ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁ စာ. ၅-၉
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသမ္မာတရားကို အဖေလေ့လာ
  • အစောပိုင်း ဓမ္မအမှုဆောင်ခြင်း၏အစ
  • ကျွန်မ၏မိဘများနှင့်ဘုရားအမှုတော်ဆောင်ခြင်း
  • ကျွန်မ၏အဘိုးအဘွားများထံမှလေ့ကျင့်မှု
  • နှိပ်စက်ညှဉ်းပန်းခံရသည့်နှစ်များ
  • မိဘများ၏လမ်းညွှန်မှုကိုကျေးဇူးတင်
  • အိမ်ထောင်ပြုခြင်းနှင့်နယ်လှည့်လုပ်ငန်း
  • မိဘများအားပြုစုစောင့်ရှောက်ခြင်း
  • ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကျွန်ုပ်တို့၏ ကြွယ်ဝသော ဝိညာဏအမွေအနှစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ငါ့မိဘ နေမကောင်းရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • မိဘခြေရာအတိုင်း လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁ စာ. ၅-၉

ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု

ဘလာစမ် ဘရန့်တ် ပြောပြသည်

ကျွန်မမွေးဖွားခဲ့သည့် ၁၉၂၃ ခု၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင်၊ တက္ကဆက်ပြည်နယ်၊ စဲန်အန်တိုနီယိုမြို့၌ နှင်းမိုးများရွာနေခဲ့သည်။ အပြင်ဘက်တွင် အေးနေသော်လည်း ကျွန်မအတွက်မူ ချစ်စွာသောခရစ်ယာန်မိဘနှစ်ပါးဖြစ်သည့် ဂျပ်ဂျ်နှင့်ဟယ်လင်နောရစ္စတို့၏ နွေးထွေးသောလက်ထဲသို့ ရောက်ရှိခဲ့သည်။ ဦးဆုံးကျွန်မသတိထားမိသည်မှာ ကျွန်မအတွက်မိဘများပြုခဲ့သည့်အရာအားလုံးသည် သူတို့၏ဘုရားသခင်ယေဟောဝါဝတ်ပြုရေးအပေါ် ဗဟိုပြုထားသည်။

၁၉၁၀ ပြည့်နှစ်၊ အမေအသက်ရှစ်နှစ်ရှိခဲ့စဉ်က သူမ၏မိဘများသည် ပင်စီဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့အနီးမှ တက္ကဆက်ပြည်နယ်၊ အယ်လ်ဗင်းမြို့ပြင်ဘက်ရှိယာခင်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုတွင် အိမ်နီးချင်းတစ်ဦးထံမှ ကျမ်းစာသမ္မာတရားကို သူတို့ဝမ်းမြောက်ဝမ်းသာလေ့လာသိရှိခဲ့ကြသည်။ ထိုအချိန်မှစ၍ အမေသည် ဘုရားနိုင်ငံတော်မျှော်လင့်ချက်ကိုစိတ်ဝင်စားသူများအား ရှာဖွေခြင်း၌ သူမ၏အသက်တာကိုအသုံးပြုခဲ့သည်။ တက္ကဆက်ပြည်နယ်၊ ဟော်စ္စတန်မြို့သို့ မိသားစုပြောင်းရွှေ့ပြီးနောက် အသက် ၁၂ နှစ်အရွယ်တွင် သူမနှစ်ခြင်းခံခဲ့သည်။

အမေနှင့်သူမ၏မိဘများသည် ဟော်စ္စတန်မြို့ရှိသူတို့၏အသင်းတော်သို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ပထမဆုံးဥက္ကဋ္ဌဖြစ်သူ ချားလ်စ်၊ တီ၊ ရပ်စယ်လ်သွားရောက်လည်ပတ်ခဲ့စဉ်က သူနှင့်ဦးဆုံးအကြိမ်တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်က ခရီးသွားသူများဟုခေါ်သော အသင်းမ၏နယ်လှည့်ကိုယ်စားလှယ်များအား မိသားစုသည် ဧည့်ဝတ်ပြုလေ့ရှိသည်။ နောက်နှစ်အနည်းငယ်အကြာတွင် အမေသည် သူ့မိဘများနှင့်အတူ အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂိုမြို့သို့ပြောင်းရွှေ့ခဲ့ရာ ညီအစ်ကိုရပ်စယ်လ်လည်း ထိုတွင်ရှိအသင်းတော်များသို့ လည်ပတ်ရောက်ရှိလေ့ရှိသည်။

၁၉၁၈ ခုနှစ်ရောက်သော် အဘွား စပိန်တုပ်ကွေးမိခဲ့ပြီး သူမ၏ကျန်းမာရေးတစတစကျဆင်းလာသောကြောင့် ဆရာဝန်က သာ၍နွေးထွေးသည့်ရာသီဥတုရှိဒေသတွင်နေရန် အကြံပြုသည်။ အဘိုးသည် အိပ်စင်ပါသည့်ရထားကုမ္ပဏီတွင်အလုပ်လုပ်ရာ ၁၉၁၉ ခုနှစ်ရောက်သော် တက္ကဆက်သို့ပြန်ပြောင်းရွှေ့ခွင့်ရခဲ့သည်။ ထို စဲန်အန်တိုနီယိုမြို့၌ အမေသည် ဂျပ်ဂျ်နောရစ္စအမည်ရှိ ဇွဲရှိသောအသင်းတော်သားလူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ တွေ့တွေ့ချင်း သူတို့တစ်ဦးကိုတစ်ဦးမေတ္တာမျှခဲ့ကြပြီးနောက် မကြာမီပင် သူတို့လက်ထပ်ခဲ့ကြသည်။ သို့နှင့် ဂျပ်ဂျ်သည် ကျွန်မအဖေဖြစ်လာခဲ့သည်။

