်နိုင်ဖို့ လျှပ်တစ်ပြက်အဖွဲ့လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့ဖွဲ့စည်းလိုက်တယ်။ တာဝန်ခံသက်သေခံက ကျွန်တော်တို့ကိုဒီလိုပြောတယ်– “ကျွန်တော်တို့ရဲ့အမည်နဲ့အညီ လုပ်ဆောင်ကြတယ်။ မနက်ငါးနာရီ ဒါမှမဟုတ် ခြောက်နာရီမှာအလုပ်စတယ်၊ အိမ်တိုင်းမှာဝေစာတစ်စောင် ဒါမှမဟုတ်ရင် စာအုပ်ကလေးတစ်အုပ်ထားခဲ့ပြီး ခြေကုန်သုတ်ကြတယ်။” ကျွန်တော်တို့ရဲ့ “လျှပ်တစ်ပြက်အဖွဲ့” ဟာအရီဇိုးနားပြည်နယ်တစ်ခုလုံးနီးပါးကို ရောက်သွားတယ်။ ဒါပေမဲ့ အဲလိုဟောပြောတဲ့ပုံစံက စိတ်ဝင်စားသူတွေကို ကူညီပေးခွင့်မရတဲ့အတွက် နောက်ဆုံးအဲဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်။
ဂိလဒ်ကျောင်းနှင့် အထူးလုပ်ငန်းတော်
၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ယေဟောဝါသက်သေတွေ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ သာသနာပြုကျောင်းသစ်ကိုတက်ဖို့ ဖိတ်ခေါ်စာရရှိကြတဲ့ အရီဇိုးနားကရှေ့ဆောင်တွေထဲမှာ ကျွန်တော်လည်းပါတယ်။ အစပိုင်းမှာ အဲဒီကျောင်းကို ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကောလိပ်လို့ ခေါ်ကြတယ်။ နောက်ပိုင်းမှာ ဂိလဒ်ကင်းမျှော်စင် ကျမ်းစာကျောင်းဆိုပြီး နာမည်ပြောင်းလိုက်တယ်။ အဲဒီကျောင်းဝင်းဟာ မိုင်ပေါင်း ၃,၀၀၀ နီးပါးဝေးတဲ့ နယူးယောက်ပြည်နယ်မြောက်ပိုင်းက အီတာကာမြို့အနီးမှာ တည်ရှိတယ်။
အော်ရီဂွန်ပြည်နယ်ကို ခဏတစ်ဖြုတ်ပြန်လည်ပတ်ပြီး ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်တော်တို့ရှေ့ဆောင်တချို့ဟာ ဂရေးဟောင်းဘတ်စကားတစ်စီးကိုစီးပြီး ပူပြင်းတဲ့အရီဇိုးနားသဲကန္တာရကနေ ထွက်ခွာခဲ့ကြတယ်။ ရက်အတော်လေးကြာတဲ့နောက် ကျွန်တော်တို့ခရီးလမ်းဆုံးကိုရောက်သွားပြီး နယူးယောက်ပြည်နယ်မြောက်ပိုင်းက ဆောင်းရာသီရဲ့နှင်းခဲကို တွေ့လိုက်ရတယ်။ အဲဒီကျောင်းကို ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်၊ ကျောင်းရဲ့ဥက္ကဋ္ဌ နေသန် အိပ်ချ်. နောရ်က ကျောင်းသားတစ်ရာကို ကျောင်းဖွင့်ပွဲမိန့်ခွန်းမှာ ဒီလိုပြောခဲ့တယ်– “ဒီကောလိပ်က ခင်ဗျားတို့ကို ခန့်အပ်ခံဓမ္မအမှုဆောင်တွေအဖြစ် ပြင်ဆင်ပေးဖို့ မရည်ရွယ်ပါ။ ခင်ဗျားတို့ဟာ ဓမ္မအမှုဆောင်တွေဖြစ်ပြီးသားဖြစ်ပြီး ဓမ္မအမှုမှာနှစ်ပေါင်းများစွာ တက်တက်ကြွကြွပါဝင်ခဲ့ပြီးဖြစ်တယ်။ . . . ဒီကောလိပ်ကျောင်းရဲ့သင်ရိုးက ခင်ဗျားတို့တာဝန်ကျမယ့်ရပ်ကွက်မှာ ပိုပြီးအရည်အချင်းပြည့်ဝတဲ့ ဓမ္မအမှုဆောင်တွေဖြစ်အောင် ပြင်ဆင်ပေးဖို့ဆိုတဲ့ အထူးရည်ရွယ်ချက်အတွက်ဖြစ်ပါတယ်။”
ကျွန်တော့်မှာ ကျောင်းပညာအရည်အချင်းသိပ်မရှိတဲ့အတွက် ပထမတော့ဂိလဒ်မှာသိပ်အဆင်မပြေဘူး။ ဒါပေမဲ့ သင်တန်းပို့ချသူတွေက ကျွန်တော့်အပေါ်သိပ်ကောင်းကြတဲ့အတွက် လေ့လာမှုကိုကျွန်တော်အရမ်းပျော်လာတယ်။ ငါးလအတွင်း အပြင်းအထန်လေ့ကျင့်မှုရယူပြီးတဲ့နောက် ကျွန်တော်တို့ဘွဲ့ရခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ထဲကတချို့ကို ဘရွတ်ကလင်၊ နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်များကိုပို့လိုက်တယ်၊ အဲဒီမှာ တိုက်နယ်ကြီးကြပ်မှူးများအဖြစ် နယ်လှည့်လုပ်ငန်းမှာအမှုထမ်းဖို့ ကျွန်တော်တို့ကိုလေ့ကျင့်ပေးတဲ့ နောက်ထပ်သင်တန်းတက်ရတယ်။ ပထမဆုံးကျွန်တော်တာဝန်ကျတဲ့ဒေသကတော့ ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာဖြစ်တယ်။
အဲဒီအချိန်တုန်းက တိုက်နယ်ကြီးကြပ်မှူးတွေဟာ အမြဲတမ်းလိုလိုခရီးသွားနေရတယ်။ အသင်းတော်ငယ်ရင် တစ်ရက်နေပြီး ကြီးတဲ့အသင်းတော်ဆိုရင် နှစ်ရက်နေလေ့ရှိတယ်။ အဲဒီအချိန်က အသင်းတော်တွေဟာ ငယ်တာများပါတယ်။ ဒါကြောင့် တစ်နေကုန်နေပြီးတဲ့နောက် ညဘက်မှာဆိုရင် ညသန်းခေါင်နီးပါးအထိလည်ပတ်ပြီး မေးခွန်းတွေကိုဖြေဆိုရတာများပါတယ်၊ အသင်းတော်နောက်တစ်ခုကိုသွားဖို့အတွက် မနက်ငါးနာရီလောက်မှာ အိပ်ရာထရပြန်တယ်။ တိုက်နယ်လုပ်ငန်းမှာ တစ်နှစ်လောက်အမှုထမ်းပြီးတဲ့နောက် တက်နစီပြည်နယ်နဲ့ နယူးယောက်ပြည်နယ်မှာ ရှေ့ဆောင်ခဏလုပ်လိုက်သေးတယ်။
ကျူးဘားနိုင်ငံနှင့် ပွာတီရီကိုကျွန်းသို့
၁၉၄၅ ခုနှစ်၊ မေလမှာ ကျွန်တော့်ရဲ့ပထမဆုံး နိုင်ငံခြားသာသနာပြု ခန့်အပ်ခံဒေသဖြစ်တဲ့ကျူးဘားနိုင်ငံကို တခြားသူတချို့နဲ့အတူ ရောက်သွားတယ်! ကျူးဘားနိုင်ငံရဲ့မြို့တော် ဟာဗာနာကိုရောက်တဲ့ညမှာပဲ မဂ္ဂဇင်းလုပ်ငန်းမှာ ကျွန်တော်တို့ပါဝင်ကြတယ်။ စန်တာကလာရာမြို့မှာ အိမ်တစ်လုံးရှာတွေ့နိုင်တဲ့အချိန်အထိ ကျွန်တော်တို့ ဟာဗာနာမြို့မှာနေကြတယ်။ ကျွန်တော်တို့ရဲ့ လစဉ်ထောက်ပံ့ကြေးက အစားအသောက်နဲ့ အိမ်လခအပါအဝင် လိုအပ်တာတွေအားလုံးအတွက် ၂၅ ဒေါ်လာစီပဲရတာ။ ရနိုင်တဲ့ပစ္စည်းတွေနဲ့ ခုတင်တွေ ပရိဘောဂတွေပြုလုပ်ပြီး ပန်းသီးသေတ္တာတွေနဲ့ အံဆွဲပါတဲ့ဘီဒိုတွေကိုစပ်ကြတယ်။
နောက်တစ်နှစ်ကျတော့ တိုက်နယ်လုပ်ငန်းမှာပါဝင်ဖို့ တာဝန်ပေးအပ်ခံရတယ်။ အဲဒီအချိန်တုန်းက ကျူးဘားတစ်နိုင်ငံလုံးမှာ တိုက်နယ်တစ်ခုထဲရှိတယ်။ ကျွန်တော့်အရင်က တိုက်နယ်ကြီးကြပ်မှူးဟာ ခြေတံရှည်ပြီး လမ်းလျှောက်တာဝါသနာပါတဲ့အတွက် ညီအစ်ကို၊ ညီအစ်မတွေဟာ သူ့ကိုမီဖို့အတွက် ပြေးပြီးလိုက်ရတယ်။ ကျွန်တော်လည်း အဲဒီလိုပဲနေမှာလို့ သူတို့ထင်ထားပုံရှိပြီး ကျွန်တော့်လည်ပတ်မှုအတွက် အားလုံးစီစဉ်ထားခဲ့ကြတယ်။ သူတို့အားလုံး ဓမ္မအမှုမှာတစ်ရက်ထဲ မပါဝင်ကြဘဲနဲ့ အုပ်စုခွဲပြီး ကျွန်တော်နဲ့တစ်လှည့်စီထွက်ကြတယ်။ ပထမဆုံးနေ့မှာ အုပ်စုတစ်စုက ကျွန်တော့်ကို အတော်လေးဝေးတဲ့ရပ်ကွက်တစ်ခုကို ခေါ်သွားတယ်; နောက်တစ်နေ့မှာ နောက်အုပ်စုတစ်ခုက အဲလိုရပ်ကွက်မျိုးကို ခေါ်သွားပြန်တယ်။ နောက်နေ့ နောက်နေ့တွေလည်း အဲလိုပဲ။ လည်ပတ်မှုအဆုံးမှာ ကျွန်တော်ပင်ပန်းလိုက်တာ၊ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။ အဲဒီအသင်းတော်ရဲ့ အမှတ်ရစရာတွေရှိနေလျက်ပါ။
၁၉၅၀ ပြည့်နှစ်ရောက်တော့ ကျူးဘားနိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ အရေအတွက်ဟာ ၇,၀၀၀ ကျော်ရှိတယ်၊ မက္ကစီကိုနိုင်ငံမှာရှိသလောက်နီးပါးပဲ။ အဲဒီနှစ်ဇူလိုင်လမှာ နယူးယောက်မြို့၊ ရန်ကီအားကစားကွင်းမှာကျင်းပတဲ့ သီအိုကရေစီတိုးပွားမှုဆိုတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျွန်တော်တက်ရောက်ခဲ့ရတယ်။ အဲဒီနောက် ပွာတီရီကိုကျွန်းမှာ သာသနာပြုတာဝန်သစ်ကို လက်ခံခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် ဂိလဒ်သာသနာပြုကျောင်းဆင်းအသစ်တွေထဲက အက်စ်တဲလ်နဲ့ သဲလ်မာ ဝစ်ကလီတို့ဟာ ကျွန်တော်နဲ့အတူ ပွာတီရီကိုကျွန်းကို လေယာဉ်ခရီးနဲ့အတူသွားကြတယ်။
