ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
အဲလစ်ဇဘက်သ် ထရေစီပြောပြသည်
ထိုနေ့အစောပိုင်းက ကျွန်မတို့ကိုအုပ်စုဖြင့် တိုက်ခိုက်စေခဲ့သော လက်နက်ကိုင်များသည် အမေနှင့်အဖေကို ကားပေါ်မှဆင်းခိုင်းသည်။ အစ်မနှင့်ကျွန်မသာ ကားနောက်ခန်းတွင်ကျန်ရစ်ခဲ့ပြီး မိဘများကိုပြန်တွေ့ရပါ့ဦးမည်လောဟု တွေးနေခဲ့ကြသည်။ ၁၉၄၁ ခုနှစ်တွင် ယူ.အက်စ်.အေ.၊ အဲလဘာမာပြည်နယ်၊ ဆဲလ်မာမြို့အနီး၌ ဤထိတ်လန့်စရာအဖြစ်အပျက်သည် မည်သို့ဖြစ်ပေါ်ခဲ့သနည်း။ ယင်းသည် ကျွန်မတို့မိဘများထံမှရရှိခဲ့သောသွန်သင်ချက်များနှင့် မည်သို့ပတ်သက်ခဲ့သနည်း။
ကျွန်မအဖေ ဒူးအီဖောင်တိန် နို့စို့အရွယ်မှာ သူ့မိဘတွေကွယ်လွန်သွားတဲ့အခါ တက္ကဆက်ပြည်နယ်က ဆွေမျိုးတစ်ယောက်ရဲ့လယ်မှာကြီးပြင်းလာခဲ့တယ်။ နောက်တော့ ရေနံမြေမှာ အဖေသွားအလုပ်လုပ်ခဲ့တယ်။ အဖေ ၂၃ နှစ်အရွယ် ၁၉၂၂ ခုနှစ်မှာ လှပတဲ့တက္ကဆက်သူ ဝင်နီနဲ့လက်ထပ်ခဲ့ပြီး မိသားစုတည်ထောင်ကာ အတည်တကျနေဖို့ အစီအစဉ်စဆွဲခဲ့တယ်။
အရှေ့တက္ကဆက် သစ်တောဒေသ ဂဲရဆန်မြို့ငယ်အနီးမှာ အဖေ အိမ်တစ်လုံးဆောက်ခဲ့တယ်။ အဲဒီမှာ ဝါနဲ့ဂျုံအပါအဝင် ကောက်ပဲသီးနှံအမျိုးမျိုးကို အဖေစိုက်ပျိုးခဲ့တယ်။ တိရစ္ဆာန်အမျိုးမျိုးကိုလည်း မွေးမြူခဲ့တယ်။ အတန်ကြာတော့ ၁၉၂၄၊ မေလမှာ ဒူးအီအငယ်လေး၊ ၁၉၂၅၊ ဒီဇင်ဘာလမှာ အက်ဒ်ဝီနာနဲ့ ၁၉၂၉ ဇွန်လမှာ ကျွန်မကိုမွေးခဲ့တယ်။
ကျမ်းစာအမှန်တရားကိုသင်ယူခြင်း
အမေနဲ့အဖေဟာ ခရစ်တော်ချာ့ချ်အသင်းသားတွေဖြစ်ကြလို့ သူတို့က ကျမ်းစာကို သိနားလည်တယ်လို့ ထင်မိခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၃၂ ခုနှစ်မှာ ကင်းမျှော်စင်အသင်းက ထုတ်ဝေတဲ့ ကယ်တင်ခြင်း နဲ့ အစိုးရ ဆိုတဲ့စအုပ်တွေကို ဂျီ. ဒဗလျူ. ကွပ်ခ်က အဖေ့အစ်ကိုမန်ရိုဖောင်တိန်ဆီမှာ ထားခဲ့တယ်။ မန်ရိုဟာ သူသိရှိခဲ့တဲ့အချက်တွေကို ကျွန်မမိဘတွေကိုပြောပြချင်လွန်းလို့ နံနက်စာစားချိန်မှာ မကြာခဏရောက်လာတတ်ပြီး ကင်းမျှော်စင် ထဲကဆောင်းပါးတစ်ပုဒ်ဖတ်ပြပြီးတော့ “မတော်တဆ” ပုံစံနဲ့ မဂ္ဂဇင်းကိုထားခဲ့တယ်။ အဲဒီတော့ အမေနဲ့အဖေတို့လည်းဖတ်ကြည့်ခဲ့ကြတယ်။
တနင်္ဂနွေတစ်မနက်မှာ ကျမ်းစာလေ့လာဖို့ဆိုပြီး အိမ်နီးချင်းတစ်ယောက်ရဲ့အိမ်မှာ အဖေ့ကို အန်ကယ်မန်ရိုဖိတ်ခေါ်ခဲ့တယ်။ အဖေ့ရဲ့ကျမ်းစာမေးခွန်းအားလုံးကို မစ္စတာကွပ်ခ်က အဖြေပေးနိုင်မယ်လို့ သူအာမခံခဲ့တယ်။ သင်အံမှုကနေ အဖေပြန်လာတဲ့အခါ စိတ်တက်တက်ကြွကြွနဲ့ “ငါ့မေးခွန်းအားလုံးရဲ့ အဖြေရခဲ့တဲ့အပြင် နောက်ထပ်လည်းသိခဲ့ရတယ်!” လို့မိသားစုကို ပြောခဲ့တယ်။ “အားလုံးသိပြီသားလို့ ငါမှတ်တာ။ ဒါပေမဲ့ ငရဲ၊ စိုးလ်၊ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်၊ အဲဒါကို ဘုရားသခင့်နိုင်ငံတော်က ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာတွေကို မစ္စတာကွပ်ခ်စရှင်းပြတော့ ကျမ်းစာအကြောင်း ငါဘာမှမသိမှန်း သိလာခဲ့ရတယ်!”