ကျမ်းစာသမ္မာတရားကို အဖေလေ့လာ

ဂျပ်ဂျ် (တရားသူကြီး) သည် မွေးစကတည်းက ထူးခြားသည့်ဤအမည်ကို ရခဲ့သည်။ သူ့အဖေသူ့ကိုဦးဆုံးတွေ့သည့်အခါ “ဒီကလေးက တရားသူကြီးလိုပဲတည်တည်ကြည်ကြည်ရှိတယ်” ဟုဆိုခဲ့သည်။ သို့နှင့် ယင်းသည် သူ၏အမည်ဖြစ်လာခဲ့သည်။ ၁၉၁၇ ခု၊ အဖေအသက် ၁၆ နှစ်အရွယ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ပုံနှိပ်ထုတ်ဝေသော သေလွန်သူများအဘယ်တွင်ရှိသနည်း နှင့် စိုးလ်ကားအဘယ်နည်း အမည်ရှိဝေစာများကို သူရရှိခဲ့သည်။ ယင်းမတိုင်မီနှစ်နှစ်က အဖေ၏ဖခင်သေဆုံးခဲ့ရာ သူအဖြေရှာနေခဲ့သော သေသူများ၏အခြေအနေအကြောင်းကို ထိုဝေစာများမှသူရရှိခဲ့သည်။ မကြာမီအတွင်း ယေဟောဝါသက်သေများဟုနောက်ပိုင်းတွင်သိကြသော ကျမ်းစာကျောင်းသားများ၏ အစည်းအဝေးကို တက်စပြုလာခဲ့သည်။

အဖေက အသင်းတော်လှုပ်ရှားမှုများတွင် ချက်ချင်းပါဝင်လိုခဲ့သည်။ ဟောပြောခြင်းအတွက်ရပ်ကွက်တစ်ခုကိုသူရခဲ့ပြီး ကျောင်းဆင်းသောအခါ ထိုရပ်ကွက်သို့စက်ဘီးစီး၍ ဝေစာများကိုဝေငှလေ့ရှိသည်။ ဘုရားနိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် သူစုံးစုံးမြုပ်နေခဲ့ပြီး ၁၉၁၈ ခု၊ မတ်လ ၂၄ ရက်တွင် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံမှုကို သူတင်ပြခဲ့သည်။

စဲန်အန်တိုနီယိုသို့ အမေပြောင်းသည့်နောက်တစ်နှစ်တွင် အဖေ့အဆိုအရ သူမြင်ခဲ့ဖူးသမျှတွင် “အချိုသာဆုံးအပြုံး၊ အပြာလဲ့ဆုံးမျက်လုံး” ၏ဆွဲဆောင်မှုကို အဖေချက်ချင်းခံခဲ့ရသည်။ မကြာမီ သူတို့လက်ထပ်လိုကြကြောင်း ဖွင့်ပြောခဲ့ကြသည်။ သို့သော် အမေ၏မိဘများယုံကြည်အောင် အတော်ကြိုးစားယူခဲ့ရသည်။ သို့နှင့် ၁၉၂၁ ခု၊ ဧပြီ ၁၅ ရက်တွင် မင်္ဂလာပွဲကျင်းပဖြစ်သွားတော့သည်။ သူတို့နှစ်ဦးလုံး အချိန်ပြည့်ဓမ္မအမှုဆောင်ရန်ပန်းတိုင်ရှိခဲ့ကြသည်။

အစောပိုင်း ဓမ္မအမှုဆောင်ခြင်း၏အစ

၁၉၂၂ ခုနှစ်တွင် အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင်ကျင်းပသော စည်းဝေးပွဲကြီးကို တက်ရောက်ရန် အစီအစဉ်လုပ်နေကြစဉ် အမေကျွန်မကိုကိုယ်ဝန်ရှိကြောင်း သူတို့သိရှိခဲ့ကြသည်။ ကျွန်မမွေးဖွားပြီးမကြာမီ အဖေအသက် ၂၂ နှစ်သာရှိသေးသည့်အချိန်တွင် အဖေသည် အသင်းတော်အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရသည်။ လယ်ကွင်းလုပ်ငန်းအစီအစဉ်အားလုံးကို သူပြုလုပ်ရန်ဖြစ်သည်။ ကျွန်မမွေးဖွားပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် အမေသည် တစ်အိမ်တက်ဆင်းဓမ္မအမှုသို့ ကျွန်မအားခေါ်သွားတော့သည်။ အမှန်မှာ ကျွန်မ၏အဘိုးအဘွားများကလည်း ကျွန်မကိုသူတို့နှင့်အတူ ဓမ္မအမှုတွင်ခေါ်ချင်ခဲ့ကြသည်။

ကျွန်မနှစ်နှစ်သာရှိသေးသည့်အရွယ်တွင် ကျွန်မမိဘများသည် တက္ကဆက်ပြည်နယ်၊ ဒက်လစ္စမြို့သို့ပြောင်းရွှေ့ခဲ့ကြပြီး နောက်သုံးနှစ်ကြာသောအခါ ရှေ့ဆောင်များအဖြစ် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကို သူတို့စတင်ခဲ့ကြသည်။ ညအချိန်တွင် လမ်းဘေးတဲတစ်ခု၌သူတို့အိပ်ပြီး ကျွန်မကို ကားနောက်ထိုင်ခုံတွင် သိပ်လေ့ရှိသည်။ ယင်းသည် ကျွန်မအတွက် ပျော်စရာဖြစ်သည်ဟုထင်ခဲ့သော်လည်း သူတို့သည် ရှေ့ဆောင်ဘဝအတွက် ယခုထိမပြင်ဆင်ရသေးကြောင်း ထင်ရှားလာသည်။ ထို့ကြောင့် အဖေသည် လုပ်ငန်းတစ်ခုကိုစလုပ်ခဲ့သည်။ မကြာမီ အဖေသည် ရှေ့ဆောင်လုပ်ငန်းပြန်စတင်ရန်ပြင်ဆင်သည့်အနေနှင့် ယာဉ်နောက်တွဲငယ်တစ်ခုကို ပြုလုပ်ခဲ့သည်။