ရှစ်နှစ်ကြာပြီးတဲ့နောက် ပွာတီရီကိုကျွန်းက ဘရာမွန်မြို့မှာပြုလုပ်တဲ့ တိုက်နယ်အစည်းအဝေး ခဏရပ်နားချိန်အတောအတွင်း စင်မြင့်ပေါ်မှာ အက်စ်တဲလ်နဲ့ ကျွန်တော်တို့ရဲ့မင်္ဂလာပွဲရိုးရိုးလေးကို ကျင်းပခဲ့တယ်။ ကျွန်တော်အိမ်ထောင်မပြုခင်ကကော အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာပါ တိုက်နယ်လုပ်ငန်းမှာပါဝင်ခဲ့ပါတယ်။ ပွာတီရီကိုကျွန်းမှာ အက်စ်တဲလ်နဲ့ ကျွန်တော်ဆယ်နှစ်ကျော်နေခဲ့တဲ့အတောအတွင်း ကြေညာသူ ၅၀၀ မရှိတတ်ရာကနေ ၂,၀၀၀ ကျော်အထိ အကြီးအကျယ်တိုးတက်သွားတာကို တွေ့ခဲ့ရတယ်။ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အဆင့်ရောက်အောင် လူအတော်များများကို ကျွန်တော်တို့အကူအညီပေးနိုင်ခဲ့ပြီး အသင်းတော်သစ်အတော်များများကို ထူထောင်ရာမှာလည်း ကျွန်တော်တို့ပါဝင်ခဲ့တယ်။
၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ဘရွတ်ကလင်၊ နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က မီလ်တင် ဟင်ရှယ်လ်ဟာ ပွာတီရီကိုကျွန်းကိုအလည်လာပြီး သာသနာပြုတွေနဲ့စကားပြောပါတယ်။ သူက တခြားတာဝန်တစ်ခုကို လက်ခံနိုင်တဲ့သူရှိမလားဆိုပြီးမေးတယ်။ စေတနာ့ဝန်ထမ်းမယ့်သူတွေထဲမှာ အက်စ်တဲလ်နဲ့ ကျွန်တော်လည်းပါတာပေါ့။
ဒိုမေနီကန်သမ္မတနိုင်ငံရှိ ကျွန်တော်တို့၏အိမ်
ကျွန်တော်တို့တာဝန်ကျတဲ့ နေရာသစ်ကတော့ ဒိုမေနီကန်သမ္မတနိုင်ငံဖြစ်ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကို ကျွန်တော်တို့ပြောင်းရွှေ့မယ့်နေ့အဖြစ် သတ်မှတ်လိုက်တယ်။ မေလ ၃၀ ရက်နေ့မှာ ဒိုမေနီကန်သမ္မတနိုင်ငံရဲ့ အာဏာရှင်ဖြစ်တဲ့ ရာဖာအဲလ် ထရူဟီလီယို မလီနာလုပ်ကြံခံရပြီး အဲဒီနိုင်ငံကိုသွားမယ့် လေကြောင်းခရီးစဉ်တွေဖျက်သိမ်းခံရတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ လေယာဉ်ခရီးစဉ်တွေပြန်ရှိလာလို့ ကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်း ဇွန်လ ၁ ရက်နေ့မှာ ဒိုမေနီကန်သမ္မတနိုင်ငံကို သွားရောက်နိုင်ခဲ့တယ်။