ကျွန်မတို့အိမ်က လူစုဝေးရာဗဟိုလိုဖြစ်ခဲ့တယ်။ ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေ အလည်အပတ်လာကြပြီး နို့ချောကလက်နဲ့ပြောင်းဖူးပေါက်ပေါက်လုံးတွေ လုပ်စားကြတဲ့အပြင် အမေစန္ဒရားတီးတဲ့အခါ သီချင်းတွေဆိုခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလိုကနေ ကျမ်းစာအကြောင်းဆွေးနွေးခန်းတွေ ဖြစ်သွားရော။ ကျွန်မတို့ကလေးတွေက ဆွေးနွေးတဲ့အကြောင်းတွေကို နားမလည်နိုင်ခဲ့ကြပေမဲ့ ကျွန်မတို့မိဘတွေရဲ့ ဘုရားသခင်နဲ့ကျမ်းစာကို နှစ်နှစ်ကာကာချစ်မြတ်နိုးတဲ့စိတ်ဟာ ဘယ်လောက်ပေါ်လွင်သလဲဆိုရင် ကလေးတွေအားလုံးကိုလည်း ဘုရားသခင်နဲ့ကိုယ်တော်ရဲ့နှုတ်မြွက်စကားတော်ကို အဲဒီအတိုင်းပဲချစ်မြတ်နိုးတတ်လာစေခဲ့တယ်။
အခြားမိသားစုတွေကလည်း သူတို့အိမ်မှာ နောက်ဆုံးထုတ် ကင်းမျှော်စင် မဂ္ဂဇင်းထဲက အကြောင်းအရာတစ်ခုကို အဓိကထားပြီး အပတ်စဉ်ကျမ်းစာဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ အနီးအနားမှာရှိတဲ့ အက်ပဲလ်ဘီမြို့နဲ့နာခိုဒိုချီမြို့တွေက မိသားစုတွေ စည်းဝေးကျင်းပဖို့ တာဝန်ယူဧည့်ခံကြတဲ့အခါ ကျွန်မတို့ရဲ့မိုဒယ်အေဖော့တ်ကားနဲ့ နေပူမိုးရွာမရှောင် အဲဒီကိုသွားခဲ့ကြတယ်။
သူတို့သိရှိခဲ့ရာများအတိုင်း လုပ်ဆောင်ခြင်း
လုပ်ဆောင်ဖို့လိုတယ်ဆိုတာ မကြာခင် ကျွန်မမိဘတွေ သိရှိခဲ့တယ်။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက သိရှိခဲ့ရာတွေကို အခြားသူကိုပြောပြဖို့ တောင်းဆိုတယ်။ (တမန်တော် ၂၀:၃၅) ဒါပေမဲ့ ကိုယ့်ယုံကြည်ခြင်းကို လူအများရှေ့ကြွေးကြော်ရတဲ့အဆင့်ဟာ အထူးသဖြင့် ပင်ကိုရှက်ကြောက်ပြီး နှိမ့်ချတတ်တဲ့ ကျွန်မမိဘတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာက သူတို့ကို လှုံ့ဆော်ပေးတဲ့အပြင် ဘုရားသခင်ကိုတကယ်ယုံကြည်ကိုးစားဖို့ ကျွန်မတို့ကိုပါသွန်သင်ပေးဖို့ အကူအညီဖြစ်စေခဲ့တယ်။ အဖေက “ယေဟောဝါဟာ ပဲကောက်သူတွေကို ဟောပြောသူတွေဖြစ်စေပြီ!” လို့ပြောခဲ့တယ်။ ၁၉၃၃ ခုနှစ်မှာ အမေနဲ့အဖေဟာ ယေဟောဝါထံဆက်ကပ်အပ်နှံပြီးကြောင်းကို တက္ကဆက်၊ ဟင်ဒဲဆန်အနီးက ငါးကန်တစ်ကန်မှာ နှစ်ခြင်းခံပြသခဲ့တယ်။
၁၉၃၅ ခုနှစ်အစောပိုင်းမှာ အဖေဟာ ကင်းမျှော်စင်အသင်းကို စာရေးခဲ့ပြီး ခရစ်ယာန်မျှော်လင့်ချက်ဖြစ်တဲ့ ထာဝရအသက်အကြောင်း မေးခွန်းတွေမေးခဲ့တယ်။ (ယောဟန် ၁၄:၂; ၂ တိမောသေ ၂:၁၁၊ ၁၂; ဗျာဒိတ် ၁၄:၁၊ ၃; ၂၀:၆) အဲဒီတုန်းက အသင်းဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်ဆီကနေ တိုက်ရိုက်ပြန်စာရရှိခဲ့တယ်။ ညီအစ်ကိုရပ်သဖော့ဒ်က အဖေ့ရဲ့မေးခွန်းတွေကို အဖြေမပေးဘဲ မေလမှာ ဝါရှင်တန် ဒီ.စီ. မှာကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကို တက်ရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်။
‘မဖြစ်နိုင်တာ’ လို့အဖေထင်ခဲ့တယ်။ အဲဒီအချိန်ဆို ‘၆၅ ဧကရှိတဲ့လယ်က ဟင်းသီးဟင်းရွက်တွေကို ခူးရောင်းရမှာ’ တဲ့။ ဒါပေမဲ့ နောက်မကြာခင်မှာပဲ ကောက်ပဲသီးနှံ၊ ခြံစည်းရိုးတွေနဲ့ တံတားတွေကို ရေလွှမ်းမိုးသွားတဲ့အတွက် အဖေ့ရဲ့ဆင်ခြေတွေလည်းပျောက်ခဲ့တယ်။ ဒါနဲ့ အရှေ့မြောက်ဘက်မိုင် ၁,၀၀၀ ဝေးတဲ့ စည်းဝေးကြီးကို အငှားကျောင်းကားနဲ့ အခြားသက်သေခံတွေနဲ့အတူ ကျွန်မတို့သွားတက်ခဲ့ကြတယ်။
စည်းဝေးကြီးမှာ “ကြီးစွာသောဆင်းရဲ” ခြင်းကိုကပ်ကျော်ကြမယ့် “လူများအပေါင်း” အကြောင်း ပြတ်သားတဲ့ရှင်းလင်းချက်ကို အဖေနဲ့အမေကြားတဲ့အခါ ပီတိဖြစ်ခဲ့ကြတယ်။ (ဗျာဒိတ် ၇:၉၊ ၁၄) မြေကြီးပရဒိသုထာဝရအသက်မျှော်လင့်ချက်က အမေနဲ့အဖေကို အသက်ထက်ဆုံးအထိ လှုံ့ဆော်ပေးခဲ့ပြီး ယေဟောဝါကမ်းလှမ်းထားတဲ့ မြေကြီးပေါ်ထာဝရအသက်ဖြစ်တဲ့ ‘မှန်သောအသက်ကိုစွဲကိုင်’ ကြဖို့သားသမီးတွေကိုပါ အမေနဲ့အဖေအားပေးခဲ့တယ်။ (၁ တိမောသေ ၆:၁၉; ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ကျွန်မအသက်ငါးနှစ်ပဲရှိသေးပေမဲ့ ဒီပျော်ရွှင်စရာကောင်းတဲ့အချိန်မှာ မိသားစုနဲ့အတူ ရှိနေတာတကယ်ပျော်ခဲ့တယ်။
စည်းဝေးကြီးကပြန်ရောက်မှ မိသားစုလိုက် ကောက်ပဲသီးနှံကိုပြန်စိုက်ခဲ့ကြတာ နောက်ပိုင်းမှာ အထွက်တိုးအကောင်းဆုံးရရှိခဲ့တယ်။ အဲဒါက ယေဟောဝါကိုအပြည့်အဝအားကိုးရင် သူဘယ်တော့မှဆုမချဘဲမနေဘူးလို့ အဖေနဲ့အမေကို လုံးလုံးယုံကြည်စိတ်ချစေခဲ့တယ်။ အမှုဆောင်ခြင်းမှာ တစ်လ ၅၂ နာရီသွင်းမယ်လို့ အဖေတို့သဘောတူခဲ့တဲ့ အထူးဟောပြောခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ နောက်နှစ်စိုက်ပျိုးရေးရာသီရောက်လာတဲ့အခါ ရှိရှိသမျှအကုန်လုံးကို ရောင်းပစ်ခဲ့ကြတယ်! ကျွန်မတို့ငါးယောက်စလုံးနေဖို့ ပေ ၂၀x၈ ရှိတဲ့ နောက်တွဲယာဉ်တစ်ခုကို အဖေဆောက်ခဲ့ပြီး အဲဒါကိုဆွဲဖို့ တံခါးနှစ်ပေါက်ပါတဲ့ ဖော့ဒ်ဆီဒင်ကားအသစ်စက်စက်တစ်စီးကို ဝယ်ခဲ့တယ်။ အဲဒီအတိုင်း အန်ကယ်လ်မန်ရိုလည်းလုပ်ခဲ့ပြီး သူ့မိသားစုနဲ့ နောက်တွဲယာဉ်ထဲ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။
ကျွန်မတို့ကိုအမှန်တရားသင်ပေးခြင်း
ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်အမှုဆောင်ခြင်းကို ၁၉၃၆ ခုနှစ် အောက်တိုဘာလမှာ အဖေနဲ့အမေစတင်လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကြားရခဲတဲ့ အရှေ့တက္ကဆက်ဒေသတွေမှာ ကျွန်မတို့မိသားစုလိုက် ဟောပြောခဲ့တယ်။ တစ်နှစ်နီးပါးအထိ တစ်နေရာကနေတစ်နေရာပြောင်းရွှေ့ခဲ့ကြရပေမဲ့လည်း အဲဒီဘဝကို ကျွန်မတို့တကယ်ကြိုက်ခဲ့တယ်။ အစောပိုင်းခရစ်ယာန်တွေလို ကိုယ်ကျိုးစွန့်ပြီး အခြားသူတွေကို ကျမ်းစာအမှန်တရား လက်ဆင့်ကမ်းဖို့ အပြောရောအလုပ်နဲ့ပါ အမေနဲ့အဖေက ကျွန်မတို့ကိုသင်ပေးခဲ့တယ်။