ကျွန်မကျောင်းမတက်မီ အမေက ကျွန်မအား အရေးအဖတ်သင်ပေးခဲ့ပြီး လေးအမြောက်အလီပေါင်းအထိ ကျွန်မရခဲ့သည်။ ကျွန်မ၏သင်ယူလေ့လာမှုကို အကူအညီပေးရန် သူမအမြဲအာရုံစိုက်ခဲ့သည်။ သူမပန်းကန်များဆေးနေစဉ် ပန်းကန်များကိုကျွန်မဝိုင်းသုတ်နိုင်ရန် သူမအနီးရှိခုံတစ်လုံးပေါ်ရပ်စေပြီး ကျမ်းချက်များကိုအလွတ်ကျက်ခိုင်းခြင်း၊ ထိုအချိန်က ဓမ္မသီချင်းများဟုခေါ်သော ဘုရားနိုင်ငံတော်သီချင်းများကို သီဆိုစေခြင်းများပြုလေ့ရှိသည်။

ကျွန်မ၏မိဘများနှင့်ဘုရားအမှုတော်ဆောင်ခြင်း

၁၉၃၁ ခုနှစ်တွင် အိုဟိုင်အိုပြည်နယ်၊ ကိုလန်ဘတ်စ်မြို့တွင် စိတ်အားတက်ကြွဖွယ်စည်းဝေးပွဲကြီးကို ကျွန်မတို့အားလုံးတက်ရောက်ခဲ့သည်။ ယေဟောဝါသက်သေဟူသောအမည်ကို ကျွန်မတို့ခံယူသောအစည်းအဝေးဖြစ်သည်။ ကျွန်မအသက်ရှစ်နှစ်သာရှိသေးသော်လည်း ကြားဖူးသမျှတွင် ထိုအမည်သည် အလှပဆုံးဟုကျွန်မထင်ခဲ့သည်။ ကျွန်မတို့အိမ်ပြန်ရောက်ပြီးမကြာမီမှာပင် အဖေ့အလုပ်နေရာမီးလောင်ခဲ့ရာ အဖေနှင့်အမေတို့က “သခင့်အလိုတော်” ဟုယူမှတ်ခဲ့ကြပြီး ရှေ့ဆောင်ပြန်စလုပ်ခဲ့ကြသည်။ သို့နှင့် ၁၉၃၂ ခုနှစ်နွေရာသီမှစ၍ အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းတွင် နှစ်ပေါင်းများစွာ ကျွန်မတို့ပျော်မွေ့လာခဲ့ကြသည်။

ကျွန်မမိဘများသည် စဲန်အန်တိုနီယိုတွင်ရှိနေဆဲဖြစ်သည့် အမေ၏မိဘများနှင့်နီးရန် တက္ကဆက်ပြည်နယ်အလယ်ပိုင်းတွင် ရှေ့ဆောင်ကြသည်။ ခန့်အပ်ခံဒေသတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ခြင်းသည် ကျွန်မအား မကြာခဏကျောင်းပြောင်းရစေသည်။ တစ်ခါတစ်ရံ မစဉ်းစားတတ်သည့်မိတ်ဆွေများက ကျွန်မကောင်းစွာကြည့်ရှုမခံရသည်ကိုကြည့်ပြီး “တစ်နေရာထဲမှာအခြေချပြီး ကလေးအတွက်အိမ်လေးတစ်လုံးဘာလို့မဆောက်ပေးတာလဲ” ဟုပြောတတ်ကြသည်။ သို့သော် ကျွန်မတို့ဘဝသည် စိတ်တက်ကြွဖွယ်ကောင်းပြီး အဖေနှင့်အမေတို့အား ဓမ္မအမှုတွင်ကျွန်မကူညီရာရောက်သည်ဟု ထင်ခဲ့သည်။ အမှန်မှာ နောက်ပိုင်းကျွန်မ၏ဘဝပုံစံဖြစ်လာမည့်အနေအထားအတွက် လေ့ကျင့်ပြင်ဆင်ခံနေရခြင်းဖြစ်သည်။

ကျွန်မနှစ်ခြင်းခံလိုကြောင်း အမေနှင့်အဖေတို့ကို လပေါင်းများစွာပြောနေခဲ့ပြီး ကျွန်မအား ထိုကိစ္စနှင့်ပတ်သက်၍ မကြာခဏစကားပြောကြသည်။ ကျွန်မ၏ဆုံးဖြတ်ချက်သည် မည်မျှအရေးကြီးကြောင်းကျွန်မသိရန် သေချာစေလိုကြသည်။ ၁၉၃၄ ခု၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျွန်မဘဝအတွက် ထိုနေ့ထူးနေ့မြတ်ကြီးရောက်ရှိလာတော့သည်။ ထိုနေ့မတိုင်မီညက အဖေသည် ကျွန်မအား ယေဟောဝါထံဆုတောင်းချဉ်းကပ်စေခဲ့သည်။ ထို့နောက် အလွန်လှပနှစ်လိုဖွယ်ကောင်းသည့်အရာတစ်ခုကို အဖေပြုခဲ့သည်။ ကျွန်မတို့အားလုံးကိုဒူးထောက်စေပြီး သူဆုတောင်းတော့သည်။ သူ့သမီးငယ်ကလေးသည် မိမိအသက်တာကို ကိုယ်တော့်ထံဆက်ကပ်အပ်နှံမည်ဖြစ်သောကြောင့် သူအလွန်ဝမ်းသာကြောင်း ယေဟောဝါအားသူပြောခဲ့သည်။ နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် ထိုညကို ကျွန်မ မမေ့နိုင်တော့ပါ!