အဲဒီနိုင်ငံကို ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ အခြေအနေကမငြိမ်မသက်ဖြစ်နေပြီး စစ်ရေးအရလှုပ်ရှားမှုတွေ အတော်များများဖြစ်နေတယ်။ တော်လှန်ရေးဖြစ်မှာကို ကြောက်လန့်နေကြပြီး စစ်သားတွေက အဝေးပြေးလမ်းမပေါ်မှာ လူတိုင်းကိုရှာဖွေစစ်ဆေးနေကြတယ်။ ရပ်တန့်စစ်ဆေးတဲ့နေရာတချို့မှာ ကျွန်တော်တို့ကိုရပ်တန့်ခိုင်းပြီး ရပ်တဲ့နေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ခရီးဆောင်အိတ်တွေကို ရှာဖွေကြတယ်။ ကျွန်တော်တို့ရဲ့ အဝတ်အစားသေတ္တာတွေထဲက ပစ္စည်းသေးသေးလေးကအစ အားလုံးကိုထုတ်ပြီးစစ်ဆေးကြတယ်။ အဲဒါကတော့ ဒိုမေနီကန်သမ္မတနိုင်ငံမှာ ကျွန်တော်တို့ရဲ့ပွဲဦးထွက် အတွေ့အကြုံလေးပါပဲ။
ကျွန်တော်တို့ပထမဆုံးတာဝန်ကျတဲ့ လာရိုမားနားမြို့ကိုမသွားခင် မြို့တော်ဖြစ်တဲ့ စန်တိုဒိုမင်ဂိုမှာ ရက်သတ္တပတ်အနည်းငယ်နေကြတယ်။ ထရူဟီလီယိုရဲ့ အာဏာရှင်စနစ်စိုးမိုးချိန်တုန်းက ယေဟောဝါသက်သေတွေဟာ ကွန်မြူနစ်တွေဖြစ်ပြီး အဆိုးဆုံးလူတွေဖြစ်တယ်လို့ ပြည်သူလူထုကိုပြောခဲ့တယ်။ ရလဒ်ကတော့ သက်သေခံတွေဟာ ရက်ရက်စက်စက်ညှဉ်းဆဲခံရကြတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ စိတ်စွန်းကွက်မှုတွေကို ဖျောက်ဖျက်နိုင်ခဲ့တယ်။
လာရိုမားနားမြို့မှာ ကျွန်တော်တို့ခဏလောက် နေပြီးတဲ့နောက် တစ်ခါပြန်ပြီး တိုက်နယ်လုပ်ငန်းမှာပါဝင်ကြတယ်။ ဒါနဲ့ ၁၉၆၄ ခုနှစ်မှာ သာသနာပြုတွေအဖြစ် စန်တီအာဂိုမြို့မှာ တာဝန်ကျတယ်။ နောက်တစ်နှစ်ကျတော့ ဒိုမေနီကန်သမ္မတနိုင်ငံမှာ တော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့ပြီး တိုင်းပြည်ဟာ ယောက်ယက်ခတ်အခြေအနေအောက် ပြန်ရောက်သွားပြန်တယ်။ အဲလိုပဋိပက္ခဖြစ်နေချိန်အတွင်း နိုင်ငံရေးဆူပူအုံကြွရာမြို့အဖြစ် နာမည်ကြီးတဲ့ ဆန်ဖရန်စစ္စကို ဒီမာကိုရီးစ်မြို့ကို ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနှောင့်အယှက်မရှိဘဲ လွတ်လွတ်လပ်လပ် ဟောပြောခဲ့ကြတယ်။ နိုင်ငံရေးထကြွလှုပ်ရှားမှုတွေကြားထဲက အသင်းတော်သစ်လေးတစ်ခုကိုတောင် ကျွန်တော်တို့တည်ထောင်ခဲ့ကြတယ်။ နောက်ပိုင်းနှစ်များတစ်လျှောက်မှာ ယခုလက်ရှိအိမ်ရှိတဲ့ စန်တီအာဂိုမြို့ကို တာဝန်ပြန်မကျခင်အတွင်း တခြားတာဝန်အပြောင်းအလဲတွေ ရရှိခဲ့ကြတယ်။