ကျွန်မတို့ကလေးတွေက သူ့အိမ်ကိုစွန့်နိုင်တဲ့အထိ ကိုယ်ကျိုးစွန့်ခဲ့တဲ့အမေ့ကို အထူးလေးစားခဲ့ကြတယ်။ ဒါပေမဲ့ အမေ မရောင်းနိုင်တာတစ်ခုရှိတယ်၊ အဲဒါက အပ်ချုပ်စက်။ မရောင်းလိုက်တာ တော်သေးတာပေါ့။ စက်ချုပ်သမပီပီ ကျွန်မတို့အတွက် အဝတ်အစားလှလှလေးတွေ ချုပ်ပေးခဲ့တယ်။ စည်းဝေးကြီးတိုင်းမှာ ကျွန်မတို့ အဝတ်အစားလှလှလေးတွေဝတ်ခဲ့ကြရတယ်။
ကင်းမျှော်စင်အသင်းရဲ့ အသံချဲ့စက်ပါထရပ်ကားနဲ့ ကျွန်မတို့ဒေသကို ဟာရ်မဲန် ဂျီ. ဟင်ရှယ်လ်မိသားစုရောက်လာတဲ့အချိန်ကို ကျွန်မကောင်းကောင်းမှတ်မိသေးတယ်။ လူများတဲ့နေရာမှာ သူတို့ထရပ်ကားကိုရပ်၊ အသံသွင်းထားတဲ့ဟောပြောချက်တိုကို ဖွင့်ပြပြီးတော့ ထပ်ဆင့်သိသင့်သိအပ်တဲ့အကြောင်းကို ပြောပြဖို့ လူတွေဆီလည်ပတ်ခဲ့ကြတယ်။ အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ ဟာရ်မဲန်ရဲ့သား မီလ်တင်နဲ့အတူ ဒူးအီအငယ်လေး ကောင်းကောင်းပေါင်းခဲ့ရတယ်။ အခုတော့ မီလ်တင်ဟာ ကင်းမျှော်စင်အသင်းဥက္ကဋ္ဌဖြစ်နေပြီ။
၁၉၃၇ ခုနှစ် ကိုလမ်ဘတ်စ်၊ အိုဟိုင်အိုစည်းဝေးကြီးမှာ အက်ဒ်ဝီနာနှစ်ခြင်းခံခဲ့ပြီး အဲဒီတုန်းက အမေနဲ့အဖေဟာ အထူးရှေ့ဆောင်ဖြစ်ဖို့ အခွင့်ရခဲ့တယ်။ အဲဒီအချိန်က ဟောပြောခြင်းလုပ်ငန်းမှာ အနည်းဆုံးနာရီ ၂၀၀ သွင်းခဲ့ကြရတယ်။ ပြန်ပြောင်းကြည့်လိုက်တဲ့အခါ အမေ့ရဲ့ပုံသက်သေကောင်းဟာ ကျွန်မခင်ပွန်းရဲ့ခရစ်ယာန်တာဝန်တွေကိုပံ့ပိုးပေးဖို့ တကယ်အထောက်အကူဖြစ်တယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။
မိသားစုတစ်စုနဲ့ အဖေ ကျမ်းစာသင်အံမှုလုပ်တဲ့အခါ သူတို့ရဲ့ကလေးတွေအတွက် အပြုသဘောပါပုံနမူနာပြဖို့ ကျွန်မတို့ကလေးတွေကို ခေါ်သွားခဲ့တယ်။ အဖေက ကျွန်မတို့ကို ကျမ်းချက်လှန်ခိုင်းပြီး ဖတ်ခိုင်းတဲ့အပြင် အဓိကမေးခွန်းအချို့ကိုလည်း ဖြေခိုင်းခဲ့တယ်။ ရလဒ်ကတော့၊ ကျွန်မတို့နဲ့သင်အံမှုလုပ်ခဲ့တဲ့လူငယ်အတော်များများဟာ ဒီနေ့ထိ ယေဟောဝါအမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေတုန်းပဲ။ ဘုရားသခင်ကိုအမြဲချစ်မြတ်နိုးဖို့ အခြေခံအုတ်မြစ်ကောင်း တကယ်ရခဲ့တယ်။