ကျွန်မ၏အဘိုးအဘွားများထံမှလေ့ကျင့်မှု

၁၉၂၈ နှင့် ၁၉၃၈ ခုနှစ်များအတွင်း စဲန်အန်တိုနီယိုရှိ ကျွန်မ၏အဘိုးအဘွားများထံတွင် အရောက်များခဲ့သည်။ သူတို့၏အလေ့အထသည် ကျွန်မမိဘများနှင့်အတူတူပင်ဖြစ်သည်။ အဘွားသည် ကျမ်းစာစာပေဝေငှသူဟုခေါ်သော ရှေ့ဆောင်လုပ်ခဲ့ဖူးပြီးနောက် အချိန်ပိုင်းရှေ့ဆောင်ဖြစ်လာသည်။ အဘိုးသည် ၁၉၂၉ ခု၊ ဒီဇင်ဘာလတွင် ရှေ့ဆောင်အဖြစ်ခန့်အပ်ခံရရာ လယ်ကွင်းလုပ်ငန်းသည် နေ့စဉ်ပုံမှန်လုပ်ဆောင်မှုဖြစ်သည်။

ညအချိန်တွင် အဘိုးသည် ကျွန်မကိုဖက်ပြီး ကြယ်များ၏အမည်ကိုသင်ပေးလေ့ရှိသည်။ ကျွန်မအား ကဗျာလင်္ကာလေးများ ရွတ်ဆိုပေးလေ့ရှိသည်။ သူမီးရထားလမ်းအတွက်အလုပ်လုပ်နေစဉ် သူနှင့်အတူ အိပ်စင်ပါသောရထားတွဲပေါ်တွင် ကျွန်မ မကြာခဏလိုက်ပါလေ့ရှိသည်။ အဘိုးသည် အခက်အခဲရှိသည့်အခါတိုင်း အကူအညီတောင်းခံနိုင်သူဖြစ်သည်; ကျွန်မကိုနှစ်သိမ့်ပြီး ချော့မော့တတ်သည်။ သို့သော် ကျွန်မ၏အပြုအမူချွတ်ချော်လွဲမှားပြီး သူ့ထံမှနှစ်သိမ့်မှုရယူရန်တောင်းခံသောအခါတွင်မူ ဤသို့ (ထိုအချိန်က ကျွန်မနားမလည်နိုင်သော်လည်း ရှင်းလင်းပြတ်သားသည့်စကားများ) သာပြောသည်– “ကလေးရယ်၊ အမှားကျူးလွန်သူတွေရဲ့လမ်းဟာ သိပ်ပြီးတော့ခက်ခဲကြမ်းတမ်းတယ်။”

နှိပ်စက်ညှဉ်းပန်းခံရသည့်နှစ်များ

၁၉၃၉ ခုနှစ်ရောက်သော် ဒုတိယကမ္ဘာစစ်စတင်ခဲ့ပြီး ယေဟောဝါ၏လူများသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လူထု၏အကြမ်းဖက်ခြင်းများကို ခံခဲ့ကြရသည်။ ၁၉၃၉ ခုနှစ်ကုန်ပိုင်းလောက်တွင် အမေသည် အလွန်နေမကောင်းဖြစ်ပြီး နောက်ဆုံး ခွဲစိတ်ကုသမှုခံယူရန်လိုအပ်လာသောကြောင့် စဲန်အန်တိုနီယိုသို့ ကျွန်မတို့ပြန်ပြောင်းရွှေ့ခဲ့ကြသည်။

စဲန်အန်တိုနီယိုမြို့လမ်းများပေါ်တွင် ကျွန်မတို့မဂ္ဂဇင်းလုပ်ငန်းလုပ်ကိုင်စဉ် လူထုများစုဝေးလာလေ့ရှိသည်။ သို့သော် အပတ်တိုင်း ကျွန်မတို့မိသားစုလိုက် ဤနေရာသို့ရောက်ပြီး မိမိတို့တာဝန်ကျရာလမ်းထောင့်များတွင် အသီးသီးရောက်နေကြသည်။ အဖေ့ကို ရဲဌာနသို့ဖမ်းခေါ်သွားကြသည်ကို မကြာခဏကျွန်မကြည့်နေရဖူးသည်။

အမေက ရှေ့ဆောင်နားလိုက်ရသော်လည်း အဖေက ဆက်၍ရှေ့ဆောင်ရန်ကြိုးစားခဲ့သည်။ သို့တစေ အချိန်ပိုင်းအလုပ်နှင့် ဝင်ငွေမလုံလောက်သဖြင့် သူလည်းနားလိုက်ရသည်။ ၁၉၃၉ ခုနှစ်တွင် ကျောင်းပြီးသဖြင့် ကျွန်မလည်းအလုပ်ဝင်ခဲ့သည်။