ဒိုမေနီကန်သမ္မတနိုင်ငံမှာရှိတဲ့ လုပ်ငန်းအပေါ် ယေဟောဝါကောင်းချီးသွန်းလောင်းပေးတာကို ကျွန်တော်တို့အမှန်တွေ့ခဲ့ရတယ်။ ၁၉၆၁ ခုနှစ်၊ ကျွန်တော်တို့ရောက်လာတုန်းက သက်သေခံ ၆၀၀ နဲ့အသင်းတော် ၂၀ လောက်ပဲရှိတယ်။ အခုဆိုရင် အသင်းတော် ၃၀၀ ကျော်ကျော်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြတဲ့ ကြေညာသူပေါင်း ၂၀,၀၀၀ နီးပါးရှိနေပြီ။ နောက်ထပ်တိုးတက်ဖို့ ကြီးမားတဲ့အလားအလာရှိပါတယ်၊ ဘာကြောင့်လဲဆိုရင် ၁၉၉၆ ခုနှစ်မှာ ခရစ်တော်ရဲ့သေခြင်းသတိရအောက်မေ့ပွဲကို ၆၉,၉၀၈ ဦးတက်ရောက်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။ အဲဒါက ကြေညာသူအရေအတွက်ရဲ့ သုံးဆခွဲလောက်ရှိတယ်!
ယခုအားကြီးသောလူမျိုး
ကမ္ဘာ့အဖြစ်အပျက်တွေက ဆက်ပြီးပြောင်းလဲနေပေမဲ့ ယေဟောဝါသက်သေတွေ ဟောပြောကြတဲ့ သမ္မာကျမ်းစာရဲ့သတင်းတရားကတော့ မပြောင်းလဲပါဘူး။ (၁ ကောရိန္သု ၇:၃၁) ယေဟောဝါဟာ အခုချိန်ထိဘုရားသခင်ဖြစ်တယ်၊ ယေရှုဟာ ဘုရင်ဖြစ်ဆဲဖြစ်ပြီး ဒီလောကအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်သာဖြစ်တယ်ဆိုတာ ပိုပြီးသိသာထင်ရှားလာတယ်။
တစ်ချိန်ထဲမှာ၊ လွန်ခဲ့တဲ့အနှစ် ၆၀ လောက်က အော်ရီဂွန်ပြည်နယ်၊ စေလမ်မြို့မှာကျင်းပတဲ့ အစည်းအဝေးကို ကျွန်တော်တက်ရောက်ခဲ့တဲ့အချိန်ကစပြီး ယေဟောဝါရဲ့လူမျိုးအလယ်မှာ အံ့ဖွယ်ကောင်းတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့တယ်။ လူစုကြီး ဒါမှမဟုတ် လူအုပ်ကြီးဟာ အမှန်ပဲတိုးပွားလာနေပြီး ငါးသန်းကျော်အထိရှိနေပါပြီ။ အဲဒါက “လူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောလူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရကြလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်တော်မူမည်” ဆိုပြီး မိမိရဲ့လူမျိုးကို ယေဟောဝါကြိုပြောထားတဲ့အတိုင်းပါပဲ။—ဟေရှာယ ၆၀:၂၂။
အချိန်ပြည့်ဓမ္မအမှုမှာ အနှစ် ၆၀ နီးပါး ပါဝင်ခဲ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့သာသနာပြုတာဝန်မှာ ဆက်ပြီးဟောပြောသွန်သင်ပေးနေရတာကို ကျွန်တော်ပျော်ရွှင်ပါတယ်။ အဲဒီလုပ်ငန်းမှာပါဝင်လုပ်ဆောင်ပြီး “အားနည်းသောလူတစ်ယောက်” ဟာ “အားကြီးသောလူမျိုး” ဖြစ်လာတာကိုတွေ့ မြင်ရတာ အခွင့်ထူးကြီးတစ်ခုပါပဲ!
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒိုမေနီကန်သမ္မတနိုင်ငံ၌ ကျွန်တော့်ဇနီးနှင့်အတူ