ဒူးအီအငယ်လေး ကြီးလာတဲ့အခါ ဒီလိုကျဉ်းကျပ်တဲ့နေရာမှာ ညီမနှစ်ယောက်နဲ့အတူနေရတာ ခက်လာလို့ ၁၉၄၀ ပြည့်နှစ်မှာ အခြားသက်သေခံတစ်ယောက်နဲ့အတူ ရှေ့ဆောင်လုပ်ဖို့ ထွက်သွားခဲ့တယ်။ နောက်ဆုံးတော့ အော့ဒရီ ဘာရွန်နဲ့ သူလက်ထပ်ခဲ့တယ်။ ဒါနဲ့ ကျွန်မမိဘတွေက အော့ဒရီကိုလည်း အတော်များများသွန်သင်ပေးခဲ့တဲ့အတွက် သူဟာ အမေနဲ့အဖေကို သိပ်ချစ်လာရော။ ခရစ်ယာန်ကြားနေမှုကြောင့် ၁၉၄၄ ခုနှစ်မှာ ဒူးအီအငယ်ထောင်ချခံရတဲ့အခါ ကျွန်မတို့နဲ့အတူ ကျဉ်းကျပ်တဲ့နောက်တွဲယာဉ်မှာ သူအတော်ကြာကြာ လာနေခဲ့တယ်။
၁၉၄၁ ခုနှစ် မေ့စ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စစည်းဝေးကြီးမှာ အထူးရှေ့ဆုံးတန်းမှာထိုင်ရတဲ့ အသက် ၅ နှစ်ကနေ ၁၈ နှစ်အရွယ်ကလေးတွေကို ညီအစ်ကိုရပ်သဖော့ဒ်က တိုက်ရိုက်စကားပြောခဲ့တယ်။ သူ့ရဲ့တည်ငြိမ်ပြတ်သားတဲ့အသံကို အက်ဒ်ဝီနာနဲ့ကျွန်မတို့နားထောင်ခဲ့တယ်; သူဟာ သူ့သားသမီးတွေကို သွန်သင်ဆုံးမနေတဲ့ မေတ္တာရှိတဲ့ဖခင်လိုပဲ။ “ဒီနေ့ ခရစ်တော်ယေရှုဟာ ရှေ့တော်မှာ ကိုယ်တော်နဲ့ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးတော်ကိုစုစည်းပြီး ဖြောင့်မတ်တဲ့နည်းလမ်းအတိုင်း သူတို့ရဲ့ကလေးတွေကို ဆုံးမသွန်သင်ပေးဖို့ အထိရောက်ဆုံးနည်းနဲ့ ကိုယ်တော်ပြောခဲ့တယ်” လို့သူက မိဘတွေကိုအားပေးခဲ့တယ်။ “ကလေးတွေကို အိမ်မှာစောင့်ရှောက်ပြီး အမှန်တရားသင်ပေးပါ” လို့ဖြည့်စွက်ပြောခဲ့တယ်။ ကျွန်မမိဘတွေက အဲဒီအတိုင်းလုပ်ခဲ့ကြလို့ ဝမ်းသာစရာပဲ!
အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်အမှုတွေအပါ ယေဟောဝါသက်သေတွေအနိုင်ရခဲ့တဲ့ အမှုတွေကို ပြန်သုံးသပ်ထားတဲ့ ယေဟောဝါကျေးကျွန်များချေပချက် စာအုပ်ငယ်အသစ်ကို အဲဒီစည်းဝေးကြီးမှာ ကျွန်မတို့ရရှိခဲ့ကြတယ်။ အဲဒီစာအုပ်ကို မိသားစုနဲ့အတူ အဖေလေ့လာခဲ့တယ်။ နောက်တစ်ပတ်နှစ်ပတ်အကြာမှာ အဲလဘာမာပြည်နယ်၊ ဆဲလ်မာကအဖြစ်အပျက်အတွက် ကျွန်မတို့ အသင့်ပြင်ဆင်ခံနေရတယ်ဆိုတာ မသိလိုက်ဘူး။
ဆဲလ်မာတွင် လူအုပ်ရမ်းကားခြင်း
ဖွဲ့စည်းပုံဥပဒေအရ ကျွန်မတို့ရဲ့အမှုဆောင်ခြင်းကို ဥပဒေကာကွယ်မှုအောက် ဆက်လုပ်ဆောင်ပိုင်ခွင့်ရှိတယ်ဆိုတာကိုဖော်ပြတဲ့ စာရဲ့မိတ္တူတွေကို မြို့နယ်တရားသူကြီး၊ မြို့တော်ဝန်နှင့် ရဲမှူးကြီးတို့ဆီ အဲဒီထိတ်လန့်စရာအဖြစ်အပျက် ဖြစ်ပျက်ခဲ့တဲ့မနက်ပိုင်းမှာပဲ အဖေကပို့ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မတို့ကို အဲဒီမြို့ကနေနှင်ထုတ်ဖို့ သူတို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။