ဂျပ်ဂျ် (တရားသူကြီး) ဟူသောအဖေ့နာမည်သည် ဤနှစ်များအတွင်း အသုံးဝင်ကြောင်းသက်သေထူခဲ့သည်။ ဥပမာ၊ သက်သေခံအုပ်စုတစ်ခုသည် စဲန်အန်တိုနီယိုမြို့မြောက်ဘက်နားရှိမြို့တစ်မြို့၌ သွားရောက်သက်သေခံရာ မြို့ဝန်က သူတို့အားလုံးကို ထောင်ထဲဖမ်းထည့်ထားလိုက်သည်။ ကျွန်မအဘိုးအဘွားအပါအဝင် ၃၅ ယောက်ကို သူဖမ်းဆီးခဲ့သည်။ သူတို့က အဖေကိုဆင့်ခေါ်လိုက်ရာ အဖေသွားလိုက်သည်။ မြို့ဝန်ရုံးခန်းထဲသို့အဖေဝင်သွားပြီး “ကျွန်တော်က စဲန်အန်တိုနီယိုကဂျပ်ဂျ်နောရစ္စပါ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါတရားသူကြီးမင်းခင်ဗျား။ ကျွန်တော်ဘာအကူအညီပေးရမလဲခင်ဗျ” ဟုမြို့ဝန်ကမေးသည်။

“ဒီလူတွေထောင်ကလွတ်ဖို့ကျွန်တော်လာတာပါ” ဟုအဖေကပြန်ဖြေသည်။ သို့နှင့် သူတို့အားလုံးအာမခံမလိုဘဲလွတ်လာခဲ့ကြသည်—နောက်ထပ်စစ်ဆေးမေးမြန်းခြင်းမရှိတော့ချေ!

အဖေသည် မြို့အောက်ပိုင်းရုံးအဆောက်အအုံများတွင် အမှုဆောင်ရန်နှစ်သက်ပြီး အထူးသဖြင့် တရားသူကြီးများနှင့်ရှေ့နေများထံ သွားခြင်းကိုနှစ်သက်သည်။ ဧည့်ကြိုအား “ကျွန်တော်က ဂျပ်နောရစ္စပါ၊ တရားသူကြီးဘယ်သူဘယ်ဝါကို လာတွေ့တာပါ” ဟုသူပြောလေ့ရှိသည်။

တရားသူကြီးကိုသူတွေ့သောအခါ သူအမြဲဤသို့နိဒါန်းပျိုးတတ်သည်– “အခု ကျွန်တော်လာရတဲ့ရည်ရွယ်ချက်ကိုမပြောခင် ခင်ဗျားကိုရှင်းပြချင်တဲ့အကြောင်းက ကျွန်တော်တရားသူကြီးဖြစ်လာတာ ခင်ဗျားထက်ပိုကြာတယ်။ ကျွန်တော့်တစ်သက်ပဲဆိုပါတော့။” ထို့နောက် ဤအမည်ကို သူမည်သို့ရရှိလာခဲ့ကြောင်းရှင်းပြလေ့ရှိသည်။ သို့ပြုခြင်းက ရင်းနှီးမှု၏အစကိုရစေပြီး ထိုအချိန်ကတရားသူကြီးများစွာတို့နှင့် အဖေဆက်ဆံရေးကောင်းရယူနိုင်ခဲ့သည်။

မိဘများ၏လမ်းညွှန်မှုကိုကျေးဇူးတင်

စိတ်မတည်ငြိမ်သောဆယ်ကျော်သက်အရွယ်တွင် အဖေနှင့်အမေတို့သည် ကျွန်မအတွက် မကြာခဏစိုးရိမ်ပူပန်ကြရပြီး ရှေ့ဆက်ကျွန်မဘာလုပ်မည်ကို သူတို့စောင့်ကြည့်ပြီးသိလိုခဲ့ကြသည်။ ကလေးအားလုံးလုပ်သကဲ့သို့ပင် အဖေနှင့်အမေတို့ငြင်းမည်ဟုကျွန်မကြိုသိထားသော တစ်ခုခုလုပ်ရန် သို့မဟုတ် တစ်နေရာရာသို့သွားရန်တောင်းဆိုခြင်းအားဖြင့် မကြာခဏ သူတို့အားကျွန်မစုံစမ်းလေ့ရှိသည်။ တစ်ခါတစ်ရံမျက်ရည်ကျရသည်။ အမှန်တွင် သူတို့က “ကောင်းတယ်၊ ဆက်လုပ်။ မင်းသဘောပဲ။ တို့ဂရုမစိုက်ဘူး” ဟုပြောခဲ့မည်ဆိုလျှင် ကျွန်မအကြီးအကျယ်ဒုက္ခရောက်ခဲ့ပေမည်။

သူတို့၏စံချိန်ကိုပြောင်းလဲပစ်ရန် ကျွန်မသြဇာမလွှမ်းနိုင်ကြောင်းသိထားခြင်းက ကျွန်မအား လုံခြုံသည်ဟုခံစားရစေသည်။ ယင်းက ပညာမဲ့သည့်အပန်းဖြေမှုများသို့ ကျွန်မနှင့်ရွယ်တူလူငယ်များ ကျွန်မအားခေါ်သည့်အခါ “ငါ့ကိုအဖေကလွှတ်မှာမဟုတ်ဘူး” ဟုပြောရန် ကျွန်မအားလွယ်ကူစေသည်။ ကျွန်မအသက် ၁၆ နှစ်ရောက်သောအခါ အဖေက ကျွန်မအား ကားမောင်းသင်စေခဲ့ရာ ယာဉ်မောင်းလိုင်စင်ရခဲ့သည်။ ထိုအချိန်လောက်တွင် အိမ်သော့ကိုလည်း ကျွန်မအားပေးခဲ့သည်။ အဖေကျွန်မကိုယုံကြည်စိတ်ချသည့်အတွက် ကျွန်မအလွန်စိတ်ထိမိလှုပ်ရှားခဲ့သည်။ လူကြီးဖြစ်လာပြီဟုခံစားရပြီး ယင်းခံစားချက်က တာဝန်ယူတတ်ခြင်းနှင့် သူတို့၏ယုံကြည်စိတ်ချမှုကင်းမဲ့သွားအောင်မလုပ်ရန် ဟူသောအသိကို ဖြစ်စေသည်။

ထိုအချိန်က အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ သွန်သင်အကြံပေးမှုများများစားစားမရှိသေးသော်လည်း အဖေသည် ကျမ်းစာနှင့် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုရန်ဟူသော ကျမ်းစာအဆိုကိုကောင်းစွာနားလည်ထားသည်။ (၁ ကောရိန္သု ၇:၃၉) ကျွန်မသာ လောကသားယောက်ျားလေးတစ်ဦးကို မိဘများနှင့်တွေ့ရန်ခေါ်လာသည် သို့မဟုတ် တစ်ဦးဦးကို ကြိုက်ရန်စဉ်းစားနေသည်ဆိုလျှင် မိမိအား အကြီးအကျယ်စိတ်ဆင်းရဲစေမည်ဖြစ်ကြောင်း ကျွန်မအားအတိအလင်းအဖေပြောထားသည်။ အဖေမှန်သည်ဟုကျွန်မသိခဲ့သည်။ အကြောင်းမှာ “သခင်ဘုရား၌သာ” အဖေတို့လက်ထပ်ခဲ့ကြသောကြောင့် သူတို့၏အိမ်ထောင်အတွင်း ပျော်ရွှင်မှုနှင့်စည်းလုံးမှုကို ကျွန်မသိရှိခံစားခဲ့ရသောကြောင့်ဖြစ်သည်။

၁၉၄၁ ခု၊ ကျွန်မအသက် ၁၈ နှစ်ရောက်သောအခါ အသင်းတော်တွင်းရှိယောက်ျားလေးတစ်ဦးအား ကျွန်မကြိုက်နေသည်ဟုထင်သည်။ သူသည်ရှေ့ဆောင်တစ်ဦးဖြစ်ပြီး ရှေ့နေသင်တန်းတက်နေသူဖြစ်သည်။ ကျွန်မစိတ်လှုပ်ရှားခဲ့သည်။ ကျွန်မတို့လက်ထပ်လိုကြောင်း ကျွန်မ၏မိဘများအားဖွင့်ပြောသောအခါတွင် မလိုလားသည့်သဘော သို့မဟုတ် စိတ်ဓာတ်ကျသည့်သဘောကိုတင်ပြမည့်အစား ဤသို့သာပြောခဲ့သည်–“တို့တစ်ခုပဲတောင်းဆိုချင်တယ်၊ ဘလာစမ်။ မင်းတို့သိပ်ငယ်သေးတယ်လို့တို့ထင်တယ်။ ဒါကြောင့် တစ်နှစ်လောက်စောင့်ဖို့ တို့တောင်းဆိုချင်တယ်။ မင်းတို့တကယ်တမ်းသာချစ်တယ်ဆိုရင် ဒီတစ်နှစ်က ဘာမှထူးခြားမသွားပါဘူး။”

ထိုပညာရှိအကြံဉာဏ်ကို နားထောင်ခဲ့သည့်အတွက် ကျွန်မအလွန်ကျေးဇူးတင်မိသည်။ တစ်နှစ်အတွင်းတွင် ထိုလူငယ်သည် အိမ်ထောင်ဖက်ကောင်းတစ်ဦးဖြစ်နိုင်သည့်အရည်အချင်းမရှိကြောင်းကို ကျွန်မစတင်သိလာသည်။ နောက်ဆုံးတွင် အဖွဲ့အစည်းကိုပင် သူစွန့်ခွာသွားခဲ့ပြီး ကျွန်မလည်း တစ်သက်လုံးခံစားရမည့်ဆင်းရဲဒုက္ခမှ လွတ်မြောက်ခဲ့သည်။ သူတို့၏အဆုံးအဖြတ်ကို ယုံကြည်အားထားနိုင်သော ပညာရှိမိဘများရရှိထားခြင်းကား မည်မျှကောင်းလှပါတကား!

အိမ်ထောင်ပြုခြင်းနှင့်နယ်လှည့်လုပ်ငန်း

၁၉၄၆ ခု ဆောင်းရာသီအချိန်၊ အချိန်ပိုင်းအလုပ်လုပ်ရင်း ရှေ့ဆောင်လုပ်လာသည့်သက်တမ်းခြောက်နှစ်အကြာတွင် ကျွန်မတွေ့ဖူးသောအလွန်ရည်မွန်သည့်ယောက်ျားလေးတစ်ဦး ခန်းမထဲသို့ဝင်လာသည်။ ဂျီးန်ဘရန့်တ်သည် နောင်တွင် တိုက်နယ်ကြီးကြပ်မှူးဟုခေါ်သော နယ်လှည့်အမှုထမ်းနှင့် အတူလိုက်ရန်ခန့်အပ်ခံရသူဖြစ်သည်။ ကျွန်မတို့တစ်ဦးနှင့်တစ်ဦးမေတ္တာမျှခဲ့ကြပြီး ၁၉၄၇ ခု၊ ဩဂုတ် ၅ ရက်နေ့တွင် လက်ထပ်ခဲ့ကြသည်။

မကြာမီ ဂျီးန်နှင့်အဖေတို့သည် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့ကြသည်။ သို့သော် အဖေကဂျီးန်အား ဤသို့ပြောခဲ့သည်–“ဒီလုပ်ငန်းက တို့ကို အစည်းအဝေး ဒါမှမဟုတ် သီအိုကရက်တစ်လုပ်ငန်းတစ်ခုခုကို ပျက်ကွက်စေခဲ့တဲ့နေ့ဟာ ဒီလုပ်ငန်းကိုငါတံခါးပိတ်ပြီး သော့ကိုလွှင့်ပစ်လိုက်မဲ့နေ့ပဲ။” ဤဝိညာဏရှုထောင့်ကို ယေဟောဝါကောင်းချီးပေးခဲ့သည်နှင့်အညီ လုပ်ငန်းသည် ကျွန်မတို့အတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အလုံအလောက်ဖြည့်စွက်ပေးပြီး ရှေ့ဆောင်နိုင်ရန်အချိန်ရရှိစေသည်။ အဖေနှင့်ဂျီးန်တို့သည် လုပ်ငန်းကိုင်ငန်းကျွမ်းကျင်သူများဖြစ်ကြပြီး ကျွန်မတို့အလွယ်တကူချမ်းသာနိုင်ကြသော်လည်း ယင်းသည် ဘယ်သောအခါမျှ ကျွန်မတို့ပန်းတိုင်မဖြစ်ခဲ့ချေ။