မွန်းလွဲပိုင်းမှာ လက်နက်ကိုင်လူငါးယောက်က ကျွန်မတို့ရဲ့နောက်တွဲယာဉ်ကိုရောက်လာပြီး အမေရယ်၊ အစ်မရယ်၊ ကျွန်မကိုပါ ဓားစာခံအဖြစ်ဖမ်းချုပ်ခဲ့တယ်။ အိမ်ကိုမွှေနှောက်ပြီး အပြစ်တင်စရာရှိတဲ့ပစ္စည်းတစ်ခုခုကို ရှာဖွေကြတယ်။ အပြင်မှာရှိတဲ့အဖေ့ကို အားလုံးကသေနတ်နဲ့ချိန်ထားပြီး နောက်တွဲယာဉ်ကို ကားနဲ့ချိတ်လိုက်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်မကြောက်စိတ်မရှိဘူး။ အန္တရာယ်ရှိတဲ့သူတွေလို့ ဒီလူတွေယူမှတ်တာကို အရမ်းရယ်စရာကောင်းတယ်လို့မြင်ပြီး အစ်မနဲ့ကျွန်မက တခစ်ခစ်နဲ့ရယ်မိခဲ့ကြတယ်။ ဒါပေမဲ့ အဖေတစ်ချက်လှမ်းကြည့်လိုက်တော့မှ ကျွန်မတို့မျက်နှာပိုးသတ်ခဲ့ကြတယ်။
ကျွန်မတို့ထွက်ခွာဖို့အဆင်သင့်ဖြစ်တဲ့အခါ အဲဒီလူတွေက အက်ဒ်ဝီနာနဲ့ကျွန်မကို သူတို့ကားနဲ့လိုက်စေချင်ကြတယ်။ အဖေက ပြတ်ပြတ်သားသားပဲ “ငါသေမှရမယ်!” လို့ပြောခဲ့တယ်။ အချေအတင်ဆွေးနွေးပြီးမှ ကျွန်မတို့မိသားစုအားလုံးအတူတူ ကားတစ်စီးနဲ့သွားရပြီး လက်နက်ကိုင်လူတွေက သူတို့ရဲ့ကားနဲ့ အနောက်ကနေလိုက်ခဲ့ကြတယ်။ မြို့အထွက် ၁၅ မိုင်လောက်ရောက်တော့ လမ်းမကြီးဘေးမှာကားရပ်ခိုင်းပြီး အမေနဲ့အဖေကို ခေါ်သွားခဲ့တယ်။ “ဒီဘာသာကိုစွန့်လိုက်စမ်းပါ၊ ကိုယ့်ခြံကိုပြန်ပြီး သမီးတွေကို ကောင်းကောင်းကျွေးမွေးပြုစုကြစမ်းပါ!” ဆိုပြီး တစ်လှည့်စီဖျောင်းဖျခဲ့ကြတယ်။ သူတို့ကိုရှင်းပြဖို့ အဖေကြိုးစားခဲ့ပေမဲ့ အလကားပဲ။
နောက်ဆုံးတော့ တစ်ယောက်က “သွားတော့၊ ဒဲလပ်စ်နယ်ကို ပြန်လာရဲပြန်လာကြည့်၊ တစ်ယောက်မကျန် သတ်ပစ်မယ်!” လို့ပြောပြီးမောင်းထုတ်ခဲ့တယ်။
ကျွန်မတို့ စိတ်အေးလက်အေးအတူတူ အတော်ကြာကြာ ခရီးပြန်ဆက်ခဲ့ကြပြီး ညကြတော့ ကားရပ်အနားယူခဲ့ကြတယ်။ သူတို့ကားလိုင်စင်နံပါတ်ကို ကျွန်မတို့မှတ်ထားခဲ့ကြတယ်။ အဖေက ကင်းမျှော်စင်အသင်းကို ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းသတင်းပို့ခဲ့တယ်၊ နောက်လအနည်းငယ်ကြာတော့ အဲဒီလူတွေ အဖမ်းခံရတယ်။
ဂိလဒ်သာသနာပြုကျောင်းသို့
၁၉၄၆ ခုနှစ်ကျတော့ နယူးယောက်၊ လန်စင်းတောင်ပိုင်းမှာရှိတဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းရဲ့ ၇ ကြိမ်မြောက်သင်တန်းကိုတက်ဖို့ အက်ဒ်ဝီနာဖိတ်ခေါ်ခံခဲ့ရတယ်။ သွန်သင်သူတစ်ဦးဖြစ်တဲ့ အဲလ်ဘတ် ရှရိုးဒါက နယူးယောက်၊ ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အဲဒီတုန်းကအလုပ်လုပ်နေတဲ့ တစ်ချိန်က သူနဲ့တွဲရှေ့ဆောင်ခဲ့တဲ့ ဘီလ် အဲလ်ရာဒ်ကို အက်ဒ်ဝီနာရဲ့အရည်အချင်းကောင်းတွေအကြောင်း ပြောပြခဲ့တယ်။a အက်ဒ်ဝီနာနဲ့ ဘီလ်တို့ကို မိတ်ဆက်ပေးခဲ့တဲ့နောက် ဂိလဒ်ကျောင်းဆင်းပြီးတစ်နှစ်လောက်မှာ သူတို့လက်ထပ်ခဲ့ကြတယ်။ ဗေသလမှာ ငါးနှစ်ကြာအမှုဆောင်ခဲ့တဲ့အပြင် နှစ်ပေါင်းအတော်ကြာကြာ သူတို့အချိန်ပြည့်အမှုဆောင်ခဲ့ကြတယ်။ ၁၉၅၉ ခုနှစ် တစ်နေ့မှာ ညီအစ်ကိုရှရိုးဒါက သူ့ရဲ့ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဟာ ယောက်ျားလေးနဲ့မိန်းကလေးအမြွှာဖခင်ဖြစ်ပြီလို့ ၃၄ ကြိမ်မြောက်ဂိလဒ်သင်တန်းသားတွေကိုပြောပြခဲ့တယ်။