၁၉၅၄ ခုနှစ်တွင် တိုက်နယ်လုပ်ငန်း၌ပါဝင်ရန် ဂျီးန်ဖိတ်ခေါ်ခံခဲ့ရသောအခါ ကျွန်မတို့ဘဝအတွက် အကြီးအကျယ်ပြောင်းလဲမှုဖြစ်ခဲ့သည်။ ကျွန်မမိဘများမည်သို့တုံ့ပြန်ခဲ့ကြသနည်း။ တစ်ဖန် သူတို့၏အာရုံစူးစိုက်မှုသည် မိမိတို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက်နှင့် သားသမီးများ၏ဝိညာဏကောင်းစားရေးအတွက်သာ ဖြစ်ခဲ့သည်။ ကျွန်မတို့အား ဘယ်တော့မျှ ဤသို့မပြောဖူးပါ–“မင်းတို့ဘာကြောင့် တို့အတွက်မြေးလေးတွေမမွေးပေးတာလဲ။” ယင်းသို့ပြောမည့်အစား “မင်းတို့အချိန်ပြည့်လုပ်ငန်းမှာ တို့ဘာကူညီပေးနိုင်သလဲ” ဟူ၍သာ အမြဲမေးခဲ့ကြသည်။

သို့နှင့် ကျွန်မတို့ခွဲခွာရန်အချိန်ကျရောက်လာသောအခါ အားပေးစကားများနှင့် ကျွန်မတို့၏မဟာအခွင့်ထူးကြီးအတွက် ဝမ်းမြောက်ဝမ်းသာကြခြင်းအားဖြင့် ကျန်ရစ်ခဲ့ကြရှာသည်။ သူတို့ကို ကျွန်မတို့ပစ်ထားခဲ့သည်ဟု ကျွန်မတို့အားမခံစားရစေဘဲ ကျွန်မတို့အား သူတို့က ရာနှုန်းပြည့်ကျောထောက်နောက်ခံပြုနေခဲ့ကြသည်။ ကျွန်မတို့ထွက်သွားပြီးနောက် နောက်ထပ်ဆယ်နှစ်ထိ ရှေ့ဆောင်လုပ်ငန်းတွင် သူတို့အလုပ်များနေခဲ့ကြသည်။ အဖေသည် စဲန်အန်တိုနီယိုမြို့၏မြို့နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နှစ်ပေါင်း ၃၀ တိုင်သူလုပ်ဆောင်ခဲ့သည်။ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်းက အသင်းတော်တစ်ခုတည်းရှိခဲ့ရာမှ သူကွယ်လွန်သော ၁၉၉၁ ခုနှစ်ထိ အသင်းတော် ၇၁ ခုအထိတိုးတက်လာသည် ဝမ်းသာစွာတွေ့ခဲ့ရသည်။

ဂျီးန်နှင့်ကျွန်မအတွက်မူ ဘဝသည် စိတ်လှုပ်ရှားတက်ကြွဖွယ်များနှင့်ပြည့်ဝလျက်ရှိသည်။ ပြည်နယ် ၃၁ ခုမှ ကျွန်မတို့ချစ်သောညီအစ်ကိုညီအစ်မများအတွက် အမှုဆောင်ရခြင်းနှင့် ယင်းတို့အားလုံးထဲတွင် အထူးခြားဆုံးဖြစ်နိုင်သည့် ၁၉၅၇ ခုနှစ်တွင် ၂၉ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းကို တက်ရောက်ခွင့်အတွက် ကြွယ်ဝသည့်ဝမ်းမြောက်ရွှင်လန်းမှုခံစားခဲ့ကြရသည်။ ထို့နောက်ပိုင်းတွင် နယ်လှည့်လုပ်ငန်းကို ကျွန်မတို့ပြန်လည်ထမ်းဆောင်သည်။ တိုက်နယ်နှင့်ခရိုင်လုပ်ငန်းများတွင် နှစ်ပေါင်း ၃၀ ကြာခဲ့ပြီး ၁၉၈၄ ခုနှစ်တွင်ကျွန်မမိဘများသည် အသက် ၈၀ ကျော်လာ၍ ကျန်းမာရေးမကောင်းလှတော့သဖြင့် အသင်းမက ကျွန်မတို့အားထောက်စာသောအားဖြင့် ဂျီးန်အား စဲန်အန်တိုနီယိုတွင် တိုက်နယ်တာဝန်ကို ပေးအပ်ခဲ့သည်။