၁၉၄၇ ခုနှစ်အကုန်ပိုင်းမှာ ကျွန်မမိဘတွေနဲ့အတူ မစ္စစ္စပီ၊ မရေဒီယန်မှာ အမှုဆောင်နေတုန်း ၁၁ ကြိမ်မြောက်ဂိလဒ်သင်တန်းကျောင်းတက်ဖို့ ကျွန်မတို့သုံးယောက်စလုံး ဖိတ်ခေါ်ခံခဲ့ရတယ်။ သတ်မှတ်ချက်အရ ကျွန်မကငယ်လွန်းပြီး အမေနဲ့အဖေက အသက်ကြီးလွန်းနေတဲ့အတွက် ကျွန်မတို့အံ့သြခဲ့ကြရတယ်။ ဒါပေမဲ့ ခြွင်းချက်အဖြစ်ထားလိုက်တဲ့အတွက် အဆင့်မြင့်ကျမ်းစာပို့ချချက်ရတဲ့အခွင့်ထူးကို ကျွန်မတို့ရရှိခဲ့ကြတယ်။
မိဘများနှင့်အတူ [ခရစ်ယာန်] သာသနာပြုလုပ်ငန်း
ကျွန်မတို့[ခရစ်ယာန်]သာသနာပြုဖို့တာဝန်ကျခဲ့တဲ့နေရာက တောင်အမေရိက၊ ကိုလံဘီယာနိုင်ငံမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျောင်းဆင်းပြီးတစ်နှစ်ကျော်ကျော် ၁၉၄၉၊ ဒီဇင်ဘာလမှ ဘိုဂါတောမြို့ [ခရစ်ယာန်] သာသနာပြုအိမ်ကို ကျွန်မတို့ရောက်ခဲ့ကြတယ်၊ အဲဒီမှာတခြားသုံးယောက် ရောက်နှင့်နေပြီ။ ပထမတော့ အဖေက စပိန်စကားသင်ယူတာထက် အင်္ဂလိပ်စကားတတ်ဖို့လူတွေကို သင်ပေးတာ ပိုလွယ်မယ်လို့ထင်ခဲ့တယ်! ဟုတ်တယ်၊ စမ်းသပ်မှုအမျိုးမျိုးပဲ၊ ဒါပေမဲ့ တကယ်ကောင်းချီးခံစားခဲ့ရတယ်! ၁၉၄၉ ခုနှစ်က သက်သေခံအယောက်တစ်ရာလောက်တောင်မရှိဘူး၊ အခုတော့ ကိုလံဘီယာမှာ ၁၀၀,၀၀၀ ကျော်သွားပြီ!
ဘိုဂါတောမှာ ငါးနှစ်အထိအမှုဆောင်ပြီးနောက် အမေနဲ့အဖေကို ကဲလီမြို့ကိုပို့ခဲ့တယ်။ အဲဒီအချိန်အတွင်း ၁၉၅၂ ခုနှစ်မှာ ကိုလံဘီယာက [ခရစ်ယာန်] သာသနာပြုချင်းတစ်ယောက်ဖြစ်တဲ့ ရောဘတ် ထရေစီနဲ့ ကျွန်မလက်ထပ်ခဲ့တယ်။b ၁၉၈၂ ခုနှစ်အထိ ကိုလံဘီယာမှာ ကျွန်မတို့နေခဲ့ကြပြီး အဲဒီနောက်ပိုင်းကစပြီး အခုထိ မက္ကဆီကိုမှာ ကျွန်မတို့တာဝန်ထမ်းဆောင်နေခဲ့ကြတယ်။ နောက်ဆုံးတော့ ၁၉၆၈ ခုနှစ်မှာ ကျွန်မမိဘတွေ ဆေးကုသဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လာခဲ့ကြရတယ်။ ကျန်းမာရေးပြန်ကောင်းလာပြီးနောက် အဲလဘာမာ၊ မိုဘိုင်လ်မြို့အနီးမှာ အထူးရှေ့ဆောင်ဆက်လုပ်ခဲ့ကြတယ်။
ကျွန်မတို့မိဘများကို ပြုစုစောင့်ရှောက်ခြင်း
နှစ်တွေကုန်လာတာနဲ့အမျှ အမေနဲ့အဖေလည်း တုန်တုန်ယင်ယင်ဖြစ်လာခဲ့ကြပြီး သူတို့ကို ဖေးမဂရုစိုက်ဖို့ လိုအပ်လာခဲ့ကြတယ်။ သူတို့ရဲ့တောင်းဆိုမှုအတိုင်း အဲလဘာမာ၊ အေသင်မြို့မှာရှိကြတဲ့ အက်ဒ်ဝီနာနဲ့ဘီလ်တို့အနားမှာ အမှုဆောင်ဖို့ခန့်အပ်ခံခဲ့ကြရတယ်။ နောက်ပိုင်း အစ်ကိုဒူးအီအငယ်လေးက တောင်ကယ်ရီလိုင်းနားမှာ မိသားစုတစ်စုတစ်ဝေးနေကြတာကောင်းမယ်လို့ စဉ်းစားခဲ့တယ်။ ဒါကြောင့် အမေနဲ့အဖေတို့နဲ့အတူ ဘီလ်ဟာ သူ့မိသားစုကို ဂရင်းဝတ်မှာ နေရာသစ်ထူထောင်ခဲ့တယ်။ မိဘတွေကို ဒီလိုမေတ္တာရှိရှိ ကောင်းစွာပြုစုပေးနေကြတဲ့အတွက် ရောဘတ်နဲ့ကျွန်မဟာ ကိုလံဘီယာမှာ သာသနာပြုလုပ်ငန်းဆက်လုပ်ဆောင်နိုင်ခဲ့ကြတယ်။