မိဘများအားပြုစုစောင့်ရှောက်ခြင်း

ကျွန်မတို့ စဲန်အန်တိုနီယိုသို့ပြန်ရောက်ပြီး တစ်နှစ်ခွဲခန့်သာအကြာတွင် အမေသည် သတိမရတစ်ဝက်ရတစ်ဝက်ဖြစ်လာပြီး နောက်ဆုံး ကွယ်လွန်ခဲ့သည်။ ယင်းသို့ဖြစ်ခြင်းသည်မြန်လွန်းလှရကား သူ့အားကျွန်မပြောလိုသည့်စကားများကိုပင် မပြောလိုက်ရပါ။ ယင်းက အဖေနှင့်များစွာစကားပြောဆိုရန် ကျွန်မအားသင်ခန်းစာပေးခဲ့သည်။ လက်ထပ်ပြီး ၆၅ နှစ်အကြာတွင်ခွဲခွာခဲ့ရသောအမေကို သူအလွန်လွမ်းဆွတ်နေခဲ့သော်လည်း သူ့အား မေတ္တာနှင့်ကူညီထောက်ပံ့မှုပေးရန် ထိုတွင်ကျွန်မတို့ရှိနေခဲ့သည်။

ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်း၊ လေ့လာမှုပြုခြင်း၊ အမှုဆောင်ခြင်းဆိုင်ရာ အဖေ၏အသက်တာပုံသက်သေသည် သူသေဆုံးသည့်အချိန်တိုင်တည်မြဲခဲ့သည်။ သူစာဖတ်ဝါသနာပါခဲ့သည်။ ကျွန်မတို့အမှုဆောင်ထွက်စဉ် သူတစ်ယောက်တည်းကျန်ခဲ့ရပြီး ကျွန်မအိမ်ပြန်ရောက်သောအခါ “အဖေပျင်းနေပြီလား” ဟုမေးလေ့ရှိသည်။ သူသည် စာဖတ်ခြင်းနှင့်လေ့လာခြင်းတို့တွင် အလွန်အလုပ်များနေခဲ့ပြီး ပျင်းသည်ဟုတစ်ခါမျှပင်မခံစားရဖူးပါ။

ကျွန်မတို့ဆက်လက်ထိန်းသိမ်းလာသည့် အသက်တာအလေ့အထတစ်ခုရှိသေးသည်။ မိသားစုအတူတကွအစာစားရန်၊ အထူးသဖြင့် နေ့စဉ်ကျမ်းချက်ဆွေးနွေးသောနံနက်စာစားချိန်တွင် အတူတကွစားကြရန် အဖေအမြဲတိုက်တွန်းသည်။ ကျွန်မငယ်စဉ်က ထိုသို့မပြုမီ အိမ်မှထွက်သွားခွင့်လုံးဝမရခဲ့ဖူးပါ။ တစ်ခါတစ်ရံ ကျွန်မဤသို့ပြောသည်–“အဖေ၊ ကျွန်မကျောင်း (သို့မဟုတ် အလုပ်) နောက်ကျတော့မယ်။”

“နေ့စဉ်ကျမ်းချက်ဖတ်လို့မင်းနောက်ကျတာမဟုတ်ဘူး; မင်းအချိန်မီအိပ်ရာမထလို့” ဟုသူပြောလေ့ရှိသည်။ သို့နှင့် ကျမ်းချက်ဖတ်ရှုခြင်းတွင် ကျွန်မနေလိုက်ရသည်။ သူဆုံးခါနီးအချိန်အထိ ဤပုံသက်သေကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ ယင်းက ကျွန်မကိုသူထားခဲ့ပေးသော အမွေတစ်ခုဖြစ်သည်။

အဖေသည် ဆုံးသည့်အချိန်အထိ စိတ်ပိုင်းဆိုင်ရာတွင် နိုးနိုးကြားကြားရှိခဲ့သည်။ သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် လွယ်ကူစေသည့်အကြောင်းတစ်ခုကား ဇီဇာချဲ့ခြင်း သို့မဟုတ် ညည်းညူမြည်တမ်းခြင်းဘယ်တော်မျှမပြုခြင်းဖြစ်သည်။ တစ်ခါတစ်ရံ သူ၏ရိုးဆက်ရောင်ရမ်းနာအကြောင်းပြောလာသော်လည်း ကျွန်မက သူတကယ်ဖြစ်သည့်ရောဂါမှာ အာဒံရောဂါသာဖြစ်ကြောင်း သူ့အားသတိပေးသောအခါ သူရယ်လေ့ရှိသည်။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့နံနက်၊ ဂျီးန်နှင့်ကျွန်မတို့အဖေ့နားတွင်ထိုင်နေစဉ် အဖေသည် ငြိမ်းချမ်းစွာဖြင့် အိပ်စက်အနားယူသွားခဲ့သည်။

ယခုကျွန်မအသက် ၇၀ ရှိပြီး ကျွန်မချစ်သောခရစ်ယာန်မိဘများ၏ ပုံသက်သေကောင်းမှ အကျိုးခံစားနေရဆဲဖြစ်သည်။ လာမည့်ကျွန်မ၏အသက်တာတစ်လျှောက်လုံးတွင် ယင်းအမွေဥစ္စာကို ကောင်းစွာအသုံးပြုသွားခြင်းအားဖြင့် ယင်းကိုလေးမြတ်ကြောင်းသက်သေထူနိုင်ခွင့်ကို စိတ်အားထက်သန်စွာကျွန်မဆုတောင်းလျက်ရှိသည်။—ဆာလံ ၇၁:၁၇၊ ၁၈။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အမေနှင့်ကျွန်မ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

၁။ ပထမဆုံးကျွန်မတက်ရောက်ခဲ့သည့်စည်းဝေးပွဲ–တက္ကဆက်ပြည်နယ်၊ စဲန်မားကို့စ်မြို့၊ ၁၉၂၃ စက်တင်ဘာ

၂။ အဖေနောက်ဆုံးတက်ရောက်သည့်စည်းဝေးပွဲ–တက္ကဆက်ပြည်နယ်၊ ဖော့ဒ်ဝေါ့သ်မြို့၊ ၁၉၉၁ ခု၊ ဇွန် (အဖေထိုင်နေသည်)

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂျီးန်နှင့် ဘလာစမ် ဘရန့်တ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