၁၉၈၅ ခုနှစ်ကျတော့ အဖေလေဖြတ်သွားလို့ စကားမပြောနိုင်တော့ဘဲ အိပ်ရာထဲလှဲခဲ့တယ်။ ကျွန်မတို့မိဘတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးကြည့်ရှုပြုစုကြမလဲဆိုတာကိုသုံးသပ်ဖို့ မိသားစုဆွေးနွေးခဲ့ကြတယ်။ အော့ဒရီက အဖေ့ကိုအဓိကကြည့်ရှုဖို့နဲ့ ရောဘတ်နဲ့ကျွန်မကတော့ အားရှိစရာတွေ့ကြုံမှုတွေကို အပတ်တိုင်း စာရေးပို့ပြီး ဖြစ်နိုင်တဲ့အခါတိုင်း လည်ပတ်လာရင် အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
အဖေဆီ ကျွန်မနောက်ဆုံးလည်ပတ်တာကို ခုထိ ကွင်းကွင်းကွက်ကွက်မြင်ယောင်နေတုန်းပဲ။ အဖေဟာ ပုံမှန်စကားမပြောနိုင်ပေမဲ့လည်း ကျွန်မတို့ မက္ကဆီကိုကို ပြန်သွားမယ်လို့ အဖေ့ကိုပြောလိုက်တော့ အကြီးအကျယ်စိတ်လှုပ်ရှားပြီး “အာဒီအော့စ်!” ဆိုတဲ့စကားတစ်ခွန်းကို ကြိုးစားပမ်းစားပြောခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့သာသနာပြုတာဝန်ကို ဆက်လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အဖေလည်း စိတ်နှလုံးပါပါ ထောက်ခံတယ်ဆိုတာ သိခဲ့ရတယ်။ ၁၉၈၇၊ ဇွန်လမှာ အဖေဆုံးသွားပြီး နောက်ကိုးလလောက်မှာ အမေဆုံးသွားရှာတယ်။
မိဘတွေကို ကျွန်မတို့ ဘယ်လောက်လေးမြတ်ကြတယ်ဆိုတာ ကျွန်မအစ်မမုဆိုးမဆီကရတဲ့စာတစ်စောင်က အကျဉ်းချုပ်ဖော်ပြတယ်။ “ကိုယ့်ရဲ့ကြွယ်ဝတဲ့ခရစ်ယာန်အမွေအနှစ်ကို အစ်မတန်ဖိုးထားတယ်။ အစ်မတို့ကို တခြားနည်းနဲ့ အဖေနဲ့အမေမွေးမြူပြုစုခဲ့ရင် ပိုကောင်းမှာပဲလို့ တစ်ခါမှမစဉ်းစားမိခဲ့ဘူး။ သူတို့ရဲ့ ယုံကြည်ခြင်းခိုင်ခံ့တဲ့၊ ကိုယ်ကျိုးစွန့်တဲ့၊ ယေဟောဝါအပေါ် လုံးလုံးလျားလျားယုံကြည်ကိုးစားတဲ့ ပုံသက်သေဟာ အစ်မစိတ်ဓာတ်ကျတဲ့အချိန်တွေကို ကျော်လွှားနိုင်စေခဲ့တယ်။” အဆုံးမှာ အက်ဒ်ဝီနာက “အစ်မတို့ရဲ့ဘဝကို မေတ္တာရှင်ဘုရားသခင်ယေဟောဝါရဲ့ အမှုတော်အပေါ် တည်ဆောက်ထားကြမယ်ဆိုရင် ပျော်ရွှင်နိုင်ကြမယ်လို့ အပြောရောအလုပ်နဲ့ပါပြခဲ့ကြတဲ့ မိဘတွေအတွက် ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ရေးခဲ့တယ်။
[အောက်ခြေမှတ်ချက်များ]
[စာမျက်နှာ ၂၂၊ ၂၃ ပါ ရုပ်ပုံ]
ဖောင်တိန်မိသားစု– (လက်ဝဲမှလက်ယာသို့) ဒူးအီ၊ အက်ဒ်ဝီနာ၊ ဝင်နီ၊အဲလစ်ဇဘက်သ်၊ ဒူးအီအငယ်လေး; လက်ယာ– ဟင်ရှယ်လ်တို့၏အသံချဲ့စက်ပါထရပ်ကားဘောင်ပေါ်ရှိ အဲလစ်ဇဘက်သ်နှင့် ဒူးအီအငယ်လေး (၁၉၃၇); အောက်လက်ယာ– အသက် ၁၆ နှစ်အရွယ်တွင် ကြော်ငြာပိုစတာဖြင့်သက်သေခံခြင်းကိုလုပ်ဆောင်နေသော အဲလစ်ဇဘက်သ်